Breaking News

မာန်သီဟထွန်း – လိင်ခွဲခြားခြင်းနဲ့ သဘာ၀ကျခြင်း





မာန်သီဟထွန်း –  လိင်ခွဲခြားခြင်းနဲ့ သဘာ၀ကျခြင်း

Sapiens – A Brief History of Humankind by Yuval Noah Harari
(မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၉
စာရေးသူခွင့်ပြုချက်နဲ့ ကူးယူဖော်ပြပါသည်


Sapiens - 54


အမှန်တကယ်မှာတော့ သဘာဝကျတယ် မကျဘူးဆိုတဲ့ ကျွန်တော်တို့ရဲ့အထင်အမြင်တွေဟာ ဇီဝဗေဒကနေ ယူထားတာမဟုတ်ပါဘူး။ ခရစ်ယာန် ဘာသာရေးယုံကြည်မှုကနေ လာတာပါ။ ခရစ်ယာန်ယုံကြည်မှုအရ ‘သဘာဝကျတယ်’ ဆိုတာဟာ ‘သဘာဝတရားကြီးကို ဖန်ဆင်းထားသော ဘုရားသခင်၏ အလိုတော်နဲ့ညီသော’ ဆိုတဲ့ အဓိပ္ပါယ်သက်ရောက်ပါတယ်။ ခရစ်ယာန်ဓမ္မပညာရှင်တွေ ပြောတာက လူ့ခန္ဓာကို ဘုရားသခင် ဖန်ဆင်းပေးထားတာ။ လူ့ခြေလက်၊ အင်္ဂါတွေတစ်ခုချင်းစီမှာ သူလုပ်ဆောင်ရမယ့်ရည်ရွယ်ချက်တွေ ရှိတယ်။ ဘုရားသခင်က မျှော်လင့်ထားတဲ့ရည်ရွယ်ချက်အတိုင်း ဒီခြေလက်၊ အင်္ဂါတွေကို ကျွန်တော်တို့အသုံးပြုတယ်ဆိုရင် အဲဒါဟာ သဘာဝကျတဲ့ ပြုမှုခြင်းတွေဖြစ်တယ်။ ဒီခြေလက်၊ အင်္ဂါတွေကို ဘုရားသခင်က ရည်ရွယ်ထားတာနဲ့ မတူကွဲပြားစွာအသုံးပြုတာဟာ သဘာဝမကျတဲ့ လုပ်ရပ်တွေ ဖြစ်တယ်။ 

ဒါပေမယ့် ဆင့်ကဲပြောင်းလဲခြင်းမှာ ရည်ရွယ်ချက်မှ မရှိတာ။ လူ့အင်္ဂါတွေက ရည်ရွယ်ချက်တစ်ခုကို ဦးတည်ပြီး ဆင့်ကဲပြောင်းလဲလာကြတာမဟုတ်ဘူး။ ပြီးတော့လည်း သူတို့ကို အသုံးပြုတဲ့ပုံစံဟာလည်း အဆက်မပြတ် ပြောင်းလဲနေတာပါ။ လူတွေရဲ့ ခန္ဓာကိုယ်မှာ အင်္ဂါတစ်ခုဟာ သူ့ရဲ့ရှေပြေးပုံစံ လွန်ခဲ့တဲ့နှစ်သန်းရာချီကဖြစ်ပေါ်လာပြီး စတင်လုပ်ဆောင်ခဲ့တဲ့ အလုပ်တစ်ခုတည်းကိုပဲ အခုထက်ထိ တသမတ်လိုက်လုပ်နေတယ်ဆိုတာ မရှိပါဘူး။ အင်္ဂါတွေဟာ သီးသန့်တာဝန်တွေ ထမ်းဆောင်ဖို့ ဖြစ်လာကြတာပါ။ ဒါပေမယ့် ဒီအင်္ဂါတွေရှိလာပြီဆိုတာနဲ့ တခြားနေရာတွေမှာပါ သုံးလို့ရအောင် လိုက်လျောညီထွေ ပြောင်းလဲလာကြတာပဲ။ 

ဥပမာ ပါးစပ်တွေပေါ်လာတယ်ဆိုတာ ဆဲလ်များစွာပါတဲ့သက်ရှိတွေ(multicellular organisms)က အစာအာဟာရတွေကို သူတို့ခန္ဓာကိုယ်ထဲ သွင်းဖို့နည်းလမ်း လိုအပ်လာလို့ပါ။ ကျွန်တော်တို့ရဲ့ပါးစပ်တွေကို အဲဒီရည်ရွယ်ချက်အတွက် အသုံးပြုနေတုန်းပါပဲ။ ဒါပေမယ့် နမ်းဖို့၊ စကားပြောဖို့အတွက်လည်း ပါးစပ်ကို သုံးသေးတယ်လေ။ ပြီးတော့ ကျွန်တော်တို့ဟာ ရမ်ဘို ဖြစ်နေမယ်ဆိုရင်လည်း လက်ပစ်ဗုံး စနက်တံကိုက်ဖို့ပါ သုံးရတာပေါ့။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၆၀၀ ကျော်က ကျွန်တော်တို့ရဲ့ ဘိုးအေဖြစ်တဲ့ တီကောင်လိုသက်ရှိတွေက သူတို့ပါးစပ်ကို အခုလိုပုံစံအမျိုးမျိုးနဲ့ အသုံးမပြုခဲ့ကြတဲ့အတွက် ကျွန်တော်တို့တွေ အခုလို ပါးစပ်ကို ပုံစံအမျိုးမျိုး အသုံးပြုတာတွေဟာ သဘာဝမကျဘူး ဖြစ်သွားရောလား။

ခုနကလိုပဲ လေထုထဲမှာ ပျံသန်းနိုင်တဲ့ တောင်ပံတွေရဲ့ ဂုဏ်သတ္တိဟာ နေ့ချင်းညချင်းပေါ်လာတာ မဟုတ်ပါဘူး။ သူတို့ဟာ တခြားရည်ရွယ်ရင်းရှိတဲ့ အင်္ဂါတွေကနေ တိုးတက်ဖြစ်ပေါ်လာတာပါ။ သီအိုရီတစ်ခုအရဆိုရင် မပျံသန်းနိုင်တဲ့ ပိုးကောင်တွေရဲ့ ကိုယ်ခန္ဓာမှာ အစွန်းထွက်နေရာကနေ နှစ်သန်းပေါင်းများစွာအကြာမှာ အင်းဆက်တွေရဲ့တောင်ပံ ဖြစ်လာတာပါ။ အဖုအထစ်တွေမရှိတဲ့ ပိုးကောင်တွေထက် အဖုအထစ်တွေရှိတဲ့ ပိုးကောင်တွေမှာ ပိုကျယ်ပြန့်တဲ့ မျက်နှာပြင်ဧရိယာ ရှိပါတယ်။ ဒါကြောင့် သူတို့ဟာ နေရာင်ခြည်ကို ပိုမိုစုပ်ယူနိုင်ပြီး ပိုနွေးထွေးစွာ နေနိုင်ကြပါတယ်။ ဒီလိုနဲ့ နှေးကွေးလှတဲ့ ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ်မှာ အဲဒီနေပူခံရတဲ့အစိတ်အပိုင်းတွေဟာ ပိုမိုကြီးထွားလာကြတယ်။ အဲဒီနေရောင်ခြည်အများဆုံး စုပ်ယူတဲ့အစိတ်အပိုင်းတွေဟာ မျက်နှာပြင်ဧရိယာကျယ်တယ်၊ ပေါ့ပါးတယ် ဒါကြောင့် တိုက်ဆိုင်မှုရှိစွာပဲ ဒီအင်းဆက်တွေ ခုန်တဲ့အခါ ပင့်အားတစ်ခုလို ဖြစ်လာတယ်။ အစွန်းထွက်တာတွေပိုကြီးတဲ့ အကောင်တွေဟာ ပိုခုန်နိုင် ပိုအဝေးကို ရောက်ကြပါတယ်။ တချို့အင်းဆက်တွေက ဒါကို လေဟုန်စီးဖို့ သုံးကြတယ်။ အဲဒီလို ခြေလှမ်းသေးတွေကနေစပြီး ပိုးကောင်တွေ လေထဲကိုထိုးဖောက်ပျံသန်း သွားလာနိုင်တဲ့ တောင်ပံတွေဖြစ်လာတာပါပဲ။ နောင်ကို ခြင်တစ်ကောင်များ သင့်နားရွက်ဘေးမှာ တဝီဝီဖြစ်နေရင် သူ့ကို သဘာဝမကျတဲ့ အပြုအမူအဖြစ် စွပ်စွဲလိုက်ပါ။ တကယ်လို့များ အဲဒီခြင်ဟာ ဘုရားသခင်ပေးထားတဲ့အတိုင်းကျေနပ်ပြီး ကောင်းမွန်စွာပြုမူနေထိုင်မယ်ဆိုရင် သူ့တောင်ပံတွေဟာ နေရောင်ခြည်သုံး ဆိုလာပြားတွေအဖြစ်သာ သုံးရမှာပါ။

ကျွန်တော်တို့ရဲ့ လိင်အင်္ဂါတွေ၊ လိင်အပြုအမူတွေနဲ့ပတ်သက်ပြီးလည်း အဲဒီလိုပါပဲ။ အသုံးပြုမှု ပုံစံအမျိုးမျိုးနဲ့ အကျုံးဝင်ပါတယ်။ လိင်ဆက်ဆံတယ်ဆိုတာ မျိုးပွားဖို့ နှင့် ပိုးပန်းမှုဓလေ့တွေမှာ ကြင်ဖော်ကြင်ဖက်ဖြစ်နိုင်တဲ့လူကို ရယူဖို့နည်းလမ်း စတာတွေအတွက် အရင်ဆုံး ဆင့်ကဲပြောင်းလဲလာခဲ့ တာပါ။ ဒါပေမယ့် သက်ရှိတော်တော်များများကတော့ အဲဒီနှစ်မျိုးလုံးကို လူမှုဆက်ဆံရေးဆိုင်ရာ အမျိုးမျိုးသော ရည်ရွယ်ချက်တွေ အတွက် အသုံးပြုကြတယ်။ သူတို့ရဲ့ပုံတူကလေးတွေ မျိုးပွား (လိင်ဆက်ဆံဖို့) ဖို့အတွက်တော့ အနည်းငယ်ပဲ အသုံးပြုပါတော့တယ်။ ဥပမာဆိုရရင် ချင်ပန်ဇီတွေဟာ နိုင်ငံရေးမဟာမိတ်သေချာအောင်လုပ်တဲ့အခါ၊ အချင်းချင်း ထဲထဲဝင်သိကျွမ်းချင်တဲ့အခါ၊ အချင်းများရန်ဖြစ်တာ ဖျန်ဖြေတဲ့အခါ စတဲ့နေရာမျိုးတွေမှာ လိင်ဆက်ဆံခြင်းကို အသုံးပြုကြပါတယ်။ အဲဒါရော သဘာဝမကျတာ မဟုတ်ဘူးလား။

လိင် နှင့် ယောက်ျားမိန်းမ ကွဲပြားမှု


အဲဒီအခါကျရင် မိန်းမတွေရဲ့ သဘာဝပေးတာဝန်ဟာ ကလေးမွေးဖို့သက်သက်ဖြစ်တယ် ဒါမှမဟုတ် လိင်တူဆက်ဆံခြင်းဟာ သဘာဝမကျဘူးလို့ပြောဆိုတာတွေဟာ အဓိပ္ပါယ်မရှိတော့သလို ဖြစ်သွားမှာပေါ့။ ယောကျ်ားသဘာဝ နှင့် မိန်းမသဘာဝကို ခွဲခြားထားတဲ့ ဥပဒေအများစု၊ သတ်မှတ်ချက်တွေ၊ လူအခွင့်အရေးတွေ၊ မလုပ်မနေရတာဝန်တွေဟာ ဇီဝဗေဒအမှန်တရားဆိုတာထက် လူတွေရဲ့စိတ်ကူးယဉ်ထဲက ထွက်ပေါ်လာတာတွေပါ။

ဇီဝဗေဒအရဆိုရင်တော့ လူသားတွေကို အထီး နဲ့ အမ လို့ခွဲထားပါတယ်။ ဟိုမို ဆေပီယန်စ် အထီးတစ်ယောက်မှာ X ခရိုမိုဆုမ်း တစ်ခု နှင့် Y ခရိုမိုဆုမ်း တစ်ခုရှိပါတယ်။ အမတစ်ယောက်မှာတော့ X ခရိုမိုဆုမ်း နှစ်ခု ရှိတယ်။ ဒါပေမယ့် ‘ယောကျ်ား’ ‘မိန်းမ’ ဆိုတဲ့အမည်နာမတွေဟာ လူမှုရေးသတ်မှတ်ချက်တွေပါ။ ဇီဝဗေဒ သတ်မှတ်ချက်တွေ မဟုတ်ပါဘူး။ လူ့အဖွဲ့အစည်းရဲ့ ကိစ္စတော်တော်များများမှာတော့ အထီးတွေဟာ ယောက်ျားတွေဖြစ်ပြီး အမတွေဟာ မိန်းမတွေဖြစ်ပါတယ်။ အခုလို လူမှုရေးအခေါ်အဝေါ်တွေက သူတို့ရဲ့ နယ်ပယ်တော်တော်များများကိုသတ်မှတ်လိုက်ပြီး ဇီဝဗေဒအခေါ်အဝေါ်နဲ့ ဆက်နွယ်မှုဆိုလို့ အမျှင်တည်းတည်းလေးသာ ရှိပါတော့တယ်။

 ယောက်ျားတစ်ယောက်ဆိုတာ ဇီဝဗေဒဂုဏ်သတ္တိတွေအရ XY ခရိုမိုဆုမ်း၊ ဝှေးစေ့၊ တက်စ်တော်စထရွန် ကျားဟော်မုန်းတွေရှိတဲ့ ဆေပီယန်စ်တစ်ယောက် မဟုတ်တော့ပါဘူး။ အဲဒီအစား သူရှင်သန်တဲ့ လူ့အသိုင်းအဝိုင်းရဲ့ စိတ်ကူးယဉ်လူမှုစနစ်ထဲက ကဏ္ဍတစ်ခုကို ယူထားတဲ့လူ ဖြစ်လာပါတယ်။ သူ့ယဉ်ကျေးမှုရဲ့ စိတ်ကူးအကြောင်းအရာတွေက သူ့ကို ယောကျ်ားတွေယူရတဲ့ အခန်းကဏ္ဍ( နိုင်ငံရေးမှာ ပါဝင်ဖို့)၊ လူ့အခွင့်အရေး (မဲပေးဖို့)၊ တာဝန် (စစ်မှုထမ်းဖို့) စတဲ့အရာတွေ ပေးအပ်ပါတယ်။ အဲဒီလိုပဲ မိန်းမတစ်ယောက်ဆိုတာ X ခရိုမိုဆုမ်း နှစ်ခု၊ သားအိမ်တစ်ခု၊ အက်စထရိုဂျင် မဟော်မုန်းတွေရှိတဲ့ ဆေပီယန်စ်တစ်ယောက် မဟုတ်ပါဘူး။ သူမဟာ စိတ်ကူးနဲ့ဖွဲ့စည်းထားတဲ့ လူ့အသိုင်းအဝိုင်းတစ်ခုရဲ့ မိန်းမအဖွဲ့ဝင်တစ်ယောက် ဖြစ်လာပါတယ်။ သူမရဲ့အသိုင်းဝိုင်းကစိတ်ကူးအကြောင်းတရားတွေက သူမကို ကွဲပြားတဲ့ အမျိုးသမီးတွေရဲ့ကဏ္ဍ(ကလေးတွေ ပြုစုပျိုးထောင်ဖို့)၊ လူ့အခွင့်အရေး (အကြမ်းဖက်ခံရမှုမှ အကာအကွယ်ရဖို့)၊ တာဝန် (လင်ယောကျ်ားကို နာခံဖို့) စတဲ့အရာတွေကို ပေးအပ်တယ်။ ဒီကဏ္ဍတွေကို ဇီဝဗေဒဆိုတာထက် လူ့စိတ်ကူးအကြောင်းတရားတွေကသာ သတ်မှတ်ကြတာဖြစ်လို့ လူ့အသိုင်းအဝိုင်း တစ်ခုနှင့်တစ်ခုကြားက ယောကျ်ားနဲ့မိန်းမတွေရဲ့ အခွင့်အရေးတွေ၊ တာဝန်တွေ... ယောက်ျားဘဝ၊ မိန်းမဘဝဆိုတာတွေဟာ အလွန်ပဲကွဲပြားခြားနားကြပါတယ်။

ရှုပ်ထွေးမှုတွေနည်းပါးအောင်ဆိုပြီး ပညာရှင်တွေက ဇီဝသက်ရှိဆိုတဲ့ ခေါင်းစဉ်အောက်က လိင် နှင့် လူ့ယဉ်ကျေးမှုဆိုတဲ့ခေါင်းစဉ်အောက်က ယောကျ်ားမိန်းမကွဲပြားမှု ဆိုပြီး ခွဲခြားလေ့ရှိကြပါတယ်။ အထီးနှင့်အမကို လိင်နဲ့ခွဲခြားတဲ့သဘောဟာ အရှိတရားအရမှန်ကန်ပြီး သမိုင်းတစ်လျှောက်လုံး ဒီအတိုင်းပဲရှိလာခဲ့တာပါ။ ယောက်ျားမိန်းမကွဲပြားမှုဆိုတာ မိန်းမနဲ့ယောက်ျားအကြားခွဲခြားထားတာပါ (တစ်ချို့ယဉ်ကျေးမှုတွေကတော့ ဒါ့ထက်ပိုပါတယ်)။ ယောကျ်ားသဘာဝ၊ မိန်းမသဘာဝလို့ပြောတဲ့အရာတွေဟာ လူတစ်ဦးချင်းစီရဲ့စိတ်ခံစားမှုအပေါ် မူတည်ပြီး အမြဲတမ်းလည်း ပြောင်းလဲနေကြတာပါ။ ဥပမာအားဖြင့် ရှေးခေတ်အေသင်က မိန်းမတွေနဲ့ အခုခေတ် အေသင်က မိန်းမတွေရဲ့ အပြုအမူ၊ လိုအင်ဆန္ဒ၊ ဝတ်စားပုံ နှင့်တကွ ကိုယ်နေဟန်ထားပါမကျန် အကြီးအကျယ်ကွာခြားကြပါတယ်။

လိင်ဆိုတာ ကလေးကစားစရာလိုပဲ သိပ်အရေးမကြီးပါဘူး။ ဒါပေမယ့် ယောကျ်ားမိန်းမကွဲပြားမှုကတော့ အလွန်လေးနက်တဲ့ကိစ္စပါ။ လိင်အထီးတစ်ယောက်ဖြစ်ဖို့ဆိုတာ ကမ္ဘာမှာအလွယ်ဆုံးအလုပ်ထဲမှာပါ ပါတယ်။ X ခရိုမိုဆုမ်းတစ်ခု၊ Y ခရိုမိုဆုမ်းတစ်ခုနဲ့ မွေးလာရင်ပြီးတာပဲ။ အမတစ်ယောက်ဖြစ်ဖို့ကလည်း လွယ်ပါတယ်။ X ခရိုမိုဆုမ်းနှစ်ခု ရှိရင်ပြီးတာပဲ။ သို့ပေမယ့်လည်း ယောက်ျားတစ်ယောက်ဖြစ်လာတယ်၊ မိန်းမတစ်ယောက်ဖြစ်လာတယ်ဆိုတာ အလွန်ရှုပ်ထွေးပြီး တော်တော်ပင်ပန်းတဲ့အလုပ်ပါ။ လူ့အသိုင်းအဝိုင်းက ယောကျာ်းသဘာဝ၊ မိန်းမသဘာဝ ဂုဏ်သတ္တိတွေဆိုတာဟာ ဇီဝသက်ရှိတရားအရမဟုတ်ဘဲ လူ့ယဉ်ကျေးမှုအရ သာဖြစ်လို့ ဘယ်လူ့အဖွဲ့အစည်းကမှ အထီးတိုင်းကို ယောကျ်ားအဖြစ်၊ အမတိုင်းကို မိန်းမအဖြစ် အလိုအလျောက်မသတ်မှတ်လိုက်ပါဘူး။ ဒါမှမဟုတ် ဒီဂုဏ်ပုဒ်သတ္တိကို ရပြီးသွားပြီဆိုလည်း အမြဲမပြောင်းလဲ တည်မြဲနေတာလည်း မဟုတ်ဘူး။ ယောက်ျားတွေဟာ မွေးကင်းစကနေ သေတဲ့အထိ အတောမသတ်နိုင်တဲ့ ထုံးတမ်းတွေ၊ စွမ်းဆောင်မှုတွေနဲ့ သူတို့ဟာ ယောကျာ်းဘသားတွေဖြစ်ကြောင်း ဘဝတလျှောက်လုံး သက်သေပြရပါတယ်။ မိန်းမတစ်ယောက်အနေနဲ့ လုပ်ရတာလည်း ပြီးတယ်မရှိပါဘူး။ သူမဟာ မိန်းမပီသကြောင်း သူမကိုသူမရော၊ တခြားသူတွေကပါ ယုံကြည်အောင် အမြဲကြိုးစားနေထိုင်ရပါတယ်။

ဒါလည်း အောင်မြင်မယ် အာမ မခံနိုင်ပါဘူး။ အထူးသဖြင့် ယောကျ်ားတွေက သူတို့ရဲ့ယောက်ျားပီသမှု မပျောက်သွားဖို့ သူတို့ဘဝမှာ အမြဲစိုးရိမ်ကြတယ်။ သမိုင်းတလျှောက်မှာ ယောကျ်ားတွေဟာ ‘ဒါမှ ယောကျ်ားစစ်စစ်’ လို့ လူတွေပြောဖို့အတွက် သူတို့ရဲ့အသက်ကိုစွန့်ဖို့တောင် အသင့်ရှိခဲ့ကြတာပါ။


Sapiens – 55
ယောက်ျားဖြစ်ရသည်မှာ ဘာများကောင်းသနည်း။


အနည်းဆုံးတော့ စိုက်ပျိုးရေးပြောင်းလဲမှုကြီးကစလို့ လူ့အဖွဲ့အစည်းတော်တော်များများဟာ ယောက်ျားတွေကို အများကြီးပိုတန်ဖိုးထားတဲ့ ယောကျ်ားကြီးစိုးတဲ့လူ့အသိုင်းအဝိုင်းတွေပဲ ဖြစ်ခဲ့တာပါ။ လူ့အဖွဲ့အစည်းတစ်ခုက ယောကျ်ားဆိုတာ၊ မိန်းမဆိုတာ ဘယ်လိုသတ်မှတ်ထားသည်ဖြစ်စေ.. ယောကျ်ားတစ်ယောက်ဖြစ်ရတာ အမြဲပိုကောင်းပါတယ်။ ယောကျ်ားကြီးစိုးတဲ့ လူ့အဖွဲ့အစည်းတွေဟာ ယောကျ်ားတွေကို ယောကျ်ားတစ်ယောက်လိုတွေး၊ ယောကျ်ားတစ်ယောက်လိုပြုမူအောင်သင်ပေးပြီး မိန်းမတွေကို မိန်းမဆန်အောင်ပြုမူ၊ တွေးတောအောင် သင်ပေးပါတယ်။ ပြီးတော့ ဒီစည်းမျဉ်းကန့်သတ်ချက်ကို ကျော်ရဲတဲ့လူမှန်သမျှကိုလည်း အပြစ်ပေး ဒဏ်ခတ်တယ်။ သို့တိုင်အောင် ဒီသတ်မှတ်ချက်တွေကို လေးစားလိုက်နာပါတယ်ဆိုတဲ့လူတွေဟာလည်း တန်းတူ အကျိုးမခံစားရပါဘူး။ ယောကျ်ားတွေရဲ့ ဂုဏ်သတ္တိလို့ ယူဆကြတဲ့အရာတွေကို မိန်းမဂုဏ်သတ္တိတွေထက် ပိုတန်ဖိုးထားကြတယ်။ ပြီးတော့ လူ့အသိုင်းအဝိုင်းတစ်ခုမှာ မိန်းမစံနှုန်းကို လိုက်နာသူတွေထက် ယောက်ျားစံနှုန်းကိုလိုက်နာသူတွေက ပိုမိုအကျိုးကျေးဇူးတွေ ရပါတယ်။ မိန်းမတွေရဲ့ ကျန်းမာရေး နှင့် ပညာရေးကဏ္ဍတွေမှာ အရင်းမြစ်တွေ နည်းနည်းပဲ မြှပ်နှံကြတယ်။ မိန်းမတွေမှာ စီးပွားရေးအခွင့်အလမ်း၊ နိုင်ငံရေးအာဏာ၊ လွတ်လပ်စွာလှုပ်ရှားခွင့် စတဲ့အရာတွေ ပိုနည်းပါတယ်။ ယောကျ်ားမိန်းမကွဲပြားမှုဆိုတာ အပြေးသမားတစ်ချို့ကို ကြေးတံဆိပ်တစ်ခုတည်းအတွက်သာ ပြိုင်ခွင့်ပြုတဲ့ အပြေးပြိုင်ပွဲနဲ့ တူပါတယ်။






လက်တဆုပ်စာ အမျိုးသမီးတွေကတော့ ဦးသျှောင်အုပ်စိုးသူနေရာကို ရကြတယ်ဆိုတာတော့ မှန်ပါတယ်။ အီဂျစ်က ကလီယိုပါထရာ၊ အေဒီ ၇၀၀ က တရုတ်ဧကရီ ဝူဇီထျဲန် နှင့် အင်္ဂလန်နိုင်ငံရဲ့ ပထမမြောက် ဧလိဇဘက်ဘုရင်မကြီး စတဲ့လူတွေပါ။ ဒါပေမယ့် အဲဒီလို အုပ်စိုးမှုတွေမှာလည်း ခြွင်းချက်တော့ရှိပါတယ်။ ဧလိဇဘက်ဘုရင်မ အုပ်စိုးတဲ့ နှစ် ၄၀ ကာလမှာ ပါလီမန်အဖွဲ့ဝင်တွေအကုန်လုံးက ယောက်ျားတွေပါ။ ဘုရင့်ရေတပ်မတော်နဲ့ စစ်တပ်ကအရာရှိတွေအားလုံးဟာလည်း ယောကျ်ားတွေပါ။ တရားသူကြီးတွေ၊ ရှေ့နေတွေ၊ ခရစ်ယာန် ဓမ္မပညာရှင်တွေ၊ ဘုန်းတော်ကြီးတွေ၊ ဆရာဝန်တွေ၊ ခွဲစိတ်သူတွေ အားလုံးဟာ ယောက်ျားတွေပါ။ တက္ကသိုလ်တွေ၊ ကောလိပ်တွေက ကျောင်းသားအကုန်လုံး၊ ပါမောက္ခတွေ အကုန်လုံး ယောက်ျားတွေပါပဲ။ မြို့တော်ဝန်တွေ၊ လူဆိုးထိန်းတွေ အားလုံးဟာ ယောကျ်ားတွေပါ။ စာရေးဆရာ၊ ဗိသုကာပညာရှင်၊ ကဗျာဆရာ၊ ဒဿနဆရာ၊ ပန်းချီဆရာ၊ ဂီတပညာရှင်၊ သိပ္ပံပညာရှင် အားလုံးနီးပါးဟာ ယောက်ျားတွေပါ။

ယောက်ျားကြီးစိုးတဲ့စနစ်ဟာ စိုက်ပျိုးရေးနဲ့ စက်မှုကုန်ထုတ်လုပ်ရေး လူ့အဖွဲ့အစည်းအားလုံးရဲ့ သတ်မှတ်ချက်ဖြစ်တယ်။ ဒီဝါဒဟာ နိုင်ငံရေးဒီရေအတက်အကျ၊ လူမှုတော်လှန်ရေး၊ စီးပွားဖော်ဆောင်ပြောင်းလဲမှု စတဲ့ အားလုံးရဲ့ဒဏ်ကို ကြံ့ကြံ့ခံပြီး တည်မြဲနေတုန်းပါ။ ဥပမာ အီဂျစ်နိုင်ငံဆိုရင် ရာစုနှစ်များစွာ သူများနိုင်ငံရဲ့ အုပ်စိုးခြင်းကို ခံရတယ်။ အဆီးရီးယန်း၊ ပါရှန်း၊ မက်ဆီဒိုးနီးယန်း၊ ရောမ၊ အာရပ်၊ မာမဲလုက်၊ တူရကီ နှင့် ဗြိတိသျှ တို့က အုပ်စိုးခဲ့ကြတယ်။ ဒါပေမယ့် အီဂျစ်လူ့အဖွဲ့အစည်းဟာ အမြဲတမ်း ယောကျ်ားကြီးစိုးတဲ့အဖြစ်နဲ့ပဲ ကျန်နေခဲ့တာပဲ။ အီဂျစ်နိုင်ငံကို ဖာရိုးဘုရင်ဥပဒေ၊ ဂရိ ဥပဒေ၊ ရောမ ဥပဒေ၊ မွတ်ဆလင် ဥပဒေ၊ အော်တိုမန် ဥပဒေ၊ ဗြိတိသျှ ဥပဒေ တို့နဲ့အုပ်ချုပ်ခဲ့ပြီး သူတို့အားလုံးက ယောကျ်ားစစ်စစ် မဟုတ်တဲ့လူမှန်သမျှကို ခွဲခြားဆက်ဆံခဲ့ကြပါတယ်။

ယောက်ျားကြီးစိုးတဲ့စနစ်ဟာ ကမ္ဘာလုံးဆိုင်ရာစနစ်ဖြစ်တာကြောင့် တိုက်ဆိုင်မှုတစ်ခုခုကနေ စဖြစ်လာတဲ့ အဆိုးသံသရာတစ်ခုရဲ့ ရလဒ်တော့မဟုတ်ဘူး။ အထူးသတိပြုဖို့ကောင်းတာက ၁၄၉၂ ခုနှစ်မတိုင်ခင်ကတည်းက အမေရိကတိုက်နှင့် အာရှ-အာဖရိကတိုက်က လူ့အဖွဲ့အစည်းအများစုဟာ ယောက်ျားကြီးစိုးတဲ့ လူ့အဖွဲ့အစည်းတွေ ဖြစ်နေတာပါ။ အဲဒီတုန်းက အဲဒီကမ္ဘာနှစ်ခုဟာ တစ်ခုကိုတစ်ခု ရှိမှန်း မသိကြတာ နှစ်ထောင်ချီရှိနေပါပြီ။ တကယ်လို့ အာရှ-အာဖရိကတိုက်က လူ့အဖွဲ့အစည်းအများစုဟာ အကြောင်းတိုက်ဆိုင်မှု တစ်ခုခုကြောင့် ယောက်ျားကြီးစိုးတာဆိုရင် အမေရိကတိုက်က အက်ဇ်တက်တွေ၊ အင်ကာတွေမှာရော ဘာလို့ ယောက်ျားတွေကြီးစိုးကြတာလဲ။ လူ့ယဉ်ကျေးမှု တစ်ခုနှင့်တစ်ခုမှာ ‘ယောက်ျား’ ‘မိန်းမ’ ဆိုတဲ့အရာတွေအတွက် တိကျတဲ့အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ ကွဲပြားကြပေမယ့် လူ့ယဉ်ကျေးမှုအားလုံးမှာ မိန်းမသဘာဝထက် ယောကျ်ားသဘာဝကို ဘာကြောင့် ပိုတန်ဖိုးထားကြသလဲ ဆိုတဲ့အရာမှာ လူသားအားလုံးနဲ့ဆိုင်တဲ့ ဇီဝသက်ရှိဆိုင်ရာအကြောင်းရင်း ရှိမယ်ထင်တယ်။ အဲဒီအကြောင်းရင်းက ဘာလဲဆိုတာ ကျွန်တော်တို့မသိပါဘူး။ အဲဒါကို ရှင်းပြတဲ့ သီအိုရီတွေအများကြီးရှိပေမယ့် တစ်ခုမှ ယုံကြည်ရလောက်အောင် မခိုင်မာပါဘူး။

ကြွက်သားစွမ်းအား


လူသိအများဆုံး သီအိုရီကတော့ ယောက်ျားတွေက မိန်းမတွေထက်ပိုသန်မာတယ်ဆိုတဲ့အချက်ကို ထောက်ပြပါတယ်။ ပြီးတော့ မိန်းမတွေ သူတို့ကို နာခံလာအောင် အတင်းအကျပ်လုပ်တဲ့နေရာမှာ သူတို့ရဲ့ပိုမိုသန်မာတဲ့ကာယစွမ်းအားကို အသုံးပြုပါတယ်။ အဲဒါနဲ့ဆင်တူတဲ့ ကြွေးကြော်ချက်ကတော့ ယောက်ျားတွေရဲ့ ခွန်အားက ကြမ်းတမ်းတဲ့ ကာယအလုပ်တွေဖြစ်တဲ့ ထွန်ယက်ခြင်း၊ ရိတ်သိမ်းခြင်းစတာတွေကို လက်ဝါးကြီးအုပ်ခွင့်ရတယ်လို့ ဆိုပါတယ်။ ဒီအရာကြောင့် ယောက်ျားတွေက အစာထုတ်လုပ်ခြင်းကို ထိန်းချုပ်ခွင့်ရလာပြီး လူမှုရေးအာဏာရသလို ဖြစ်သွားတယ်လို့ ဆိုပါတယ်။

ဒီကြွက်သားစွမ်းအားအဆိုနဲ့ပတ်သက်ပြီး ထောက်ပြစရာ ၂ ခုရှိပါတယ်။ ပထမတစ်ခုကတော့ ယောက်ျားတွေက မိန်းမတွေထက် ပိုသန်မာတယ်ဆိုတဲ့အချက်ဟာ ပျမ်းမျှအဖြစ်သာ မှန်ကန်ပြီး တစ်ချို့သောခွန်အားသုံးရတဲ့နေရာတွေမှာပဲ ပိုအားကြီးတာပါ။ မိန်းမတွေဟာ ယောကျ်ားတွေထက် အစာငတ်ပြတ်မှု၊ ရောဂါဘယ၊ ပင်ပန်းနွမ်းနယ်မှု စတာတွေကို အများအားဖြင့် ပိုခံနိုင်ရည် ရှိကြပါတယ်။ ယောက်ျားတွေထက် ပိုမြန်အောင်ပြေးနိုင်၊ ပိုအလေးမနိုင်တဲ့ အမျိုးသမီးတွေလည်း အများကြီးရှိပါတယ်။ ဒါ့အပြင် ဒီသီအိုရီရဲ့ ပြဿနာအဖြစ်ဆုံးအချက်ကတော့ သမိုင်းတစ်လျှောက်မှာ မိန်းမတွေကို ကာယလုပ်အားနည်းနည်းပဲလိုတဲ့ (ပုရောဟိတ်၊ ဥပဒေ၊ နိုင်ငံရေး) စတဲ့အလုပ်တွေကနေ အဓိကအားဖြင့် ဖယ်ကျဉ်ထားကြတာပါပဲ။ မိန်းမတွေလည်း စိုက်ခင်းထဲက ပင်ပန်းတဲ့ ကာယလုပ်အား၊ လက်မှုပညာတွေ နဲ့ အိမ်အလုပ်တွေ လုပ်ရတာပါ။ တကယ်လို့ လူမှုအာဏာဟာ ကာယခွန်အား၊ သက်လုံကောင်းတာနဲ့ တိုက်ရိုက်အချိုးကျတယ်ဆိုရင် မိန်းမတွေအနေနဲ့ ဒီလူမှုအာဏာကို အများကြီးပိုရသင့်ပါတယ်။

အဲဒါထက်ပိုအရေးကြီးတာက ကာယခွန်အားနဲ့ လူမှုအာဏာရဲ့ တိုက်ရိုက်ဆက်နွယ်မှုဆိုတာ လူသားတွေကြားမှာ မရှိပါဘူး။ အသက်ခြောက်ဆယ်ကျော်လူကြီးတွေက အများအားဖြင့် သူတို့အာဏာကို အသက်နှစ်ဆယ်ကျော်လူငယ်တွေအပေါ်မှာ ကျင့်သုံးကြတယ်။ အသက်နှစ်ဆယ်ဝန်းကျင်လူတွေဟာ သူတို့ရဲ့လူကြီးတွေထက် အများကြီးပိုသန်မာကြတာပဲ။ ၁၉ရာစု အလယ်ပိုင်း အယ်လ်ဘားမားပြည်နယ် ဝါစိုက်ခင်းပိုင်ရှင်တစ်ယောက်ကို သူ့ကျွန်တွေထဲက ဘယ်သူကမဆို စက္ကန့်ပိုင်းအတွင်း မြေပေါ်လဲအောင် နပမ်းလုံးနိုင်မှာပဲ။ ဖာရိုးဘုရင်တွေရွေးချယ်ဖို့၊ ကက်သလစ် ပုပ်ရဟန်းမင်းကြီးတွေရွေးကောက်ဖို့ လက်ဝှေ့ပွဲတွေ မကျင်းပပါဘူး။ ရှာဖွေစားသောက်သူ လူ့အဖွဲ့အစည်းတွေမှာလည်း ကြွက်သားတွေနဲ့ အသန်မာဆုံးလူ ဆိုတာထက် လူမှုဆက်ဆံရေးအကောင်းဆုံးလူမှာပဲ အများအားဖြင့် နိုင်ငံရေးအာဏာ ရှိတာပါ။ ဒုစရိုက်ဂိုဏ်းတွေမှာလည်း ဂိုဏ်းချုပ်ဆိုတာ အသန်မာဆုံးလူမဟုတ်ပါဘူး။ ဂိုဏ်းချုပ်ဟာ အများအားဖြင့် အသက်ကြီးသူဖြစ်လေ့ရှိပြီး သူ့လက်သီးကိုသုံးခဲပါတယ်။ ငယ်ရွယ်ပြီး သန်မာတဲ့ ယောကျ်ားတွေကိုသာ သူ့ရဲ့ဒုစရိုက်အလုပ်တွေ လုပ်ခိုင်းတာပါ။ ဂိုဏ်းခေါင်းဆောင် (ဒွန်) တစ်ယောက်ကို ထိုးကြိတ်ပြီး ဒုစရိုက်ဂိုဏ်းတစ်ခုကို အုပ်စိုးမယ်လို့ ကြံတဲ့လူတစ်ယောက်ဟာ သူ့အမှားကနေ သင်ခန်းစာယူခွင့် ရအောင်တောင် သက်ဆိုးမရှည်ဖို့ များပါတယ်။ ချင်ပန်ဇီတွေကြားမှာတောင်မှ ခေါင်းဆောင်အထီးက သူ့ရာထူးကိုရတယ်ဆိုတာ တခြားချင်ပန်ဇီအထီးတွေ၊ အမတွေနဲ့ တည်မြဲတဲ့ရင်းနှီးမှု ရှိလို့ပါ။ အားအားရှိ ကြမ်းတမ်းခက်ထန်နေလို့ မဟုတ်ပါဘူး။

တကယ်ဆိုရင် ကာယစွမ်းအား နှင့် လူမှုစွမ်းအားတို့အကြား ပြောင်းပြန်ဆက်နွယ်မှုရှိတာကိုပဲ သမိုင်းက သက်သေပြတာကို တွေ့ရပါတယ်။ လူ့အဖွဲ့အစည်းအများစုမှာ အောက်ခြေလူတန်းစားကသာ ပင်ပန်းတဲ့ကာယ အလုပ်တွေလုပ်ရတာပါ။ ဒါဟာ အစာကွင်းဆက်ကြီးမှာ ဆေပီယန်စ်တို့ရဲ့ နေရာကိုလည်း ထင်ဟပ်နေပါတယ်။ တကယ်လို့ ကာယခွန်အားသာ အခရာကျတယ်ဆိုရင် ဆေပီယန်စ်တို့ဟာ အစာကွင်းဆက်ရဲ့အလယ်ပိုင်းမှာပဲ ရှိနေမှာပါ။ ဒါပေမယ့် လူသားတို့ရဲ့ လူမှုစွမ်းရည်၊ စိတ်စွမ်းရည်တွေကြောင့် ထိပ်ဆုံးမှာ နေရာရကြတယ်။ ဒါကြောင့် ခွန်အားဗလသက်သက်ဆိုတာထက် ဒီလူသားမျိုးစိတ်အတွင်းမှာ စိတ်စွမ်းရည်၊ လူမှုစွမ်းရည်တွေကသာ အာဏာစီးဆင်းမှုကို အဆုံးဖြတ်ပေးတာ သဘာဝကျပါတယ်။ ဒါကြောင့် သမိုင်းတလျှောက် လွှမ်းမိုးမှုအရှိဆုံးနဲ့ အတည်မြဲဆုံး အထက်အောက်လူမှုအဆောက်အအုံကို ယောက်ျားတွေက သူတို့ရဲ့ကာယအားနဲ့ မိန်းမတွေကို အတင်းအကျပ်ခိုင်းစေပြီး တည်ဆောက်ခဲ့တယ်ဆိုတာ ယုံကြည်ရခက်ပါတယ်။

ဘာသာပြန် - မာန်သီဟထွန်း
စာဖတ်သူအားလုံးကိုယ်ချမ်းသာပြီး စိတ်ချမ်းမြေ့ပါစေ။ ကျေးဇူးတင်ပါတယ်..
ပုံတွေကိုအောက်ပါလင့်တွေကနေယူပါတယ်။
https://www.britannica.com/art/Elizabethan-literature
https://www.africanexponent.com/…/9137-some-fascinating-fac…
https://www.aliexpress.com/i/32253595183.html

https://www.shutterstock.com/…/clip-1018300636-x-y-chromoso…
https://steemit.com/…/health-education-post-1-what-is-color…