Breaking News

အပူချိန်များ၊ ရေရှား မြို့နယ်များတွင် ကျိုက်ထိုလည်း ပါဝင်




အပူချိန်များ၊ ရေရှား မြို့နယ်များတွင် ကျိုက်ထိုလည်း ပါဝင်

ထိုက်ထိုက်၊ (မိုးမခ) မေ၂၃၊ ၂၀၁၉

ပူပြင်းသည့်ကာလ သောက်သုံးရေ ခက်ခဲလာနေသည့် ဒေသအများအပြားတွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ရပ်ကွက်တချို့လည်း ပါဝင်နေသည်။

ရေတွင်းရေကန်များ ခမ်းခြောက်လာနေသည်ဟု နာမည်ကျော် ကျိုက်ထီးရိုးစေတီ တည်ရှိရာ ကျိုက်ထိုမြို့နယ်မှ ဒေသခံတို့ထံမှ သိရသည်။

ရေအခက်အခဲသည် သင်္ကြန် အပြီး နှစ်ဆန်း ၁ ရက်နေ့မှ အစပြုသည်ဟု ဒေသခံ တစ်ဦးဖြစ်သူ ဒေါ်အေးမိစံက ပြောကြားသည်။

"အရင်နှစ်တွေတုန်းကဆို ဒီအချိန် ရေမပျက်သေးဘူး၊ မရှားသေးဘူး။ ဒီနှစ်က သင်္ကြန် ပြီးတာနဲ့ တိခနဲ အားလုံး ပျက်ကုန်ကြတယ်။ အခုတော့ လှူတာရှိသလို ဝယ်လည်း သုံးရတာပေါ့။ ရေမလောက်ဘူးလေ" ဟု ၎င်းက ပြောသည်။

စည်ပင်သာယာရေးဌာန၏ ဖြန့်ဝေသည့်ရေ မရသဖြင့် လိုအပ်သည့် သောက်သုံးရေအတွက် ရေကား ၁ စီးစာလျှင် ၈,၀၀၀ မှ ၁၂,၀၀၀ အထိ ပေးကာ ဝယ်သုံးနေရကြောင်း သူက ဆက်ပြောသည်။

ရေလှူဒါန်းသော အဖွဲ့အစည်းတချို့ ရှိသော်လည်း လိုအပ်နေသည့် မြို့လူထု အရေအတွက်မှာ များပြားလှသည်ဟု ဒေသခံ ဒေါ်မာမာအေးက ပြောသည်။

"ရေလာလှူတဲ့အဖွဲ့တွေရှိတယ်။ ဒါပေမယ့် လုံလုံလောက်လောက်တော့ မဖြစ်ဘူးပေါ့။ အခုဆို ရေကို ချွေတာနေရတယ်။ ရေချိုးတာတောင် ခွက်အရေအတွက်နဲ့ ရေပြီး ချိုးနေရတယ်။ ဒီနှစ် ရေရှားနည်းမျိုးက အရင်နှစ်တွေနဲ့ကို မတူတာ" ဟု ၎င်းက ပြောသည်။

မွန်ပြည်နယ် စည်ပင်သာယာရေးဦးစီးဌာနမှ ပြည်နယ်ဒုတိယ အင်ဂျင်နီယာမှူးကြီး ဦးတင်ကိုကိုက ဒေသတွင်း ရေရှားပါးမှုနှင့် နှစ်စဉ် ကြုံတွေ့နေရသော်လည်း ယခုနှစ် ရာသီဥတု အပူချိန် မြင့်တက်လာသည်နှင့်အမျှ ရေဖြန့်ဝေ ပေးနေသည့် ပင်မရေ အရင်းအမြစ်များဖြစ်သော ဆည်နှင့် ကန်များတွင် ရေခမ်းခြောက်မှု ပိုမိုမြန်ဆန်လာသည်ဟု ပြောသည်။


"အပူချိန်တွေက အရမ်းတတ်လာတော့ ရေငွေ့ပြန်နှုန်းကလည်း များလာတာပေါ့။ အဲဒီတော့ တစ်ရက် တစ်ရက် ရေကျနှုန်း အရမ်းမြန်လာတယ်။ ပင်မရေအရင်းအမြစ်တွေမှာ ဖြစ်နေတော့ ရေပေးတဲ့နေရာမှာ အခက်အခဲ ရှိလာတာပေါ့" ဟု ၎င်းက ပြောသည်။

ရေပြတ်လပ်နေသော မြို့နယ် ရပ်ကွက်များ အတွင်းသို့ စည်ပင်ရေကားများဖြင့် လိုက်လံဖြန့်ဝေပေးနေသည်ဟု ဆိုသည်။

မွန်ပြည်နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး (နည်းပညာ) ဦးဝင်းနိုင်က ကျိုက်ထိုမြို့နယ် တောင်သူစု၊ ကံ့ကော်၊ တောင်ပိုင်း၊ ဇေယျာမွန်ရပ်ကွက်များသို့ လိုက်လံဖြန့်ဝေ ပေးထားပြီး ဖြစ်ကြောင်း ပြောကြားသည်။

"ရေဖြန့်ဖြူးပေးနေတာတော့ ဖြေရှင်းနည်းတစ်ခုတော့ မဟုတ်ဘူးပေါ့။ ရေရှည်အတွက် ဆိုရင်တော့ မြေသားရေလှောင်ကန်တွေကို တူးဖော်ပေးမှ အဆင်ပြေမှာပါ" ဟု ဦးဝင်းနိုင်က ပြောသည်။

သောက်သုံးရေ ရှားပါးနေသော ကျေးရွာ ၂၀ ကျော်ကို ရေဖြန့်ဖြူးပေးနိုင်ရန် စီစဉ်ထားသော်လည်း ယခုတွင် ၁၀ ရွာ ခန့်သာ ဆောင်ရွက်ထားရှိနိုင်သေးကြောင်း ဆက်ပြောသည်။

မွန်ပြည်နယ်တွင် ယခုလအတွင်း အမြင့်ဆုံးအပူချိန် ၃၉ ဒီဂရီ စင်တီဂရိတ်ထိ မြင့်တက်ခဲ့ပြီး အနိမ့်ဆုံးအပူချိန် ၃၅ ဒီဂရီ စင်တီဂရိတ်ထိ ရှိခဲ့ကြောင်း ပြည်နယ်မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန မှတ်တမ်းအရ သိရသည်။


ရာသီဥတုပြောင်းလဲမှု အကျိုးဆက်ကြောင့် မြန်မာနိုင်ငံ၏ အပူချိန် တဖြည်းဖြည်းတိုးလာနေပြီး ၂၀၄၀ မတိုင်မီ အပူချိန် ဝ.၇ ဒီဂရိစင်တီဂရိတ်မှ အများဆုံး ၁.၁ ဒီဂရီ စင်တီဂရိတ်အထိ တိုးလာနိုင်ကြောင်း မြန်မာနိုင်ငံရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ် (MCCA) က ထုတ်ပြန်ထားသည်။ ထိုအစီအစဉ်ကို ဥရောပသမဂ္ဂ၊ ကုလသမဂ္ဂ တို့နှင့် အတူ မြန်မာအစိုးရက ပူးပေါင်း လုပ်ဆောင်နေခြင်း ဖြစ်သည်။