Breaking News

မောင်လူမွှေး - တောပန်းကလေးတွေ

မောင်လူမွှေး - တောပန်းကလေးတွေ

မိုးမခ ၊ ဇွန် ၃၀ ၊ ၂၀၂၅

တစ်နေ့က လိုင်းပေါ်ကနေ  လူငယ်ကျောင်းဆရာလေးတစ်ယောက်ကို လှမ်းစကားပြောဖြစ်တယ်။ သူဟာ ပြီးခဲ့တဲ့နှစ် မောင်လူမွှေးရောက်ဖူးတဲ့ကျောင်းတွေထဲက အကောင်းဆုံးကျောင်းလို့ ယူဆ ရတဲ့ အထက်တန်းကျောင်းက ဆရာလေးတစ်ယောက်ဖြစ်တယ်။ သူ့ကို စကားစပြောပြောချင်းပဲ " ကျောင်းသင်ကြားရေးအခြေအနေ ဘယ်လိုရှိလဲ" လို့ မေးတော့ " ကျနော် စင်္ကာပူကို ရောက်နေပြီဆရာ" တဲ့။ နောက် သူနဲ့အတူ လုပ်ဖော်ကိုင်ဖက် လူငယ်ဆရာတစ်ယောက်အကြောင်းကို မေးတော့ " သူလည်း ပြည်ပမှာပဲ ဆရာရေ၊ အင်္ဂလိပ်သင်တဲ့ ဆရာမတစ်ယောက်လည်း သင်ကြားရေးကနေ နားသွားတယ်ဗျ" လို့ သူက ပြောပြပါတယ်။ မောင်လူမွှေးတို့ဟာ ပညာရေးအရင်းအမြစ်တွေကို ဒီလို ဆုံးရှုံးရပါတယ်။

ပြီးခဲ့တဲ့အပတ် စစ်ရှောင်ကျောင်းက ဆရာ၊ ဆရာမလေးတွေကို ဘာသာရပ်ပို့ချရင်း၊ ဆွေးနွေးရင်း မောင်လူမွှေးရင်ထဲက စကားကို ပြောဖြစ်ခဲ့တယ်။

" ဆရာ၊ ဆရာမလေးတို့ဟာ စစ်ရှောင်ကျောင်းမှာ ခက်ခက်ခဲခဲကြားက ကလေးတွေကို ကြိုးစားပမ်းစား စာသင်ပေးနေတဲ့အတွက် အလိုလိုကို အထက်တန်းစားဆရာမတွေ ဖြစ်နေပြီးသားဖြစ်တယ်။ ဆရာ၊ ဆရာမလေးတို့ ပညာတွေ ပိုတော်လာရင် လုံးဝအထက်တန်းစားဆရာမတွေပဲ" လို့  ပြောဖြစ်ခဲ့တာပါ။

ကျေးရွာတွေမှာ ဆရာ၊ ဆရာမ လုပ်တာတောင် လခက မုန့်ဖိုးလောက်သာ ရကြတယ်။ ဒီနှစ်ထဲ စစ်ကောင်စီရဲ့ လေကြောင်းအန္တရာယ်ပါ စိုးရိမ်လာရတော့ ဆရာ၊ ဆရာမ အလုပ်ကို စွန့်ခွာသွားကြသူတွေ တော်တော်များပါတယ်။ ဒီလိုအဖြစ်ပျက်တွေကြား စစ်ရှောင်စခန်းမှာ ဆရာမ လုပ်ဖို့ဆိုတာ ဒုလ္လဘတရားလို့တောင် ဆိုရမှာပါ။

စစ်ရှောင်စခန်းမှာ ဆရာ၊ ဆရာမ လခအဖြစ် ငါးသောင်းရကြတယ်။ လကုန်ရင် ချက်ချင်းရတာမဟုတ်ပါဘူး။ ကျောင်းသူကျောင်းသားတွေရဲ့ ထောင်ဂဏန်း လခလေးစုံမှ ဆရာ၊ ဆရာမတွေ ရကြတာ ဖြစ်ပါတယ်။ မောင်လူမွှေးရဲ့ အမေရိက က ဆရာတွေ ချိတ်ဆက် ပံ့ပိုးပေးမှုနဲ့ ဆရာ၊ဆရာမလေးတွေကို တစ်လကို သုံးသောင်း ပေးနိုင်လို့ သူတို့ ရှစ်သောင်းရကြမယ်။

 ဆရာ၊ ဆရာမ ငါးယောက်ထဲမှာ ဆရာမတစ်လေးတစ်ယောက်က ခပ်လှမ်းလှမ်းကျေးရွာကနေ လာပြီး သင်ကြားပေးသူ ဖြစ်တယ်။ သူက ဆိုင်ကယ်နဲ့လာရတော့ အနည်းဆုံး နှစ်ရက်ကို ဓာတ်ဆီ တစ်လီတာဘူး တစ်ဘူးတော့ကုန်မယ်။ ဓာတ်ဆီတစ်ဘူးကို ခြောက်ထောင်။ တစ်ရက်ကို သုံး ထောင်နှုန်းနဲ့တွက်ရင် သူ့ရဲ့ ကျောင်းလာတဲ့ဆိုင်ကယ်ဆီဖိုးဟာ တစ်လကို ကိုးသောင်းကုန်မှာ ဖြစ်တယ်။ တစ်လကို ကိုးသောင်း ဆီဖိုးအကုန်ခံပြီး ထောက်ပံ့ကြေးနဲ့မှ တစ်လရှစ်သောင်းရတဲ့ စာသင်ကျောင်းကို စာလာသင်ပေးတဲ့ ဆရာမလေးကို မလေးစားရင် မောင်လူမွှေး ဘယ်သူ့လေးစားမလဲဗျာ။

သနပ်ခါး ပါးကွက်ကြားနဲ့ စစ်ရှောင်ကျောင်းရဲ့ တစ်ဦးတည်းသော ဆရာလေးကို သူ့ကို ဖတ်ဖို့၊ ကြည့်ဖို့ပြောထားတဲ့ စာတွေအတွက် စတားလင့် မသွားဘူးလားဆိုတော့ " စတားလင့်ဖိုး မရှိသေးလို့ဆရာ၊ ဘိုင်ပြတ်နေတယ်" လို့ ဆိုပါတယ်။ စတားလင့်က တစ်နာရီ တစ်ထောင်ပေးရတယ်။ စတားလင့် ရှိတဲ့နေရာနဲ့ စစ်ရှောင်စခန်းနဲ့က အနည်းငယ်ဝေးသေးတယ်။ ဆိုင်ကယ်နဲ့ သွားရမှာမို့ ဓာတ်ဆီဖိုးရှိသေးတယ်။ စတားလင့် တစ်ရက်ကို တစ်နာရီပဲ သုံးတယ်ထား ဆိုင်ကယ်ဆီဖိုးနဲ့ တစ်လ ခြောက်သောင်းအထက်ကုန်မယ်။ သူတို့ လိုအပ်တာတွေအတွက် မောင်လူမွှေးနဲ့ မစ်စမွှေးပဲ ဒေါင်းလုတ်ဆွဲပြီး တစ်ပတ် တစ်ခါ ယူခဲ့ကြဖို့ ဆုံးဖြတ်ကြရပါတယ်။

မောင်လူမွှေးဟာ စစ်ရှောင်ကျောင်းက ဆရာ၊ ဆရာမလေးတွေကို ပညာတော်စေချင်တယ်။ သူတို့တော်မှ ကလေးတွေ တော်မှာကိုး။  သူတို့မှာ သည်းခံမှု၊ စိတ်ရှည်မှု၊ အနွံအတာခံမှုတွေက မောင်လူမွှေးထက်တောင် သာပြီးသားဖြစ်တယ်။ ဒီတော့ တောပန်းကလေးတွေ မွှေးဖို့အရေး မောင်လူမွှေးနဲ့ မစ်စမွှေးတို့ကြိုးစားကြပါတယ်။ မစ်စမွှေးက သင်ကြားမှုနည်းနာနဲ့ ကလေးစိတ်ပညာကို အပတ်စဥ်ဆွေးနွေးပို့ချတယ်။မောင်လူမွှေးက မြန်မာစာ၊ အင်္ဂလိပ်စာနဲ့ အထွေထွေဗဟုသုတတွေပြောတယ်။ ဒီလို ပြောပြဆွေးနွေးတဲ့အချိန်မှာ ဆရာ၊ ဆရာမလေးတွေရဲ့ မျက်လုံးလေးတွေ အရောင် လက်နေတာဟာ မောင်လူမွှေးတို့နှစ်ယောက်အတွက် "အား" ဖြစ်တယ်။ စစ်ရှောင်ကလေးတွေအတွက် အနာဂတ်ဖြစ်တယ်။

ပန်းဆိုတာ ရနံ့ရှိမှ တင့်တယ်မယ်။ ဆရာ၊ ဆရာမတွေအဖို့ ပညာ ထိုက်သင့်သလောက်ပြည့်မှ ဖြစ်မယ်။ မောင်လူမွှေးတို့လည်း သိပ်တော်၊ သိပ်တတ်နေတာမျိုးတော့ မဟုတ်ပါဘူး။ ကိုယ့်နောက်က မျိုးဆက်သစ်ဆရာ၊ ဆရာမလေးတွေကို ကိုယ်တတ်စွမ်းသမျှ ဖြည့်ဆည်းပေးတာမျှသာဖြစ်တယ်။

စစ်ရှောင်စခန်းက ဆရာ၊ ဆရာမလေးတွေဟာ ရှားပါးတဲ့ တောပန်းကလေးတွေ ဖြစ်တယ်။  ဝါသနာ၊ စေတနာ၊ အနစ်နာ အရောင်အသွေးတွေနဲ့ မေတ္တာရနံ့သင်းတဲ့ ပန်းကလေးတွေ ဖြစ်တယ်။

အဲဒီလို တောပန်းကလေးတွေကို တန်ဖိုးထားပြီး နီးစပ်ရာစွမ်းနိုင်သူတွေက ပညာအား၊ ဥစ္စာအားနဲ့ ကူညီကြပါလို့ မောင်လူမွှေး တိုက်တွန်းချင်တယ်။ မောင်လူမွှေးတို့ရဲ့ ကလေးတွေ ပညာရေးကို တောပန်းကလေးတွေကပဲ အဓိကစွမ်းဆောင်နေကြတာ ဖြစ်ပါတယ်ခင်ဗျာ။

-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar