Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၅ လ ၂၇ ရက် မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၅ လ ၂၇ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၂၇၊ ၂၀၂၁

ကိုဗစ်ကူးစက်ရောဂါကြောင့် ကျဆုံးနေရတဲ့နေ့ရက်များ

မိမိနေတဲ့ လမ်းထဲက အိမ်တအိမ်ရှေ့ကို နာရေးကူညီမှု အသင်းတသင်းရဲ့ အယ်လ်ဖတ်အမျိုးအစားကား တစီးက ခပ်တိတ်တိတ်ဆိပ်ဆိပ် ထိုးရပ်လိုက်တာကို မြင်တွေ့လိုက်ရတဲ့အချိန်မှာ ဒီအိမ်က လူနာ ကွယ်လွန်သွားပြီဆိုတာ သဘောပေါက်လိုက်ပါတယ်။ ပြီးခဲ့တဲ့ ၄ ရက်လောက်ကပဲ အဲဒီအိမ်ရဲ့ မျက်နှာချင်းဆိုင်က အိမ်က ကိုဗစ်လူနာတဦး ကွယ်လွန်ခဲ့ပါသေးတယ်။ အဲဒီနေ့ကလည်း ကျော်သူရဲ့ နာရေးကူညီမှု အသင်းက ကားပဲ ထိုးရပ်တာတွေ့လိုက်ရပြီး ကွယ်လွန်သွားသူရဲ့ ရုပ်အလောင်းကို ခပ် တိတ်တိတ်ဆိတ်ဆိတ် နဲ့ သယ်ဆောင်သွားပြီး သဂြိုဟ်ခဲ့တဲ့ အဖြစ်ကို အိမ်ပေါ်ကနေ လှမ်းမြင်တွေ့ခဲ့ရပါတယ်။ ပုံမှန်အချိန်ကာလမျိုးဆိုရင်တော့ လမ်းထဲက လူတဦးဦး ကွယ်လွန်တယ်ဆို အိမ်ရှေ့မှာ ကွယ်လွန်သူအမည်နဲ့ ဘယ်နေ့ဘယ်အချိန် ကွယ်လွန်ကြောင်း ဘယ်နေ့မှာ သဂြိုဟ်မယ့်အကြောင်း ရပ်ကွက်ကို အသိပေးတဲ့အနေနဲ့ ဘုတ်ထောင်ထားလေ့ရှိပေမယ့် ခုလို ကိုဗစ်ကူးစက်မှုတွေကြောင့် ကိုဗစ်ရောဂါနဲ့ ကွယ်လွန်ကြရာမှာ ပုံမှန်အချိန်လိုတရက် နှစ်ရက် ထားရှိတာမျိုးမလုပ်ကြသလို နေ့တွင်းချင်းပဲ အမြန်ဆုံး သဂြိုဟ်နိုင်အောင် ဆက်သွယ်ပြီး နာရေးကူညီမှုအသင်းတွေ၊ ပရဟိတ လူမှုကူညီရေးအသင်းတွေက လူနာတင်ကားတွေနဲ့ သယ်ဆောင်ပြီး မိသားစုဝင် ၁ဦး၂ ဦးလိုက်ပြီး သင်္ချိုင်းကိစ္စ လိုက်ပါဆောင်ရွက်တာ ရှိသလို အချို့ကတော့ မိသားစုဝင်တွေတောင် လိုက်ပါနိုင်ခြင်းမရှိပဲ အကူအညီပေးတဲ့ အသင်းက ပရဟိတကူညီသူတွေက တာဝန်ယူသယ်ဆောင်ပြီး သဂြိုဟ်ပေးကြရတာ ဖြစ်ပါတယ်။

ရပ်ကွက်ထဲ နာရေးဖြစ်တယ်ဆိုပြီး နာရေးအိမ်ကို စာနာမှု အားပေးမှုနဲ့ သတင်းသွားမေးတဲ့ အလေ့အထလည်း အခုချိန်မှာ မလုပ်ကြတော့၊ ကူးစက်မှု ထပ်မံ ပျံံ့နှံ့နိုင်တာကြောင့် အိမ်နီးနားချင်းတွေ ကိုယ်၌ပင်လျင် ကွယ်လွန်သွားတဲ့ အိမ်ကို သွားရောက် မေးမြန်းတာတွေ မလုပ်ကြတော့ပါဘူး။

အချို့သော မိသားစုတွေမှာတော့ ကျန်ရစ်သူတွေက ရက်လည်ဆွမ်း၊ သက်ပျောက်ဆွမ်းကို သံဃာပင့်ဖိတ်ကပ်တာမျိုး တွေ့ရပေမယ့် အချို့တွေကတော့ သံဃာကို အွန်လိုင်း ဗီဒီယိုကတဆင့် တရားနာပြီး လှူဖွယ်ဝတ္တုတွေကို နောက်မှ ကျောင်းကို သွားပို့ဆောင်တာမျိုးတွေလည်း လုပ်ကြတာတွေ့ရပါတယ်။

ခုတလတာအတွင်း ကိုဗစ်ကူးစက်မှုက မိမိတို့ပတ်ဝန်းကျင်က မိသားစုတိုင်းလောက်ကို ရောက်ရှိခဲ့ပြီး အဲဒီအထဲက ကျန်းမာရေး အားနည်းသူ အသက်အရွယ်ကြီးသူတွေကို ခြေွချကာ ခေါ်ဆောင်သွားနေတာ ဖြစ်ပါတယ်။ တရက်တရက် မိမိပတ်ဝန်းကျင်မှာအခုလို သေဆုံးသွားကြရတာကို ကိုယ်တိုင် မြင်နေရသလိုပဲ ဆိုရှယ်မီဒီယာ ဖေ့စ်ဘွတ်စာမျက်နှာမှာ မိုးလင်းလို့ ဖွင့်ကြည့်လိုက်ရင် မိမိအသိ၊ မိတ်ဆွေ၊ သူငယ်ချင်း လုပ်ဖော်ကိုင်ဖက် တွေရဲ့ မိသားစုဝင်တွေ၊ မိဘ၊ ဇနီး၊ ခင်ပွန်းနဲ့ လူသိများထင်ရှားသူစတဲ့ ပုဂ္ဂိုလ်တွေ မနက်ဘယ်နှနာရီက ညဘယ်နှနာရီက ကွယ်လွန်သွားတဲ့အကြောင်း တင်ထားကြတာ နေ့စဥ် အပ်ဒိတ်အဖြစ်နဲ့ အရေအတွက် အများအပြားတွေ့ရ မြင်ရလို့ တော်တော့်ကို တုန်လှုပ်စရာ ကောင်းလာနေပါတယ်။

တချို့သော မိတ်ဆွေတွေရဲ့ FB အကောင့်မှာ ကာယကံရှင် ကွယ်လွန်သွားကြောင်း သူ့မိသားစုဝင်တွေက သူ့အကောင့်ကို သုံးပြီး မိတ်ဆွေတွေကို အသိပေးအကြောင်းကြားတာတွေလည်း ခုရက်ပိုင်းမှာ မြင်တွေ့နေရတာ စိတ်မချမ်းမြေ့စရာ ကောင်းလှပါတယ်။

ကိုဗစ်ကူးစက်ခံရလို့ နေမကောင်းဖြစ်လို့ ဆေးရုံတက်နုိင်တဲ့သူက တရာတယောက်တောင် မရှိတော့တာ အခု နိုင်ငံရေး အကြပ်အတည်း ဖြစ်နေချိန် ကိုဗစ်တတိယလိှုင်းရဲ့ အခြေအနေဖြစ်ပါတယ်။ မြို့နယ်ကျန်းမာရေး ဌာနနဲ့ သတ်မှတ်ထားတဲ့ ပုဂ္ဂလိက ကျန်းမာရေးစစ်ဆေးတဲ့ ဆေးရုံဆေးခန်းမှာ ကိုဗစ်စစ်ဆေးမှုပါရှိသည့်တိုင် ဆေးရုံက ကိုဗစ်လူနာတွေကို လက်မခံနိုင်တဲ့ အနေအထားကို ရောက်နေပြီး အခုအခါမှာတော့ ကိုဗစ်ကူးစက်ခံရသူ တရာမှာ ၉၉ ယောက်လောက်က နေအိမ်မှာပဲ နေထိုင်ပြီး ဆေးဝယ်သောက်တာ၊ အပြင် ပုဂ္ဂလိက ဆေးခန်းမှာ ပြသတာ၊ တယ်လီဖုန်းနဲ့ ဆက်သွယ်တိုင်ပင်တာ စတဲ့ ကျန်းမာရေးစောင့်ရှောက်မှုမျိုးသာ ရယူနိုင်တာကြောင့် အသက်ဆုံးရှုံးမှုတွေလည်း များရတာဖြစ်ပါတယ်။

ဆင်ခြေဖုံးရပ်ကွက်လို့ ခေါ်လေ့ရှိကြတဲ့ လှိုင်သာယာလို အချို့မြို့နယ်တွေမှာ ငွေကြေးအရ မပြည့်စုံမှု ဆေးရုံဆေးခန်း ပြသဖို့တောင် လက်လှမ်းမမှီမှုတွေကြောင့် ကိုဗစ်ကူးစက်မှုဒဏ်ကို ပိုပြီးခံစားကြရ အသက်ဆုံးရှုံးနေကြရတာလည်း ကြားသိနေရပါတယ်။ ရောဂါဒဏ်အလူးအလဲခံရပြီးအသက်ရှူကြပ် အောက်စီဂျင်လိုအပ်တဲ့ အခါမျိုးမှာ ငွေကြေးသုံးစွဲနိုင်သူတွေတောင် အိုးဝယ်မရ၊ အချိန်မှီဖြည့်မရ၊ ညမထွက်ရ အမိန့်နာရီတွင်း အောက်စီဂျင်ပြတ်ပြီး သေဆုံးကြရ တဲ့အခြေအနေမျိုး ရင်ဆိုင်နေကြရတာမို့ စောစောကလို ဆင်ခြေဖုံးရပ်ကွက်က ငွေကြေးလည်းရှားပါး အဆက်အသွယ် လည်းမကောင်းတဲ့ သာမန်မိသားစုတွေမှာ အောက်စီဂျင်မရှုနိုင်ပဲ ဂွေးတောက်ရွက် ရှူတာ၊ ရေနွေးငွေ့ရှူတာ စတဲ့ ေဆးမြီးတိုနည်းတွေနဲ့ အသက်ကယ်နေရတဲ့ အခြေအနေ၊ အသက်ဆုံးရှုံးသွားတဲ့ အခြေအနေ အဖြစ်အပျက်တွေလည်း ကြားသိနေရ မြင်နေရပါတယ်။

မြန်မာနိုင်ငံဟာ failed state ကျဆုံးနိုင်ငံဖြစ်နေပြီ၊ မဖြစ်သေးဘူး သို့မဟုတ် အတိုင်းအတာတခုထိ ကျဆုံးနိုင်ငံ ဖြစ်နေပြီဆိုတဲ့ ပြောဆိုမှု ငြင်းခုံမှု သို့မဟုတ် သတ်မှတ်မှု ဆိုင်ရာ သဘောထားကွဲလွဲမှုတွေ ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမယ့် အခု ကိုဗစ်ကူးစက်မှုမှာတော့ မြန်မာနိုင်ငံမှာ မိမိတို့ရဲ့ မိသားစုတွေထဲက အသိမိတ်ဆွေ၊ ဆရာသမား၊ လုပ်ဖေါ်ကိုင်ဖက်တွေထဲက တယောက်ပြီး တယောက် ကျဆုံးသွားကြတာကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့နေကြရပြီလို့ ဆိုရမှာပါ။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar