Breaking News

မောင်မောင်စိုး ● ကျိုင်းတုံစစ်တမ်း - အခန်း (၃) အပိုင်း (၁၈)

 
မောင်မောင်စိုး ● ကျိုင်းတုံစစ်တမ်း - အခန်း (၃) အပိုင်း (၁၈)
(မိုးမခ) သြဂုတ် ၂၇၊ ၂၀၁၉

● ၁၉၄၇ ပင်လုံ၊ ရှမ်းပြည်နယ်နှင့် ကျိုင်းတုံ
ဒုတိယကမ္ဘာစစ်အပြီးတွင် မြန်မာပြည်တွင်း၌ လွတ်လပ်ရေးအတွက် ကြိုးပမ်းမှုများတွင် ပြည်မနှင့်တောင်တန်းဒေသ (ရှမ်း၊ ကချင်၊ ချင်း) တို့ ပူးပေါင်း၍ လွတ်လပ်ရေးယူရေးလှုပ်ရှားမှု များပေါ်ထွက်လာခဲ့သည်။ ထိုလှုပ်ရှားမှုတွင် ရှမ်းပြည်နယ်က အရေးပါသောအခန်းက ပါဝင်ခဲ့သည်။ ပြည်မရှိဖဆပလနှင့် ဆွေးနွေးရာတွင် ရှမ်းစော်ဘွားများက ရှမ်းပြည်စော်ဘွားများ ကောင်စီအနေနှင့်၎င်း၊ ရှမ်းလူငယ်များက ရှမ်းပြည်လွတ်လပ်ရေးအဖွဲ့အနေနှင့်၎င်း ပါဝင်ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ရှမ်း၊ ကချင်၊ ချင်းတို့မှ ကိုယ်စားလည်များပါဝင်သည့် တောင်တန်းသားများ စည်းလုံးညီညွတ်ရေးဦးစီးအဖွဲ့ ဖွဲ့စည်း၍ ဖဆပလ နှင့်၎င်း အင်္ဂလိပ်နှင့်၎င်း ဆွေးနွေးခဲ့ကြသည်။ ၁၉၄၇ ခုနှစ်ဖေဖဝါရီလ ၁၂ ရက်တွင် ပင်လုံစာချုပ်ချုပ်ဆိုပြီး ရှမ်းစော်ဘွားများ ပါဝင်လက်မှတ်ရေးထိုးခဲ့ကြသည်။ ထို့ပြင် ၁၉၄၇ခုနှစ်ဖေဖဝါရီလတွင်ပင် ဗြိတိ သျှတို့က တောင်တန်းဒေသစုံစမ်းရေးအဖွဲ့ကို ဖွဲ့စည်းပြီး တောင်တန်းဒေသရှိ စော်ဘွားများ၊ ဒူဝါများ၊ ကိုယ်စားလှယ်များအားတွေ့ဆုံမေးမြန်းပြီး ကြားနာမှုများပြု လုပ် ခဲ့သည်။

သို့သော် အဆိုပါလှုပ်ရှားမှုများတွင် ရှမ်းမြောက်နှင့်ရှမ်းတောင်မှစော်ဘွားများ တက်ကြွစွာပါဝင်ခဲ့သော်လည်း ကျိုင်းတုံစော် ဘွား ပါဝင်ခဲ့ခြင်း မရှိပေ။ ဂျပန်ခေတ်မတိုင်မီ ၁၉၃၇ ခုနှစ်က ကျိုင်းတုံစော်ဘွား စဝ်ကွန်တိုင်း လုပ်ကြံခံရပြီးနောက် ဂျပန်ဝင် လာသည့် ၁၉၄၂ ထိ အင်္ဂလိပ်က စော်ဘွားအသစ်ခန့်အပ်ခြင်း မရှိခြင်း၊ ဂျပန်ခေတ် ၁၉၄၂ မှ ၁၉၄၅ အတွင်း ထိုင်းတပ်များကျိုင်းတုံတွင်ရှိနေစဉ် ထိုင်း၏ ကျိုင်းတုံဘုရင်ခံ (ဝါ) ကျိုင်းတုံစော်ဘွားအဖြစ်ခန့်အပ်ခံရသူ စဝ်ဖုန်းလူမှာလည်း ၁၉၄၅ ခုနှစ် ဂျပန်စစ်ရှုံး၍ ထိုင်းတပ်များဆုတ်ခွာချိန် ထိုင်းသို့ခိုလှုံသွားပြီဖြစ်ရာ စော်ဘွားနေရာ လစ်လပ်နေခဲ့သည်။ ဗြိတိသျှတို့က ၁၉၄၇ ခုနှစ် ဧပြီလမှ ကျိုင်းတုံစောဘွားအဖြစ် စဝ်ဆိုင်းလုံအား ခန့်အပ်ခဲ့သည်။ ထို့ပြင် စတင်ခန့်အပ်စဉ်က စဝ်ဆိုင်းလုံမှာ အသက် ၁၆ နှစ်သာရှိသေးသည်။

ထို့ကြောင့် လွတ်လပ်ရေးအကြို ပြည်မတောင်တန်းပူးပေါင်းရေးလှုပ်ရှားမှုများ၊ ၁၉၄၇ ပင်လုံစာချုပ်နှင့် တောင်တန်းဒေသစုံစမ်းရေးအဖွဲနှင့်တွေ့ဆုံမှုများတွင် ကျိုင်းတုံစော်ဘွားပါဝင်ခြင်းမရှိခဲ့ပေ။ ထို့ပြင် ရှမ်းပြည်လူငယ်များ၏ ရှမ်းပြည်လွတ်လပ်ရေး အဖွဲ့ (ရပလ)တွင် ရှမ်းအရှေ့မှ ကိုယ်စားလှယ်များပါဝင်သည်ကို မတွေ့ရပေ။ ထို့ကြောင့် လွတ်လပ်ရေးအကြို နိုင်ငံရေး လှုပ်ရှားမှုများတွင် ကျိုင်းတုံစော်ဘွားသည်၎င်း ရှမ်းအရှေ့မှ ရှမ်းလူငယ်များသည်၎င်း ပါဝင်သည်ကိုမတွေ့ရပေ။ သို့ဖြစ်ရာ ကျိုင်းတုံသည် ရှမ်းမြောက်၊ ရှမ်းတောင်မှ ရှမ်းအများစု၏ သဘောထားအတိုင်း လိုက်ပါနာခံခဲ့ရသည်ဟု ဆိုရပါမည်။ သို့ဖြစ် ရာ ကျိုင်းတုံသည် ရှမ်းပြည်နယ်၏ ကံကြမ္မာအတိုင်း ဖြစ်ခဲ့သည်ဟု ဆိုရပါမည်။

● လွတ်လပ်ရေးရပြီး ကျိုင်းတုံ
လွတ်လပ်ရေးရပြီးနောက် စော်ဘွားစနစ်ကို ဆက်လက်အသိမှတ်ပြုထားဆဲဖြစ်ပြီး စော်ဘွားအုပ်ချုပ်ရေးဆက်လက်တည်ရှိသည်။ ၁၉၄၇ ခုနှစ် အခြေခံဥပဒေ ပုဒ်မ ၁၅၄ (၂) အရ လူမျိုးစုလွှတ်တော် အမတ် ၁၂၅ နေရာတွင် ရှမ်းပြည်နယ်မှ ၂၅ နေရာအား ရှမ်းပြည်နယ်၏စော်ဘွားများထဲမှ ရွေးကောက်တင်မြှောက်ခွင့်ရသည်။ ရှမ်းပြည်နယ်အာဏာပိုင်ဥပဒေပြု အဖွဲ့ ဖြစ်သော ရှမ်းပြည်နယ်ကောင်စီကို လူမျိုးစုလွှတ်တော်မှ စော်ဘွား ၂၅ ဦးနှင့် ပြည်သူ့လွှတ်တော်အမတ် ၂၅ ဦးဖြင့်ဖွဲ့စည်း သည်။ ပြည်သူ့လွှတ်တော်အမတ်များမှာ ရှမ်းပြည်နယ်လူထုမှ ရွေးကောက်တင်မြှောက်ခြင်းဖြစ်ပြီး ရှမ်းစော်ဘွားများ ဝင် အရွေးခံခွင့်မရှိပေ။

ထိုစဉ်က ရှမ်းပြည်မှ စတုရန်းမိုင်ပေါင်း ၅၆၆၄၅ ကျယ်လျှက် စော်ဘွားနယ် ၃၃ နယ်ရှိပြီး စော်ဘွား ၁၆ ယောက်၊ မြို့စား ၁၃ ယောက်နှင့် ငွေခွန်မှူး ၄ ယောက်တို့က အုပ်ချုပ်ကြရသည်။ ၁၉၅၉ ခုနှစ် စော်ဘွားများ အာဏာစွန့်ချိန်ထိရှိသော စော်ဘွားနယ် ၃၃ နယ်မှာ အောက်ပါအတိုင်းဖြစ်သည်။

၁။ ကျိုင်းတုံနယ်
၂။ မိုးနဲနယ်
၃။ ညောင်ရွှေနယ်
၄။ ရပ်စောက်နယ်
၅။ လဲချားနယ်
၆။ မောက်မယ်နယ်
၇။ မိုင်းပန်နယ်
၈။ မိုင်းပွန်နယ်
၉။ စကားနယ်
၁၀။ မိုင်းနောင်
၁၁။ မိုင်းကိုင်
၁၂။ ကျေးသီမံစံ
၁၃။ လွယ်လ (ပင်လောင်း)
၁၄။ သထုံ (ဆီဆိုင်)
၁၅။ ဘန်းယဉ်
၁၆။ ဟိုပုန်း
၁၇။ နန်းခုတ် နောင်မွန်နယ်
၁၈။ စကွယ်နယ်
၁၉။ မိုင်းရှူး
၂၀။ သာမိုင်းခမ်း
၂၁။ ပွေးလှ
၂၂။ ဘော်နယ်
၂၃။ ရွာငံနယ်
၂၄။ ပင်မှီ
၂၅။ ကျုံးနယ်
၂၆။ ပင်းတယ
၂၇။ သီပေါနယ်
၂၈။ တောင်ပိုင်နယ်
၂၉။ မိုင်းရယ်နယ်
၃၀။ မြောက်သိန္နီနယ်
၃၁။ မိုးမိတ်နယ်
၃၂။ မိုင်းလွန်းနယ်
၃၃။ ကိုးကန့်စော်ဘွားနယ်တို့ဖြစ်ကြသည်။

ထို့ပြင် ၁၉၄၇ ခုနှစ်အခြေခံဥပဒေ ပုဒ်မ ၁၆၀ တွင် ရှမ်းပြည်နယ် ဥက္ကဌရာထူးနှင့်စပ်လျဉ်း၍ အောက်ပါအတိုင်းပြဌာန်းထား သည်။

"ဝန်ကြီးချုပ်သည် ရှမ်းပြည်ကောင်စီနှင့် ညှိနှိုင်းတိုင်ပင်၍ ပါလီမန်၏ရှမ်းပြည်နယ်ဆိုင်ရာ ကိုယ်စားလှယ်အမတ်များအနက် အမတ်တဦးဦး၏အမည်ကို တင်သွင်းသောအခါ ထိုသို့အမည်တင်သွင်းခြင်းခံရသောအမတ်ကို နိုင်ငံတော်သမတသည် အောက်တွင် "ရှမ်းပြည်နယ်ဝန်ကြီး" ဟု ခေါ်တွင်ရမည်ဖြစ်သော ပြည်ထောင်စုအစိုးရအဖွဲ့ဝင်ဝန်ကြီးအဖြစ် ခန့်ထားရမည်။ ထိုသို့ခန့်ထားခြင်းခံရသောဝန်ကြီးသည် ဤအခြေခံဥပဒေ၏ကိစ္စများအတွက် ရှမ်းပြည်နယ်၏ဥက္ကဌလည်းဖြစ်ရမည်"

၁၉၄၈ ခုနှစ် ဇန္နဝါရီလ ၃ ရက်နေ့ ပထမအကြိမ် ရှမ်းပြည်နယ်ဥက္ကဌရွေးချယ်တင်မြှောက်ရာတွင် တိုင်းပြု ပြည်ပြုအမတ်အား ပါလီမန်အမတ်အဖြစ် အသိအမှတ်ပြုခဲ့သည်။ ထိုစဉ်က ရှမ်းပြည်နယ် အမတ် ၂၅ ဦးမှာ ရှမ်းပြည်အစိုးရအဖြစ် ရှမ်းပြည်နယ် အစိုးရကို ကိုယ်စားပြုသည်။ ထို ၂၅ ဦးတွင်စော်ဘွား ၁၁ ဦး၊ ပြည်သူ့ကိုယ်စားလှယ် ၁၁ ဦး၊ကချင်ကိုယ်စားလှယ် ၂ ဦးနှင့် ကိုးကန့်စော်ဘွားတဦးပါဝင်သည်။ ပထမဆုံး ရှမ်းပြည်နယ်ကောင်စီဥက္ကဌအဖြစ် မဲဖြင့်ရွေးရာတွင် ဦးထွန်းမြင့် (လင်းခေး) က တမဲအသာဖြင့် အနိုင်ရသော်လည်း စော်ဘွားများနှင့် နိုင်ငံရေးဆိုင်ရာညှိနှိုင်းမှုများအရ မိုးမိတ်စော်ဘွား စဝ်ခွန်ချိုက ဥက္ကဌနေရာ ပြောင်းယူပြီး ဦးထွန်းမြင့်က ဝန်ကြီးနေရာ ပြောင်းယူသည်။

လူမျိုးစုလွှတ်တော် အမတ် ၂၅ နေရာအတွက် စော်ဘွားနယ် ၃၃ နယ်ကို အုပ်ချုပ်သော စော်ဘွား ၃၃ ဦးထဲမှ ရွေးချယ်ကြ သည်။ အစောပိုင်းရှမ်းပြည်နယ် လူမျိုးစုလွှတ်တော်အမတ်များတွင် ကျိုင်းတုံစော်ဘွားအား မတွေ့ရသော်လည်း ၁၉၆၁ ခုနှစ်တွင် ကျိုင်းတုံစော်ဘွားအား လူမျိုးစုလွှတ်တော် အမတ်နေရာတာဝန်ယူသည်ကို တွေ့ရသည်။ အလားတူ ကျိုင်းတုံ နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၄ ဦး ရွေးချယ်ခံရသည်ကိုလည်း တွေ့ရသည်။

သို့ဖြစ်ရာ လွတ်လပ်ရေးရပြီးနောက်တွင် ရှမ်းအရှေ့တွင် ကျိုင်းတုံစော်ဘွား၏ အုပ်ချုပ်ရေးအာဏာ ဆက်တည်ရှိသည်။ အစိုးရခန့် နယ်ခြားဝန်ထောက်က သီးသန့်ရုံးထိုင်သည်။ ကျိုင်းတုံစော်ဘွားလက်အောက်တွင် စော်ဘွားရဲ ၁၅၀ ခန့်ရှိ၍ ပြည်မမှ စစ်ရဲတပ်ခွဲ တခွဲ ချထားသည်။

လွတ်လပ်ရေးရပြီး ရှမ်းပြည်နယ်အနှံအပြားတွင် ဖက်ဒရယ်ပြဿနာနှင့် ပဒေသရာဇ်ဆန်ကျင်ရေးလှုပ်ရှားမှုများ၊ တန်ပြန် လှုပ်ရှားမှုများ ရှုပ်ထွေးနေစဉ်မှာပင် ရှမ်းအရှေ့သည်လည်း သီးခြားပြသနာတခုကြုံတွေ့ရသည်။ ၎င်းပြဿနာမှာ ကူမင်တန် တရုတ်ဖြူတပ်ဖွဲ့များ ကျူးကျော်ဝင်ရောက်လာသည့်ပြဿနာ ဖြစ်ပေတော့သည်။

ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး