Breaking News

တင်မိုး - ဘဝထဲက ရတနာ၊ ရင်ထဲက ကဗျာ (၅၇)


တင်မိုး - ဘဝထဲက ရတနာ၊ ရင်ထဲက ကဗျာ (၅၇)

(မိုးမခပြန်လည်ဆန်းသစ်) နိုဝင်ဘာ ၂၀၊ ၂၀၁၉

(၁)
သစ်ရွက်ယော်ရီ ဣန္ဒနီကလေးကိုမြင်ရတော့ တောရကျောင်းမှာ တကိုယ်တော်ပျော်မွေ့နေရှာတဲ့ ရှင်ဥတ္တမကျော် စာဆိုကျော်မှာ စျာန်မဝင်စားဘဲ မနေနိုင်။ ကပျာကသီနဲ့ စာပန်းချီတကွက်ကို စုတ်ချက် “တို့” မိရှာတယ်။

ဆွစ်ဇာလန်ပြည် ဂျီနီဗာကန်ရိုးပေါ်ရောက်သွားတဲ့ စာဆိုကျော်မင်းသုဝဏ်ခမျာ သဘာဝအလှဓာတ်ကို မြင်ရတဲ့အခါ နှလုံးသားက ဆိတ်ဆိတ်မနေနိုင်ရှာ။

“တောင်ခိုးနှင့်တိမ်၊ ရောယှက်လိမ်လျက်
တိမ်နှင့်တောင်ခိုး၊ တောင်ကိုမိုး၍
မိုးကိုမမြင်၊ ကန်ရေပြင်တွင်
ငွေစင်တိမ်ရိပ် ကူးသတည်း”
လို့ ကဗျာဖွဲ့ခဲ့ပါတယ်။
တဒင်္ဂအလှကို အမိဖမ်းလိုက်နိုင်တဲ့ ကဗျာအလှပါ။
ရင်ထဲမှာ ငြိမ်းချမ်းတဲ့ သဘာဝရုပ်ပုံလွှာကလေး တည်ဆောက်ပေးခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

(၂)
နန်းတွင်းထဲက သာသာယာယာ ချိုချိုအေးအေး ထွက်ပေါ်လာခဲ့တဲ့ နန်းမတော် မမြလေးရဲ့ တေးသံကတော့ ဘဝရဲ့အပူငွေ့ကလေး စင်ပါ့မလားလို့ စဉ်းစားချင်စရာ။

“ပါရမီဖြည့်စမို့၊ ကြည့်ဘုရာ့-သခင်
အလှည့်ကျမဆင်ပြီ၊ အရင်လိုမနွဲ့။
အနီအပြာကိုပယ်မယ်၊
အဝါထည်ကလေးနဲ့တော်ရဲ့။
တခွန်းထက်နှစ်ခွန်းမဆိုပြီ၊ အလွမ်းကိုမချဲ့။
ကျွန်းညိုညိုဟိုအလှည့်မှာတော့၊ ငိုမဲ့မဲ့တားရှာ။
ရွှေနောက်ဆံ မယ်မတင်းရအောင်
ငယ်စာရင်း ဖျက်လိုက်ပါ့ဘုရာ (ဖျာ)
အပြစ်ကြောင့် မချစ်သာပြီ၊
အသစ်ရှာပေါင်းရစ်တော့
ခအောင်းထနှောင်းနှစ်ပင်၊ ဓားထစ်စို့ရှင်။
နိဗ္ဗိန္ဒကမ္မဋ္ဌာန်းဝင်မယ်၊ စခန်းစဉ်
နီးအောင်ပလေး။”

မိန်းကလေးရဲ့ ညှိုးနွမ်းတဲ့အမူအရာကလေး ပေါ်လွင်လှပါပေ့။ လူ့ဘဝကို တကယ်ငြီးငွေ့တာမှ ဟုတ်ပါစ။ စိတ်နာသံကလေးများ ပါနေလေရော့သလား။ ကဗျာကလေးကိုဖတ်ရတာ ကရုဏာကြိုး လှုပ်နှိုးလိုက်သလို ခံစားရပါတယ်။

(၃)
ဆရာဇော်ဂျီရဲ့ ဗေဒါလမ်းကဗျာကလေးတွေ ဖတ်ရတဲ့အခါကျတော့ ဒီချောင်းလတာ တေးကဗျာရဲ့ အလှထဲမှာ နစ်ဝင်တော့မလိုလိုနဲ့ ကိုယ့်ပတ်ဝန်းကျင် လူ့လောကကို လှည့်ကြည့်မိတယ်။ ဗေဒါလောကလား၊ လူ့ဘဝလား၊ အတွေးပွားချင်စရာ။ ကဗျာဖတ်ပြီး အတွေးစကလေးတွေ အမျှင်တန်းပြီး ကျန်ရစ်ခဲ့လေရဲ့။

“ဗျိုင်းညီနောင် အတောင်ကဖြူဖွေး။
ကမ်းစပ်မှာငိုင်
သူ့လည်တိုင် စွေတစောင်းနဲ့
ရေတံငါအစာချောင်းပြန်ပေါ့
ဒီညောင်းပြီလေး။
ကဏန်းမ ရွှံ့စိုစို၊ တကိုယ်လုံ့ နီတွေး။
လက်မတထောင်ထောင်နဲ့
တွင်းဘောင်မှာ မင်းယောင်ခင်းပြန်ပေါ့
ဒီဆင်းပြီလေး“ …. တဲ့။

ကဗျာဆုံးသွားပေမယ့် အတွေးကမဆုံး။ လူ့ဘဝအတက်အကျမှာ အခွင့်သာရင်တမျိုး၊ အခွင့်မသာရင် တမျိုးပြုမူတတ်ကြတဲ့ လူ့သဘာဝကိုများ မြင်မိသယောင်ယောင်။ ဗေဒါကျက်စားရာလမ်းခရီးက လူ့လောကကို လှစ်ခနဲ လှမ်းကြည့်မိတယ်။

(၄)
ဆရာကြီးသခင်ကိုယ်တော်မှိုင်း လေးချိုးကြီးတွေဖတ်ရတဲ့အခါ ခေတ်ရဲ့အရိပ်တွေ ထင်ဟပ်နေတာကို ခံစားရပြန်ပါတယ်။

အနို့ဆရာပင်လျှင် ကံအလျောက်မထားနိုင်တဲ့
တို့ဗမာသခင် ခြံပေါက်ငနွားတို့ကြောင့်
တိုင်းကားနဲ့ ပြည်ပေါ်မှာ
အနှီမလျော်စွာတို့ဖြင့်
ဒေါမနနှင့် လောဘရမ္မက်ကြီး။
(အိုကွယ်) ပြည်တော်မသာဖို့
ဟောမရ ပြောမရနှင့်
ေသာကရတက္မီး” …. တဲ့။

အမျိုးသားညီညွတ်ရေးပျက်သုဉ်းရတဲ့ သောကမီး၊ ပြည်တွင်းငြိမ်းချမ်းရေးမရနိုင်လို့ စိတ်ဆင်းရဲရှာတဲ့ ရတက်မီးတွေကြောင့် စိတ်မအေးနိုင်တဲ့အဖြစ်ကို စာနာခံစားမိပါတယ်။ ၁၉၅၀ ခုနှစ်ကျော်ကျော် ပြည်တော်သာခေတ်ကနဲ့ တူပါရဲ့။

ကမ္ဘာအေးစေတီဒါယကာ “မောင်ရွှေနု” ကိုလည်း အောင်ဇေယျတုရယ်လို့ ဆုတောင်းတဲ့အပြင် ယခင်အခါ ထမ်းပိုးတည့်တည့် ထမ်းခဲ့ကြတဲ့ “စိုး” နဲ့ “သန်း” ကိုလည်း တမျိုးကွဲ့လွမ်းခဲ့ပြန်ပါတယ်။ စိတ်တူကိုယ်တူ လွတ်လပ်ရေးတိုက်ပွဲ အတူနွှဲခဲ့ကြတဲ့ ဆရာကြီးရဲ့ တပည့်ရင်းတွေချည်း မဟုတ်လား။

ဆရာကြီးမှိုင်းဟာ ဗိုလ်ချုပ်အောင်ဆန်းတို့ ကျဆုံးစဉ်ကလည်း “သောင်းမြန်မရဏာစမုတ်ဆီက ချုပ်သနဲ့ ယင်းအလိုတွင် … (အောင်ဆန်းရယ်) ဒေါင်းလံပုဝါအုပ်ပါလို့ ကျုပ်ဖြင့် သင်္ဂြိုဟ်ချင်” လို့ ကြေကွဲဝမ်းနည်းခဲ့ရတယ်။ “သြော် … တပည့်အရင်းတွေမို့၊ ကဝိမတင်းနိုင်ဘူးကွဲ့၊ သတိကင်းကာ မျက်ရည် ကျကျပြီး၊ ခက်ကပြီ … လက်ဆီမ ပါလို့၊ သောကဗလောင်ဆူတော့” လို့ ဆရာကြီး မျက်ရည်ကျခဲ့ ရှာတယ်။

လွတ်လပ်ရေးအလံ တိုင်ထိပ်ပေါ်မှာ လွှင့်တင်လိုက်တာနဲ့တပြိုင်နက် ပြည်တွင်းစစ်သေနတ်သံကလည်း စတင်ကြားလိုက်ရပါတယ်။ ဒါ့ကြောင့် ဆရာကြီးမှိုင်းက “မြန်မာပြည်မှာ နေစရာမကောင်းပြီမို့၊ ဂန္ဒီပမာ သေတာကောင်းတယ်” လို့ ကရုဏာဒေါသော ညည်းခဲ့ရှာပါတယ်။

ကဗျာအမျိုးမျိုးဖတ်ရတဲ့အခါ လွမ်းစရာဆွေးစရာ၊ စိတ်နာစရာ၊ တွေးတောစရာ၊ သဘာဝနဲ့ ခေတ်ကာလ ကိုပါ သတိပြုစရာ နှလုံးသားနယ်ပယ်အဝန်း ကျယ်ခဲ့ပါတယ်။ တကိုယ်ရေအလွမ်းမှသည် ပြည်သူတွေရဲ့ မျက်ရည်ပင်လယ်အထိ ခံစားမှုနယ်နိမိတ် ကျယ်ပြန့်ရုံမက ခေတ်ဝန်းကျင်နဲ့ အဘိဓမ္မာအတွေးကိစ္စပါ နက်ရှိုင်းထိတွေ့ ခဲ့ရတယ်။

ကဗျာ့စောင်းကြိုး လှုပ်နှိုးမိပေသကိုး။ ။

ခေတ်ပြိုင်ဂျာနယ် အတွဲ (၁၅၄)၊ မတ် ၂၀၀၆