ညိုထွန်းလူ - " ဒီဖိနပ်ကလေးနဲ့ "
" ဒီဖိနပ်ကလေးနဲ့ "
ညိုထွန်းလူ
(မိုးမခ) ဇူလိုင် ၂၉၊ ၂၀၂၄
"မန္တလေး . .တောင်။ အလှမ်း. .မဝေးပေါင်။ မသွေနီးအောင် မြွေကြီး နှစ်ကောင်လည်းပဲ ရောက်ခဲ့သည်။"
ဪ အခုလိုမိုးရာသီ ဝါတွင်းကာလ။ မိုးကလည်း ရွာမလိုလိုဟန်ပြင်ပြီး အုံ့တုံ့ အုံ့တုံ့နဲ့ဆိုတော့ ကလေးဘဝတုန်းက မန္တလေးတောင် သွားခဲ့ကြရတာကိုပဲ သတိရလိုက်မိသေးတော့။
တောင်ဘက်စောင်းတန်းတလျောက် တောင်ထိပ်ကိုမရောက်မချင်း အုတ်လှေကားထစ်တွေကို ခုန်တက်ပြေးလွှား။ လေးငါးဆယ်ထစ်လောက် တက်ပြီးမှ အောက်ကိုပြန်ဆင်းလိုဆင်းနဲ့။ တောင်ထိပ် ဂိတ်ဆုံးဖြစ်တဲ့ မြွေကြီးနှစ်ကောင်ကို ရောက်တော့လည်း မမောနိုင်သေးဘဲ ပြေးလွှားခုန်ပေါက်လို့ကောင်းတုန်းဗျ။ ချွေးတရွှဲရွှဲထွက်အောင်ဆော့လည်းဆော့ရ၊ဘုရားဖူးပြီးကုသိုလ်လည်းရသမို့ ဘယ်လောက်ပျော်စရာကောင်းလဲ။
ဒါပေတဲ့ တစ်ခါတော့ တောင်ပေါ်ကပြန်ဆင်းလာပြီး တောင်ခြေရောက်တော့မှ ကျွန်တော့်ဖိနပ်က ဘယ်ဆီဘယ်ဝယ်မှာ ကျန်ရစ်ခဲ့လေသည်မသိ။ အမေသိသွားလို့ ဒေါပွပွနဲ့ ကျောပြင်ကို ဗျောတင်လိုက်ပုံများနှယ်။ ကျွန်တော့်မှာ ခြင်္သေ့နှစ်ကောင်ရှေ့မှာ တအီးအီးနဲ့ငိုပွဲဆင်ပြီး နောက် ပိုင်းဇာတ်ထုပ်ခင်းလိုက်ရသေးတဲ့အဖြစ်ပါပဲ။
မန္တလေးတောင်ခြေက ခြင်္သေ့ကြီးနှစ်ကောင်ကတော့ ကျွန်တော်တို့မန္တလေးသားတွေရဲ့အကြောင်းကို စောဖေက နောကျေနေလို့ ပြန်လည်ဆုံတွေ့ကြရင် ပြုံးစိပြုံးစိဖြစ်နေမလားမပြောတတ်ပါဘူးဗျာ။(မှတ်ချက်- ဆရာဆူးငှက်က တော့ အဲဒီခြင်္သေ့ကြီးနှစ်ကောင်ကိုအကာအကွယ်ပြုလို့ သူ့ချစ်သူကောင်မလေးနဲ့ တူတူပုန်းတန်းကစားခဲ့ကြဘူးတယ်လို့ဆိုပဲ။ အဟွန်း ဟွန်း ဟွန်း)
ကျွန်တော့်မှာ ဖိနပ်ပျောက်တဲ့ ဇာတာပါလာသလားမသိဘူးဗျ။ ကလေးဘဝတုန်းကတည်းက ဖိနပ်ပျောက်လွန်းလို့ အမေကခဏခဏရိုက်တာလည်းအမှတ်မရှိ။ ကြီးလာတော့လည်း ဖိနပ်ကပျောက်လို့ကောင်းနေဆဲ။ ဘုန်းတော်ကြီးကျောင်းမှာကျင်းပတဲ့အလှူတွေ၊မင်္ဂလာဆွမ်းကျွေးတွေကိုသွားတိုင်း သုံးခေါက်မှာ တစ်ခေါက်ဆိုသလို ဘယ်သူ့လက်ချက်မှန်းမသိဘဲ ဖိနပ်ပျောက်သွားလို့ ခြေဗလာနဲ့အိမ်ပြန်လာခဲ့ရတဲ့အဖြစ်ကိုလည်း ကြုံခဲ့ရရဲ့။
ဒီလိုနဲ့ဖိနပ်တွေ ပျောက်တာလည်းပျောက်ပေါ့။ တံဆိပ်အမျိုးစုံနဲ့တစ်ရံပြီးတစ်ရံစီးပြီး လောကဝန်းကျင်ထဲကို ဖြတ်သန်းလာရင်းနဲ့ အသက်တစ်နှစ်ပြီးတစ်နှစ်ကြီးလာခဲ့ရင်း အရွယ်အိုအတန်းထဲကို ခြေလှမ်းချလာခဲ့ရပါပကော။
ရုန်းကန်ရှင်သန်ခြင်းနဲ့ဘဝဆိုသည်မှာ။ အဲသလိုတွေးမိပြန်တော့ ကွယ်လွန်သူ ကဗျာဆရာ ဆရာမောင်ချောနွယ်ရဲ့ကဗျာကို အမှတ်မထင် သတိရလိုက်မိပြန်ပါရော။
ဘဝမှာ . .
လေးငါးခြောက်ခု မလိုပါဘူး
နှစ်ခုပဲ
အချစ်စစ်စစ်နဲ့ရန်သူစစ်စစ်
ဒီနှစ်ခုပဲ . .။ တဲ့။
ဒါပေသိ ကျွန်တော်ကတော့ ဒီအသက်ဒီအရွယ်ရောက်လာတဲ့အချိန်မှာ ဘာဆို ဘာမှလည်းမတွေးချင်တော့ပါဘူး။ နေ့စဉ်နေ့တိုင်း ကွမ်းလေးတမြုံ့မြုံ့နဲ့ လက်ဖက်ရည်ဆိုင်ထိုင်လိုက်ရရင်ပဲ ကျေနပ်နေမိပါတယ်။ နို့ပေမယ့် အဲဒီဆန္ဒလေးကလည်းအမြဲမပြည့်ဝချင်။ ကိုဗစ်ကာလတုန်းက လက်ဘက်ရည်ဆိုင်တွေလည်းပိတ်ကုန်ကြတော့ ဆပ်ဆလူးကိုဖြစ်လို့။ ခွကျလိုက်ပုံများနှယ်။
အခုကျတော့လည်း ခေတ်ကာလအခြေအနေအရ လက်ဘက်ရည်ဆိုင်သွားလိုက်တာကိုပဲ အဖွားကြီးကစိတ်မဖြောင့်။ အိမ်မှာဒလီနဲ့မှာသောက်လည်းရတာပဲတဲ့။ လူငယ်လူရွယ်လိုမဟုတ်လို့ အရေးအကြောင်းဆိုရင်မခက်ပါလားတဲ့။ ရန်ကုန်မှာနေတဲ့မိတ်ဆွေများကလည်းမန္တလေးသတင်းတွေကို နားစွင့်ပြီး စိတ်တပူပူနဲ့ ဖုန်းဆက်မေးကြ။ အရေးထဲ ဖိုးနိုင်လင်းက ဘိုးလေးခြေရှည်မနေနဲ့။ ဘိုးလေးအတွက်စိတ်ပူလို့တဲ့။
အံမယ် သူပြောလိုက်မှ ကိုယ့်ဘာသာအလိုလိုနေရင်း ဘာမှန်းညာမှန်းမသိဘဲ လန့်လာမိပါလေရော။ ခက်လိုက်ပါဘိ။
တကယ်တော့ ကျွန်တော်တို့တတွေဟာ ဘဝဇာတ်ခုံပေါ်မှာ ဘယ်အချိန်မှပြီးမှန်းမသိတဲ့ ခေတ်ရဲ့ဇာတ်လမ်းတွဲကြီးထဲမှာ ပါဝင်သရုပ် ဆောင်နေကြရတာမဟုတ်လား။ ကိုယ့်အခန်းရောက်တဲ့အချိန်မှာ ကျရာနေရာက သရုပ်ဆောင်လိုက်။ ကိုယ့်အလှည့်ပြီးတော့ ပရိသတ်နေရာက ဇာတ် လမ်းတွဲကြီးကိုငေးကြည့်လိုက်။ ပြီးတော့ကိုယ်သရုပ်ဆောင်ရတဲ့အခန်းတွေကလည်း တစ်ခန်းနဲ့တစ်ခန်းမတူ။ ဇာတ်လမ်းနဲ့ဇာတ်ညွှန်းကို မသိရလို့ကိုယ့်အလှည့်ရောက်ရင် ဘယ်လိုသရုပ်ဆောင်ရမယ်မှန်းကြိုတင်ပြီးမသိခဲ့။ ဒီတော့လည်း မန္တလေးမှာနေလို့ ဇာတ်ခုံပေါ်က မန္တလေးတောင် ကား လိပ်ကြီးရဲ့ရှေ့မှာသရုပ်ဆောင်နေရတဲ့ ကိုယ့်အဖြစ်ကိုမြင်ယောင်သွားပြီးစိတ်မောမောနဲ့သက်ပြင်းရှည်ကြီးဖူးကနဲ ချလိုက်မိပေါ့။
ဘာပဲဖြစ်ဖြစ်ပေါ့လေ နောက်လာမယ့်အခန်းတွေဟာ ပြေးဟယ်လွှားဟယ်လုပ်ရမယ့် အခန်းတွေတော့မကြုံရလောက်ဘူးလို့ထင်တာပါပဲ။ သို့ကလိုတွေးရင်း ကိုယ့်ဖိနပ်ကလေးကို ကယောင်ကတန်းနဲ့ငေးကြည့်လိုက်မိပါတယ်။ ပုံမတော် ဖိနပ်ကလေးကိုင်ပြီး ပြေးရမှာမျိုးဆိုရင်တော့ခက်ရချည့်။ ဒီခရီးမှာ ဒီဖိနပ်ကလေးနဲ့မကွဲမကွာ ရှိနေမှဖြစ်မှာရယ်။ ကဲ တော်ပါပြီဗျာ။ ထင်ရာမြင်ရာလျှောက်တွေးနေတာကို ဒီမှာဘဲ ဘရိတ်အုပ်လိုက်ပါတော့မယ်။ အမောမှန်သမျှကိုမသိချင်ယောင်ဆောင်ပြီး ဟိုအဝေးက မန္တလေးတောင်ကိုပဲလှမ်းမျှော်ကြည့်လိုက်ပြန်တော့လည်း သီချင်းကလေးက ကိုယ့်အနားကို လိပ်ပြာလေးလိုပျံဝဲလာခဲ့ပြီပေါ့ကွယ်။
"မန္တလေးတောင် အလှမ်းမဝေးပေါင်၊ မသွေနီးအောင်
မြွေကြီးနှစ်ကောင်လည်းပဲရောက်ခဲ့သည်။"
(ဤတွင်ကားလိပ်ချ)
crd-ပုံ, ပန်းချီဆရာ ဦးခင်မောင်စန်း
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar