Breaking News

ခွာညို ● မောင်ငယ်ရင်သွေး၊ နာဘိသေးလော့ (၂)

ခွာညို ● မောင်ငယ်ရင်သွေး၊ နာဘိသေးလော့ (၂)
(မိုးမခ) ဇွန် ၂၉၊ ၂၀၁၉

မောင်လေး
မောင်နှမဆိုတဲ့ ဝေါဟာရလေးကို တတ်သမျှ၊ ခံစားနားလည်မိသမျှလေးနဲ့ ရှင်းလင်းပြီးတဲ့သကာလမှာ “မင်းပြောထားတဲ့ ကျနော်က ပညာရေးအားနည်းတယ်။ ဒါပေမယ့် ကျန်တာ အကုန် ပြည့်စုံတယ်”- လို့ ရေးလိုက်တာကို အရင်ပြောမယ်လို့ စိတ်ကူးလိုက်ပေမယ့် တကယ်တန်းကျ မင်းက ငါ့ကို စပြောစေချင်တဲ့ အကြောင်းအရာက မီဒီယာ နဲ့ ပတ်သက်နေတော့ မီဒီယာကိုပဲ အစပြန်ကောက်တော့မယ်နော်။

တို့ဌာနက လင့်ခ်တခုကိုပို့ပြီး “ဒါသတင်းလား၊ ထူးဆန်းတာလား။”
လို့ မမေးခင် သီတင်းသုံးပတ် လောက် စောပြီးတော့လည်း

“မီဒီယာကျင့်ဝတ်မှာ သိက္ခာပုဒ်ရှိလား။” လို့ မင်း လှမ်းမေးထားတာကို ငါ ပြန် မဖြေဖြစ်ခဲ့ဘူး။ မဖြေဖြစ်ဘူးဆိုတာထက် အဲဒီမေးခွန်းကို မင်း အရင် နှစ်နှစ်လောက်ကလည်း မေးခဲ့ဖူးပြီး ငါလည်း ဖြေထားခဲ့ဖူးလို့ မင်းလို ဉာဏ်ကောင်းတဲ့ လူငယ်တယောက်က မေ့လျော့ပြီး မေးတာ မဟုတ်ဘဲ မင်းစိတ်ထဲ မကျေနပ်နေတဲ့ အဖုကို သက်သက်မဲ့ မေးခွန်းတွေမေးပြီး မင်း စိတ်ဆာနေတာကို ဖြေဖို့ ရစ်နေတယ်ထင်တာ တကြောင်း၊ ညနက်နေတာလည်းတကြောင်းကြောင့် ဒုတိယအကြိမ် ပြန်မဖြေဖြစ် မိတာလည်း ပါတယ်ပေါ့။

လိုက်နာရမယ့် ကျင့်ဝတ်စည်းကမ်းဆိုတာကတော့ မီဒီယာ တခုတည်းမှာမှ မဟုတ်ဘူးကောင်လေးရေ၊ အဖွဲ့အစည်းတိုင်း၊ အစိုးရဌာနတိုင်း နောက်ဆုံး ကုန်ကုန်ပြောရရင် သံဃာတော်တွေကြားမှာလည်း ကျင့်ဝတ်ဆိုတာ ရှိကြတာပဲမဟုတ်ဘူးလား။ ကျင့်ဝတ်တွေအကြောင်းကို နောက်မှ ပြောကြတာပေါ့။ အခုကတော့ လောလောလတ်လတ် မေးထားတဲ့ “ဒါ သတင်းလား။” ဆိုတာကို အရင် ကြည့်ကြရအောင်။

မင်းပို့တဲ့သတင်းက တို့ဌာနက ကိုအောင်အောင်လုပ်တဲ့ ဗွီဒီယိုသတင်းလေးပါ။ သတင်းက အမေရိကန်ကို ဒုက္ခသည် ပြန်လည်နေရာချထားရေးအစီအစဉ်နဲ့ ရောက်လာတဲ့ ချင်းတိုင်းရင်းသူတယောက် အာရှအစာတွေနဲ့ ပစ္စည်းတွေရောင်းတဲ့ ကုန်စုံဆိုင်လေး ဖွင့်တဲ့အကြောင်းကို ရိုက်ထားတာ။

ဒါသတင်းလား၊ hot news တွေ လုပ်စရာ မရှိတော့ဘူးလား - လို့ မင်းမေးတဲ့အမေးကို ငါ နားလည်တ မင်းက လူငယ် တယောက်။ စိတ်ပါဝင်စားမှုအားကြီးတိုင်း အလောတကြီး လုပ်လိုက်ဖို့ အမြဲ အားသန်တတ်တဲ့သူမျိုး။ တိုင်းပြည်ကို အကောင်းဆုံးဖြစ်စေချင်တဲ့စိတ်တွေ နဲ့ လောနေတယ်၊ ဇောတွေတက်နေတယ်။ သတင်းဌာနတွေဟာ hot news တွေချည့် လုပ်တယ်ဆိုတာ ရှိလား ကောင်လေး။ အွန်လိုင်းမှာတော့ သတင်းဌာန အငယ်စားလေးတွေမှာတော့ အဲလို တလိုင်းတည်းသွားတာ ရှိကောင်း ရှိလိမ့်မယ်။ ဒါမှမဟုတ် ကိုယ်ပိုင်ဘလော့တွေမှာ ကိုယ်သန်ရာ တခုတည်း ပို့စ်တင်တဲ့ ဝဘ်ဆိုက်လေးတွေလည်း ရှိကောင်းရှိပါလိမ့်မယ်။ အခုကတော့ Multimedia လို့ခေါ်တဲ့ ကဏ္ဍစုံ စာ၊ နယ်၊ ဇင်း ကိုပဲ သွားနေကြတာမဟုတ်လား။ လူတွေဟာ အမြဲတမ်း ဗုံးပေါက်တဲ့သတင်း၊ အဖမ်းအဆီးသတင်း၊ ဆိုတာတွေချည့် ဖတ်နေရ မယ်၊ ကြည့်နေရမယ်ဆိုလည်း မဟုတ်သေးဘူးလေ။ လူအများ ဗဟုသုတရဖို့၊ အသိပညာတိုးဖို့ ဆိုတဲ့ သတင်းအချက်အလက် လေးတွေ လည်း လိုတာပဲ မဟုတ်လား။

ထမင်းတဝိုင်းလိုပေါ့ ကောင်လေး။ ဘယ်သူမှ ဆီပြန်ဟင်းမျိုးစုံနဲ့ချည့်အမြဲ မစားနိုင်ဘူးလေ။ ဆီပြန်ဟင်း ဘယ်လောက် ကောင်းကောင်း ချဉ်ရည်ဟင်းလေးနဲ့ တွဲမှ ထမင်းမြိန်မှာပေါ့။ ဟုတ်ဘူးလား။

သူများနိုင်ငံမှာလာပြီး ဆိုင်တဆိုင်ဖွင့်နိုင်တဲ့အကြောင်း သတင်းလေး လုပ်လိုက်ရင် ဒီနိုင်ငံမှာရောက်နေပြီး လက်ထဲ ပိုက်ဆံလည်း စုမိ ဆောင်းမိဖြစ်နေပြီး ဘာလုပ်ရမှန်းမသိတဲ့ တခြားပြည်နယ်တွေက လူတွေလည်း သူလို လိုက်လုပ်လာနိုင်တယ်မဟုတ်ဘူးလား။ အဲဒီလိုမျိုး လူတွေကို မျှော်လင့်ချက်နဲ့ အသိပညာပေးတဲ့ သတင်းလေးတွေလည်း လုပ်ပေးရမယ်လေ။ ဒါက မီဒီယာရဲ့ တာဝန်တရပ်ပဲလို့ ငါတို့က ယုံကြည်တယ်။ အဲဒီ ယုံကြည်ချက်အတိုင်း ငါတို့ ပရိသတ်ကို ငါတို့ ဘာပေးလို့ရမလဲဆိုတာ အမြဲ အသစ်တွေ တွေးကြ၊ တင်ပြကြရတယ်။

မင်း သိလား။ တို့ငယ်ငယ်တုန်းကဆို အခုလို သတင်းဌာနတွေလည်း အများကြီးမရှိဘူး။ အင်တာနက်ကနေ ကြည့်စရာတွေ မပြောနဲ့ ရုပ်ရှင်ရုံတောင်မှ တလမှ တခါ နှစ်ခါ သွားကြည့်နိုင်ဖို့ မလွယ်တဲ့မြို့တွေ အများကြီး။ အဲဒီတော့ တို့ငယ်ငယ်က ရေဒီယိုကို အားကိုးကြရတာ။
လူကြီးတွေက မြန်မာ့အသံက သတင်းချိန်မှာ hot news တွေ နားထောင်ပြီး ကမ္ဘာကြီးအကြောင်း ၊ ကိုယ့်တိုင်းပြည်အကြောင်း ဆွေးနွေးကြတယ်။ ငါကတော့ သတင်းချိန်ပြီးလို့ လာတဲ့ သီချင်းတွေ နားထောင်တယ်။ မြန်မာပိုင်းအစီအစဉ်ပြီးရင် အင်္ဂလိပ်ပိုင်းအစီအစဉ်က သီချင်းတွေ နားထောင်တယ်။ စနေနေ့လို့ ဇာတ်လမ်းပမာအချိန်ဆို ရေဒီယိုနားက မခွာတော့ဘူး။

ငါ အခုထိ မှတ်မိနေသေးတဲ့ ရေဒီယို အသံလွှင့်ဇာတ်လမ်းတွေ တောင် ရှိတယ်။ လူကြီးတယောက် ပင်စင်ယူပြီး ပင်စင်နာ လို့ ခေါ်ကြတဲ့ စိတ်ကျဝေဒနာတမျိုးဖြစ်ပြီး သူ့ဗိုက်ထဲ အလုံးကြီးဖြစ်နေပါပြီ။ ခွဲမှ ဖြစ်မှာဆိုပြီး တပိန်ပိန်ဖြစ်လာလို့ နောက်ဆုံး သားသမီးတွေက ဆရာဝန်နဲ့တိုင်ပင်ပြီး ခွဲခန်းထဲထည့်၊ အပေါ်ယံ အရေပြားလောက်ကို ခွဲချင်ယောင်ဆောင်၊ ပြန်ချုပ်ပေးလိုက်မှ သူ့ ဗိုက်ထဲက အလုံး ပျောက်ပြီး နေကောင်းသွားတယ်ဆိုတဲ့ အကြောင်းဇာတ်လမ်းကို နားထောင်တဲ့အခါမှာ လူတွေဟာ အသက်ကြီးလို့ အလုပ်က အနားယူလိုက်ရင် စိတ်ဓာတ်ကျမသွားအောင် မိသားစု၊ ပတ်ဝန်းကျင်က ဖေးဖေးမမ လုပ်ဖို့ ဘယ်လောက် အရေးကြီးတယ်ဆိုတဲ့အကြောင်း၊ နောက် ကာယကံရှင် ကိုယ်တိုင် ကလည်း ကိုယ်ဝါသနာပါရာလေး တခုခု စာရေး စာဖတ်လေးပဲဖြစ်ဖြစ်၊ ရေဒီယိုလေးနားထောင်လို့ပဲ ဖြစ်ဖြစ်၊ သစ်ပင်လေး စိုက်လု့ိပဲဖြစ်ဖြစ် ကိုယ့်ကိုကိုယ် သမ မျှတအောင် နေတတ်ဖို့ အရေးကြီးတာ ကိုလည်း အဲဒီ ဇာတ်လမ်းပမာကို နားထောင်ရင်းနဲ့ ငါအသက်ကြီးလာတဲ့အခါ အဲဒီထဲကလူကြီးလို မဖြစ်အောင် ဘယ်လို နေရမလဲ ဆိုတဲ့အတွေးမျိုး အဲဒီ ငယ်ငယ်လေးကတည်းက စပြီး တွေးဖြစ်ခဲ့ဖူး တယ်။
နောက်ပြီး ဝါတွင်းကာလတွေမှာဆို ရွှေမန်းဦးတင်မောင်ရဲ့ ဗုဒ္ဓဝင်ဇာတ်တွေဆိုရင်လည်း ငါတို့ မောင်နှမတွေ ဘယ်တော့မှ မလွတ်ခဲ့ဘူး။

“ကာဠုအမတ်- အာယုပြတ်ချင်သလား။” ဆိုတဲ့ မာန်နဲ့ ဌာန် နဲ့ မေးလိုက်တဲ့ မေးခွန်းကိုနားထောင်ရင် အမေ- အဖေ - အာယု ဆိုတာ ဘာလဲ-ပေါ့။ အဲဒီလိုနည်းနဲ့လည်း စကားလုံးတွေ ကြွယ်ဝလာရတယ်လေ။

ငါဖတ်ဖူးခဲ့တာဆို စာပေနိုဗယ်ဆုရ ကမ္ဘာကျော်စာရေးဆရာကြီးတယောက်ဟာ သူ့ခေတ်ပြိုင် တယောက် ရဲ့ စာအုပ်ထဲက စာလုံးလေးတွေကို ချရေးနေတတ်တယ်တဲ့။ အဲဒါ ဘာလုပ်တာလဲလို့ မေးတော့ ဝေါဟာရကြွယ်ဝအောင် သိပ်လှတဲ့ ဝေါဟာရတွေကို အတုယူလေ့ကျင့်တာလို့ ဖြေသတဲ့။

တို့ မြန်မာစာပေမှာလည်း တု၊ စု၊ ပြု -ဆိုတဲ့ စကားသုံးလုံးကို ဆရာ့ဆရာကြီးတွေ ပြောခဲ့ကြတယ်မို့လား။ သူများရေးတာကို အတုယူ၊ စုဆောင်း၊ ကိုယ့်ဆီကနေ အသစ်အသစ်တွေ ဖန်တီးမှု ပြု - တု၊ စု၊ ပြု။ အတုယူတယ်ဆိုတာ ခိုးချတာကို ပြောတာမဟုတ်ဘူးနော်။ အတုယူတာနဲ့ အတုလုပ်တာက ပြဒါးတလမ်း၊ သံတလမ်းဆိုတာကိုတော့ သိရမယ်။

ဗဟုသုတနဲ့ စာပေမျိုးစေ့တွေကို ရေဒီယိုအသံလွှင့်ဌာနက လွှင့်ထုတ်တဲ့ အစီအစဉ်တွေကနေပြီးတော့လည်း ငါ ရခဲ့တယ်ဆိုတာကို မင်းကို မျှဝေတာပါ။

ဟော -- အသက်ကလေးလည်း အတော်အတန်ရလာတဲ့အချိန် နှစ်ဆယ်ဝန်းကျင်လောက်ကျ ဘီဘီစီ က လွှင့်တဲ့ Animal Firm ဆိုတဲ့ အင်္ဂလိပ်စာအုပ်ကလေးကို ဘာသာပြန်ပြီး ဘီဘီစီဝိုင်းတော်သား တွေက ဇာတ်လမ်းပမာ လွှင့်ခဲ့တာလေးကို နားထောင်ရတယ်။ ကမ္ဘာကျော်စာအုပ်တအုပ်ကို အင်္ဂလိပ် လို မဖတ်တဲ့အချိန်မှာ တကမ္ဘာလုံးနဲ့အတူ သိခွင့်ရခဲ့တာက ရေဒီယို နားထောင်တဲ့အကျိုး မဟုတ်ဘူး လား။ (စကားမစပ် - အဲဒီဇာတ်လမ်းကို စပြီးရေးခဲ့၊ ထုတ်ဖြစ်ခဲ့တာ အခု ငါတို့ရဲ့ ဌာနမှူး လက်ရာဆိုပဲ။ ဒီလိုဆိုတော့ အဲဒီတုန်းကတည်းက ငါက သူ့ရဲ့ fan ဖြစ်ခဲ့တာပေါ့။ ဒါပေမယ့် ပြောရင် ရောင့်တက် နေမစိုးလို့ မပြောခဲ့တာ အခု မင်းကို ပြောစရာပေါ်လာတာနဲ့ အခုတော့ ပြောဖြစ်သွားရတော့ တာပေါ့လေ။)

ငါ ဆိုလိုချင်တာကို မင်း သဘောပေါက်မယ်လို့ ထင်တယ်။

ရေဒီယို သတင်းနားထောင်တဲ့ ပရိသတ်၊ အွန်လိုင်းသတင်းတွေဖတ်တဲ့ ပရိတ်သတ်တွေက အမျိုးမျိုးရှိတယ်။ နောက်ဆုံး စက်ရပ် သတင်းကိုမှ နားထောင်ချင်တဲ့သူ ရှိသလို လူတွေရဲ့ ကြိုးစားအားထုတ်ပြီး အောင်မြင်မှု ရတဲ့ သတင်းမျိုးလေးတွေကို စိတ်ဝင်စားတဲ့ ပရိသတ်လည်းရှိတယ်။ သိပ္ပံနဲ့နည်းပညာတွေကိုမှ ရွေးဖတ်တဲ့သူ ရှိတယ်။ အင်္ဂလိပ်သင်ခန်းစာတွေ လေ့လာ ချင်တဲ့ သူရှိတယ်။ ကိုယ့်လိုအပ်ချက်၊ ကိုယ့်ဝါသနာနဲ့ ကိုယ့်ဖာသာ ရွေးချယ်နိုင်ကြတယ်လေ။ ဝေဠုကော်တို့ ကျော်ကျော်နန္ဒ တို့သတင်းကိုမှ စိတ်ဝင်စားတဲ့သူလည်း ရှိတာပဲမဟုတ်လား။

တို့သတင်းဌာနတခုမှ မဟုတ်ပါဘူး။ ပြည်တွင်းသတင်းဌာနတွေမှာလည်း ဝဘ်ဆိုက်စာမျက်နှာရဲ့ အပေါ်စည်းမှာ ကဏ္ဍ အသီးသီးကို အကန့်လေးတွေနဲ့ ဖော်ပြထားတာပဲ။ ကိုယ်အားသန်ရာကို အလွယ်တကူ ရှာတွေ့နိုင်အောင်လို့ပေါ့။ အဲဒီတော့ တကယ်လို့ မင်းအနေနဲ့ soft news တွေ၊ human interest story တွေကို မကြိုက်ဘူးဆိုရင် အဲဒါတွေကို မင်း ကျော်လွှား သွားနိုင်တဲ့ အခွင့်အရေး ရှိနေတာပဲ။ ဘာကြောင့် မင်းက soft news တွေဖော်ပြလို့ သတင်းဌာနကို စိတ်ဆိုး၊ စိတ်တိုင်းမကျ ဖြစ်နေရသလဲဆိုတာ ငါ နားကိုမလည်နိုင်ဘူး။

ကောင်လေးရေ.. ငါတို့က ဗုဒ္ဓဘာသာဝင်တွေနော်။

ဗုဒ္ဓမြတ်စွာဘုရားရဲ့ ဆုံးမစကားတွေမှာ မလုပ်ရဘူး - ဆိုတဲ့ တားမြစ် ပိတ်ပင်မှု တခုမှ မတွေ့ဘူး။ ဒါတော့ ဒီလို လုပ်သင့်တယ် ဆိုတာမျိုးလောက်သာ ပြသွားတော်မူတာ။ အဓိက မြတ်စွာဘုရားက သူ့ရဲ့ တပည့်သာဝကတွေကို ဖြစ်စေချင်တာက “အရှုပ်ထဲမှာ ရှင်းအောင်နေတတ်ဖို့” နောက်ပြီး “နိဗ္ဗာန်မရောက်ခင်စပ်ကြား စိတ်နှလုံး အေးချမ်းအောင်နေတတ်ဖို့” သူ့ရဲ့ ဘဝနေနည်းထိုင်နည်းတွေကို မျှဝေပေးခဲ့တာလို့ အကြမ်းဖျဉ်းအားဖြင့် ငါ နားလည်တယ်။

ဗုဒ္ဓဘာသာဝင် ဆိုတာ မည်ကာမတ္တ မိရိုးဖလာအရ မျိုးရိုးစဉ်ဆက် ဗုဒ္ဓဘာသာဝင်မို့ ကိုယ်က အလို အလျှောက် ဗုဒ္ဓဘာသာဝင်ဖြစ်နေတာလား၊ ကိုယ်ကိုယ်တိုင် လေ့လာနားလည်ပြီးတော့မှ ရိုးတွင်းချဉ်ဆီထဲကနေ လှိုက်လှိုက်လှဲလှဲ ယုံကြည်သက်ဝင်ပြီး ကိုးကွယ်တာလားဆိုတာ ငါတို့ တယောက်ချင်းစီတိုင်း ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး ဆင်ခြင်သုံးသပ်ကြရမယ်။ ဒါမှ အရှုပ်ထဲမှာ ရှင်းအောင် နေတတ်မှာ။ ဒါမှလည်း ဘယ်အရာကိုမဆို စိတ်တိုင်း မကျဖြစ်ပြီး ဒေါသစိတ်နဲ့ပူလောင်မှုက ကင်းဝေးမှာ။
I hate media ဆိုတဲ့စကားတွေကို ထပ်ကျော့ပြောနေတဲ့ မင်းအတွက် ငါ တကယ်ပဲ စိတ်မကောင်း ပါဘူး။

ဗုဒ္ဓဘာသာဝင်ကောင်းတယောက်အနေနဲ့ မင်း စိတ်နှလုံးအေးချမ်းအောင်၊ ဒေါသကင်းကင်းနဲ့ ဘဝကို ငြိမ်းငြိမ်းချမ်းချမ်း ကျော်ဖြတ်နိုင်ပါစေ။

နောက်တခါကျရင်တော့
Come on, I’m part of a human too, I guess. ဆိုတဲ့စကားလေးကိုဖြစ်စေ၊ I feel like Media is bias ဆိုတာရယ်။ I feel like No ethics of in Media ဆိုတဲ့စကားဖြစ်စေ၊ မီဒီယာကျင့်ဝတ်မှာ သိက္ခာပုဒ် ရှိလားဆိုတဲ့မေးခွန်းကိုဖြစ်စေ တခုခုအကြောင်း အလျဉ်းသင့်သလို ပြောကြသေးတာပေ့ါ။

ခွာညို
(ဇွန်လ ၂၇၊ ၂၀၁၉)