ကိုအောင်မှိုင်း - လူရာဝင်ချင်ရင် စစ်အနိုင်တိုက်ကြ (အပိုင်း ၃)
ကိုအောင်မှိုင်း - လူရာဝင်ချင်ရင် စစ်အနိုင်တိုက်ကြ (အပိုင်း ၃)
(မိုးမခ) ဇူလိုင် ၁၇ ၊ ၂၀၂၄
ကျနော်တို့ ဒီအပတ် တော်လှန်စစ်ပွဲတွေအတွင်းက ပဋိပက္ခတရားတွေ ဖြစ်စဥ်တွေ ချဥ်းကပ် အသုံးချမှုတွေကို ဆွေးနွေးလိုပါတယ်။ စစ်နိုင်ရေးတရားတွေမှာ ပဋိပက္ခကို ကောင်းမွန်စွာ သိနားလည်ခြင်းနဲ့ ကောင်းမွန်စွာ ဖြေရှင်းနိုင်ခြင်း ကောင်းမွန်စွာ အသုံးချနိုင်ခြင်းတွေက အရေးပါတဲ့အကြောင်းတရားတခု ဖြစ်တာ တွေ့ရလေ့ရှိပါတယ်။
စစ်ပွဲကြီးတွေက အစ လွတ်မြောက်ရေးလှုပ်ရှားမှုတွေ အပါအဝင် လူ့အဖွဲ့အစည်း ဖြစ်ပေါ်တိုးပွားမှုတွေကို စနစ်တကျ ဆောင်ရွက်နိုင်ဖို့ရာ တော်လှန်ရေးခေါင်းဆောင်တွေ စစ်ကို ဦးစီးသူတွေနဲ့ နိုင်ငံရေး တက်ကြွသူတွေအားလုံးဟာ ဒီတရားကို အလေးအနက်သိရှိနားလည်အောင် လေ့လာပြီး နယ်ပယ်အလိုက် လက်တွေ့ တိုက်ပွဲတွေမှာ အသုံးချနိုင်ဖို့က အလွန်အရေးကြီးပါတယ်။
နွေဦးတော်လှန်ရေးမှာ ထဲထဲဝင်ဝင်ဆောင်ရွက်နေတဲ့ ခေါင်းဆောင်တဦးက ပဋိပက္ခတွေ ဘာတွေ လုပ်မနေပါနဲ့ဗျာ။ ကျနော်တို့ စစ်အနိုင်တိုက်ရင် ပြီးတာပဲမဟုတ်လားလို့ ပြောဖူးတာ သတိထားမိပါတယ်။ ကျနော့်အမြင်ကတော့ အဲဒီပုဂ္ဂိုလ်ရဲ့အမြင်ဟာ မှားပါတယ်။
စစ်အနိုင်တိုက်ရေး ဆိုတာ ပရမ်းပတာ လုပ်ချင်သလိုလုပ်၊ တိုက်ချင်သလိုတိုက်၊ ပွဲပြီး အောင်ပွဲခံလေ့ မရှိပါဘူး။ တော်လှန်ရေးဆိုတာ အတွေးအခေါ် လုပ်ဟန်ကစပြီး ဆောင်ရွက်မှုတိုင်းဟာ အလွန်အသေးစိတ်ပြီး အလွန်စည်းစနစ်ကျတဲ့ အနုပညာတခုလို့ သုံးသပ်လိုပါတယ်။
ဘယ်လို ကမ္ဘာ့အမြင်တွေနဲ့ ချဥ်းကပ်မလဲ။ လူထုကို အခြေခံမယ်ဆိုရင် လူထုအပေါ် တာဝန်ခံမှုအတွက် ဘယ်လို ပြင်ဆင်မလဲ။ သေနင်္ဂဗျူဟာကို ဘယ်လိုလမ်းစဥ်တွေနဲ့ အခိုင်အမာ ပြဋ္ဌာန်းမလဲ။ နည်းပရိယာယ်လမ်းစဥ်တွေကို ဘယ်လို ကျင့်သုံးမလဲ စတဲ့ တော်လှန်ရေးအတွက် ဘက်အသီးသီးကို ချဥ်းကပ် သုံးသပ်ပြီး စည်းစနစ်တကျ ဆောင်ရွက်ရတာ ဖြစ်ပါတယ်။
ဒါတွေအတွက် လူ့အဖွဲ့ အစည်းအတွင်း ဖြစ်ပေါ်နေတဲ့ တော်လှန်ရေးကာလ၊ တော်လှန်ရေးအလွန်ကာလတွေမှာ ဖြစ်ပေါ်လာနိုင်တဲ့ ပဋိပက္ခတရားတွေကို မျက်ခြည်မပြတ် လေ့လာသုံးသပ် တိုက်ပွဲဝင်ဖို့က အလွန်အရေးကြီးပါတယ်။ ပဋိပက္ခ (Conflict) ကို အဘိဓာန်အတော်များများမှာ အနက်ဖွင့်ဆိုမှုတွေက မတူညီကြပါဘူး။
နိုင်ငံရေးနယ်ပယ်မှာ ပဋိပက္ခသဏ္ဌာန်တွေ အမျိုးမျိုး တည်ရှိနေကြသလို သဘာဝရုပ်လောကမှာလည်း ပဋိပက္ခသဏ္ဌာန်တွေအမျိုးမျိုး အခိုင်အမာ တည်ရှိနေပါတယ်။
တူညီတဲ့ အချက်တချို့က လူနှစ်ဦးကြား၊ အုပ်စုနှစ်စုကြား၊ နိုင်ငံ နှစ်ခုကြား မတူညီတဲ့ အမြင်သဘောထား မတူညီတဲ့ အကျိုးစီးပွား၊ မတူညီတဲ့ စုဖွဲ့မှု၊ ဝင်ရိုးအလိုက် ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေ အငြင်းပွားမှုတွေ၊ တိုက်ခိုက်မှုတွေ၊ ပြေငြိမ်းမှုတွေ အသစ်တဖန် ဖြစ်ထွန်းမှုတွေ စတဲ့ ပဋိပက္ခအနှံ့အပြားသို့ ပွားများ ပျံ့နှံ့မှုများ၊ စစ်ရေးပဋိပက္ခများအဖြစ် လှည့်ပြောင်းခြင်းများ၊ ရန်ဖက်ပဋိပက္ခများ၊ မိတ်ဖက်ပဋိပက္ခများ စသည်ဖြင့် ဖြစ်စဥ်အမျိုးမျိုးဖြင့် ပကတိဘာဝအရ တည်ရှိနေကြသည်ကို လူနဲ့ လူ့ပတ်ဝန်းကျင်မှာ အထင်အရှား တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။
ပဋိပက္ခကို ကောင်းစွာသဘောပေါက်မှ ပဋိပက္ခဖြေရှင်းနိုင်မယ့် နည်းလမ်းကို ကောင်းစွာညွှန်ပြပေးနိုင်မှာကလည်း သေချာတဲ့ လော့ဂျစ်ပဲ ဖြစ်ပါတယ်။ ပဋိပက္ခတရားကို သိပ္ပံနည်းကျ ချဥ်းကပ် လေ့လာကြည့်လိုပါတယ်။
ကျနော်တို့ နေထိုင်ကြတဲ့ စကြဝဠာ Universe ကစပြီး နေစကြဝဠာ Solar system အထိ ဖြစ်တည်မှုဖြစ်စဥ်တွေကို သိပ္ပံပညာရှင်တွေ ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ အထူးသဖြင့် ရူပဗေဒပညာရှင်တွေအနေနဲ့ တွေ့ရှိချက်များစွာကို တွေ့ရှိခဲ့ကြတယ်လို့ ပြောနိုင်ပါတယ်။
စကြဝဠာ ဖြစ်ပေါ်လာပုံကို သိပ္ပံပညာရှင်များက ကြီးမားသော ပေါက်ကွဲမှုသီအိုရီ (Big Bang Theory) ဖြင့် ရှင်းပြကြပါတယ်။
စကြဝဠာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၃.၈ ဘီလီယံ အကြာက အလွန်ကျယ်ပြန့်သော ပေါက်ကွဲမှုကြီး (Big Bang) မှ စတင်ဖြစ်ပေါ်လာခဲ့တယ်လို့ ယူဆကြတယ်။အပူချိန်နဲ့ သိပ်သည်းမှုဟာ သိပ်ကို ပြင်းထန်တဲ့ အနေအထားလို့ ဆိုပါတယ်။ ပေါက်ကွဲမှုဖြစ်ပြီးနောက် စက္ကန့် 10^-32 မှာ စကြဝဠာဟာ အရမ်းကို ကျယ်ပြန့်သွားခဲ့ပါတယ်။
Big Ban Theory က အလျင်အမြန် တိုးချဲ့ ပျံ့နှံ့သွားတဲ့ ကာလ inflation period လို့ သတ်မှတ်ပါတယ်။ ဒီကာလမှာ စကြဝဠာဟာ အလွန်မြန်စွာ ကျယ်ပြန့်သွားခဲ့တာဖြစ်ပါတယ်။ ကျယ်ပြန့်မှု ကွာဝေးလာတာနဲ့အမျှ အပူချိန် နိမ့်လာပြီး ဓာတ်ငွေ့တွေ အရည်ပျော်လာတယ်လို့ ဆိုပါတယ်။
စကြဝဠာဟာ အပူချိန် နိမ့်လာတဲ့အလျောက် လွန်ခဲ့တဲ့နှစ်ပေါင်း ၃၈၀,၀၀၀ အကြာမှာ အာကာသ အလင်းရောင် Cosmic Microwave Background တွေ ပေါ်ပေါက်လာပြီး ကနေ့ထိ တွေ့နိုင်တယ်လို့ ဆိုပါတယ်။ ဒါဟာ Big Ban Theory မှန်ကန်ကြောင်း အထောက်အထားတခုအဖြစ် ရှုမြင်ကြပါတယ်။ ဒီအပူချိန် နိမ့်ကျမှုတွေက ဟိုက်ဒရိုဂျင် Hydrogen နဲ့ ဟီလီယမ် Helium ဓာတ်ငွေ့တွေက ကြယ်တွေ ဖြစ်ပေါ်လာကြပါတယ်။
ကြယ်တွေကတဆင့် ဂလက်ဆီ Galaxies လို့ ခေါ်တဲ့ ကြယ်အစုအဝေး ကြယ်စနစ်တွေ ပေါ်လာတာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီနေရာမှာ ပြောလိုတာက ဒီပျံ့နှံ့မှုကာလ Inflation period ပြီးဆုံးပေမဲ့ စကြဝဠာရဲ့ ပျံ့နှံ့မှုဟာ ဆက်လက်တည်ရှိနေတာ ဖြစ်ပါတယ်။ တခုလုံးကို ခြုံကြည့်ရင် စကြဝဠာတည်ရှိမှု ဆိုတာကိုက အတွင်းပဋိပက္ခကြောင့်ဆိုတာ ထင်ထင်ရှားရှား ကျနော်တို့ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ကျနော်တို့ ရုပ်ကမ္ဘာကို အခိုင်အမာ လေ့လာကြည့်တာ ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းအတွင်း တည်ရှိနေတဲ့ ပဋိပက္ခကို ဆက်လက်လေ့လာကြည့်လိုပါတယ်။
ကျနော်တို့ ဒီနေရာမှာ လူ့အဖွဲ့အစည်းရဲ့ ရုပ်ဘဝ ဆိုတာ လူတွေရဲ့ စိတ်ဆန္ဒနဲ့ကင်းစွာ တည်ရှိနေတယ် ဆိုတာတော့ ကောင်းစွာသဘော ပေါက်ဖို့လိုမှာ ဖြစ်ပါတယ်။ ဥပမာ တော်လှန်တဲ့ အနုပညာရှင်တွေနဲ့ ဖောက်ပြန်တဲ့ အနုပညာရှင်တွေကြား ဘာကွာခြားကြပါသလဲ။
သေချာတာက ပြည်သူလူထုအကျိုးစီးပွားပေါ် မျက်နှာမူတာနဲ့ တဦးချင်း ကိုယ်ကျိုးစီးပွားပေါ် မျက်နှာမူတာက အဓိက ခြားနားခြင်း ဖြစ်ပါတယ်။ ကျန်တာတွေက အပေါ်ယံမျက်နှာဖုံးတွေပဲ ဖြစ်ပါတယ်။
ဆိုလိုချင်တာက တော်လှန်တဲ့ရုပ်ဘဝဟာ စိတ်ဆန္ဒနဲ့ကင်းစွာ ရပ်တည်ချက်ကို ခိုင်မာစေခဲ့တာ ဖြစ်တယ်လို့ ဆိုလိုတဲ့ သဘော ဖြစ်ပါတယ်။ ဒါကြောင့် တော်လှန်တာနဲ့ ဖောက်ပြန်တာဆိုတာရဲ့ သတ်မှတ်ချက်စည်းကပြည်သူလူထု အကျိုးစီးပွား ဆိုတဲ့ မှတ်ကျောက်ဟာ စံထားချက် ဖြစ်လာပါလိမ့်မယ်။ ဒီနေရာမှာ အတွေးအခေါ်သစ်နဲ့ အတွေးအခေါ်ဟောင်းတွေကြား ပဋိပက္ခကို ကျနော်တို့ အနည်းငယ် ပြောလိုပါတယ်။
လူ့အဖွဲ့အစည်း တိုးတက်ဖြစ်ပေါ်တိုးတက်မှုကို အဟန့်အတားဖြစ်စေမယ့် အတွေးအခေါ်တွေကို ဖောက်ပြန်တဲ့ အတွေးအခေါ်တွေအဖြစ် သတ်မှတ်ကြရမှာ ဖြစ်ပြီး လူ့အဖွဲ့အစည်း တိုးတက်ဖြစ်ထွန်းမယ့် အတွေးအခေါ်တွေကိုတော့ တိုးတက်တဲ့ အတွေးအခေါ် တော်လှန်တဲ့ အတွေးအခေါ်တွေအဖြစ် သတ်မှတ်ရပါလိမ့်မယ်။ ကျနော်တို့အနေနဲ့ တော်လှန်ရေးလက်တွေ့တွေထဲက လူ့အဖွဲ့အစည်းတွင်း ပဋိပက္ခတွေကို သိပ္ပံနည်းကျ လေ့လာဖို့ လိုပါတယ်။
တချို့က လူ့အဖွဲ့အစည်း တိုးတက်ပြောင်းလဲတဲ့ ဖြစ်စဥ်ကို တရားသေ မှတ်ယူလေ့ရှိကြတယ်။
အယူအဆဟောင်း အတွေးအခေါ်ဟောင်းတွေကို တရားသေ ကိုင်စွဲပြီး လက်တွေ့ပဋိပက္ခတွေကို ဖြေရှင်းလေ့ရှိကြပါတယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့ ဒီအယူအဆတွေကို ဖောက်ပြန်တဲ့ အတွေးအခေါ် အယူအဆတွေအဖြစ် သတ်မှတ်ရမှာ ဖြစ်ပါတယ်။
၁။ ကမ္ဘာပေါ်ရှိ အရာကိစ္စမှန်သမျှကို လည်းကောင်း၊ ထိုအရာကိစ္စတို့၏ သဏ္ဌာန်တွေနဲ့ အမျိုးအစား အားလုံးတို့ကို လည်းကောင်း၊ တခုနှင့်တခု ထာဝစဥ် တသီးတခြားစီ ဖြစ်နေတယ်လို့ မှတ်ယူကြပါတယ်။
၂။ ထာဝစဥ် မပြောင်းလဲဘူးလို့ မြင်ကြပါတယ်။ တကယ်လို့ ပြောင်းလဲတယ်လို့ဆိုလျှင်လည်းအရေအတွက်အားဖြင့် တိုးခြင်း လျော့ခြင်းနဲ့ နေရာပြောင်းခြင်းတွေရဲ့ အကြောင်းရင်းဟာ အရာကိစ္စတွေရဲ့ အတွင်းပိုင်းမှာ မရှိဘဲ၊ အပြင်မှာသာ ရှိတယ်လို့ မှတ်ယူကြပါတယ်။ ဆိုလိုတာက ပြင်ပအင်အားက တွန်းဆော်ခြင်းကြောင့်ဖြစ်တယ်လို့ ယူဆကြတာ ဖြစ်ပါတယ်။
၃။ ကမ္ဘာပေါ်ရှိ မတူတဲ့ အရာကိစ္စအမျိုးမျိုးနဲ့ ၎င်းတို့ရဲ့ ထူးခြားမှုများဟာ ၎င်းတို့ စတင်ပေါ်ပေါက်ကတည်းကအတိုင်းပင် တည်ရှိနေကြတယ်။
နောက်ပိုင်း ဖြစ်ပေါ်လာသော ပြောင်းလဲမှုမှာ အရေအတွက်အားဖြင့် တိုးပွားလာခြင်းနဲ့ လျော့နည်းသွားခြင်းမျှသာ ဖြစ်တယ်၊ အရာကိစ္စတမျိုးဟာ ၎င်းနှင့်တူတဲ့ အရာများကိုသာ အစဥ်အမြဲ ထပ်ပြန်တလဲလဲ ပေါက်ဖွားနိုင်ပြီး၊ အခြားမတူသော အရာတမျိုးအဖြစ် မပြောင်းလဲနိုင်လို့ ယူဆကြတာ ဖြစ်ပါတယ်။
ဒီအယူအဆတွေဟာ အင်မတန် ဖောက်ပြန်ပါတယ်။
တော်လှန်အတွေးအခေါ်တရပ်အနေနဲ့ အရာကိစ္စတွေရဲ့ ဖြစ်ထွန်းတိုးပွားမှုကို အရာကိစ္စများရဲ့ အတွင်းပိုင်းမှာရှိတဲ့ မလွဲမသွေ ဖြစ်ပေါ်ရမည့် ကိုယ်ပိုင်လှုပ်ရှားမှုအဖြစ်သော် လည်းကောင်း၊ ဒီနောက်အရာကိစ္စတိုင်းရဲ့ လှုပ်ရှားမှုဟာ ဒီအရာကိစ္စရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ အခြားအရာကိစ္စတွေနဲ့ အပြန်အလှန်ဆက်စပ်လျက် အပြန်အလှန် ဂယက်ရိုက်ခတ်မှုရှိနေတယ် ဟူ၍ လည်းကောင်း ကြည့်မြင်ရမှာ ဖြစ်ပါတယ်။
အရာကိစ္စ ဖြစ်ထွန်းတိုးပွားမှုရဲ့ အရင်းခံအကြောင်းဟာ အရာကိစ္စရဲ့ ပြင်ပမှာမရှိဘဲ၊ အရာကိစ္စရဲ့ အတွင်းပိုင်းမှာသာရှိပြီး၊ အရာကိစ္စရဲ့ အတွင်းပဋိပက္ခပေါ်တွင်သာ မှီတည်နေတာ ဖြစ်ပါတယ်။သို့သော် ပြင်ပ အကြောင်းတရားဟာ ပြောင်းလဲမှုအတွက် စေ့ဆော်မှုအဖြစ် တည်ရှိနေတာကို အသိအမှတ်ပြုရပါလိမ့်မယ်။
ဒီတပတ် ကျနော်တို့ ပဋိပက္ခတရားကို ခြေခြေမြစ်မြစ် ချဥ်းကပ်ကြည့်လိုပါတယ်။ လက်တွေ့ တော်လှန်ရေး လက်တွေ့နိုင်ငံရေးတွေအပြင် လက်တွေ့မြေပြင်မှာ ဖြစ်တည်နေတဲ့ လက်တွေ့ပြဿနာတွေကို လက်တွေ့ကျကျ ဖြေရှင်းစေဖို့ ဖြစ်ပါတယ်။ ကနေ့က စစ်သားတွေကဆရာတော်ကြီးတပါးကို ပစ်သတ်လိုက်ကြတယ်။
ကျနော်တို့နိုင်ငံရဲ့ နာမည်ကြီး ဆရာတော်ကြီးတပါးက ကံတရားကြောင့် ဆိုတာကို တရားခံ ရှာခဲ့တာ တွေ့ရပါတယ်။ ကံတရားကြောင့်ဆိုရင် အသတ်ခံရတဲ့ ဆရာတော်ကြီးက ရှေးဘဝက မကောင်းတာ လုပ်ခဲ့လို့ ခုဘဝမှာ အခုလို အသတ်ခံရတာဖြစ်တယ်ဆိုတဲ့ လောဂျစ်တခု ဖြစ်သွားခဲ့ပါတယ်။ ဒါဆို သတ်တဲ့ စစ်သားတွေက အရင်ဘဝက ကောင်းတာတွေ လုပ်ခဲ့ကြလို့ ခုဘဝမှာ ဆရာတော်ကြီး ပစ်သတ်လိုက်ကြပေမဲ့ လူသတ်သမားတွေ မဟုတ်တော့သလို စစ်ရာဇဝတ်ကောင်တွေကို ထွက်ပေါက်ရဖို့ သာသနာအရေခြုံပြီး ကြံစည်မှုကြီးတခုလို့ ကျနော်တို့မြင်ပါတယ်။
ဒီကြံစည်မှုဟာ တခြား လူသတ် ဓားပြတိုက်၊ မုဒိမ်းကျင့်၊ ရွာတွေ မီးလိုက်ရှို့နေတဲ့ ရာဇဝတ်ကောင်တွေကို ကံတရားဆိုတာနဲ့ ကာကွယ်လိုက်တာလို့ ပြောရပါလိမ့်မယ်။ သူ လုပ်တဲ့ကံ နောင်ဘဝမှာ သူ့ဘာသာ ခံရလိမ့်မယ်၊ ကိုယ်က ဝင်လုပ်ဖို့ မလိုဘူးဆိုရင် ကျနော်တို့ လူ့အဖွဲ့အစည်းမှာ တရားရုံးတွေ၊ ဥပဒေတွေ ပြဋ္ဌာန်းဖို့ မလိုတော့ပါဘူး။ လူ့အဖွဲ့အစည်းမှာ လုပ်ချင်တာလုပ်၊ သတ်ချင်တာသတ် မကောင်းမှု လုပ်ချင်သလိုလုပ်၊ နောင်ဘဝမှာ သူ့လုပ်ခဲ့တာ သူခံရမယ်၊ ကိုယ်နဲ့မဆိုင်ဘူးဆိုတဲ့ အတွေးအခေါ်ကို သွတ်သွင်းလိုက်တာဟာ အင်မတန်ကြောက်စရာကောင်းတဲ့ လူသားဖြစ်တည်မှုကို ငြင်းပယ်လိုက်တဲ့ ရာဇဝတ်မှုတခု ဖြစ်တယ်လို့ ရှင်းရှင်းပြောရပါလိမ့်မယ်။
နောက်တခုက ကနေ့ လူထုတော်လှန်ရေးကို အတွေးအခေါ်အရ ရိုက်ချိုးလိုက်တာပဲ ဖြစ်ပါတယ်။ ဒီလှုံ့ဆော်မှုဟာ ကျနော်တို့ လူ့အဖွဲ့ အစည်းပျက်စီးဖို့ တွန်းအားကြီးပဲလို့ ယူဆပါတယ်။
တကယ်က ကျနော်တို့ လူ့အဖွဲ့အစည်းအတွင်း ရန်ဖက် ပဋိပက္ခကြောင့် ဖြစ်ပေါ်လာတဲ့ ဘေးထွက်ဆိုးကျိုးတွေလို့ ရှင်းရှင်းလင်းလင်း ကြည့်မြင်နိုင်မှ သိပ္ပံနည်းကျ ကြည့်မြင်နိုင်မှ လက်တွေ့ကျတဲ့ ဖြေရှင်းနည်းတွေ ကျနော်တို့ ရှာဖွေ တွေ့ရှိ ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။
မိတ်ဖက်ပဋိပက္ခဖြစ်မှုနဲ့ ရန်ဖက်ပဋိပက္ခဖြစ်မှုတွေအကြောင်း ဆက်လက် ဆွေးနွေးတင်ပြလိုပါတယ်။
(စစ်အနိုင်တိုက်ချင်ရင် စစ်အနိုင်တိုက်နိုင်မယ့် အကြောင်းတရားတွေကို ကျိုးကြောင်းဆီလျော်စွာ ကျနော်တို့ လေ့လာဖို့ လိုပါတယ်။ အတ္တဘာဝနဲ့ ပကတိဘာဝကိုအခိုင်အမာဆင်ခြင်နိုင်ဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ စစ်ပညာဆိုတာ သိပ္ပံပညာ ဖြစ်နေလို့ပါပဲ။)
နောက်တပတ် ဆက်ပြောကြရအောင်ဗျာ။
👉 ကိုအောင်မှိုင်း - လူရာဝင်ချင်ရင် စစ်အနိုင်တိုက်ကြ
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar