Breaking News

လှကျော်ဇော - ၂၁ ရာစု မာက်စ်ဝါဒ ရှာပုံတော် (၇)


လှကျော်ဇော - ၂၁ ရာစု မာက်စ်ဝါဒ ရှာပုံတော် (၇)

မိုးမခ ၊ ဇွန် ၁၇ ၊ ၂၀၂၅


ဒုတိယကမ္ဘာစစ်နဲ့ စတာလင်

အခုတလော နိုင်ငံတကာ သတင်းတွေကြားမှာ ထူးခြားတဲ့ သတင်းတပုဒ် ပါလာနေပါတယ်။ ရုရှားနိုင်ငံကြီးက နေရာအချို့မှာ (တခါက အကြီးအကျယ် အပုပ်ချခံရတဲ့) စတာလင်ရဲ့ ရုပ်တုတွေ ပြန်ပေါ်လာနေတယ်တဲ့။ ယူကရိန်းနဲ့ စစ်ခင်းနေရတဲ့ ပူတင်က စစ်မျက်နှာပြင် ချဲ့တော့မှာမို့ တပြည်လုံးပြည်သူတွေကို စတာလင် ဒုတိယကမ္ဘာစစ်အတွင်းက သွင်းပေးခဲ့တဲ့ အမျိုးသားရေးစိတ်ဓာတ် ပြန်သွင်းဖို့ ပြင်ဆင်တာလား။

ဘာပဲဖြစ်ဖြစ် ကမ္ဘာကြီးကို ဖက်ဆစ်စနစ်ကနေ အပြတ်ကယ်တင်လိုက်နိုင်တဲ့ ဒုတိယကမ္ဘာစစ်ကြီး အောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့ စတာလင်ရဲ့ အခန်းကဏ္ဍကို ပြန်အသိအမှတ်ပြုလာရတာပါ။

မော်ကလည်း ၁၉၅၇ မှာ ရေးသားခဲ့တဲ့ "ဆက်ဆံမှုကြီး (၁၀) ချက်" ဆိုတဲ့ စာတမ်းမှာ စတာလင်နဲ့ ပတ်သက်လို့ ဒီလို ရေးဖူးပါတယ်။

စတာလင်ရဲ့ အမှားဟာ အားလုံးရဲ့ ၃၀ ရာခိုင်နှုန်းသာဖြစ်ပြီး အောင်မြင်မှုဟာ ၇၀ ရာခိုင်နှုန်း ဖြစ်တယ်။ အရာရာ အားလုံးကို ခြုံကြည့်ရင် စတာလင်ဟာ ကြီးမြတ်တဲ့ မာ့က်စ်ဝါဒီ တဦးပါတဲ့။ ဒါဖြင့်ရင် စတာလင်ရဲ့ အောင်မြင်မှုတွေဟာ ဘာတွေလဲ။ အရင်ကြည့်ရအောင်။

လီနင်ဟာ ၁၉၂၄ (အသက် (၅၇) မှာ ကွယ်လွန်ပေမဲ့ မကွယ်လွန်ခင် နှစ်အချို့ထဲက ကျန်းမာရေး ယိုယွင်းလာတာကြောင့် (လီနင်ရဲ့ ထောက်ခံချက်နဲ့) စတာလင်ဟာ ၁၉၂၁ ခုနှစ်လောက်ကစပြီး နိုင်ငံနဲ့ပါတီကို ဦးဆောင်ခဲ့ရပြီး ၁၉၂၂ မှစလို့ ၁၉၅၃ ခုနှစ် (ကွယ်လွန်ချိန်အထ) တောက်လျှောက် ဒီတာ၀န်ကို ထမ်းခဲ့ရတာပါ။

၁၉၁၇-၁၉၂၃ အထိ စတာလင်က လူမျိုးစုရေးရာဝန်ကြီးအဖြစ် ထမ်းဆောင်ခဲ့ပြီး အမျိုးသားရေးရာပြဿနာများကို ဦးဆောင်ဖြေရှင်းခဲ့ပြီး လူမျိုးစုအသီးသီးရဲ့ ဆိုဗီယက်သမ္မတနိုင်ငံများ တည်ထောင်ပေးပြီး ၁၉၂၂ မှာတော့ အဲဒါတွေကို ပူးပေါင်းပြီး ဖက်ဒရေရှင်း (ပြည်ထောင်စုဆိုဗီယက် ဆိုရှယ်လစ် သမ္မတနိုင်ငံ-USSR)ကို ဖွဲ့ခဲ့ပါတယ်။ ဒီတော့ ဆိုဗီယက်နိုင်ငံကြီးမှာ ဆိုရှယ်လစ်စနစ် တည်ဆောက်ရေးအတွက် စတာလင်ဟာ အကြီးအကျယ် ကြိုးစားရပါတော့တယ်။ ပါတီတွင်းတိုက်ပွဲများ (ထရော့စကီဂိုဏ်းနဲ့) ကိုလည်း အဆက်မပြတ် ဆင်နွှဲနေရတာပါ။

ပထမကမ္ဘာစစ်အပြီး အရင်းရှင်နဲ့ နယ်ချဲ့နိုင်ငံများက စီးပွားရေး လဲကျနေချိန် ဖြစ်ပါတယ်။ သူတို့က အပြစ်ကို တခြားလူတွေအပေါ် (ကွန်မြူနစ် ဆိုဗီယက်နိုင်ငံ) ပုံချလာပြီး ကွန်မြူနစ် ဆန့်ကျင်ရေးလှိုင်းကို မြင့်တင်လာပြီး ဆိုဗီယက် ရုရှားကို ဘက်ပေါင်းစုံက ပိတ်ဆို့လာပါတယ်။ တချို့နိုင်ငံတွေမှာတော့ (ဂျာမနီ၊ အီတလီ) ဖက်ဆစ်စနစ် အစပျိုးလာနေပါတယ်။

ဒီလို အဘက်ဘက် အကျပ်အတည်းများကြားမှာ စတာလင်ဟာ ပြည်တွင်းမှာ စီးပွားရေး အရှိန်အဟုန် တိုးစေရေးအတွက်သာ အဓိကထားပြီး အလွန်တင်းကျပ်တဲ့ နည်းလမ်းများကို သုံးခဲ့ရပါတယ်။

ပစ္စည်းမဲ့အာဏာရှင်စနစ်ကို အပြတ်ကျင့်သုံးပြီး အာလုံးကို ပြည်သူပိုင် သိမ်းပစ်လိုက်ပါတယ်။ နိုင်ငံတော်စက်မှုလုပ်ငန်း ဖြစ်ထွန်းရေးနဲ့ စုပေါင်းလယ်ယာလုပ်ငန်းများ စက်မှုတပ်ဆင်ရာမှာလည်း အာဏာနဲ့ အပြတ်လုပ်ဆောင်ခဲ့ ရတာပါ။

ဒါတွေဟာ ဆိုရှယ်လစ် တည်ဆောက်ရေးအတွက် အလွန်အကျိုးရှိခဲ့ပါတယ်။

အကြီးစားစက်မှုလုပ်ငန်းတွေကို ဦးစားပေးလုပ်ဆောင်ခဲ့တာဖြစ်လို့ နိုင်ငံတော်ကာကွယ်ရေးလုပ်ငန်းများအတွက်လည်း အာမခံချက်ရရှိစေခဲ့ပါတယ်။

လက်နက်ခဲယမ်းမီးကျောက်များ၊ တင့်ကားများ၊ လေယဥ်ပျံများ၊ အမြောက်မြား စတာတွေကို ထုတ်လုပ်မှုနှုန်း အရရော အဆင့်အတန်းအရရော ဂျာမနီထက် အများကြီးသာသွားပါတော့တယ်။

ဒီလိုနဲ့ (၅) နှစ် စီမံကိန်း (၂) ကြိမ် (၁၉၂၈-၁၉၃၇) အပြီးမှာတော့ အင်အားတောင့်တင်းတဲ့ ဆိုရှယ်လစ်စနစ်အတွက် ရုပ်ဝတ္ထုအ‌ခြေခံအုတ်မြစ်ကို ချလိုက်နိုင်ပါတယ်။ အဲဒီကာလမှာဆိုဗီယက်ရုရှားဟာ ကမ္ဘာ့နံပါတ် (၂) နဲ့ ဥရောပမှာ နံပါတ် (၁) နိုင်ငံ ဖြစ်လာပါတော့တယ်။

အလွန်ခေတ်နောက်ကျတဲ့ လယ်ယာလုပ်ငန်းနိုင်ငံကနေ အင်အားတောင့်တင်းတဲ့ စက်မှုလုပ်ငန်းနိုင်ငံ ဖြစ်လာပြီး အလွန်တိုတောင်းလှတဲ့ ကာလလေးအတွင်းမှာ ပြည်သူလူထုရဲ့ နေထိုင်မှုဘဝဘက်စုံမှာ တိုးတက်မှုတွေ တွေ့လာရပါတယ်။ အလုပ်လက်မဲ့ပြဿနာကို ဖြေရှင်းလိုက်နိုင်ပြီး၊အခမဲ့ ဆေးဝါးကုသမှုစနစ်တို့၊ လူမှုဖူလုံရေးစနစ်တို့ စတာတွေလည်း လုပ်ဆောင်လိုက်နိုင်နေပါပြီး။ ၁၉၃၉ မှာ စာတတ်မြောက်သူဟာ လူဦးရေရဲ့ (၇၈ ရာခိုင်နှုန်း) ဖြစ်လာပြီး သိပ္ပံနဲ့နည်းပညာတိုးတက်မှုများကိုလည်း တွေ့လာနေရပါတယ်။

ဒါတွေအားလုံးက ဆိုရှယ်လစ်စနစ်ရဲ့ သာလွန်ချက်များကို ဖော်ပြနေပါတယ်။

အစောပိုင်းကဆိုရှယ်လစ်စနစ်ကို တိုင်းပြည်တပြည်ထဲမှာပဲ တည်ဆောက်လို့ရပါ့မလား ဆိုပြီး သံသယ ဝင်ခဲ့မှုတွေကိုလဲ ချေဖျက်လိုက်နိုင်ပါတယ်။

ဒီလို စက်မှုလက်မှုလုပ်ငန်းများ တိုးတက်လာမှုက တိုင်းပြည်နဲ့ ပြည်သူများရဲ့ ဘက်စုံ (နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ လူမှုရေးအရ၊ ယဥ်ကျေးမှုအရ) တိုးတက်မှုကို ဖြစ်ပေါ်စေခဲ့ပြီး တစည်းတလုံးတည်း စတာလင် ဦးဆောင်တဲ့ ဘော်ရှီဗစ်ပါတီအပေါ် ယုံကြည်အားထားထောက်ခံမှုကိုလည်း ရစေလိုက်ပါတယ်။

ဒါတွေအားလုံးဟာ နောက်ပိုင်း ၁၉၄၁ ကစလို့ ဖြစ်ပွားလာတဲ့ ဂျာမန်ဖက်ဆစ်များရဲ့ ကျူးကျော်မှုနဲ့ အတူ ဒုတိယကမ္ဘာစစ်ကြီးကို စတာလင်အနေနဲ့ အဓိကအခန်းကနေ အောင်မြင်အောင် တွန်းလှန်တိုက်လိုက်နိုင်ရုံမက အရှေ့ရောပနိုင်ငံ အများအပြားကိုလည်း လွတ်မြောက်စေလိုက်နိုင်တာတွေအတွက် ဘက်စုံက စုဆောင်းပေးခဲ့တဲ့ အောင်ပွဲအခြေခံရုပ်ဝတ္ထုနဲ့ စိတ်ဓာတ်အင်အားတို့ ဖြစ်ပါတော့တယ်။  

ဒီလိုနဲ့ စတာလင်ဟာ ၁၉၄၁ ဂျာမနီက ကျူးကျော်လာတဲ့အခါ အလွန်ခိုင်မာတဲ့ ခေါင်းဆောင်မှုနဲ့ ဗဟိုချုပ်ကိုင်မှုအောက်မှာ နိုင်ငံရဲ့စွမ်းအား အားလုံးကို စုစည်းလိုက်နိုင်ပါတယ်။ စိတ်ဓာတ်ရေးရာအရလည်း ဖက်ဆစ်တို့ရဲ့ ကျူးကျော်မှုမှ အမိနိုင်ငံကို ကာကွယ်တဲ့ ကြီးမြတ်တဲ့ စစ်ပွဲကြီး (Great-Patriotic-War) ဆိုတဲ့ ကြွေးကြော်သံ တင်ပြီး တပြည်လုံးကို လှုံ့ဆော်လိုက်နိုင်တဲ့အတွက် တပ်နီတော် တပ်သားပေါင်းသန်း  ၃၀ ကို စုဆောင်းလိုက်နိုင်ပြီး တပြည်လုံးပြည်သူများကိုလဲ အရာရာရှေ့တန်းအတွက် ဆိုတဲ့ စိတ်ဓာတ်နဲ့ ထောက်ပို့လုပ်ငန်းများမှာ ပါဝင်လာကြပါတော့တယ်။

စတာလင်ရဲ့ စစ်ရေးဗျူဟာများ အဆင့်မြင့်တာကိုလည်း တွေ့နိုင်ပါတယ်။

ဥပမာ- ဂျာမန်တွေ ဝင်လာတာနဲ့ စက်ရုံ၊ အလုပ်ရုံများကို စစ်ပွဲနဲ့ ဝေးရာ နိုင်ငံအရှေ့ပိုင်းကို ရွှေ့ပြောင်းပြီး ထုတ်လုပ်‌ရေးများကို အရှိန်မပြတ် ရှိစေတာ၊ ဂျာမန်တပ်တွေဝင်လာရာလမ်းတလျှောက်က ရုရှားရွာတွေ၊ မြို့တွေ၊ လမ်းပန်းဆက်သွယ်ရေးလိုင်းတွေ အားလုံးဖျက်ဆီးပစ်လိုက်တဲ့ ဗျူဟာများ။ လနဲ့ချီတိုက်ရတဲ့ စတာလင်ဂရက် တိုက်ပွဲ ဆိုဗီယက်တပ်နီတော်က အနိုင်ရလိုက်တဲ့အခါမှာတော့ စတာလင်ဟာ အကျော်ကြားဆုံး စစ်ရေး ခေါင်းဆောင် တဦးအဖြစ်ရော၊ ဆိုဗီယက်ပြည်သူများရဲ့ ဇွဲလုံ့လနဲ့ စွန့်လွှတ်အနစ်နာခံမှုများကိုရော ကမ္ဘာက အသိအမှတ်ပြုလိုက်ရပါတော့တယ်။ ဒီတိုက်ပွဲဟာ စစ်ပွဲကြီးရဲ့ အလှည့်အပြောင်း ဖြစ်သွားပါတော့တယ်။ ဒီအောင်ပွဲအရှိန်နဲ့ တပ်နီတော်ဟာဆက်တိုက် အရင် ဂျာမန်တွေ သိမ်းထားတဲ့ မိမိတို့နိုင်ငံနေရာများကို သာမက အရှေ့ဥရောပနိုင်ငံများကိုပါ ဆက်တိုက် သိမ်းပိုက်လိုက်နိုင်လိုက်ပါတော့တယ်။

ဒုတိယကမ္ဘာစစ်ကြီးကို အနိုင်တိုက်ပြီး ဂျာမန်ဖက်ဆစ်တွေကို အမြစ်ဖြတ်ပေးရာမှာ တခြားအကြောင်းတွေ (မဟာမိတ်များ စစ်ပွဲအတွင်း ပါဝင်လာမှု၊ ပြင်းထန်လှတဲ့ ရုရှား ဆောင်းရာသီ) စတာတွေ ပါပေမဲ့ အဓိကအခန်း အဆုံးအဖြတ်အခန်းကတော့ စတာလင် ဦးဆောင်တဲ့ ဆိုဗီယက်တပ်နီတော်သာ ဖြစ်ပါတယ်။

(ဆိုဗီယက်က ဒီစစ်ပွဲမှာ လူပေါင်း ၂၇ သန်း သေကျေခဲ့ပါတယ်။)

အရှေ့ဥရောပနိုင်ငံအချို့ (အရှေ့ ဂျာမနီ အပါ) ကိုလည်း လွတ်မြောက်စေလိုက်ပြီး အင်အားကြီးတဲ့ ကမ္ဘာ့ ဆိုရှယ်လစ်ဂိုဏ်းကြီးကို တည်ဆောက်လိုက်နိုင်ပြီး နယ်ချဲ့စနစ် ကိုလိုနီစနစ်များကို အားပျော့သွားစေပြီး အမျိုးသားလွတ်လပ်ရေးနဲ့ လွတ်မြောက်ရေးလှုပ်ရှားမှုများကို အားဖြည့်ပေးလိုက်ပါတော့တယ်။ ကမ္ဘာ့လူသားများအတွက် အလွန်ကြီးမားတဲ့ ကောင်းမှုပြုချက်ပါ။

၁၉၄၅ ခုနှစ် ကုလသမဂ္ဂမှာတော့ ဆိုဗီယက်နိုင်ငံဟာ အမြဲတမ်း လုံခြုံရေးကောင်စီဝင် ဖြစ်လာပါတော့တယ်။

ဒါတွေကတော့ စတာလင်ရဲ့ ကောင်းမှုများ (အကျဉ်းချုပ်) ဖြစ်ပါတယ်။

ဒါတွေအားလုံးက ၂၀ ရာစု မာက်စ်ဝါဒ-လီနင်ဝါဒရဲ့ အောင်ပွဲကို အရှိန်မြှင့်ပေးလိုက်ပါတော့တယ်။


လှကျော်ဇော 

၉-၆-၂၀၂၅

ကိုးကား။
ရဲဘော်စိုးသိန်း 

- ဘာသာပြန်ဆောင်းပါး။(၂၀၁၇)။

- ရုရှားအောက်တိုဘာတော်လှန်ရေး။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar