Breaking News

ဧရာ(မန္တလေး) - အဘိဓမ္မာ မိတ်ဆက်


ဧရာ(မန္တလေး) - အဘိဓမ္မာ မိတ်ဆက် 

(မိုးမခ) အောက်တိုဘာ ၁၃၊ ၂၀၁၉

ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်ပြုတော်မူပြီးနောက် ပထမသံဂါယနာ တင်သောအခါ ၄၅-နှစ်တာကာလ ဟောကြားတော်မူခဲ့သော ဒေသနာတော်တို့အား ဝိနည်း, သုတ္တန်, အဘိဓမ္မာဟု အစုသုံးစု ပြု၍ မထေရ်အစဉ် အဆက်တို့ ပို့ချသင်ယူ ထိန်းသိမ်း စောင့်ရှောက်တော် မူခဲ့ကြသည်။ ဝိနည်းနှင့် သုတ္တန်ဒေသနာတို့သည် နာကြားမည့် လူပုဂ္ဂိုလ် စရိုက်အလိုက် ပရိယာယ်ဖြင့် ဆောင်၍ ဟောကြားတော်မူခဲ့ပြီး၊ အဘိဓမ္မာဒေသနာကိုမူ ပုဂ္ဂိုလ်မငဲ့၊ ပရိယာယ်မဆောင်ပဲ အဓိပ္ပါယ်ကို တိုက်ရိုက် (နိတတ္ထ) ဟောကြားထားခြင်း ဖြစ်သည်။

အဘိဓမ္မာသည် “မြင်, ကြား, နံ, စား, ထိ, သိ” ဟူသော သိမှုအတွေ့အကြုံ (experience) အား အရှိကို အရှိအတိုင်း ရှုမြင်သုံးသပ်ခြင်းပင် ဖြစ်သည်။ ပုထုဇဉ်တို့သည် ထိုသိမှုအတွေ့အကြုံကို အတ္တရှုထောင့်မှ ရှုမြင်သည်။ ဗုဒ္ဓမြတ်စွာက အနတ္တရှုထောင့်မှ ရှုမြင်သည်။ အဘိဓမ္မာဒေသနာသည် အနတ္တရှုထောင့်မှ ရှုမြင်နိုင်ရန် အတွေ့အကြုံတို့အား ခွဲခြမ်းစိတ်ဖြာ၍ ပြသည်။ ထို့နောက် ထိုတရားတို့ မည်သို့ အကြောင်းအကျိုး ဆက်နွယ်မှီတွယ်နေပုံကို ဟောကြားသည်။ အတွေ့အကြံုအား ခန္ဓာ ၅-ပါးအဖြစ် ခွဲကြည့်သည်။ အာယတန ၁၂-ပါးအဖြစ်ခွဲကြည့်သည်။ ဓာတ် ၁၈-ပါးအဖြင့် ခွဲကြည့်သည်။ ထို့နောက် ထို ခန္ဓာ၊ အာယတန၊ ဓာတ်တို့ အချင်းချင်း အပြန်အလှန်မှီ၍နေပုံ ပဋိစ္စသမုပ္ပါဒ်ကိုလည်းပြသည်။ ပဋ္ဌာန်းဒေသနာကိုလည်း ဟောကြားပြသသည်။ အချုပ်အားဖြင့် “သဗ္ဗေ ဓမ္မာ အနတ္တာ” ကို ဟောကြားခြင်းဖြစ်သည်။

🔹 အဘိဓမ္မာပါဠိတော် ၇-ကျမ်း


၁။ ဓမ္မသင်္ဂဏီ
၂။ ဝိဘင်္ဂ (ဝိဘင်း)
၃။ ဓာတုကထာ
၄။ ပုဂ္ဂလပညတ္တိ (ပုဂ္ဂလပညတ်)
၅။ ကထာဝတ္ထု
၆။ ယမက (ယမိုက်)
၇။ ပဋ္ဌာန (ပဋ္ဌာန်း)

ဓမ္မသင်္ဂဏီကျမ်းသည် အဘိဓမ္မာကျမ်းရင်း ပါဠိတော် ၇-ကျမ်းတွင် ပထမဆုံးသော ကျမ်းဖြစ်သည်။ ဓမ္မသင်္ဂဏီဟူသော အမည်သည် “ဓမ္မတို့ကို ရေတွက်၍ ပြသောကျမ်း” (Enumeration of Phenomena) ဟု အဓိပ္ပါယ်ရသည်။ ပရမတ္ထခေါ် အတွေ့အကြုံဘဝမှ အစစ်မှန်တရားတို့အား “မာတိကာ”ခေါ် ဇယားချ၍ အုပ်စုဖွဲ့ ရေတွက်ပြသော ကျမ်းဖြစ်သည်။ သဘောတူရာ တူရာအုပ်စုဖွဲ့၍ သုံးစုစီဖွဲ့ထားသော တိကမာတိကာ (တိက် - Traids) အစု ၂၂ စုနှင့် နှစ်စုစီ အုပ်စုဖွဲ့သော ဒုကမာတိက (ဒုက် - Dyads) အစု ၁၀၀ ရှိသည်။ ဥပမာအားဖြင့် ကုသလတိက်ဟုဆိုလျှင် ကုသိုလ်အုပ်စု၊ အကုသိုလ်အုပ်စုနှင့် (အကုသိုလ်အကုသိုလ်ဟု ပြောမရသော) အဗျာကတအုပ်စုဟု သုံးအုပ်စု ခွဲပြခြင်းဖြစ်သည်။ ဟေတုဒုက် ဟုဆိုလျှင် ဟေတုခေါ် ဟိတ်တရားများ အုပ်စုနှင့် အဟေတုကခေါ် ဟိတ်မဟုတ်သော တရားများ အုပ်စုဟု နှစ်စုပြု၍ ပြသည်။

ဓမ္မသင်္ဂဏီ၏ ပထမဆုံးအခန်းမှာ စိတ္တုပ္ပါဒကဏ္ဍ ဖြစ်သည်။ စိတ်ဖြစ်ပေါ်ပုံပြသော အခန်းဖြစ်သည်။ စိတ်ဖြစ်သောအခါ စိတ်နှင့်အတူ စေတသိက်တရားတို့တွဲဖြစ်ကြသည်။ မည်သည့်စိတ်ဖြစ်သောအခါ မည်သည့် စေတသိက်တို့တွဲ၍ ဖြစ်သည်ကို ပြသည်။ ထို့နောက် ဒုတိယအခန်းဖြစ်သော ရူပကဏ္ဍတွင် ရုပ်တရားတို့အကြောင်းကို ဖော်ပြသည်။ တတိယအခန်း နိက္ခေပကဏ္ဍတွင် အဘိဓမ္မာနှင့် သုတ္တန်ဒေသနာတို့မှ တိက၊ ဒုက မာတိကာအားလုံးတို့အား အကျဉ်းအားဖြင့် ပြထားသည်။ နောက်ဆုံး အဋ္ဌကထာကဏ္ဍတွင် သုတ္တန္တမာတိကာများကို ချန်လှပ်ပြီး အဘိဓမ္မာမာတိကာများကိုသာ ကျက်မှတ်ရ လွယ်စေရန်အတွက် ပို၍ အကျဉ်းခြုံး ဖော်ပြထားသည်။

ဒုတိယကျမ်းဖြစ်သော အဘိဓမ္မာဝိဘင်းကျမ်း (Book of Analysis) သည် အခန်း ၁၈-ခန်းဖွဲ့၍ အသေးစိတ် ပိုင်းခြားဝေဖန်၍ ဟောကြားထားသော ကျမ်းဖြစ်သည်။ အခန်း ၁၈-ခန်းမှာ ခန္ဓာ, အာယတန, ဓာတု, သစ္စ, ဣန္ဒြိယ, ပဋိစ္စသမုပ္ပါဒ, သတိပဋ္ဌာန, သမ္ပပဓာန, ဣဒ္ဓိပါဒ, ဗောဇ္ဈင်္ဂ, မဂ္ဂင်္ဂ, စျာန, အပ္ပမညာ, သိက္ခာပဒ, ပဋိသမ္ဘိဒါ, ဉာဏ, ခုဒ္ဒကဝတ္ထု, ဓမ္မဟဒယ တို့ဖြစ်သည်။

အခန်း ၁၄-ခန်းရှိသော ဓာတုကထာကျမ်း (Discourse on Elements)သည် ရှေ့နှစ်ကျမ်းဖြစ်သော ဓမ္မသင်္ဂဏီနှင့် ဝိဘင်းကျမ်းတို့တွင် ဖော်ပြခဲ့သော တိကနှင် ဒုကမာတိကာတို့အား “ခန္ဓာ၊ အာယတန၊ ဓာတ်” သုံးစုတွင် မည်သို့အကျုံးဝင်သည်၊ မဝင်သည်ကို ဆက်စပ်ပြထားသော ကျမ်းဖြစ်သည်။ ထို့ကြောင့် ကျမ်းငယ် တစ်ဆူသာဖြစ်သော်လည်း ရှေ့နှစ်ကျမ်းနှင့် တွဲဖက်လေ့လာရမည့် ကျမ်းဖြစ်သည်။

အဘိဓမ္မာသည် ပရမတ္ထဒေသနာဟုဆိုရသော်လည်း ပညတ်ဝေါဟာရများမပါပဲ ဟောကြား၍မရ။ ပညတ်ဟုဆိုရာတွင် စိတ်, စေတသိက်စသော အစစ်အမှန် ရှိသောတရားတို့အား အမည်ပေး ခေါ်ဝေါ်ထားသော ဝိဇ္ဇမာနပညတ်နှင့် “ယောက်ျား, မိန်မ, ပုဂ္ဂိုလ်သတ္တဝါ” စသည်တို့ကဲ့သို့ အစစ်မှန်အားဖြင့်မရှိပဲ စိတ်အထင်ဖြင့် ကြံဆ ခေါ်ဝေါ်ထားသော အဝိဇ္ဇမာနပညတ်ဟူ၍ နှစ်မျိုးရှိသည်။ ပုဂ္ဂလပညတ် (Concepts of Individuals) သည် အခြားအဘိဓမ္မာကျမ်းများနှင့် မတူပဲ၊ ပရမတ္ထတရားတို့အစား ပညတ်ဝေါဟာရတို့အား လေ့လာသည်။ အခန်း ၁၀-ခန်းခွဲခြား၍ ပုဂ္ဂိုလ် အမျိုးစားများအား အသေးစိတ်ခွဲခြား ပြထား၏။

ကထာ၀တ္ထု (Points of Controversy) သည်လည်း ပုဂ္ဂလပညတ်ကျမ်းကဲ့သို့ပင် အခြားသော အဘိဓမ္မာကျမ်းများနှင့် မတူသော ကျမ်းဖြစ်သည်။ မြတ်စွာဘုရားပရိနိဗ္ဗာန်စံပြီး ၂၁၈-နှစ်အကြာ၊ အသောကမင်းလက်ထက် တတိယသံဂါယနာတင်စဉ်တွင် ရှင်မောဂ္ဂလိပုတ္တတိဿမထေရ် ထည့်သွင်းဟောကြားခဲ့သောကျမ်းဖြစ်သည်။ ဘုရားဟောဒေသနာတို့မှ ပုဂ္ဂိုလ်၊ သတ္တဝါ၊ အတ္တစသော သဘောတရားတို့အပေါ်တွင် အဓိပ္ပါယ်ကောက်ယူပုံ ကွဲလွဲနေသည်များအား ဖြေရှင်းရန် စကားရည်လုသကဲ့သို့ အချေအတင် မေးဖြေထားသော စကားပြောပုံစံဖြင့် ဟောကြားထားသော ကျမ်းဖြစ်သည်။

ယမိုက်ကျမ်း (Books of Pairs) သည် အဘိဓမ္မာဝေါဟာရတို့၏ အဓိပ္ပါယ် သတ်မှတ်ချက်ကို ပို၍ သေချာတိကျစေရန်၊ အစုံ, အစုံအားဖြင့် အမေးအဖြေပြု၍ ဟောကြားထားသည်။ ဥပမာအားဖြင့် “ကုသလဓမ္မ အားလုံးတို့သည် ကုသလမူလ ဖြစ်သလော၊ သို့တည်းမဟုတ် ကုသလမူလ အားလုံးတို့သည် ကုသလဓမ္မ ဖြစ်သလော” စသဖြင့် အစုံပြု၍ မေးဖြေထားသည်။ မူလ, ခန္ဓာ, အာယတန, ဓာတ်, သစ္စာ, သင်္ခါရ, အနုသယ, စိတ္တ, ဓမ္မ, ဣန္ဒြိယဟူ၍ ယမိုက် ၁၀-ကျမ်းရှိသည်။

ရှေ့ကျမ်းတို့တွင် တိကမာတိကာ, ဒုကမာတိကာတို့အား အုပ်စုဖွဲ့ ရေတွက်ပြခြင်း၊ ခန္ဓာ, အာယတန, ဓာတ်စသော အုပ်စုများတွင် သွင်း၍ ပြခြင်း၊ အသေးစိတ် ပိုင်းခြားဝေဖန်ပြခြင်း၊ တရားတစ်ပါးနှင့် ရောယှက်ခြင်းမရှိစေပဲ အဓိပ္ပါယ် ပိုမိုတိကျစေရန် သတ်မှတ်ပေးခြင်း စသဖြင့်လေ့လာခဲ့သည်။ နောက်ဆုံးကျမ်းဖြစ်သော ပဋ္ဌာန်းကျမ်း (Books of Conditional Relations) တွင် “ထိုတရားတို့သည် မိမိတို့ သဘာဝအလျှောက် သီးခြားရပ်တည်ဖြစ်ပေါ်နိုင် စွမ်းမရှိ။ အကြောင်း အထောက်အပံ့ အမျိုးမျိုးတို့ပေါ် မှီတည်၍ ဖြစ်ပေါ်ရပုံ” ကိုဟောကြားသည်။ တရားတို့ အချင်းချင်း ဆက်စပ် ထောက်ပံ့နေပုံအား ပစ္စည်း (ပစ္စယ - Conditions) ၂၄-မျိုးဖြင့် ဟောကြားထားသည်။ အခန်းကဏ္ဍအားဖြင့်

(၁) အနုလောမ (positive methods)
(၂) ပစ္စနီယ (negative methods)
(၃) အနုလောမ ပစ္စနီယ (positive-negative Methods)
(၄) ပစ္စနီယ အနုလောမ (negative-positive methods) ဟုလေးခန်းရှိသည်။

ကဏ္ဍတစ်ခုတွင် အခန်းငယ် ၆-ခန်းစီပါ၍ စုစုပေါင်း အခန်း ၂၄-ခန်းရှိသည်။ အုပ်ရေအားဖြင့် ၅-အုပ် စာမျက်နှာအားဖြင့် ၂၅၀၀ မျှ အရွယ်အစား ရှိရုံသာမက နားလည်ရန်လည်း ခက်ခဲလှသဖြင့် “ကျမ်းကြီး-ပဋ္ဌာန်း ကျမ်းငယ်-ဆန်း”ဟု စာချိုးရသော ကျမ်းဖြစ်သည်။

🔹 အဘိဓမ္မာအဖွင့်ကျမ်းများ


ထိုသို့ ကြီးမားကျယ်ပြန့်သော အဘိဓမ္မာဒေသနာတော်ကြီး၏ အဓိပ္ပါယ်ကို နားလည်စေနိုင်ရန် အတွက် ခေတ်အဆက်ဆက် အနက်ဖွင့်ကျမ်းများ ရေးသားပြုစုခဲ့ကြသည်။ ပါဠိတော်တို့၏ အနက်အဓိပ္ပါယ်ကို ဖွင့်ပြသောကျမ်းတို့အား အဋ္ဌကထာ (Commentary) ဟုခေါ်သည်။ သာသနာသက္ကရာဇ် ၉၇၃-ခုနှစ် (တတိယသံဂါယနာတင်ပြီး အနှစ် ၇၀၀-ကြာ)တွင် ပေါ်ထွန်းခဲ့သော အရှင်မဟာဗုဒ္ဓဃောသသည် အလွန်ထင်ရှားသော အဋ္ဌကထာဆရာ တစ်ပါးဖြစ်သည်။ သီဟိုဠ်ဘာသာဖြင့်ရှိနေသော ရှေးအဖွင့်ကျမ်းများအား မှီး၍ ဘုရားဟော ဒေသနာ အားလုံးနီးပါးတို့၏ အဋ္ဌကထာကျမ်းသစ်များကို ပြုစုခဲ့သော မထေရ်ဖြစ်သည်။ အရှင်မဟာဗုဒ္ဓဃောသသည် ဓမ္မသင်္ဂဏီကျမ်းအဖွင့် အဋ္ဌသာလိနီ (The Expositor), ဝိဘင်းကျမ်းအဖွင့် သမ္မောဟဝိနောဒနီ (The Dispeller of Delusion) နှင့် ကျန်သော အဘိဓမ္မာ ၅-ကျမ်းတို့၏ အဖွင့် ပဉ္စပကာရဏ အဋ္ဌကထာ (Commentary of five treatises) ဟူသော အဋ္ဌကထာ သုံးကျမ်းအားပြုစုခဲ့သည်။

ထို့နောက် ယင်းအဋ္ဌကထာသုံးကျမ်းမှ ခက်ခဲသောအပိုင်းတို့ကို ထပ်မံဖွင့်သော ဋီကာကျမ်းများကို အရှင်အာနန္ဒ မထေရ်က ပြုစုခဲ့သည်။ မူလဋီကာ (Original sub-commentaries) ဟုခေါ်သည်။ အရှင်အာနန္ဒ၏ တပည့် အရှင်ဓမ္မပါလ မထေရ်က တစ်ဖန်ထပ်မံ၍ အဖွင့်ကျမ်းများရေးသားခဲ့ရာ အနုဋီကာ ဟုအမည်တွင်သည်။

🔹 အဘိဓမ္မာသင်္ဂြိုဟ်ကျမ်း


ယခုဖော်ပြခဲ့သော အဋ္ဌကထာ၊ ဋီကာကျမ်းများသည် အဘိဓမ္မာပါဠိတော်ကြီးများ၏ အစဉ်အတိုင်း အနက်အဓိပ္ပါယ်, ပုဒ်ပါဌ်တို့ကို ဖွင့်ပြသောကျမ်းများဖြစ်၏။ မူလကပင် ကြီးမားကျယ်ပြန့်သော ဒေသနာတော်ကြီးအား အဋ္ဌကထာ၊ ဋီကာများဖြင့် ထပ်မံလေ့လာရန်သည် စာသင်သားငယ်တို့အတွက် မလွယ်ကူလှ။ ထို့ကြောင့် နောင်တွင် အဘိဓမ္မာ ၇-ကျမ်းလုံးနှင့် အဖွင့်အဋ္ဌကထာ၊ ဋီကာတို့မှ အနက်အဓိပ္ပါယ်တို့ကို အကျဉ်းခြုံး ခြုံငုံ၍ ရေးသားပြုစုသော ကျမ်းငယ်များပေါ်ထွန်းလာခဲ့သည်။ ထိုကျမ်းတို့အား လက်သန်းသဖွယ် သေးငယ်၍ လက်သန်းအဋ္ဌကထာများ ဟုခေါ်သည်။ (အကျဉ်း မှတ်ဖွယ်မျှသာ ဆိုသဖြင့် လက္ခဏ ဟုခေါ်ရာမှ၊ လက္ခန် > လက်သန်း ဖြစ်သွားသည် ဟုလည်းဆိုကြသည်။)

အရှင်ဗုဒ္ဓဃောသလက်ထက်ကပင် ခေတ်ပြိုင်အဋ္ဌကထာဆရာ တစ်ပါးဖြစ်သော အရှင်ဗုဒ္ဓဒတ္တမထေရ်သည် အဘိဓမ္မာဝတာရ (An Approach to Abhidhamma) နှင့် ရူပါရူပဝိဘာဂ (Analysis of Matter and Mind) အမည်ရှိ အဘိဓမ္မာ လက်သန်း အဋ္ဌကထာကျမ်းငယ်နှစ်ဆူ ရေးသား ပြုစုခဲ့ဖူးသည်။ ထိုသို့သော အဘိဓမ္မာ လက်သန်း အဋ္ဌကထာများအနက် အရှင်အနုရုဒ္ဓမထေရ်ပြုစုသော အဘိဓမ္မတ္ထသင်္ဂဟကျမ်း (Compendium of Abhidhamma) သည် အထင်ရှားဆုံးဖြစ်သည်။ ‘သင်္ဂဟ’ အား မြန်မာမှုပြု၍ ‘သင်္ဂြိုဟ်’ကျမ်းဟု ခေါ်ဝေါ်ကြသည်။

ဤကျမ်းငယ်လေးအား သင်္ဂြိုဟ် ၉-ပိုင်းခေါ် အောက်ပါ အခန်း ၉-ခန်းဖြင့် ဖွဲ့စည်းထားသည်။

၁။ စိတ္တပရိစ္ဆေဒ (စိတ်ပိုင်း)- စိတ် အကျဉ်း ၈၉-ပါး၊ အကျယ် ၁၂၁-ပါးကို ပြသော အခန်း
၂။ စေတသိကပရိစ္ဆေဒ (စေတသိက်ပိုင်း) - စေတသိက် ၅၂-ပါးနှင့် စိတ်-စေတသိက်တို့ယှဉ်ပုံပြသော အခန်း
၃။ ပကိဏ္ဏကပရိစ္ဆေဒ (ပကိဏ်းပိုင်း) - စိတ်, စေတသိက်တို့ကို ဝေဒနာ, ဟိတ်, ကိစ္စ, ဒွါရ, အာရုံ, ၀တ္ထုအားဖြင့် အထွေထွေ အလီလီ ခွဲခြားဝေဖန်ပြသော အခန်း
၄။ ဝီထိပရိစ္ဆေဒ (ဝီထိပိုင်း) - ဒွါရခြောက်ပါးတွင် ဝီထိ (mental process) ခေါ် သိစိတ်အစဉ်တို့ဖြစ်ပေါ်ပုံ စိတ္တနိယာမကို ပြသောအခန်း
၅။ ဝီထိမုတ္တပရိစ္ဆေဒ (ဝီထိမုတ်ပိုင်း) – ရှေ့အခန်းတွင်ပြခဲ့သော ဝီထိတို့မှ လွတ်နေသော ဘဝင်, စုတိ, ပဋိသန္ဓေအခိုက်တို့၌ စိတ်အစဉ်ဖြစ်ပုံ ပြသော အခန်း
၆။ ရူပပရိစ္ဆေဒ (ရုပ်ပိုင်း) - ရုပ် ၂၈-ပါး၊ ရုပ်ဖြစ်ပုံ၊ ရုပ်အစဉ်နှင့် နိဗ္ဗာန်အကြောင်းတို့ကို ဖော်ပြသော အခန်း
၇။ သမုစ္စယပရိစ္ဆေဒ (သမုတ်စည်းပိုင်း) - စိတ်, စေတသိက်, ရုပ်, နိဗ္ဗာန်တို့အား အဘိဓမ္မာကျမ်းကြီးများတွင်ကဲ့သို့ ခန္ဓာ, အာယတန, ဓာတ်စသဖြင့် အုပ်စုဖွဲ့စည်းပြသော အခန်း
၈။ ပစ္စယပရိစ္ဆေဒ (ပစ္စည်းပိုင်း) - အကြောင်းအကျိုးဆက်နွယ်ပုံတို့ကို ပဋိစ္စသမုပ္ပါဒ်နည်း၊ ပဋ္ဌာန်းနည်းဖြင့် ပြသော အခန်း
၉။ ကမ္မဋ္ဌာနပရိစ္ဆေဒ (ကမ္မဋ္ဌာန်းပိုင်း) - သမထ, ဝိပဿနာကမ္မဋ္ဌာန်းတို့ကို ပြသော အခန်း

အဘိဓမ္မာပါဠိတော်၊ အဋ္ဌကထာကြီးများအား မလေ့လာမီ၊ အဘိဓမ္မာ အခြေခံရစေရန် သင်္ဂြိုဟ်ကို လေ့လာကြရသည်။ သင်္ဂြိုဟ်ကျမ်းတွင် ပါဠိတော်ကြီးများတွင်ကဲ့သို့ တိကမာတိကာ, ဒုကမာတိကာများဖြင့် ခွဲခြားပြမနေတော့ပဲ “အဘိဓမ္မာတွင် စိတ်, စေတသိက်, ရုပ်, နိဗ္ဗာန်”ဟူသော ပရမတ္ထအပြားလေးပါးရှိသည်” စသဖြင့် အကျဉ်းအားဖြင့် ခြုံငုံဖော်ပြသဖြင့် စတင်လေ့လာသူတို့အတွက် လွယ်ကူစေသည်။ ထို့ကြောင့် သင်္ဂြိုဟ်ကျမ်းအား “အဘိဓမ္မာသင်ပုန်းကြီး” ဟုလည်း ခေါ်ဝေါ်ကြသည်။

ဧရာ (မန္တလေး)

စာညွှန်း။
၁။ လယ်တီပဏ္ဍိတဦးမောင်ကြီး - အဘိဓမ္မတ္ထမဉ္ဇရီ ခေါ် ပရမတ္ထသံခိပ်ဋီကာ (နိဒါန်းမှ ကောက်နှုတ်ချက်)
၂။ Bhikkhu Bodhi – A Comprehensive Manual of Abhidhamma : Translation of Abhidhamma Sangaha (extract from Introduction)
၃။ Nyanatiloka Mahāthera – Abhidhamma Pitaka
၃။ U Ko Lay – A Compendium of Buddhiam: Guide to Tipiṭaka
၄။ Dr. Nandamālā – Fundamental Abhidhamma Part I (extract from Introduction)