Breaking News

ဂါမဏိ - အမှုအမှတ်(၁၆) သို့မဟုတ် တရားခံဖြစ်သွားသော နိုင်ငံတော်



ဂါမဏိ - အမှုအမှတ်(၁၆) သို့မဟုတ် တရားခံဖြစ်သွားသော နိုင်ငံတော်
(မိုးမခပြန်လည်ဆန်းသစ်) နိုဝင်ဘာ ၁၉၊ ၂၀၁၉

၁၆ ရာစုနှစ်တုံးက စစ်တကောင်းနဲ့ဒက္ကားမြို့တွေကို သိမ်းပိုက်အုပ်ချုပ်နိုင်ခဲ့တဲ့ လွတ်လပ်တဲ့ ရခိုင်ဘုရင့်နိုင်ငံဟာ ၁၇၈၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်မှာ ဗမာဘုရင်လက်အောက်ကိုကျရောက်ပြီး လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာ ဆုံးရှုံးသွားခဲ့ပါတယ်။ အဲဒီကစလို့ ရခိုင်ပင်လယ်ပြင်ဟာ ကမ္ဘာ့နယ်ချဲ့ခေတ်၊ ဒုတိယကမ္ဘာစစ်ခေတ်တို့မှာ ဗြိတိသျှ အချုပ်အခြာအာဏာအောက်၊ ဖဆပလ လွတ်လပ်ရေးခေတ်၊ မဆလ-နဝတ-နအဖ စစ်အာဏာရှင်ခေတ်တွေ တလျှောက်လုံးမှာတော့ မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာ အောက်ရောက်ခဲ့ပြီး အခုနောက်ဆုံး ၂၀၁၂ ခု မတ်လ ၁၄ ရက်မှာတော့ မနည်းလှတဲ့အစိတ်အပိုင်းဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ အချုပ်အခြာအာဏာအောက်ကို တရားဝင်ကျရောက် သွားပါတော့တယ်။

၂၀ဝ၈ ခုနှစ် နိုဝင်ဘာလမှာ ဒီပင်လယ်ပြင်ပိုင်နက်ကိစ္စကြောင့် ဘင်္ဂလားဒေ့ရှ်ရေတပ်နဲ့ မြန်မာရေတပ် ရန်စောင်ခဲ့ကြပါ တယ်။ လက်နက်မဲ့ ဒီမိုကရေစီအတိုက်အခံတွေ၊ လက်နက်အင်အားနည်းတဲ့ တိုင်းရင်းသားတပ်တွေအပေါ် လက်နက် အားကိုး ဗိုလ်ကျမင်းမူနေခဲ့တဲ့ နအဖစစ်တပ်ရဲ့ စစ်သင်္ဘောတွေဟာ ဒီဇယ်ဆီမတတ်နိုင်လို့ ပင်လယ်ထဲ ကျောက်ချ နေရင်နေ၊ ကျောက်မချရင် စက်ပိတ်မျှောနေရချိန်မှာ ဘင်္ဂလားဒေ့ရှ်စစ်သင်္ဘောတွေက မီးခိုးတလူလူနဲ့ ပတ်မောင်းပြီး စစ်ဟန်ရေးပြနေတာကို ပါးစပ်အဟောင်းသားနဲ့ ငေးကြည့်နေခဲ့ရပါတယ်။

နှစ်နိုင်ငံစလုံးရဲ့သခင်ကြီး တရုတ်ကကြားဝင်ဟန့်တားခဲ့လို့ စစ်ရေးပိုင်းမှာ ဒါလောက်နဲ့ပြီးသွားခဲ့ပြီးနောက် ဘင်္ဂလား ဒေ့ရှ်နိုင်ငံက ဒီပင်လယ်ပိုင်နက်ကိစ္စကို ၂၀ဝ၉ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်မှာ ပင်လယ်ပြင်ဥပဒေဆိုင်ရာနိုင်ငံတကာခုံရုံး မှာ တရားဝင်အမှုစွဲခဲ့ပါတယ်။ ဒီစွဲဆိုချက်ကို ခုံရုံးက အမှုအမှတ်(၁၆)အဖြစ် အဲဒီနေ့မှာဘဲ လက်ခံစာရင်းသွင်းခဲ့ပါ တယ်။ အဲဒီနေ့မှာဘဲ ခုံရုံးမော်ကွန်းထိန်းက မြန်မာစစ်အစိုးရကို အကြောင်းကြားခဲ့သလို ဒီဇင်ဘာ ၁၇ ရက်မှာလဲ ကုလ သမဂ္ဂ အတွင်းရေးမှူးချုပ်ဆီ အကြောင်းကြားခဲ့ပါတယ်။

XXX

မြန်မာ နအဖအစိုးရက ခုံရုံးဆုံးဖြတ်ချက်တွေကို လိုက်နာပါ့မယ်လို့ ၂၀ဝ၉ နိုဝင်ဘာ ၄ ရက်မှာ ကြေညာခဲ့ပြီး ဘင်္ဂလား ဒေ့ရှ်အစိုးရက ၂၀ဝ၉ ဒီဇင်ဘာ ၁၂ ရက်မှာ ကြေညာခဲ့ပါတယ်။ ၂၀၁၀ ဇန်နဝါရီ ၁၄ ရက်မှာတော့ နအဖ အစိုးရက ခုံရုံးဆုံးဖြတ်ချက်ကို မလိုက်နာနိုင်ဘူးလို့ အကြောင်းကြားခဲ့ပြန်ပါတယ်။ ဒါပေမဲ့ အရေးပေါ်ဆွဲခန့်တရားသူကြီးနာမယ် အဆိုပြုတင်သွင်းပြီး ရှေ့နေအဖွဲ့နာမယ်စာရင်းတွေ ပေးပို့ခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ခုံရုံးကိုတင်ပြချင်တဲ့ အချက်အလက် ကိန်းဂဏန်း မြေပုံ ရေပုံတွေကို ၂၀၁၀ ဇူလိုင် ၁ ရက်နေ့မှာ ပေးပို့ခဲ့ပြီး မြန်မာနိုင်ငံကတော့ ၂၀၁၀ ဒီဇင်ဘာ ၁ ရက်နေ့ကျမှ ဒီလို အချက်အလက် ကိန်းဂဏန်းတွေ ပေးပို့ခဲ့ပါ တယ်။

ခုံရုံးရှေ့ နှစ်ဖက်လျှောက်လဲချက်တွေကို ၂၀၁၁ ခု စက်တင်ဘာလမှာ လုပ်ခဲ့ကြပါတယ်။ ဘင်္ဂလားဒေ့ရှ်က စက်တင် ဘာ ၈၊ ၉၊ ၁၂၊ ၁၃၊ ၂၁၊ ၂၂ ရက်တွေမှာ လျှောက်လဲပြီး မြန်မာက စက်တင်ဘာ ၁၅၊ ၁၆၊ ၁၉၊ ၂၀၊ ၂၄ ရက်တွေမှာ လျှောက်လဲခဲ့ကြပါတယ်။

နအဖအစိုးရဘက်က လျှောက်လဲချက်ထဲမှာ ၁၉၇၄ ခုတုံးက ဘင်္ဂလားဒေ့ရှ်နဲ့ ရေပြင်ပိုင်နက်ကိစ္စသဘောတူလက်မှတ် ထိုးခဲ့တဲ့ ရေတပ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ချစ်လှိုင်ကို မြန်မာနိုင်ငံကိုယ်စား သဘောတူလက်မှတ်ထိုးခွင့်အာဏာ မရှိသူ အဖြစ် ငြင်းပယ်ပြီး ၁၉၇၄ နဲ့ ၂၀ဝ၈ ခုတုံးက ဘင်္ဂလားဒေ့ရှ်နဲ့ သဘောတူလက်မှတ်ထိုးခဲ့တာတွေကို တရားမဝင်တဲ့ သဘော အရူးကွက်နင်းခဲ့ပါတယ်။ (ဗမာစစ်အစိုးရရဲ့ ကတိတွေ စာချုပ်တွေ ဘယ်လောက်ယုံရတယ် ခိုင်မာတယ် ဆိုတာ ပြနေပါတယ်။)

နအဖ အစိုးရဟာ ရခိုင်ပြည်နယ်ကမ်းရိုးတန်းကို ဂွမြို့တောင်ဘက်နားအထိသာ သတ်မှတ်ထားပေမဲ့ ခုံရုံးမှာတော့ မော် တင်စွန်းအထိ ကမ်းခြေအရှည် ၅၈၇ ကီလိုမီတာ ပြခဲ့ပါတယ်။

ခုံရုံးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကိုယ်စားပြုသူက နိုင်ငံခြားရေးဝန်ကြီး (အမျိုးသမီး) ဒီပုမိုနီ၊ လက်ထောက်အဖြစ် နိုင်ငံ ခြားရေးအထူးအတွင်းဝန် အငြိမ်းစားရေတပ်ဗိုလ်ချုပ် ခါရ်ရှစ်ဒ်အလမ်၊ ရှေ့နေတွေ ဥပဒေအတိုင်ပင်ခံတွေအဖြစ် ဘင်္ဂ လားဒေ့ရှ်နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးဌာနအတွင်းဝန် ၁၊ ဂျာမဏီဆိုင်ရာသံအမတ်ကြီး ၁၊ အမေရိကန်နိုင်ငံက ဥပဒေ ပညာရှင် ၃၊ ဗြိတိန်နိုင်ငံက ဥပဒေပညာရှင် ၃၊ အကြံပေးတွေအဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်း ၄၊ ဗြိတိန်နိုင်ငံက ဥပဒေပညာရှင် ၁၊ အမေရိကန်နိုင်ငံက ရေကြောင်းပထဝီပညာရှင် ၃၊ တသီးပုဂ္ဂလကျွမ်းကျင် သူတွေအဖြစ် အမေရိကန်နိုင်ငံက အဏ္ဏဝါဘူမိဗေဒပညာရှင် ၁၊ ဂျာမဏီနိုင်ငံက ဘူမိဗေဒပညာရှင် ၁၊ အငယ်တန်း ဥပဒေအတိုင်ပင်ခံအဖြစ် ဂျာမဏီနိုင်ငံက ဥပဒေပညာရှင် ၁၊ အမေရိကန်နိုင်ငံက ဥပဒေပညာရှင် ၂၊ ဗြိတိန်နိုင်ငံက ဥပဒေပညာရှင် ၂ ဦးတို့ ပါဝင်ခဲ့ပါတယ်။ အားလုံးပေါင်း အမေရိကန် ၉၊ ဗြိတိသျှ ၆၊ ဂျာမန် ၂၊ ဘင်္ဂလားဒေ့ရှ် ၈ ဦး ဖြစ်ပါတယ်။ အမေရိကန်ဥပဒေပညာရှင်တွေမှာ နာမည်ကြီး Foley Hoag ရှေ့နေကုမ္ပဏီက ရှေ့နေ ၂ ယောက်ပါဝင် ပါတယ်။

မြန်မာနိုင်ငံကို ကိုယ်စားပြုသူကတော့ နိုင်ငံတော်ရှေ့နေချုပ် ဦးထွန်းရှင်၊ လက်ထောက်များအဖြစ် နိုင်ငံခြားရေးဝန်ကြီး ဌာနက ဒေါ်လှမျိုးနွယ် နဲ့ ရှေ့နေချုပ်ရုံးက ဦးကျော်ဆန်း၊ ရှေ့နေတွေ ဥပဒေအတိုင်ပင်ခံတွေအဖြစ် ပြင်သစ်နိုင်ငံက ဥပဒေပညာရှင် ၄၊ အမေရိကန်နိုင်ငံက ဥပဒေပညာရှင် ၂၊ ဗြိတိန်နိုင်ငံက ဥပဒေပညာရှင် ၁၊ အကြံပေးတွေအဖြစ် ဂျာမဏီနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ၁၊ မြန်မာရေတပ်ဗိုလ်မှူးကြီး ၁၊ မိတ္ထီလာတက္ကသိုလ် ပါမောက္ခချုပ် ၁၊ မြန်မာ သံရုံးဝန်ထမ်း ၃၊ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနဝန်ထမ်း ၂၊ ပြင်သစ်နိုင်ငံက ဥပဒေပညာရှင် ၃၊ ရိုမေးနီးယားနိုင်ငံက ရေကြောင်းပညာရှင် ၁၊ အမေရိကန်နိုင်ငံက ပညာရှင် ၂ ဦးတို့ ပါဝင်ခဲ့ပါတယ်။ အားလုံးပေါင်း ပြင်သစ် ၇၊ အမေရိကန် ၄၊ ဗြိတိသျှ ၁၊ ရိုမေးနီးယား ၁၊ မြန်မာ ၁၁ ယောက်ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ပြင်သစ်တွေကို အဓိကထားငှားရမ်း ခဲ့တာ ထူးခြားနေပါတယ်။ တိုတယ်လ်ကုမ္ပဏီနဲ့ လက်ဝါးရိုက်ထားတာ ဖြစ်နိုင်ပါတယ်။ အိမ်ရှင်ဂျာမဏီကိုတော့ လျစ် လျူရှုထားပါတယ်။ ဒီနိုင်ငံခြားသားပညာရှင်ဆိုသူတွေကို ၂၀ဝ၉ ဒီဇင်ဘာကနေ ၂၀၁၂ မတ်လအထိ ငွေ ဘယ် လောက်ပေး ငှားခဲ့ရသလဲ မသိပါ။

XXX

ကုလသမဂ္ဂ ပင်လယ်ပြင်ဥပဒေသဘောတူစာချုပ် (ကွန်ဗင်းရှင်း) ကို ၁၉၈၂ ခု ဧပြီ ၃၀ ရက်မှာ ချမှတ်ခဲ့ပြီးနောက် အတည်ပြုလက်မှတ်ထိုးတဲ့နိုင်ငံအရေအတွက် ၆၀ သတ်မှတ်ချက်ပြည့်မှီသွားလို့ တနှစ်အကြာ ၁၉၉၄ ခု နိုဝင်ဘာ ၁၆ ရက်မှာ စတင်အသက်ဝင်လာခဲ့ပါတယ်။ စာချုပ်အသက်ဝင်လာပြီးနောက် ၁၉၉၆ ခုမှာ လွတ်လပ်တဲ့ ပင်လယ်ပြင် ဥပဒေဆိုင်ရာနိုင်ငံတကာခုံရုံး ITLOS ကို တည်ထောင်ခဲ့ပါတယ်။ ခုံရုံးတည်နေရာက ဂျာမဏီနိုင်ငံ ဟမ်းဘာ့ဂ် ဆိပ်ကမ်းမြို့ ဖြစ်ပါတယ်။ ဒီမြို့ကို စာချုပ်အဖွဲ့ဝင်နိုင်ငံတွေက လျှို့ဝှက်မဲနဲ့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

ပင်လယ်ပြင်ဥပဒေကွန်ဗင်းရှင်းကို အခု ကမ္ဘာ့နိုင်ငံပေါင်း ၁၆၁ နိုင်ငံ နဲ့ ဥရောပအသိုင်းအဝိုင်း EC အဖွဲ့တို့က လက်မှတ် ထိုးထားကြပါတယ်။ မြန်မာနိုင်ငံ မဆလအစိုးရက ၁၉၈၂ ခု ဒီဇင်ဘာ ၁၀ ရက်မှာ သဘောတူလက်မှတ်ထိုးခဲ့ပြီး နဝတအစိုးရက ၁၉၉၆ ခု မေလ ၂၁ ရက်မှာ အတည်ပြုခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်ကတော့ ၂၀ဝ၁ ခုနှစ် အောက်တိုဘာ ၁၂ ရက်ကျမှ အတည်ပြုခဲ့ပါတယ်။ ဒီလို သဘောတူအတည်ပြုထားတဲ့အတွက် ပင်လယ်ပြင်ဥပဒေခုံရုံး ဆုံးဖြတ်ချက် တွေကို မလိုက်နာလို့မရတော့ပါဘူး။

လွတ်လပ်တဲ့တရားရုံးဖြစ်တဲ့အတွက် ခုံရုံးဟာ ကုလသမဂ္ဂလက်အောက်ခံ မဟုတ်ပေမဲ့ ကုလသမဂ္ဂနဲ့ နီးနီးကပ်ကပ် ဆက်ဆံမှု ရှိပါတယ်။ ကုလအထွေထွေညီလာခံမှာ ဒီပင်လယ်ပြင်ခုံရုံးက လေ့လာသူအဆင့်အတန်းနဲ့ တက်ရောက်ခွင့် ရထားသလို ခုံရုံးဝန်ထမ်းတွေဟာလဲ ကုလသမဂ္ဂဝန်ထမ်းတွေလို လစာနဲ့ ခံစားခွင့်တွေ တန်းတူရကြပါတယ်။

ခုံရုံးတရားသူကြီး ၂၁ ဦးကို စာချုပ်ဝင်နိုင်ငံနဲ့အဖွဲ့တွေက ရွေးကောက်တင်မြှောက်ပါတယ်။ တရားသူကြီးတွေသက် တမ်းက ၉ နှစ်ဖြစ်ပြီး သုံးနှစ်တကြိမ် တရားသူကြီးသုံးပုံတပုံကို နယူးယောက်မြို့မှာ ရွေးကောက်ပါတယ်။ တရား သူကြီးအရွေးခံရဖို့အတွက် အစည်းအဝေးတက်သူအားလုံးရဲ့ မဲသုံးပုံနှစ်ပုံရဖို့ လိုပါတယ်။ တရားသူကြီး ၂၁ ယောက် ထဲက ခုံရုံးဥက္ကဌ နဲ့ ဒုဥက္ကဌကို လျှို့ဝှက်မဲနဲ့ သုံးနှစ်သက်တမ်းအတွက် ရွေးကောက်ပါတယ်။ အမှုတခု တင်လာရင် တော့ တရားပြိုင်နိုင်ငံတွေဟာ တရားသူကြီး ၂၁ ယောက်ထဲ ကိုယ့်နိုင်ငံကမပါရင် ad hoc အရေးပေါ်ဆွဲခန့်တရား သူကြီးတယောက်စီ အဆိုပြုတင်သွင်းခွင့်ရှိပါတယ်။ ဒီတရားသူကြီးဟာ မူလတရားသူကြီး ၂၁ ယောက်နဲ့ တန်းတူ ဆောင်ရွက်ခွင့်ရှိပါတယ်။

၁၉၉၆ ခုကနေ ကနေ့ထိ ပင်လယ်ပြင်ခုံရုံးဟာ အမှုပေါင်း ၁၉ မှုကို လက်ခံရရှိခဲ့၊ ၁၇ မှုကို စစ်ဆေးဆုံးဖြတ်ခဲ့ပြီး ဖြစ်ပါ တယ်။ မြန်မာ-ဘင်္ဂလားဒေ့ရှ်အမှုက အမှုအမှတ် ၁၆ ဖြစ်ပါတယ်။

ပင်လယ်ပြင်ဥပဒေ အငြင်းပွားမှုတွေကို ဒီပင်လယ်ပြင်ဥပဒေဆိုင်ရာနိုင်ငံတကာခုံရုံးအပြင် အပြည်ပြည်ဆိုင်ရာတရားရုံး ICJ ကလဲ ကိုင်တွယ်ပါတယ်။ ဒါပေမဲ့ ပင်လယ်ပြင်ခုံရုံးက စီရင်ချက်ဟာ အပြီးအပြတ်ဖြစ်ပြီး မလိုက်နာမနေရ ဖြစ်ပါတယ်။ အယူခံခွင့်မရှိပါ။

လက်ရှိတရားသူကြီး ၂၁ ဦးကတော့-

အာရှတိုက်က ဂျပန်၊ အိန္ဒိယ၊ တရုတ်၊ တောင်ကိုးရီးယား၊ လက်ဘနွန်

အာဖရိကတိုက်က တောင်အာဖရိက၊ ဆီနီဂေါ၊ တန်ဇန်းနီးယား၊ ကိပ်ဗာ့ဒ်၊ အယ်လ်ဂျီးရီးယား

အနောက်ဥရောပနဲ့မြောက်အမေရိကတိုက်က ဂျာမဏီ၊ ပြင်သစ်၊ သြစတြီးယား၊ မောလ်တာ

အရှေ့ဥရောပက ပိုလန်၊ ရုရှား၊ ယူကရိန်း

တောင်နဲ့အလယ်အမေရိကတိုက်က ဘရာဇီး၊ ဂရီနေဒါ၊ ထရီနီးဒက်နှင့်တိုဘာဂို၊ အာဂျင်တီးနား တို့ဖြစ်ပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ်အမှုမှာ အရေးပေါ်ဆွဲခန့်တရားသူကြီးတွေအဖြစ် မြန်မာနိုင်ငံက အမေရိကန်တရားသူကြီး မစ္စ တာဘားနာ့ဒ်အော့က်စ်မင်း၊ ဘင်္ဂလားဒေ့ရှ်က ဂါနာတရားသူကြီး မစ္စတာသောမတ်စ်မင်ဆာကို တင်သွင်းခဲ့လို့ အားလုံး ပေါင်းတရားသူကြီး ၂၃ ယောက်ဖြစ်သွားပါတယ်။ ဒီဆွဲခန့်တရားသူကြီးတွေကို တရားပြိုင်နိုင်ငံတွေက လစာပေးရ သလား မပေးရလား မသိပါ။

၂၀၁၂-၂၀၁၅ အတွက် ဂျပန်တရားသူကြီးက ခုံရုံးဥက္ကဌ ဖြစ်ပြီး တောင်အာဖရိကတရားသူကြီးက ဒုဥက္ကဌ ဖြစ်ပါတယ်။ ၂၀ဝ၈-၂၀၁၁ အတွက် ခုံရုံးဥက္ကဌက ကိပ်ဗာ့ဒ်၊ ဒုဥက္ကဌက သြစတြီးယားကဖြစ်ပါတယ်။ တရားသူကြီးအားလုံးဟာ ဥပဒေဘွဲ့ ၂ ခု ၃ ခုရထားတဲ့ ထိပ်တန်းဥပဒေပညာရှင် professional တွေဖြစ်ကြပါတယ်။

XXX

ဒီနောက်မှာတော့ အားလုံးသိတဲ့အတိုင်း ၂၀၁၂ ခု မတ်လ ၁၄ ရက်မှာ စီရင်ချက်ချခဲ့ပါတော့တယ်။ ခုံရုံးဟာ အချက် ၆ ချက်ကို စီရင်ဆုံးဖြတ်ခဲ့ပါတယ်။ ပထမသုံးချက်က ခုံရုံးရဲ့စီရင်ပိုင်ခွင့်တွေကို ဆုံးဖြတ်တာဖြစ်ပါတယ်။

စတုတ္ထအချက်က စိန့်မာတင်ကျွန်းတဝိုက်က ရေပြင်နယ်နိမိတ်သတ်မှတ်ချက်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်က တရားသူ ကြီး ၂၁ ယောက်၊ မြန်မာဘက်က တရားသူကြီး ၁ ယောက် (ထရီနီးဒက်နှင့်တိုဘာဂိုနိုင်ငံ) မဲပေးပါတယ်။ စိန့်မာတင် ကျွန်းရေပြင်ကို တဝက်ခွဲယူဖို့ မြန်မာ့ကြိုးပမ်းချက် ပယ်ချခံရပါတယ်။ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ဂျပန်၊ တောင်အာဖရိက အပြင် မြန်မာကတင်ထားတဲ့ ဆွဲခန့် အမေရိကန်တရားသူကြီးကပါ ဘင်္ဂလားဒေ့ရှ်ဘက်က မဲပေးခဲ့ပါတယ်။

ပဉ္စမအချက်က စိန့်မာတင်ကျွန်းအလွန်ကနေ မိုင် ၂၀ဝ အထိ သီးသန့်စီးပွားရေးဇုံပင်လယ်ပြင်ပိုင်နက်ကို ဆုံးဖြတ်တာ ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်က ၂၁ မဲ၊ မြန်မာဘက်က ၁ မဲ (ထရီနီးဒက်နှင့်တိုဘာဂို) ရပါတယ်။

ဆဋ္ဌမအချက်ကတော့ သီးသန့်စီးပွားရေးဇုံ မိုင် ၂၀ဝ အလွန်နယ်နိမိတ် သတ်မှတ်ရာမှာ ဘင်္ဂလားဒေ့ရှ်ဘက်က ၁၉ မဲ၊ မြန်မာဘက်က ၃ မဲ (ဆီနီဂဲလ်၊ ထရီနီးဒက်နှင့်တိုဘာဂို၊ တရုတ်) ရပါတယ်။ ဒါဟာ ပင်လယ်ပြင်ဥပဒေသမိုင်းမှာ ပထမဆုံးစီရင်ချက်ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနအဆိုအရ သူတို့ဟာ ရေပိုင်နက် ၁၀၇,ဝ၀ဝ စတုရန်းကီလိုမီတာ တောင်းတာကို ခုံရုံးက ၁၁၁,ဝ၀ဝ စတုရန်းကီလိုမီတာ ပေးလိုက်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သီးသန့်စီးပွားရေးဇုံ မိုင် ၁၃၀ အစား မိုင် ၂၀ဝ အပြည့်ရသွားပါတယ်။ မိုင် ၂၀ဝ အလွန် ကမ်းဦးရေတိမ်ပိုင်းကိုလဲ လုပ်စားခွင့်ရသွားပါတယ်။

စီရင်ချက်စတုတ္ထပိုဒ်ပါနေရာဟာ ၂၀ဝ၈ ခုနှစ်ကုန်ပိုင်းတုံးက နှစ်ဖက်ရေတပ်တွေ အဓိကစားခွက်လု ရန်စောင်ခဲ့တဲ့ နေရာ ဖြစ်ပါတယ်။ အခုစီရင်ချက် စတုတ္ထပိုဒ်အရ အဲဒီနှစ်နိုင်ငံရေပိုင်နက်ကိစ္စရန်ပွဲမှာ မြန်မာနိုင်ငံဟာ တရားခံအဖြစ် အပြစ်ပေးခံရတဲ့အဓိပ္ပာယ် ဖြစ်သွားပါတယ်။ နာဂစ်မုန်တိုင်းလို ဆိုးဝါးတဲ့ ဘင်္ဂလားပင်လယ်အော်ကထိုးနှက်ချက် ဖြစ် သွားပါတယ်။

XXX

ရခိုင်ပင်လယ်ပြင် သို့မဟုတ် ပြည်ထောင်စုမြန်မာနိုင်ငံတော်ရဲ့ အနောက်ဖက်ပင်လယ်ပြင်ကို အဲသလိုအမဲဖျက်ခဲ့ကြပါ တယ်။


ဂါမဏိ
ရည်ညွှန်း။ http://www.itlos.org/index.php?id=2&L=0