Breaking News

ဦးသန့် ရေး ထူးဆန်းသော ကိုရွှေအုပ်၏ အတ္ထုပ္ပတ္တိ

Thant with U Nu in 1955 on an early morning walk (WIKI)

ဦးသန့် ရေး ထူးဆန်းသော ကိုရွှေအုပ်၏ အတ္ထုပ္ပတ္တိ

(မိုးမခပြန်လည်ဆန်းသစ်ခြင်း) မေ ၉၊ ၂၀၁၉


ဤအတ္ထုပ္ပတ္တိကလေးကို ကျွန်တော့်အား မိတ်ဆွေ အငြိမ်းစား မြို့အုပ်တဦးက ပြောပြခဲ့လေသည်။ ကျွန်တော့် မိတ်ဆွေ ရုံးစိုက်သော နေရာမှာ မြန်မာပြည် ဆန်စပါး စိုက်ပျိုးရာ ခရိုင်တခုအတွင်း မြစ်၏ ကမ်းနဖူး ဖုန်ထူသော မြို့ကလေးတမြို့ ဖြစ်၏။

ကျွန်တော့်မိတ်ဆွေသည် သူ့ရုံးစိုက်ရာ မြို့နယ်အတွင်း လှည့်လည်သွားရောက်စဉ် ကိုရွှေအုပ်၏ အဖြစ်အပျက် ကလေးကို ကြားတွေ့ ကြုံခဲ့ရခြင်း ဖြစ်၏။

ကိုရွှေအုပ်သည် စပါးပွဲစားတယောက် ဖြစ်၏။ ငွေကြေးပြည့်စုံ၏။ လူချစ်လူခင် ပေါ၏။ တောရော မြို့ပါ သူ့ကို လေးစားကြ၏။ လူပုံမှာ သေးသေးသွယ်သွယ်၊ အသားညိုညို၊ နှာတံပြားပြား ဖြစ်၏။ နှစ်စဉ် သူသည် ရန်ကုန်မှ ဆန်လုပ်ငန်းရှင်ကြီးများ ပိုင်သော တုံကင်း သုံးစင်းနှင့်အတူ ဤမြို့ကလေးသို့ စပါးဝယ်ရန် ရောက်လာတတ်၏။ ဆန်လုပ်ငန်းရှင်ကြီးများကလည်း သူ့ကို ကောင်းစွာ သိကျွမ်းခင်မင်၍ ယုံကြည် စိတ်ချသည့်အလျောက် ဤသို့ စပါးများ လှည့်လည်ဝယ်ယူရန်အတွက် ငွေကြေးအမြောက်အမြား ထုတ်ပေးထား၏။

ဤမြို့နယ်သို့ ကိုရွှေအုပ် ရောက်လာလျှင် ပထမဆုံး စခန်းချလေ့ရှိသည့်နေရာမှာ မြစ်ကမ်းပါး တောရှင်းထားသော ကိုင်းမြေကွက်လပ်ကလေး တခု ဖြစ်၏။ ဤနေရာတွင် မြစ်ကမ်းသည် ရေထဲသို့ မြေငူစွန်းသဖွယ် စွယ်ထိုး ထွက်ပေါ်နေလေရာ အောက်ဘက်ကွေ့ထဲတွင် သဘာဝအားဖြင့် ကောင်းမွန်လုံခြုံသော လှေဆိပ်ကလေးတခု ဖြစ်နေသည်။ အုန်းပင်၊ ဓနိပင်များမှာ ရေစပ်အထိ ပေါက်ရောက်နေသည်။ မြစ်သို့ ရေသောက်လာသော ကျွဲ၊ နွားတို့၏ အတက် အဆင်း ခြေနင်းကွက်များကြောင့် ကမ်းပါးသည် နိမ့်ကျပြီး ခပ်ပြေပြေ ဆင်ခြေလျှော ဖြစ်နေသည်။

ဤနေရာမှ အတွင်းဘက် နှစ်မိုင်ခန့်တွင် ကိုရွှေအုပ် စပါးဝယ်နေကျ အဝယ်ဒိုင်စခန်းကလေးတခု ရှိလေသည်။ သို့သော် ဤတခေါက်တွင်တော့ ကိုရွှေအုပ်သည် အဝယ်ဒိုင်သို့ လုံးဝ ရောက်မလာခဲ့ချေ။

ဤကိစ္စသည် မြန်မာ့တောပိုင်းဒေသမှ ဖြေရှင်း၍မရသော လျှို့ဝှက်ဆန်းကြယ်သည့် အမှုအခင်းပေါင်းများစွာ အနက် တခုသော အရေးအခင်းကလေးတခု ဖြစ်၏။

နံနက်မိုးလင်းချိန် ရောက်သောအခါ မြစ်ကမ်းစပ်တွင် လူတယောက်မျှ မရှိသော တုံကင်းများကိုသာ တွေ့ရသည်။ ကိုရွှေအုပ်နှင့် သူ၏ အဖော်တယောက်၊ ထို့နောက် စပါးထမ်း အလုပ်သမားများအားလုံး ပျောက်ကွယ်နေသည်။

ကိုရွှေအုပ်၏ တုံကင်းပေါ်တွင် ရေနံဆီမီးအိမ်တလုံးမှာ ကွဲ၍ကျနေပြီး ကြမ်းပြင်တွင် ရေနံဆီများ ယိုစီးနေသည်။ ရှေးဦးစွာ ကြည့်ရှုရှာဖွေသောအခါ လူများနှင့်အတူ ငွေများပါ ပျောက်ဆုံးနေဟန်တူသည်။ သို့သော် ပုလိပ်များက စေ့စေ့စပ်စပ် ရှာဖွေသောအခါ ကြမ်းပြင်တွင် အနည်းငယ် ကွာနေသော ပျဉ်တချပ်ကို တွေ့ရပြီး ၎င်းကို ခွာလိုက်သောအခါ အောက်တွင် အိတ်တခုထဲ၌ ငွေသား အတော်များများ ထောင်နှင့်ချီ၍ တွေ့ရလေသည်။

ဤငွေများနှင့် ရေနံဆီမီးအိမ်ကွဲလေးတခုသာလျှင် ပုလိပ်များအတွက် သဲလွန်စ ကျန်ရစ်ခဲ့သည်။ ဤသဲလွန်စမျှဖြင့် အခြေခံ၍ အမှုကို စုံစမ်းရန် မလွယ်ကူချေ။

ကိုရွှေအုပ်၏ အကြောင်းကိုလည်း ဘာမျှ နောက်ထပ်၍ မကြားရတော့ချေ။ လူအများက ယူဆကြသည်မှာ ကိုရွှေအုပ်သည် ငွေများကို ယူ၍ ထွက်ပြေးတိမ်းရှောင်သွားသည်။ ထို့နောက် မြန်မာပြည် တနေရာတွင် နာမည်မျိုးဖြင့် ဇာတ်မြှုပ်ပြီး ချမ်းချမ်းသာသာ နေထိုင်လျက်ရှိသည်ဟူ၍ ဖြစ်၏။ ဤအယူအဆကို အစိုးရ အရာပိုင်းကပါ လက်ခံရတော့မလို ဖြစ်လာသည်။ မြန်မာပြည်တွင် ဤသို့သော အလားတူကိစ္စများလည်း အတော်ကလေး များများ ရှိနေခဲ့လေသည်။

သို့သော် ကိုရွှေအုပ်၏ ကိစ္စကို ထိုကဲ့သို့ ထင်မြင်ယူဆ ကောက်ချက်ချမည် ကြံတိုင်း အစိုးရပိုင်းဆိုင်ရာများသည် တုံကင်း ကြမ်းပြင်အောက်မှ တွေ့ထားသည့် ငွေအိတ်ကို ပြေး၍ သတိရကာ မဝေခွဲနိုင် ဖြစ်ကြလေသည်။ ထောင်နှင့်ချီသော ထိုငွေများမှာ နည်းလှသည် မဟုတ်။ အဘယ်ကြောင့် ကိုရွှေအုပ်သည် ထိုငွေများကို ယူမသွားခဲ့လေသနည်း။

သက်ဆိုင်ရာ မှုထမ်းရာထမ်းများသည် လူသတ်မှု အရိပ်အယောင် သဲလွန်စ တခုခု တွေ့လိုတွေ့ငြား လပေါင်း အတန်ကြာ စုံစမ်းထောက်လှမ်းကြသေး၏။

ကိုရွှေအုပ်၏ရွာမှ သူကြီးဦးစံချိန်တယောက် ဆိုလျှင် ပုလိပ်ဘက်ဆိုင်ရာများနှင့်အတူ မမောနိုင် မပန်းနိုင် လိုက်ကာ အစွမ်းကုန် အကူအညီပေး မေးမြန်းစုံစမ်းသည်။ သို့သော် နောက်ဆုံးတွင် သူကိုယ်တိုင် လက်လျှော့ပြီး ခေါင်းကို စိတ်မချမ်းမသာ ခါယမ်းရင်း ကိုရွှေအုပ်သည် ပစ္စည်းဥစ္စာကို မက်မောသော လောဘတဏှာ၏ ဆွဲဆောင်ရာသို့ မခံနိုင်ဘဲ ဤသို့ မှားယွင်း လိုက်ပါသွားဟန်တူကြောင်း ပြောပြလေသည်။

“တကယ်လို့ သူ အသတ်ခံရတယ် ဆိုရင်လည်း သူ့အလောင်းကို သဲလွန်စကလေးပဲ ဖြစ်ဖြစ်၊ ကျွန်တော်တို့ တွေ့ရမှာပေါ့ ဆရာတို့ရယ်” ဟု သူက ဆို၏။

ထို့နောက် ရှစ်နှစ်ခန့် ကြာသွား၏။ အချိန်မှာ ဆောင်းဦး ဖြစ်၏။ လှေတစင်းသည် မြစ်ကို ဖြည်းညင်းစွာ စုန်ဆင်းရင်း မြို့ကလေးဆီသို့ ဦးတည် ချဉ်းကပ်လျက်ရှိသည်။

လှေပေါ်တွင် ဖျာရောင်းသော ဆင်းဆင်းရဲရဲ ရွာသားတယောက်၊ သူ၏ဇနီးနှင့် သားငယ်ကလေး တယောက် လိုက်ပါလာ၏။ သူတို့သည် မြို့ကလေးတွင် ဖျာများ ရောင်းပြီး စားစရာ ဟင်းလျာသီးနှံ စသည်များ ဝယ်ယူကြမည် ဖြစ်၏။ ယောက်ျားလုပ်သူက လှေပဲ့မှာ ထိုင်သည်။ ဇနီးက လှေဦးမှာ ထိုင်သည်။ လှေဝမ်းထဲတွင် အင်္ကျီမပါ၊ ဗလာကိုယ်ထီးနှင့် သားငယ်ကလေး ထိုင်သည်။ သားငယ်မှာ သူတကာကလေးတွေနှင့် မတူချေ။ အရွယ်မရောက်သေးဘဲနှင့် လူကြီးဆန်ဆန် ဟန်ပန်အမူအရာမျိုး ရှိသည်။ ထိုအတွက် မိဘများက သားကလေးအပေါ် အားကိုးတကြီး မျှော်လင့်ချက် ထားကြသည်။

ဖခင်ဖြစ်သူ၏ ထင်မြင်ချက်မှာ သူ့သားသည် ယခင်ဘဝမှ အထက်တန်းစားပုဂ္ဂိုလ် တဦးဦး၏ လူဝင်စားဖြစ်ပြီး ယခုဘဝတွင် သားငယ်သည် အရွယ်ရောက်လျှင် ဘုန်းကြီးဝတ်၍ စာတတ် ပေတတ်၊ ကျမ်းဂန်တတ် ပုဂ္ဂိုလ်အကျော်အမော် တယောက် ဖြစ်လာလိမ့်မည်ဟု မျှော်မှန်းလျက်ရှိ၏.

သူတို့သည် နေရောင်ဝင်းပသော မြစ်ပြင်အတိုင်း လှေကို လှော်ခတ် စုန်ဆင်းလာကြရာ ဖခင်က တခါတရံ တေးသီချင်းကလေး တပိုင်းတစ ညည်း၏။ ဇနီးကလည်း စိတ်လက်ကြည်ရွှင်ဟန်ဖြင့် အသံကလေး တစာစာ သံပြိုင် ဝင်၍သီဆိုရှာ၏။ မကြာမီပင် သူတို့လှေသည် တောရှင်းထားသော မြစ်ကမ်းပါး ကိုင်းမြေကွက်လွတ် နေရာကလေးသို့ ရောက်လာ၏။

ဤနေရာတွင် မြစ်ကမ်းပါးသည် မြစ်ပြင်ထဲသို့ စွယ်ထိုးပြီး အငူထွက်လျက်ရှိရာ သဘာဝလှေဆိပ်ကလေး တခုလို ဖြစ်နေသည်။ အုန်းပင်၊ ဓနိပင်များကလည်း ရေစပ်အထိ ပေါက်နေ၏။ ကမ်းပါးစောင်း ဆင်ခြေလျှောမှာလည်း ရေသောက်ဆင်းသော ကျွဲ၊ နွားတို့၏ ခြေရာကွက်များဖြင့် ရှုပ်ထွေးလျက်ရှိ၏။ ဤတွင် လှေဝမ်းထဲမှ သားငယ်က ရုတ်တရက် ကောက်ကာငင်ကာ စကားပြောလေသည်။

“အဲဒီညက ကျုပ်တို့ တုံကင်းတွေ ဆိုက်ထားတာ ဒီနေရာပေါ့”

ဟု သူက ဆို၏။

သားငယ်သည် မွေးကတည်းက တကြိမ်မျှ ရွာနှင့်ဝေးဝေး ရောက်ဖူးသူ မဟုတ်သည့်အတွက် မိဘများမှာ သား၏ စကားကြောင့် ထူးဆန်းအံ့ဩသလို ဖြစ်သွား၏။ ထို့ကြောင့် မိခင်ဖြစ်သူက မေး၏။

“ရောက်တတ်ရာရာ ဘာတွေ လျှောက်ပြောနေတာလဲ လူကလေးရယ်”

“ကျုပ်တို့ အဲဒီနေ့က နေဝင်ချိန်လောက်မှာ ရောက်ပြီး ဒီနေရာမှာ တုံကင်းတွေကို ကပ်ထားတယ်။ ဟောဟို ရွှံ့ထဲက နွားခြေရာကွက်တွေကို ကျုပ် ကောင်းကောင်းမှတ်မိတာပေါ့။ အဲဒီညမှာ အေးလည်း သိပ်အေးတာပဲ” ဟု သားငယ်က ဆက်ပြောပြန်၏။

ထိုအခါ မိခင်က သား စိတ်ကျေနပ်အောင် လိုက်လိုက်လျောလျော ပြောပြန်သဖြင့်-

“ကဲ... ဆိုစမ်းပါဦး၊ အမေတို့အိမ်က အဝေးကြီး လာပြီး ဒီနေရာမှာ လူကလေးတယောက်တည်း ချမ်းချမ်းစီးစီး ဘာလုပ်နေသလဲ”

မိခင်က သားပြောပုံကို သဘောကျပြီး ရယ်လိုက်တော့မည့်ဟန် ဖြစ်နေရာတွင် ဖခင်က ဝင်၍ ဇနီးအား ဟန့်လိုက်၏။ ထို့နောက် ဖခင်ဖြစ်သူက သားအား တွေးတိုးစမ်းသလို ညင်ညင်သာသာ မေးခွန်းများ ဆက်ကာ မေးလေတော့၏။ သားငယ်က ဖြေ၏။

“ညကလည်း သိပ်ချမ်း သိပ်အေးတာပဲ၊ ညဉ့်လည်း နက်လာရော ကျုပ်တို့ ကင်းသမားက တခေါခေါ အိပ်မောကျပေါလေရော၊ အဲဒီအချိန် လူသုံးယောက် တုံကင်းပေါ် တက်လာတယ်။ ကုန်းပေါ် ပျဉ်ပြားပေါ်မှာ ဝပ်ပြီး တက်လာကြတယ်။ ပြီးတော့ သူတို့က ကင်းသမားရဲ့ ဝါးရင်းတုတ်ကို ယူတယ်။ ပြီးတော့ ရေနံဆီ မီးအိမ်ကို ခြေထောက်နဲ့ ကန်ပစ်လိုက်တယ်။ နောက် ကျုပ် အိပ်နေတဲ့ နေရာကို သူတို့ ရောက်လာကြတယ်။ သူတို့က ကျုပ်တို့ငွေကို ယူတယ်။ ကျုပ်က ငွေတချို့ကို ကျုပ် ခေါင်းအုံးအောက်မှာ ထားတယ်။ တချို့ကို ကျုပ်ခါးထဲမှာ ထားတယ်”

ဤတွင် သားငယ်က ရပ်ပြီး ရုတ်တရက် အသံထွက်အောင် ရယ်မောလိုက်သေး၏။ ထို့နောက် ဆက်၍- “တချို့ငွေတွေကိုတော့ ကျုပ်က ဂုန်နီအိတ်နဲ့ထည့်ပြီး ကြမ်းခင်း ပျဉ်ချပ်အောက်မှာ ဝှက်ထားတာ၊ အဲဒါကို သူတို့ လုံးလုံးတွေ့မသွားကြဘူးဗျ။ ကျုပ်ကလည်း ဘယ်နေရာမှာ ထားတယ်ဆိုတာ ဖွင့်မပြောဘူး။ ကျုပ်က အော်တယ်၊ အော်တော့ ကင်းသမား နိုးပြီး ပြေးလာတယ်။ ကင်းသမားကို သူတို့ သတ်ပစ်လိုက်တယ်။ သူ့ကို ခုတ်ထစ်ပြီး မြစ်ထဲ ပစ်ချလိုက်တာပဲ”

“ဒီတော့ လူကလေးကကော ဘာလုပ်သေးသလဲ” ဟု ဖခင်က ဝင်၍ မေး၏။

သားငယ်က တကြိမ် ထပ်ရယ်ပြီး ပြော၏။

“ကျုပ်က ဘာလုပ်နိုင်မှာလဲ၊ ကျုပ်ကိုလည်း သူတို့က ဘယ်သူမှ မမှတ်မိအောင် ခုတ်ထစ်ပြီး မြစ်ထဲကိုပဲ ပစ်ချလိုက်တာပေါ့၊ အဲဒီညက တော်တော်အေးတဲ့ညပါပဲ” ဟု ဆိုကာ သားငယ်မှာ ပြောရင်း ချမ်းစိမ့်သလို ဖြစ်လာ၏။

ဖခင်ဖြစ်သူမှာ ကိုရွှေအုပ်နှင့် တရွာတည်းသားချင်း ဖြစ်လေရာ ကိုရွှေအုပ်၏ အဖြစ်အပျက်ကို ကောင်းစွာ သိ၏။ တုံကင်း ကြမ်းပြင်အောက်မှ ငွေအိတ်အကြောင်းကိုလည်း သိ၏။ ထို့ပြင် ယခု သူတို့လှေ ရောက်နေသော နေရာမှာ ကိုရွှေအုပ် စပါးဝယ် လာစဉ် ထိုနေ့ညက တုံကင်း သုံးစင်း ဆိုက်ကပ်၍ ညအိပ်သော နေရာ ဖြစ်ကြောင်းကိုလည်း သိရှိ၏။ ထို့ကြောင့် သူက သားငယ်အား မေး၏။

“အဲဒီလိုလုပ်တာ ဘယ်သူတွေလဲ လူကလေး”

“ကျုပ်ကို ဓားနဲ့ခုတ်တဲ့လူကိုတော့ ကျုပ် မသိဘူး၊ သူ့မျက်နှာက မှောင်ရိပ်ထဲမှာ ရောက်နေတယ်၊ ဒါပေမဲ့ အဲဒီလူအနားမှာ ရပ်နေပြီး စောစောက ကင်းသမားကို ဓားနဲ့ ခုတ်တဲ့လူကတော့ သူကြီးကိုစံချိန်ပေါ့၊ ကျုပ် သူ့ကို ကောင်းကောင်းသိတာပေါ့”

ထိုအခါ မိခင်ဖြစ်သူက ထိတ်လန့်တကြား လှုပ်ရှားလာပြီး ခင်ပွန်းအား စိတ်ဆိုးမာန်ဆိုး အမူအရာမျိုးဖြင့် ကြည့်လျက် “ကလေးကို ဒီလိုစကားတွေ မပြောပါစေနဲ့၊ တော်တော်ကြာ ကျုပ်တို့အားလုံး ဒုက္ခရောက်ကြလိမ့်မယ်” ဟု ဆို၏။ အဘယ်ကြောင့်ဟူမူ ဦးစံချိန်မှာ ယခုအချိန်တွင် ရွာက လေးစားသော ကြေးရတတ် လူချမ်းသာ လူကြီးလူကောင်းတဦး ဖြစ်နေသည်သာမက ရွာနီးချုပ်စပ် ဆရာ ဘုန်းတော်ကြီးများ၊ ရဟန်းသံဃာများအား ပစ္စည်းလေးပါး ဒါယကာအဖြစ် ခံယူ လှူဒါန်းနေသူ ဖြစ်သောကြောင့်တည်း။

သို့သော် ဖခင်ဖြစ်သူမှာ သားငယ် ပြောသော အဖြစ်အပျက်ကို မေ့ဖျောက်မရဘဲ တွေးနေမိ၏။ တဖြည်းဖြည်းနှင့် ဤအတွေးသည် စိတ်ထဲတွင် ဝန်ထုပ်ကြီးတခုပမာ လေးလံလာ၏။ နောက်ဆုံးတွင် ဤဝန်ထုပ်ကြီးကို သယ်ပိုးမထားနိုင်တော့သလို ဖြစ်လာ၏။

တနေ့တွင် ကျွန်ုပ်၏ မိတ်ဆွေ မြို့အုပ်သည် ခရီးလှည့်ရင်း ထိုရွာကလေးသို့ ရောက်ရှိလာပြီး ကလေးငယ်၏ ဖခင်ထံမှ အဆိုပါ အဖြစ်အပျက်တခုလုံးကို ကြားသိရလေသည်။ မြို့အုပ်သည် တောရွာကလေးများတွင် ဤသို့ မကြာခဏ တွေ့ရတတ်သော လူဝင်စားများအကြောင်း၊ နတ်ပူး စုန်းပူးများအကြောင်း၊ အခြား ထူးထူးဆန်းဆန်း ကိစ္စများ အကြောင်းကို ယုံကြည်သူ မဟုတ်ချေ။ သို့သော် ဤကလေးငယ်က သူ့အကြောင်း အတ္ထုပ္ပတ္တိကို ပြောပုံ ဆိုပုံ အမူအရာများကား လွန်စွာ ပိုင်နိုင်တိကျလှပေသည်။

အယူသီးသော ယုံကြည်မှုများကို လွယ်လွယ်နှင့် လက်ခံလိုသူ တယောက် မဟုတ်စေကာမူ မြို့အုပ်သည် ဤတကြိမ်တွင်တော့ ယုံကြည်လက်ခံရတော့မလို အတော်စိတ်ပါဝင်စားလာလေသည်။ သို့သော် အခြေအနေမှာ စဉ်းစဉ်းစားစား သုံးသပ် ကိုင်တွယ်ရန် အထူးလိုအပ်ပေသည်။

သူကြီးဦးစံချိန်တွင် လူအများ သိသလောက် အကျင့်စာရိတ္တ ချို့ယွင်းမှုဟူ၍ ယခုအထိ တစွန်းတကွက်မျှပင် မရှိသေးချေ။ သံသယဖြစ်နိုင်စရာ တခုတည်းသော ကိစ္စမှာ ဦးစံချိန်သည် ဘယ်ကငွေတွေ ဘယ်လိုရ၍ ဘယ်လို ချမ်းသာလာသည်ဟူသော အချက်သာလျှင် ဖြစ်၏။

စဉ်းစဉ်းစားစား စီစဉ် လုပ်ဆောင်ရန် လိုအပ်သည့်အတိုင်း မြို့အုပ်သည် အချိန်ယူ၍ စဉ်းစား၏။ အကယ်၍ သူငယ်ကလေး၏ အတ္ထုပ္ပတ္တိကို တကယ် ဖြစ်ပျက်ခဲ့သည့် နေရာတွင် ပြန်ပြောင်းထုတ်ဖော် ပြောဆိုနိုင်အောင် အခြေအနေများ ဖန်တီး စီစဉ်ပေးမည် ဆိုပါက သူကြီးဦးစံချိန်ကိုယ်တိုင် မည်သည့်နည်းနှင့်မျှ စိတ်မလှုပ်ရှား ဣန္ဒြေမပျက်ဘဲ နေနိုင်မည် မဟုတ်ဟု မြို့အုပ်က‌ တွေးမိ၏။ ယင်းသို့ တွေးပြီး သူသည် ပျော်ပွဲစားမြစ်ကြောင်း ခရီးတခုကို စီစဉ်လိုက်၏။ ထိုခရီးတွင် အခြားလူများနှင့်အတူ ဦးစံချိန်နှင့် ဖျာရောင်းသူ သားအဖကိုပါ ခေါ်ဆောင်လာခဲ့၏။

မြို့အုပ်၏ မော်တော်ကလေးသည် မြစ်ပြင်အတိုင်း ခပ်သွက်သွက် စုန်ဆင်းလာပြီး တောရှင်းထားသော မြစ်ကမ်းစပ် ကိုင်းမြေကွက်လွတ် နေရာသို့ ရောက်လာ၏။ ကမ်းပါးသည် ရေထဲသို့ စွယ်ထိုးထွက်ပေါ်နေရာ အောက်ဘက်၌ သဘာဝလှေဆိပ်ကလေးတခု ဖြစ်နေ၏။ မြစ်ကမ်းစပ် ခပ်ထပ်ထပ် ခြောက်နေသော ရွှံ့ထဲတွင် နွားခြေရာကွက်များကို မြင်ရသည်။ အုန်းပင်၊ ဓနိပင်များမှာလည်း ရေစပ်အထိ ဆင်း၍ ပေါက်ရောက်နေသည်။

မြို့အုပ်က ဤနေရာတွင် မော်တော်ဆိုက်ကပ်ရန် ကြံရွယ်ကြောင်း သိမြင်သောအခါ ဦးစံချိန်တယောက်မှာ အမူအရာ ပြောင်းလာသည်။ သူသည် စိတ်ထဲ၌ ပြင်းထန်စွာ လှုပ်ရှားနေသလို မျက်နှာများ ပျက်လာသည်။ ဤနေရာမှာ မော်တော်ဆိုက်ရန် နေရာကောင်းတခု မဟုတ်ကြောင်း သူက ပြောလေသည်။ ထိုအခါ သူငယ်ကလေးက ပြော၏။

“ကျုပ်တို့ ဟိုညက တုံကင်းတွေ ကမ်းမှာ ကပ်ပြီး ညအိပ်တာ ဒီနေရာပဲပေါ့”

ထို့နောက် သူငယ်ကလေးသည် သူ့မိဘများအား လှေပေါ်တွင် ပြောခဲ့သည့်အတိုင်း သူ့အတ္ထုပ္ပတ္တိကို တလုံးမကျန် ပြန်၍ ပြောပြ၏။ သူ ပြော၍ ပြီးဆုံးသွားသောအခါ သူသည် သူကြီးဦးစံချိန်ဘက်သို့ လှည့်ကာ လေအေးကလေးနှင့် လှမ်းမေးလိုက်သေး၏။

“ခင်ဗျားကော မှတ်မိတယ် မဟုတ်လား ကိုစံချိန်၊ အဲဒီညက တော်တော်ကိုအေးတာပဲနော်”

ထိုအခါ သူကြီးသည် သူငယ်ကလေး၏ ခြေရင်းတွင် ကိုယ်ကို လှဲချ ငိုကြွေးကာ သူ့အား အပြစ်မှ ခွင့်လွှတ်ပါရန် တောင်းပန်ရှာ၏။

“မင်းကို သတ်တာ ကျုပ် မဟုတ်ပါဘူးကွယ်၊ ကျုပ်ကို ချမ်းသာပေးပါ၊ မင်းကို သတ်တဲ့လူက ရွာကြီးက ဖိုးတုတ်ပါ” ဟူ၍ ဦးစံချိန်က ဖွင့်ဟပြောလာ၏။

သူငယ်ကလေးအား သူတို့ ဆက်လက် ခေါ်ဆောင်သွားရာတွင် ရွာကြီးမှ ဖိုးတုတ်ကလည်း ကြောက်ရွံ့တုန်လှုပ်စွာဖြင့် သူ့အပြစ်ကို ဖွင့်ဟဝန်ခံ၏။ ကိုရွှေအုပ်ကို သတ်သည့် အမှုတခုတည်းသာမကဘဲ သူ ကျူးလွန်ခဲ့သည့် အခြား လက်သည်မပေါ်သေးသော အမှုများအားလုံးကိုပါ ဖော်ထုတ် ဖြောင့်ချက်ပေးလေတော့၏။

ယခု ဖိုးတုတ်ကား မရှိတော့ပြီ။ ဦးစံချိန် တယောက်မှာလည်း သူကြီးအဖြစ်မှ နုတ်ထွက်လေသည်။ ထို့နောက် သူသည် ကပ္ပလီကျွန်းတွင် အစိုးရဧည့်သည်အဖြစ် နှစ်ပေါင်းများစွာ နေရပြီး ထိုကျွန်းတွင်ပင် သေဆုံးသွားလေသည်။

ဂျပန်ထုတ် မိုးသောက်ကြယ် ဂျာနယ်မှ။
(အဆိုပါစာမူကို ကြေးမုံဦးသောင်းမှ ရှာဖွေ၍ ပေးပို့ပါသည်။)
၂၂ ဇန်နဝါရီ၊ ၂၀၀၉ ခုနှစ် (ရာပြည့်နှစ်)

မောင်စွမ်းရည် စုဆောင်း ပေးပို့သည်။