Breaking News

လှကျော်ဇော - '' ကျွန်မဆက်၍ရေးဖြစ်ခဲ့သော ဖေဖေအကြောင်းများ''

'' ကျွန်မဆက်၍ရေးဖြစ်ခဲ့သော ဖေဖေအကြောင်းများ''
လှကျော်ဇော
(မိုးမခ) ဒီဇင်ဘာ ၇၊ ၂၀၂၂

( အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ်(၆) မှာ ဖော်ပြမယ့်ဆောင်းပါး )
-
၂၀၂၂- အောက်တိုဘာ (၁၀) ရက်နေ့ဖေဖေကွယ်လွန်တာ (၁၀) နှစ်ရှိသွားပါပြီ။
ဖေဖေရဲ့ကိုယ်တိုင်ရေးအတ္ထုပွတ္တိ ....  ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့ ....  ဆိုတဲ့စာအုပ်ကိုလည်း ပြည်ပမှာ (၂၀၀၇)ကတကြိမ်၊ ပြည်တွင်းမှာ (၂၀၁၂-၂၀၁၆) နှစ်ကြိမ် ထုတ်ဝေပြီးပါပြီ။
အဲဒီစာအုပ်အကြောင်းအရာတွေထဲမှာ မပါဖြစ်ခဲ့တဲ့အကြောင်းတွေကို ကျွန်မက .... 
" ကျွန်မဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ" .... ဆိုတဲ့ခေါင်းစဉ်နဲ့ဆောင်းပါးဆက်များကို ဖေဖေရှိစဉ်ကတည်းကရော၊ ကွယ်လွန်ပြီးမှရော၊ ရေးလာတာ ဆောင်းပါးအမှတ်(၅၅)ထိ ရောက်နေပါပြီ။အရေးတော်ပုံဂျာနယ်မှာတောက်လျှောက်ထည့်ခဲ့ပြီး၊ ပြည်တွင်းမှာလည်းထုတ်ဝေပေးသူများရှိတဲ့အတွက် စာအုပ်အတွဲတွေလည်း ထုတ်ပြီးပါပြီ။
ပြည်တွင်းနိုင်ငံရေးအခြေအနေအတက်အကျအလိုက် အခွင့်အရေးရရင်ရသလို ဖေဖေအရင်ကရေးသားထုတ်ဝေဖူးတဲ့ စာအုပ်စာတမ်းများ၊ ခေတ်အဆက်ဆက် အခမ်းအနားများမှာပြောခဲ့တဲ့ မိန့်ခွန်းပေါင်းချုပ်များ၊သတင်းမီဒီယာအမျိုးမျိုးနဲ့ပြုလုပ်ခဲ့တဲ့ တွေ့ဆုံမေးမြန်းခန်းများ၊ စတာတွေလည်း ပြည်တွင်းမှာ ထုတ်ဝေပြီးပါပြီ။
ဖေဖေကွယ်လွန်ပြီးမှ ဖေဖေအတွက် ရည်စူးတဲ့ ဆောင်းပါးများကဗျာများ စုစည်းပြီး၊ စာအုပ်တွေလည်းအတော်များများ ထုတ်ပြီးပါပြီ။
အခုနောက်ဆုံး၊ ၂၀၁၉- ဒီဇင်ဘာမှာ ဖေဖေရာပြည့်အတွက် အမှတ်တရ စာအုပ်များ
၁။ '' ဗိုလ်ကျော်ဇော၏စစ်ရေးအမြင်များ'' အတွဲ(၁)။
၂။ '' ဗိုလ်ကျော်ဇောရာပြည့် မောင်စွမ်းရည်နှင့် '' (၂)  အုပ် ထုတ်ခဲ့ပါတယ်။

အဲဒီကာလက ဗမာပြည်တွင်းနိုင်ငံရေးအခြေအနေအရ တစုံတရာ အခွင့် သာနေလို့ ရာပြည့်အထိမ်းအမှတ်ပွဲလေးလည်း ရန်ကုန်မှာ ကျင်းပနိုင်ခဲ့ပါတယ်။
ကျွန်မဒါတွေရေးပြနေတာ အကြောင်းရှိပါတယ်။
၁၉၈၉ ခုနှစ် ကျွန်မတို့ပါတီ အကွဲကွဲအပြဲပြဲဖြစ်သွားပြီးနောက် ပါတီရဲ့ အသက်အရွယ်ကြီးတဲ့ ဗဟိုခေါင်းဆောင်များအနားယူဖို့ ပါတီ ဗဟိုက ဆုံးဖြတ်လိုက်ပါတယ်။ ဒီလိုနဲ့ ကျွန်မက တဖက်နိုင်ငံသွားအနားယူရမယ့် (အသက်(၇၀)ရွယ်) မိဖနှစ်ပါးကိုလိုက်စောင့်ရှောက်ရဖို့ ဖြစ်လာပါတယ်။    ၁၉၉၀ ခုနှစ်မေလ(၁၆) ရက်နေ့ခရီးစထွက်ရတော့မယ့် ကျွန်မတို့သား အမိသားအဖ (၃) ယောက်ကိုလာနှုတ်ဆက်တဲ့ (ပါတီကိုဆက်ခေါင်း ဆောင်ဖို့ကျန်ခဲ့တဲ့) ရဲဘော်ထွန်းက ကျွန်မကို ဒီလိုမှာလွှတ်ပါတယ်။
....  ရဲဘော်ဦးတင်(ဖေဖေပါတီတွင်းအမည်)ရဲ့နိုင်ငံရေးသေ မသွားအောင် ခင်ဗျားကြိုး စားပါ။ ....  တဲ့။
ဒီတော့ ကျွန်မအနေနဲ့ ကျွန်မတာဝန်ကိုသင့်တော်စွာဆောင်ရွက်ပြီးပါပြီ။-လို့ ပြောပြချင်တဲ့အတွက် ဒါတွေရေးပြနေတာပါ။

တကယ်တော့ဖေဖေဟာရဲဘော်သုံးကျိပ်ဝင်များထဲမှာရော၊ ဗမာပြည်ကွန် မြူနစ်ပါတီရဲ့အဆက်ဆက်သောခေါင်းဆောင်များအပါ၊ အမျိုးသားလွတ် မြောက်ရေးလှုပ်ရှားမှုကြီး မျိုးစုံအတွင်းပါဝင်ခဲ့တဲ့ ဗမာ့သူရဲကောင်းအပေါင်းအကြားမှာရော၊ (ရှားရှားပါးပါး) အလွန်ကုသိုလ်ကောင်းသူ တဦးလို့ ဆိုနိုင်ပါတယ်။
ဖေဖေဟာ (၁၉)နှစ်သားကျောင်းသားဘဝ (၁၃၀၀)ပြည့်အရေးတော်ပုံကစလို့ ဗမာပြည်ကြီးရဲ့လွတ်လပ်ရေးတိုက်ပွဲနဲ့ ဗမာပြည်သူတရပ်လုံးရဲ့လွတ်မြောက်ရေးတိုက်ပွဲများဖြစ်တဲ့ ဒီမိုကရေစီရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး၊ တပ်မတော်ပြုပြင်ပြောင်းလဲရေး ....  စတဲ့ တိုက်ပွဲအဆက်ဆက်တွေမှာ လုပ်စွမ်းနိုင်သမျှ၊ တသက်တာလုံး၊ပြည်သူလူထုအကျိုးစီးပွားပေါ်ကရပ်တည်ပြီး ရာသက်ပန်ပြည်သူ့ဘက် တော်သားကြီးအဖြစ် အသက် (၉၃)နှစ် ကွယ်လွန်ချိန်အထိ မရပ်မနားလုပ်ဆောင်သွားခဲ့တာပါ။ ဖေဖေဟာ လူသားတယောက်အနေနဲ့ရော ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ပါတီဝင်တဦးအဖြစ်နဲ့ပါ တာဝန်ကျေအောင် သူစွမ်းသမျှ ကြိုးပမ်းထမ်းရွက်သွားနိုင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ ဖေဖေရဲ့ စ-လယ်-ဆုံး ဘဝတသက်တာဟာ အစွန်းအထင်းမရှိ ပြည်သူလူထုအကျိုးဆောင်သွားတဲ့ အလွန်လှပတဲ့ သမိုင်းကြောင်းကြီးတရပ်ဖြစ်နေပြီး ဒီအဖြစ် အပျက်အားလုံးနီးပါးကိုလည်း မှတ်တမ်းမှတ်ရာ တင်ထားပြီးဖြစ်ပါတယ်။ ဒါ့ကြောင့် ကုသိုလ်ကောင်းတယ် လို့ပြောတာပါ။ 
ဖေဖေကိုယ်တိုင်ကလည် း(အသက်(၉၀) ပြည့် ၂၀၀၉- ဒီဇင်ဘာ-၃ ရက်နေ့က)
ဖေဖေတော့ ဖေဖေ့ဘဝကိုကျေနပ်ပြီ.... လို့ပြောဖူးပါတယ်။
တဖက်နိုင်ငံမှာနေထိုင်ရင်း တခါတရံ အကြောင်းတိုက်ဆိုင်လာရင် .... ဗမာပြည်သူတွေ အခုထိဆင်းရဲတွင်းနက်နေရတဲ့အပေါ် နည်းနည်းမှစိတ်မကောင်းဘူး။ ဖေဖေတို့တာဝန်မကျေဘူး ....လို့လည်း ဆိုတတ်ပါသေးတယ်။ တခါတော့ ဒီလိုပြောလာပါတယ်။
.... ဖေဖေလေ အခုမှ ဆရာစံကို နားလည်လာတယ်။ ... တဲ့။
-   ဆရာစံကိုသေဒဏ်ချလိုက်တော့ သူ့ရှေ့နေကအယူခံတင်ဖို့ စီစဉ်တယ်။ ဒီတော့ .... 
-  ဆရာစံက.... ကျွန်တော်မတင်ချင်တော့ဘူး။ ကျွန်တော်ရဲဘော်တွေအတော်များများ သေကုန်ပြီပဲ။ ကျွန်တော်အခုလောက်အသက်ရှင်နေရတာကိုပဲရှက်လှပါပြီ။ .... လို့ဆိုတယ်တဲ့။
-  ဒါ့အပြင်  ဖေဖေဟာ တွေ့ဆုံမေးမြန်းခန်းတခုမှာလည်း သူရဲ့နိဂုံးချုပ်ချက်တခုကို အခုလိုပြောသွားခဲ့ဖူးပါတယ်။ 
- .... ဒီမိုကရေစီအလင်းရောင်အောက်မှာ မနေနိုင်သူများဟာ ဘယ်တော့ မှ ပြည်သူတွေကို ဒီမိုကရေစီပေးမှာ မဟုတ်ပါဘူး။ .... တဲ့။
- တကယ်လို့ ဒီနွေဦးတော်လှန်ရေးကြီးအတွင်း စစ်တပ်ရဲ့ ပြည်သူတွေအပေါ်ရက်စက်မှုတွေကို ဖေဖေ တွေ့ရ၊ ကြားရရင်လည်း ... ဒီလိုပဲပြောဦးမှာပါ။
- ဟုတ်လည်း ဟုတ်ပါတယ်။ အခု ဘာမဆိုလုပ်ရဲတယ်လို့ လူမိုက်စကား ပြောတက်လာတဲ့ စကစဗိုလ်ချုပ်များ ပြည်သူတွေကို သတ်ရဲ၊ ဖြတ်ရဲ၊မုဒိမ်းကျင့်ရဲ၊ ရွာစဉ်လိုက်မီးရှို့ရဲပေမယ့် သူတို့ကိုယ်ပိုင်ပစ္စည်းတွေတော့ မကြေညာရဲဘူး၊ သူတို့အာဏာကိုတော့ အထိပါးမခံရဲဘူးမဟုတ်လား။ ဒီလိုလူမျိုးတွေက ဘယ်ဒီမိုကရေစီပေးရဲမှာလဲ။
-.... ကျွန်တော်တို့ပြည်သူတွေ မတရားမှု၊ ဖိနှိပ်မှုမျိုးစုံကို အလျှော့မပေးဘဲ ၊ တဗိုလ်ကျတဗိုလ်တက်၊ တမျိုးဆက်ပြီး တမျိုးဆက်၊ ဆက်လက်တိုက်ပွဲဝင်နေကြတာကို မပြတ်ကြားသိနေရတဲ့အတွက် အဲသလိုပြည်သူမျိုးအတွက်တော့ ကျွန်တော်အလွန်ဂုဏ်ယူပြီး အားရကျေနပ်မှုလည်းရှိပါတယ်။ ဆက်လက်ပြီးတော့လည်း မလျှော့တမ်းဇွဲနဲ့ ကြိုးစားအားထုတ်ကြပါလို့အားပေးမှာကြားချင်ပါတယ်။ မိမိတို့အချင်းချင်းကြားလည်း စည်းလုံးညီညွတ်ကြပါ။ သဘောထားကြီးကြပါ လို့ပြောပါရစေ။ ....
- .....တပ်မတော်သားများကိုလည်း ပြည်သူသာအမိ၊ ပြည်သူသာ အဖပါ။ပြည်သူ့မျက်နှာပဲကြည့်ပါ။ ပြည်သူကိုရန်သူလိုသဘောမထားပါနဲ့လို့မှာ ကြားလိုပါတယ်။ ....
-  ဒါကတော့ ဖေဖေရဲ့ နောက်ဆုံးသူ့(၉၀) ပြည့်မွေးနေ့မှာ တိုင်းပြည်သို့အမှာစကားထဲက ကောင်နုတ်ချက်ကလေးပါ။
သမိုင်းအကြောင်းအရာနဲ့ပတ်သက်ရင် စာရင်းပိတ်လို့မရနိုင်ပါဘူး၊ ဗမာပြည်သမိုင်းထဲက ဖေဖေ့အကြောင်းတွေဆိုရင်လည်း အစိုးရရဲ့လျှို့ဝှက် မော်ကွန်းတွေမှာရှိတဲ့ မဖော်ထုတ်ရသေးတဲ့အကြောင်းတွေ၊ တခြားသူ တခြားပုဂ္ဂိုလ်တွေရဲ့လက်လှမ်းမီချက်တွေ စသဖြင့် ရှိနေဦးမှာပါ။
- ကျွန်မလက်လှမ်းမီသမျှကတော့ နောက်ထပ်ရေးစရာမှတ်တမ်းတင်စရာတောင်သိပ်မရှိတော့ပါဘူး။
ကျမ ဆက်၍ ရေးချင်တဲ့ ဖေဖေ့ဘဝဇာတ်ကြောင်းတွေကတော့ ပြည့်စုံသလောက် ဖြစ်သွားပါပြီ။
- ဒီလောက်နဲ့ပဲ ကျေနပ်ကြပါတော့။
လှကျော်ဇော
၃-၁၂-၂၀၂၂
- ( ဖေဖေရဲ့ (၁၀၃) နှစ်ပြည့်မွေးနေ့ )
-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar