Breaking News

နိုင် ဝင်း သီ - တောင်ဖက်စွန်းက အလင်းအိမ် (သို့မဟုတ် ) .........


တောင်ဖက်စွန်းက အလင်းအိမ် (သို့မဟုတ် ) .........
    နိုင် ဝင်း သီ
(မိုးမခ) မတ် ၂၄၊ ၂၀၂၀
                                                                                                        
                                                          (တစ်)

      အခန်းလေးထဲမှာ တိတ်ဆိတ်နေလို့လားတော့ မသိ။ ကျွန်တော့်ကိုယ်ထဲမှာ ခုန်တိုးနေတဲ့ သွေးခုန်သံကို ကျွန်တော့်ဟာကျွန်‌တော် ပြန်ပြီး ကြားနေရသလိုလို။ တစ်ခါတစ်ခါမှာတော့ အသက်ရှူသံပြင်းပြင်းတစ်ခုဟာ ကျွန်တော်နှင့် အနီးကပ်ဆုံးနေရာမှာ လွင့်ပျံ့နေသလိုလို။

      ကျွန်တော့်ရှေ့က အမျိုးသမီးကြီးကတော့ သူမရဲ့အနီးမှာ ကျွန်တော်ရပ်နေတာကို သတိပြုမိရဲ့လား သိပ်မသေချာလှပါ။ သွေ့ခြောက်မွဲရီနေသော်လည်း ထက်မြက်ပုံရသည့်မျက်ဝန်းအစုံက ကျွန်တော့်ကိုပဲ စူးစူးရဲရဲ ငေးစိုက်ကြည့်နေတာလား။ ဒါမှမဟုတ် ကျွန်တော့်ကိုကျော်ပြီး‌တော့ပဲ အခန်းအပြင်ဘက်က လောကသုံးပါးကို လွင့်လွင့်ငေးငေး ကြည့်နေတာလား။ ကျွန်တော်မဝေခွဲတတ်ပါ။

           ညိုမောင်းပြီး လေးထောင့်ကျ‌သော မျက်နှာသွင်ပြင်ကို တောင့်တင်းခိုင်မာသောမေးရိုးများဖြင့် အနားသတ်ထားပုံက တစ်စုံတစ်ခုခုလုပ်ဖို့ဆုံးဖြတ်ချက်ချပြီးပြီဆိုလျှင် မည်ကဲ့သို့သော အခက်အခဲမျိုးနှင့် ကြုံတွေ့နေပါစေ။ ဆုံးခန်းတိုင်အောင်လုပ်သွားမည်ဆိုသော အမှတ်သ‌င်္ကေတမျိုး။ပိရိသေသပ်သည့် နှုတ်ခမ်းပါးအစုံကလည်း  တိကျပြတ်သားမှုကို ညွှန်းဆိုနေသောနှုတ်ခမ်းမျိုး။
         စင်စစ် ကျွန်တော့်ရှေ့က အမျိုးသမီးကြီးမှာ သက်ရှိလူသားမဟုတ်ဘဲ ပန်းချီကားတစ်ချပ်ထဲက အမျိုးသမီးတစ်ယောက်သာ ဖြစ်ပါ‌၏။ ပန်းချီကားထဲက အမျိုးသမီးဟုဆိုသော်ငြားလည်း ရေးဆွဲသူ ပန်းချီ ဆရာ၏ခပ်ရဲရဲ စုတ်ချက်တွေအောက်မှာ ငေးရီငြိမ်သက်နေတဲ့ မျက်ဝန်းတွေကပဲ  မျက်တောင်တွေ တဖျပ် ဖျပ်ခတ်လာလေမလား။ ခပ်တင်းတင်း‌စေ့ထားတဲ့ နှုတ်ခမ်းပါးတွေကပဲ  ရုပ်ချည်းပွင့်ဟလာပြီး စကားတွေ ပြောလိုက်တော့မှာလားဟု ထင်မှတ်ရလောက်အောင် သက်ဝင်ရုန်းကြွနေလေသည်။
      ထိုပန်းချီကားထဲမှ အမျိုးသမီးကြီးသည် ကျေးလက်က လယ်သူမကြီးတစ်ဦးမျှသာဖြစ်ပါ၏။ စာဆိုလို့ တစ်လုံးမှမတတ်သည့်အပြင် စက္ခုအာရုံကပါ ကွယ်နေလိုက်သေးသည်။ စာတစ်လုံးမှမတတ်ဘဲ မျက်စိမမြင်ရှာသော ထိုလယ်သူမကြီးသည်  သူမွေးဖွားရာ ကျေးလက်မြို့ကလေးမှာ လွန်ခဲ့သောနှစ်ပေါင်း ရှစ်ဆယ်လောက်ကတည်းက စာကြည့်တိုက်တစ်တိုက်ကို ဆောက်လုပ်လှူဒါန်းခဲ့သော ရဲရဲတောက် ကျေးတောသူမကြီး ဖြစ်‌ပါလေသည်။   
                   
                                                           ( နှစ် )  

         မှော်ဝန်းချောင်း၊ ဥက္ကံချောင်း၊ နံယောချောင်း။ ချောင်းသုံးချောင်း ပေါင်းဆုံရာအရပ်မှာ ဖြစ်တည်နေတဲ့အတွက် သူတို့ရဲ့မြို့ကလေးကို အမည်ပေးထားလိုက်တာသုံးခွတဲ့။ ဘယ့်လောက်များ ကြည်လင်လှပတဲ့ နာမည်လေးလဲလို့။ အခု ကျွန်တော်တို့ဟာ  သုံးခွမြို့ကလေးထဲက ဒေါ်မိန်းခလေး ပြည်သူ့စာကြည့်တိုက်ကိိုရောက်ရှိလို့နေပါပြီ။

       ကိုထွန်းဝေမြင့်က အဲဒီစာကြည့်တိုက်လေးမှာ စာအုပ်သွားလှူချင်လို့ လိုက်ပို့ခိုင်းနေတာ ကြာလှ‌ပြီ။ သန်လျင်ဟာ သုံးခွနှင့် နီးနီး‌‌လေး။ တစ်နာရီလောက် ကားစီးလျှင် ရောက်သွားနိုင်သော မြို့ကလေး။သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ကျွန်တော်တို့ မရောက်နိုင်ခဲ့ကြပါ။ တကယ်တမ်း သွားဖြစ်တဲ့အခါ သန်လျင်ယူနိုက်တက်က အဲမိုးခြိမ့်နှင့် ငါးသိုင်းချောင်းဝံသာတို့အရပ်က ကဗျာဆရာ ကောင်းမြတ်ညိမ်းကပါ ဝန်းရံလိုက်ပါလာသောကြောင့် ခရီးစဉ်လေးဟာ ပျော်ရွှင်စရာကောင်းသွားခဲ့။

       " စာအုပ်ရှိတဲ့နေရာကို လူတွေမလာရင် လူတွေရှိတဲ့နေရာကို စာအုပ်တွေက သွားရမှာပေါ့ဗျာ"

       ကျွန်တော်တို့ရဲ့မြို့ကလေးမှာ အထိုင်လာချခဲ့‌သော ဘိုဟီးမီးယန်းတစ်ယောက် ပြောခဲ့ဖူးတဲ့စကား။ သူဟာ ပင်လယ်ဝံပုလွေထဲက  ကပ္ပတိန်‌အေဟက်လို ပင်လယ်တွေ တစ်စင်းပြီးတစ်စင်း ဖြတ်သန်းခဲ့သူဖြစ်သော်လည်း သူ့ရဲ့ စာပေချစ်မက်စိတ်က ချစ်ခင်လေးစားစရာ။ မီနီလေးတစ်စီးနှင့်။ နှစ်‌ပေါင်းများစွာ ရှာဖွေစုဆောင်းထားခဲ့တဲ့စာအုပ်လေးတွေနှင့်။ ရပ်ကွက်လေးတွေထဲကို လျှောက်သွားမည်။ ကျေးရွာလေးတွေအထိ ခရီးဆန့်မည်။ သုတရသစာအုပ်လေးတွေကို  တစ်လမ်းဝင်တစ်လမ်းထွက် ငှားရမ်းပေးမည်။ ဘဝရဲ့လက်ကျန်အချိန်တွေကို အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းသွားဖို့ သိပ်ကိုလှပတဲ့ စိတ်ကူး‌စိတ်သန်းလေးတစ်ခုပါပဲ။

       စိတ်ကူးလေးကသာ လှပခဲ့သော်လည်း သူဟာ စာအုပ်တွေဆီကို မရောက်လိုက်ဘဲ သေခြင်းတရားဆီကိုသာ အရင်ရောက်ရှိသွားခဲ့တာ။ သုံးခွကိုသွားတဲ့နေ့က မြို့ကလေးပေါ်မှာ ဝေ့ဝဲနေတဲ့ ဖွဲဖွဲလွင့်လွင့် လက် ကျန်နှင်းစက်တွေကိုငေးရီကြည့်‌နေရင်းနဲ့  အဲဒီ ဘိုဟီးမီးယန်းကြီးကို သတိရ‌နေခဲ့တာ။            
       ပြောမယ်ဆိုရင် သုံးခွမြို့ကလေးဟာ ကျွန်တော့်အတွက် သူစိမ်းတရံ ဆန်လွန်းသော မြို့ကလေးတော့ မဟုတ်။ကျွန်တော်တို့ရဲ့ ဆရာမောင်ခိုင်မာဟာ သုံးခွသား။မှော်ဝန်းချောင်းလေးကို မေးတင်ထားတဲ့ ကဒပ္ပန ရွာလေးဟာ ဆရာမောင်ခိုင်မာရဲ့ ဇာတိချက်ကြွေ မွေးရပ်မြေလေး။
သန်လျင်သုံးခွကားလမ်း‌မ‌ဘေး  ကရင်ဆိပ်၊ ပုလဲ၊ ပျဥ်းမကန်၊ သိုက်တူးကန် ရွာလေးတွေမှာ  ကျွန်တော်ကျောင်းသားဘဝတုန်းက အတူဆိုးအတူပေခဲ့တဲ့ သူငယ်ချင်းတွေဆိုတာ များမှများ။ သူတို့လေးတွေနဲ့ မတွေ့ရတာတောင် နှစ်ပေါင်းလေးဆယ် ကျော်သွားခဲ့ပြီ။

         လမ်းဘေးတစ်လျှောက် ရွှေအိုရောင် ရိုးပြတ်တောနှင့် စိမ်းစိမ်းမြမြပဲစိုက်ခင်းလေးတွေကို ငေးရီလွင့်မူးနေရင်းနှင့် အာရုံထဲမှာ အတိတ်ဟာ လွင့်လွင့်မျောမျော။
         မှော်ဝန်းချောင်းကိုဖြတ်တဲ့ တံတားကို ကျော်လွန်လာတယ်ဆိုရင်ပဲ သုံးခွမြို့ကလေးထဲကို ရောက်ရှိလာခဲ့ပြီ။ခါတိုင်း မြို့အဝင် ဒီတံတားလေးဟာ သစ်သားတံတား‌လေးလို့ ကျွန်တော် အမှတ်တရရှိနေခဲ့တာ။အခုတော့ သစ်သားတံတားလေးရဲ့နေရာမှာ ကွန်ကရစ်တံတားဖြစ်နေခဲ့ပြီ။တံတားအောက်မှာတော့ မှော်ဝန်းချောင်းရေနဲ့အတူ ခေတ်ကြီးဟာ တစ်ခေတ်ပြီးတစ်ခေတ် စီးဆင်းလို့။
        တံတားအလွန်က ကားမှတ်တိုင်လေးမှာ ကားရပ်တော့ ကျွန်တော်တို့အုပ်စုကို ဆရာကောင်းမြတ်(သုံးခွ)နဲ့ ညီလေးနှင်းရိပ်ညိုတို့က လာပြီးကြိုကြပါတယ်။
       တစ်‌ယောက်တစ်လှည့်စီ သယ်မလာခဲ့ရတဲ့ ကိုထွန်းဝေမြင့်ရဲ့ စာအုပ်အိတ်ကြီးဟာလည်း  ညီလေးနှင်းရိပ်ညိုရဲ့ ဆိုင်ကယ်လေးပေါ်မှာ အခန့်သား။
       ကားမှတ်တိုင်နဲ့ စာကြည့်တိုက်ဟာ တကယ့်ကိုနီးနီးကပ်ကပ်လေး။ စာကြည့်တိုက်ထဲကို‌ ရောက်သွားတယ်ဆိုရင်ပဲ သုံးခွရဲ့ စာပေအင်အားစုတွေဟာ ကျွန်တော်တို့အ‌ပေါ်မှာ နွေးနွေးလျလျ။ မောင်လူအေး(သုံးခွ)၊ကိုမျိုးမြင့်၊ ကိုချစ်ကိုနှင့် အခြားအခြားသော စာပေရဲဘော်များ။

ပြီးတော့ အမည်နှင့်လိုက်ဖက်ညီအောင်  အမြဲတမ်းအပြုံးတမြမြရှိနေတတ်တဲ့ ကိုစိမ်းလန်း( သုံးခွ )။

တအောင့်နေတော့ သုံးခွမြို့ကလေးမှာ ချစ်ခြင်းမေတ္တာကို ရှာဖွေတွေ့ရှိသွားခဲ့လေတဲ့ ကိုလွှမ်းရုံလည်း ရောက်ချလာလေတော့ မတ်လရဲ့နေ့လယ်ခင်းလေးဟာ ပိုပြီးတော့ နွေးမြသွားခဲ့တာ။ အဲဒီနေ့လယ်ခင်းလေးက ကျွန်တော်တို့ရဲ့စကားဝိုင်းလေးဟာ စာပေ၊ ရုပ်ရှင်၊ပ န်းချီ၊ ဂီတ၊ ဇာတ်သဘင်သာမက လူမှုကွန်ရက်ပေါ်က Up date သတင်းတွေအထိ တစ်ခုပြီးတစ်ခု ဖြတ်စီးသွားခဲ့တာ။

                                                          (သုံး)

      ဒွန္နယာတွင် သင်က သူများကိုနိုင်လျှင် သင့်ကိုလည်း အလ္လာသျှင်မြတ်က နိုင်တတ်ပါသည်။ ကျော်လှိုင်ဦး တစ်ထောင့်တစ်ညပုံပြင်များ။ မှော်ရုံတောမှာ မောလှပြီ။ ကမ္ဘာကုန် ကျယ်သရွေ့ဝယ်။ မဟူရာမေတ္တာ၊မူးရစ်ဝေသော‌နွေညများ၊ ငါ့သွေး ငါ့ဓါး ငါ့ဧရာဝတီ၊ ကျွန်မ၏ သစ်ပင်၊ ပြိုမှာလေလား မိုးရဲ့၊ စိတ္တရလေခါ၊ သိဒ္ဓတ္တ၊ဂ င်္ဂါမှဗော်လ်ဂါသို့......။
        ကျွန်တော်တို့ ငြိခဲ့ဖူးတဲ့ စာအုပ်တွေဆိုတာ ငှားရမ်းခ လုံးဝမပေးရတဲ့ ဒေါ်မိန်းခလေးစာကြည့်တိုက်ထဲမှာ များမှများ။ 
အမျိုးအစားစုံလင်လှ‌သော စာအုပ်‌တွေချည်းပဲ အုပ်ရေက တစ်သောင်းကျော်။ E , Library မှာပဲ ကွန်ပျူတာက ခြောက်လုံး။နေ့ထုတ်သတင်းစာက တစ်နေ့လျှင် ပုံမှန်သုံးစောင်၊အပတ်စဉ်ထုတ်ဂျာနယ်တွေက ရှိသေးသည်။အလျင်းသင့်သလို ဝယ်ယူဖြည့်တင်းပေးနေသည့် စာအုပ်တွေ အပါအဝင် စာကြည့်တိုက်အသင်းအဖွဲ့တွေဆီက ရံဖန်ရံခါ စာအုပ်အချို့ရရှိနေသော်လည်း လိုအပ်ချက်တွေကတော့ ရှိနေဆဲပင်။

စာကြည့်တိုက် ပင်မအဆောက်အဦကို အသစ်တည်ဆောက်မယ့် သူရဲကောင်းမျိုးပေါ်လာခဲ့လျှင် ကောင်းလေစွဟုတွေးမိလိုက်သေးသည်။ အခုပဲ မြို့ခံစာချစ်သူတွေဟာ ခေတ်တွေစနစ်တွေ အမျိုးမျိုး‌အောက်မှာ စာကြည့်တိုက်လေးကို တယုတယနဲ့ လက်ဆင့်ကမ်းထွေးပိုက်လာခဲ့ကြတာ နှစ်ပေါင်းရှစ်ဆယ်ထဲကို ရောက်ရှိလာခဲ့ပြီ။
ဒီလိုနဲ့ပဲ တရွေ့ရွေ့ အချိန်တွေအောက်မှာ ကျေးလက်မြို့ကလေးတစ်မြို့က စာတစ်လုံးမှ မတတ်ရှာသူ မျက် မမြင်ကျေးတောသူ လယ်သူမကြီး တည်ဆောက်လှူဒါန်းထားခဲ့တဲ့ ဒေါ်မိန်းခလေး ပြည်သူ့စာကြည့် တိုက်ဟာ နှစ်တစ်ရာ ပြည့်သွားတော့မှာ။
     စာကြည့်တိုက်အလှူရှင် လယ်သူမကြီးရဲ့ ဘဝကောက်ကြောင်းကလည်း အလွမ်းပြဇာတ်လေးတစ်ပုဒ်ကို ကြည့်ငေးနေရသလို ဆွတ်ရီလွမ်းမောစရာ။ သူမရဲ့အမည်က ဒေါ်မိန်းခလေး။ နာမည်လေးကသာ လေးနက်လှပပြီး မြန်မာဆန်နေပေမဲ့သူမရဲ့ ဘဝက‌တော့ တကယ့်ကို ကြမ်းကြမ်းရှရှ။

        (၁ ၂၃၂ )ခုနှစ်မှာ သုံးခွအပိုင် တကောကျေးရွာလေးမှာ ဒေါ်မိန်းခလေးကို မွေးဖွားခဲ့။ ငယ်စဉ်က ဆင်းရဲပြီး ခက်ခဲကြမ်းတမ်းလွန်းသော ဘဝအ‌ခြေအနေတွေကြောင့် စာပေမသင်ကြားခဲ့ရ။ ကျောင်းမနေခဲ့ရပါ။
        (၁၂၅၀) ခုနှစ်မှာ ဦးသာစိုးနှင့်ဆိုသူနှင့် အကြောင်းပါ။ သားသမီး( ၆ )ယောက်ထွန်းကား။ ခင်ပွန်းနှင့်အတူ လယ်မြေ ( ၃ )ဧကကို တောရှင်းလုပ်ကိုင်ရာမှ ထက်သန်သောဝီရိယနှင့် ကြိုးစားမှုတွေကြောင့် လယ်ဧက ( ၂၀၀) အထိ ပိုင်ဆိုင်လာပြီး ချမ်းသာကြွယ်ဝလာခဲ့။ (၁၂၉၂ )ခုနှစ်မှာ ဘဝခရီးဖော် ခင်ပွန်းဖြစ်သူဟာ
ကွယ်လွန်သွား။ ဘဝခရီးဖော်ကွယ်လွန်ပြီး ဆယ်နှစ်ခန့်အကြာမှာ နေပူစပ်ခါးမိုးရွာမရှောင် ပင်ပန်းကြီးစွာ ရုန်းကန်ခဲ့ရသော ငယ်စဉ်ကအလုပ်ကြမ်းဒဏ်တွေကြောင့် ဒေါ်မိန်းခလေးဟာ မျက်စိကွယ်သွားခဲ့။

     ဘဝမှာ စာမသင်ခဲ့ရလို့ အသိပညာဉာဏ် နုံနဲ့ခဲ့ရတာဟာလည်း အမှောင်။ အမြင်အာရုံထဲမှာ အလင်း ရောင်တွေ လွင့်ရှပျောက်ဆုံးကုန်လို့ လောကသုံးပါးကို မမြင်ရတော့တာဟာလည်းပဲ အမှောင်။ ဘဝကို နာကျင်ခါးသီးစေခဲ့သော အဲဒီလိုအမှောင်‌မျိုးကို ဘယ်သောအခါမှ မဆုံစည်းရလိုပါပြီ။
      သံသရာအဆက်ဆက် အဲဒီလိုအမှောင်မျိုးတွေနဲ့  ထပ်ပြီးမကြုံ‌‌တွေ့ချင်တော့တာ‌ကြောင့် စာပေနှင့်ပတ် သက်‌သော၊ ပညာဉာဏ်အလင်းကို လင်းဖြာပွင့်‌ဝေစေသော ကုသိုလ်ကောင်းမှုလေးတစ်ခုလုပ်ဖို့ သူမဟာ စိတ်ပိုင်းဖြတ်ခဲ့။ အခု ကျွန်တော်တို့ရောက်ရှိနေတဲ့ စာကြည့်တိုက်လေးဟာ သူမ တည်‌ဆောက်လှူဒါန်း
ထားခဲ့တဲ့ အလင်းအိမ်လေးပါပဲ။
      သူမ ညှိထွန်းပေးထားခဲ့တဲ့ ဟောဒီအလင်းအိမ်လေးဟာ( ၁၉၄၁ )ခုနှစ်က ဆောက်လုပ်ထားခဲ့တာမို့  သက်တမ်းအားဖြင့်ဆိုလျှင် နှစ်ပေါင်းရှစ်ဆယ် နီးနီးကြာမြင့်သွားခဲ့ပြီ။ သည်စာကြည့်တိုက်လေးကို ဆောက် လုပ်လှူဒါန်းပြီး ဆယ့်လေးနှစ်အကြာ (၁၃၁၆) ခုနှစ်မှာတော့ ဒေါ်မိန်းလေးဟာ ကွယ်လွန်သွားခဲ့ပါတယ်။

     အေးမြတိတ်ဆိတ်နေတဲ့စာကြည့်တိုက်ထဲကိုရောက်နေတဲ့အချိန်မှာ ကျွန်တော်တို့ဟာ တစ်စုံတစ်ခုခုကို လွမ်းနေသလိုမျိုးခံစားနေခဲ့ရတာ။ လောကီထုပ္ပတ် လူတို့ဇာတ်မှာလည်း ဒီလိုအလင်းအိမ်မျိုးလေးကိုဘယ် လိုနေရာမျိုးမှာမှ ရှာလို့ဖွေလို့ မတွေ့နိုင်‌တော့တာ။

         ကျွန်တော်တို့အဖွဲ့ စာကြည့်တိုက်ထဲက ထွက်ခွာလာတော့ မွန်းတိမ်းနေခဲ့ပြီ။ တွန့်လိမ်ကောက်ကွေးနေတဲ့ အပူလှိုင်းမျှင်တွေအောက်မှာတော့ မြို့ကလေးဟာ သွေ့ခြောက်ကြွတ်ရွလို့။ မတ်လရဲ့  မွန်းလွဲပိုင်းနေ ရောင်ဟာ မြို့ကလေးပေါ်မှာ စူးစူးရဲရဲ ထိုးကျလို့။ ကျွန်တော်တို့စီးလာတဲ့ YBS 34 ဟာလည်း တံလျပ်တွေ‌ ကြားထဲမှာ အော်ဟစ်ပြေးလွှားလို့။
         နာရီဝက်လောက်မောင်းပြီး အနောက်ဖက်ကို ပြန်လှည့်ကြည့်လိုက်တော့ ဒေါမိန်းခလေး ပြည်သူ့စာကြည့်တိုက် သို့မဟုတ် တောင်ဖက်စွန်းက အလင်းအိမ်လေးတည်ရှိရာ သုံးခွမြို့ကလေးဟာ တောအုပ်ခင်တန်းလေးတွေနှင့် သစ်မြစိမ်းရွက်တွေကြားထဲမှာ ပျောက်ကွယ်သွားလေပြီ။     ။ 

                                                                                                              နိုင် ဝင်း သီ
                                                                                                          ၁၇ ၊ ၃ ၊ ၂၀၂၀
                                                                                                            ည ၉နာရီ ၂၀
၁၂ ၊၃ ၊ ၂၀၂၀ ရက်နေ့ သုံးခွခရီးစဉ်လေးကို
အမှတ်တရ.....