Breaking News

လှကျော်ဇော - ဝူဟန့်မှပုံပြင်များ - ၁၅




လှကျော်ဇော - ဝူဟန့်မှပုံပြင်များ - ၁၅

ဧပြီ ၉၊ ၂၀၂၀ 

ကိုလိုနီအတွေးအခေါ်များ ရပ်ပစ်ပါ

ဒါတွေဟာ ကိုလိုနီအတွေးအခေါ်တွေပါ။ colonial mentality။ ချက်ချင်း ရပ်ပစ်ပါ။ ၂၁ ရာစု သိပွံပညာရှင်တွေက ဒီလိုစကားမျိုးပြောလာတာ အလွန် ဂုဏ်သိက္ခာမဲ့ပါတယ်။ ထိတ်လန့်စရာလည်း ကောင်းပါတယ်။ကျွန်တော် အပြင်းထန်ဆုံးရှုတ် ချလိုက်ပါတယ်။ (ဒေါက်တာတီထရိုစ်။ Dr.Tedros Adhanom Ghebreyesus.) ကမ္ဘာကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် W.H.O.Director General 

 ၇-၄-၂၀၂၀ ညနေ ၆နာရီမှာတရုတ်ဗဟိုရုပ်မြင်သံကြားအစီအစဉ်က (C.G.T.N) ထုတ်လွှင့်တဲ့ အာဖရိကသတင်းများ အစီအစဉ်မှာသတင်းတပုဒ်လာသွားပါတယ်။ လွန်ခဲ့တဲ့အပတ် ပြင်သစ်ရုပ်မြင်သံကြားအစီအစဉ်က ပြင်သစ်သိပွံပညာရှင် (၂) ဦးနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ အဲဒီပညာရှင်များက တီဘီရောဂါကာကွယ်ဆေး ဘီ-စီ-ဂျီဟာ ကိုဗစ်၁၉ ရောဂါမှာ အကျိုး ရှိ မရှိ (အာဖရိကမှာ) စမ်းသပ်ဖို့ အကြုံပြုသွား ပါတယ်။

အတော်ပွဲဆူသွားပါတယ်။

အဲဒီသတင်းနဲ့ပတ်သက်ပြီး ဒေါက်တာတီထရိုစ်က ဂျီနီဗာမှ ာပုံမှန်လုပ်နေကျ (6-4-2020) သတင်းစာရှင်းလင်းပွဲမှာ တုံ့ပြန်ပြောကြားလိုက်တဲ့ စကားများပါ။

သူက ဒီလိုလည်း ဆက်ပြောပါသေးတယ်။

ဒီကမ္ဘာ့ကပ်ဘေးကြီးကို ကျော်နင်းနိုင်ဖို့ အားလုံးစည်းလုံးညီညွတ်ဖို့ ပြောဆိုနေချိန်မျိုးမှာ ဒီစကားမျိုးပြောသင့်သလား။  ကျွန်တော် ဒီနေရာမှာ အာမခံလိုက်မယ်။ အာဖရိကကို ဘယ်တော့မှ စမ်းသပ်ကွက်အဖြစ်မခံဘူး လို့။ ထို့အတူ ဘယ်ဒေသ မှ စမ်းသပ်ကွက် မဖြစ်စေရဘူး။ ကျွန်တော်တို့ရဲ့ သုတေသနလုပ်ငန်းတွေ စမ်းသပ်မှုတွေဟာ နိုင်ငံတကာ စည်းမျည်း ဥပဒေများအတိုင်းသာ ဖြစ်ရစေမယ် ... တဲ့။
ဒီစကားတွေပြောနေတဲ့ ဒေါက်တာတီထရီုစ်ဟာ တည်တည်ငြိမ်ငြိမ် အေးအေး ဆေးဆေး ပြောနေပေမယ့် ရင်ထဲမှာ ဘယ်လောက်နာကြည်း ဒေါသထွက်နေမယ် ဆိုတာ သူ့မျက်နှာမှာ ဖော်ပြနေပါတယ်။။ (အခုနောက်ဆုံးရတဲ့သတင်း - ပြင်သစ်ပညာရှင်များက ပြန်တောင်းပန်ပြီး သူတို့ပြောစကားတွေကို ရုတ်သိမ်းသွားတယ် ... တဲ့။)

ဟုတ်ပါတယ်။ ကိုလိုနီအရှင်ဟောင်းများဟာ ကိုလိုနီနီုင်ငံဖြစ်ဖူးသူများကို ဆက်ဆံရာမှာ တန်းတူရည်တူဆက်ဆံဖို့ အတော် ဝန်လေးကြပါတယ်။

ဒေါက်တာတီထရိုစ်ဟာ အီသီယိုးပီးယားက ဝန်ကြီးဟောင်းတဦးဖြစ်ပြီ းကမ္ဘာကျန်းမာရေးအဖွဲ့ရဲ့ ပထမဆုံးသော အာဖရိကတိုက်သား ညွှန်ကြားရေးမှူးဖြစ်လာသူပါ။ သူက အီသီယိုးပီယားရဲ့ ကျန်းမာရေးဝန်ကြီးဖြစ်စဉ်က သူ့နိုင်ငံရဲ့ပြည်သူ့ကျန်းမာရေးစနစ်ကို ကောင်းမွန်ခိုင်ခန့်အောင် ပြုပြင်ပြောင်းလဲနိုင်တဲ့ နံမည်ကောင်းကြောင့် အာဖရိကသမဂွကျန်းမာရေးအဖွဲ့ရဲ့ထောက်ခံမှုနဲ့ ဒီနေရာရလာတာပါ။ ပြောရရင် ဖွဲ့ဖြိုးဆဲနိုင်ငံများရဲ့ ကိုယ်စားလှယ်ပေါ့။ ဒါ့ကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများ (အများအားဖြင့် ကိုလိုနီဟောင်းနိုင်ငံများ)ရဲ့အကြောင်း နားလည်ပြီးစာနာနိုင်သူလည်း ဖြစ်ပါတယ်။ တရုတ်ရဲ့ကြိုးပမ်းမှုတွေကိုလည်း တွေ့မြင်ရရုံမက သူတို့အဖွဲ့နဲ့ဆက်ဆံရာမှာလည်း အလွန်အလေးထား ဆက်ဆံတာဖြစ်လို့ (သူ တရုတ်ပြည်လာတိုင်း သမ္မတ ရှီကျင့်ဖျင်က ထွက်တွေ့လေ့ ရှိတာ တွေ့ရပါတယ်။) တကြောင်း၊ တကယ်လည်း တရုတ်ရဲ့အောင်မြင်မှုတွေကို တွေ့မြင်လာရလို့တကြောင်း၊ သူက တရုတ်အကြောင်းနဲ့ လေ့လာစရာအချက်တွေကို သူ့သတင်းစာရှင်းလင်းပွဲတွေမှာ ပြောတတ်ပါတယ်။ ပြောတိုင်းလည်း တချို့ (အနောက်တိုင်း) သတင်းထောက်များရဲ့ မချေမငံ ပြောဆိုမှုတွေ၊ မလေးမစား ပြောဆိုမှုတွေ ခံရရှာပါတယ်။


အခု နောက်ဆုံး (၈-၄-၂၀၂၀) သတင်းအရ ထရန့်က ကမ္ဘာကျန်းမာရေးအဖွဲ့ဟာ တရုတ်ဘက်လိုက်လွန်းလို့ အမေရိကန်အနေနဲ့ ထောက်ပံ့ကြေးတွေလျှော့မယ်လို့ ခြိမ်းခြောက်သွားပါတယ်။ တကယ်တော့ ကမ္ဘာလုံးဆိုင်ရာအဖွဲ့အစည်းတွေ၊ ကုလဆိုင်အဖွဲ့တွေအပေါ်  ထရန့်ခြိမ်းခြောက်နေတာတွေဟာ အဆန်းတော့မဟုတ်ပါဘူး။

အာဖရိကမှာလည်း အခုကပ်ရောဂါ ဝင်မွှေနေပါပြီး။ အာဖရိကတိုက် က ၅၂ နိုင်ငံမှာ (၇-၄-၂၀၂၀) ရက်နေ့အထိ ရောဂါဖြစ်ပွားသူ (ဓာတ်ခွဲခန်း အတည်ပြုချက်ရပြီး) ၉၀၀၀ ကျော် နေပြီး သေဆုံးသူ (၄၈၇) ယောက်ရှိကာ ပျောက်ကင်းသွားသူ (၉၁၃) ယောက် ရှိပါပြီ။ တောင်အာဖရိကနိုင်ငံမှာ  အများဆုံးဖြစ်နေပြီးအခုတော့ တတိုင်းပြည်လုံးပိတ်ဆို့ရေး အမိန့်ထုတ်လိုက်ပါပြီ။

တရုတ်ကတော့ သူလုပ်စရာရှိတာတွေ ဆက်လုပ်နေပါတယ်။ (အာဖရိကမှာ အီဘိုလာကပ်ရောဂါ ကျရောက်စဉ်ကလည်း တရုတ်ဆေးအဖွဲ့တွေ လွှတ်ခဲ့ပါတယ်။ အီဘိုလာရောဂါကာကွယ်ဆေး ထွက်လာရေးအတွက်လည်း အများကြီးကြိုးပမ်း ပေးခဲ့တာပါ။)

ဧပြီလ (၆) ရက်နေ့မှာ တရုတ်က အာဖရိက အလယ်နဲ့ အနောက်ဘက် (၁၈) နိုင်ငံ အတွက် ဆေးဝါးအကူအညီပစ္စည်းတွေ တင်ထားတဲ့ လေယာဉ် ဂါနာနိုင်ငံ အက္ကရာမြို့ကိုု ရောက်ရှိလာပြီး ကျန်နိုင်ငံ (၁၇) ကို အမြန်ဆုံးခွဲဝေပို့ပေးမယ် လို့ ဆိုပါတယ်။ အဲဒီအထဲ ပါလာတဲ့ပစ္စည်းများကတော့ ဆေးဝန်ထမ်းများအတွက် ကာကွယ်ရေးဆိုင်ရာကိရိယာတွေ (N95 အထူးနှာခေါင်းစည်း၊ ဝတ်စုံ၊ အကာမျက်မှန် ၊လက်အိတ်၊ မျက်နှာဖုံးစသဖြင့်) အသက်ကယ်ကိရိယာများ (အသက်ရှုစက် စသဖြင့်) တို့ ပါဝင်ပါတယ်။
ဒါ့အပြင် တရုတ်ပြည်က ဂျက်မာရဲ့ အလီဘာဘာဖောင်ဒေါ်ရှင်းကလည်း မတ်လကတည်းက အာဖရိက (၅၂) နိုင်ငံအတွက် ဆေးဝါးပစ္စည်းတွေ လှုပြီးပါပြီ။ အဲဒီ နိုင်ငံတနိုင်ငံစီ အတွက် ရောဂါစမ်းသပ်စက် (testing kits) ၂သောင်း၊ နှာခေါင်းစည်း ၁သိန်း၊ ကာကွယ်ဝတ်စုံ နဲ့ မျက်နှာဖုံး ၁ထောင်စီ ဖြစ်ပါတယ်။
ဒါ့အပြင် အာဖရိကနိုင်ငံများက ဆေးပညာအဖွဲ့အစည်းများနဲ့ သူတို့ဖောင်ဒေးရှင်း အင်တာနက်နဲ့ ဆက်သွယ်ပြီး ကိုဗစ်၁၉ ရောဂါ ကုသရေးနဲ့ ပတ်သက်တဲ့ သင်တန်းတွေလည်း လုပ်သွားမယ် လို့ ဆိုပါတယ်။


တရုတ်ပစ္စည်းတွေကို လာရောက်လက်ခံတဲ့ ဂါနာ နိုင်ငံခြားရေးဝန်ကြီး က သက်ဆိုင်ရာနိုင်ငံများအနေနဲ့ ဒီရောဂါ မပြန့်ပွားရေးအတွက် ထိန်းချုပ်ဖို့ အရေးတကြီးလိုအပ်နေချိန်မှာ ဒီအလှူပစ္စည်းတွေ ရောက်လာတဲ့အတွက် အလွန့်ကို အကျိုးရှိစေမှာဖြစ်ပြီး ဒီအတွက်လည်း တရုတ်ပြည်ကို အထူးကျေးဇူးတင်ပါတယ် ... တဲ့။

ဒီတော့ Together for a healthier World

ပိုမို ကျန်းမာတဲ့ ကမ္ဘာကြီး ဖြစ်လာစေဖို့ အတူတူ ကြိုးပမ်းကြစို့။

ဆိုတဲ့ ကြွေးကြော်သံနဲ့ ကမ္ဘာကျန်းမာရေးအဖွဲ့ရဲ့ ညွှန်ကြားရေးမှူးချုပ်ဖြစ်လာတဲ့ ဒေါက်တာတီထရိုစ် တယောက် တရုတ်ပြည်ကို လေးစားတာ မထူးဆန်းပါဘူး။

လှကျော်ဇော

၈-၄-၂၀၂၀