Breaking News

မိုးမခအက်ဆေး - စေတ '' ကြယ်များ၊ ကြယ်ယောင်ဆောင်ကြသူများ''

Art- Than Htay Maung
မိုးမခအက်ဆေး
အောက်တိုဘာ ၉၊ ၂၀၂၁

'' ကြယ်များ၊ ကြယ်ယောင်ဆောင်ကြသူများ''
 စေတ

‌အဆွေးဆုံးဒဏ်ရာတွေနဲ့ လွမ်းမောဘွယ်ညချမ်းကောင်းကင်ယံမှ ာကြယ်တွေတစင်းပြီးတစင်း ကြွေကျနေတာကိုမြင်နေရတယ်။ ခက်တာက ကြွေကျနေတဲ့ကြယ်တွေကို ဘယ်သူမှဖမ်းထိန်းလို့မရတာပဲ။ အားလုံးက တော့ဒီကြယ်တွေကိုအချိန်နဲ့အမျှ နှမျောတသကြေကွဲမဆုံးနိုင်ဖြစ်နေကြရပြီး ဒီခံစားမှုကပေါက်ဖွားလာတဲ့ စကားလုံးတွေဟာ ရက်စက်မှုဖိနှိပ်မှုရဲ့အမြင့်ဆုံးဒဏ်ကိုခံစားနေကြရတဲ့ လူသားထုရဲ့ တကယ့်ဖြစ်ရပ်မှန်သမိုင်းတခုမှ ာရေးတင်ရမယ့် အရေးကြီးဆုံးအက္ခရာတွေဖြစ်‌နေတယ်ဆိုတာ ဘယ်သူမှမငြင်းနိုင်ကြပါဘူး။ တချို့ကလည်း ကြယ်တွေကိုကြည့်ပြီး သူတို့ကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကိုယ်အရှိန်အရောင်တွေတောက်ပတယ်လို့ ထင်မှတ်သွားတတ်ကြသေးတယ်။

ဒါပေမဲ့ကြယ်ဆိုတာ အတုလုပ်လို့မရဘူးဆိုတဲ့အခြေခံကို နားမလည်ကြတာပါပဲ။ စာရေးဆရာ၊ ကဗျာဆရာ၊ သတင်းစာဆရာ၊ နိုင်ငံရေးသမား၊ သီချင်းရေးဆရာ၊ တေးချင်းသီဆိုသူ၊ တေးဂီတပညာရှင်၊ ပန်းချီဆရာ စသူတို့အားလုံးဟာ သူတို့ဖြတ်သန်းလာတဲ့သမိုင်းစဉ်မှ ာနိုင်ငံရေးနဲ့ မပတ်သက်ချင်လို့ မရပါဘူး။ အခုဖြစ်နေတဲ့အဖြစ်ဆိုးတွေကို တချိန်တုန်းက တိုင်းရင်းသားလူမျိုးစုတွေဆီမှာလည်း တွေ့ကြုံခံစားကြရတာပါပဲ။ ဒီလိုဖြစ် ရပ်မှန်တော်တော်များများကို စစ်စစ်မှန်မှန်ဖော်ထုတ်ပြသတဲ့သူတွေ ‌အတော်ရှားပါးပါတယ်။ ပြီးခဲ့တဲ့ဆယ်စုနှစ်တခုကျော်လောက်က နိုင်ငံရေးဟာ အနုပညာနဲ့မဆိုင်ဘူးလို့ယူဆသူများကလည်း ယူဆခဲ့ကြဖူးပါတယ်။ အခုတော့ တော်တော်များများဟာ ဖိနှိပ်မှုကိုအာခံတဲ့အထဲ ရှေ့တန်းကပါဝင်လာတာကို တွေ့လာရပါတယ်။ 

ဒီအပြောင်းအလဲကိုတော့ ကျွန်တော်တို့လေးစားဂုဏ်ယူကြရမှာပါ။ ရုတ်တရက် ရက်စက်တဲ့ဒီအချိုးအကွေ့က လူတွေအားလုံးရဲ့အမြင်တွေကို တမုဟုတ်ချင်း ပြောင်းလဲပစ်လိုက်ပါပြီ။ လူတွေအားလုံး သူ့အကန့်နဲ့သူစည်းတခုခြားနေကြရာက အားလုံးကိုစည်းတဖက်တည်း အရောက်ပို့လိုက်ပါပြီ။ 

တကယ်တော့ စာရေးရာကဗျာဆရာတွေအပါအဝင် အနုပညာရှင်အားလုံးဟာ ကိုယ်ဖြတ်သန်းခဲ့တဲ့အလျားရှည်ရှည်ခေတ်ဆိုးကြီးတခုထဲမှ ာကိုယ်ရေးသားတဲ့ စာပေပုံသဏ္ဍာန်တခုနဲ့ အကြောင်းအရာထဲ ကာလအတန်ကြာ နာတာရှည်ခံစားနေကြရတဲ့ လူထုလူတန်းစားအလွှာအသီးသီးရဲ့ နာကျင်ခြင်းဝေဒနာဆိုးတွေကို ထည့်သွင်းပေါင်းစပ်‌ပြီး အနုပညာအဖြစ် ဖန်တီးရေးသားဖော်ပြကြရမှာပါ။ ကိုယ်ဖန်တီးတဲ့စာသား၊ အရုပ်၊ တေးဂီတ၊ ပြဇာတ်၊ သရုပ်ဖော်တင်ဆက်မှု အစရှိတာတွေဟာ 'အနုပညာဖြစ်မှု'ရှိဖို့လိုတယ်ဆိုတာကိုတော့အထူးပြောဖို့မလိုပါဘူး။ ကိုယ်မောင်းလာတဲ့ကိုယ် တိုင်ရေးရထားနဲ့ကိုယ် ဘယ်လိုဖြတ်သန်းလာခဲ့တယ်ဆိုတာ ကိုယ်ကိုယ်တိုင်ရေးတဲ့သမိုင်းကြေးမုံပြင်ကပဲ အချိန်နဲ့တပြေးညီမှတ်တမ်းပြုစုပြီးသားဆိုတာကို ကိုယ်တိုင်သိရှိတဲ့သူက ရှားပါတယ်။ ဒါပေမဲ့ ထူးခြားအံ့ဩဘွယ်ကောင်းတာက သူတို့ရဲ့လှုပ်ရှားမှုတွေကို သူတို့လှုပ်ရှားခဲ့ကြတဲ့ဖြစ်ရပ်မှန်အတိုင်း အတိအကျ သမိုင်းကြေးမုံပြင်က အသေးစိတ်မှတ်တမ်းတင်ခဲ့တာပါပဲ။

နောင်လာနောက်သားတွေ စာပေသမား ကဗျာသမား အနုပညာသမားတွေရဲ့အတိတ်ကလုပ်ရပ်တွေကို ပြန်ကြည့်တဲ့အခါ အမှန်အတိုင်းပြန်တွေ့ခွင့်ရသလိုမျိုးပေါ့။ ဘာပဲဖြစ်ဖြစ် ကာလဆိုးတခုကိုထိတွေ့ခဲ့ကြရတဲ့စာ‌ သမားကဗျာသမားအနုပညာသမားတွေရေးသားခဲ့ကြတဲ့ စကား‌ပြေ၊ ကဗျာ အစရှိတဲ့အနုပညာပုံသဏ္ဍာန်အမျိုးမျိုးနဲ့ရေးဖွဲ့မှုမှာ ဘာတွေရေးခဲ့ကြတယ်ဆိုတာ သူတို့ကိုယ်တိုင်အသိဆုံးပါ။ ကွယ်ဝှက်ထားလို့မရပါဘူး။

ကျွန်တော်တို့တိုင်းပြည်ရဲ့အသံမသာတဲ့နှစ် ၆၀ စာတေးသွားတပုဒ်မှာ ဘယ်ဆယ်စုနှစ်အပိုင်းအခြားပဲကြည့်ကြည့်၊ ကိုယ့်အတ္တကိုယ်မငဲ့ကွက်ဘဲ အရာရာကိုထိုးထွင်းသိမြင်နိုင်စွမ်းရှိတဲ့စာပေကဗျာသမားနှင့်အခြားအနု ပညာသမားတွေဟာ သူတို့ဖန်တီးတဲ့စာပေကဗျာအနုပညာကို ထူးဆန်းတဲ့ပုံသဏ္ဍာန်အသစ်တခုဖြစ်ထွန်းမှု၊ စူးရှတဲ့အော်သံတခုနဲ့ ယုံကြည်ရာ လမ်းကြောင်းတခုအတိုင်း ဖောက်ထွက်လာခဲ့ကြပါတယ်။ အခုထိလည်းသွားနေကြဆဲပါ။ ဒီနေရာမှာဘယ်သူတွေဟာ ဘယ်လိုစာမျိုးတွေရေးဖွဲ့ခဲ့ကြသလဲဆိုတာ စိတ်ဝင်စားရာကောင်းလှပါတယ်။ ဘယ်သူတွေဟာ ပေါ်လစီကားရိုက်ဖူးသလဲ ပေါ်လစီသီချင်းရေးဖူးသလဲ ပေါ်လစီသီချင်း ဆိုဖူးသလဲဆိုတာမျိုးလည်း ပါတာပေါ့။

ကိုယ်ရေးသားဖန်တီးတဲ့စာပေအရေးအသားနဲ့အနုပညာဖန်တီးမှုတခု၊ သတင်းဆောင်းပါးတပုဒ်ဟာ ဖိနှိပ်ချုပ် ချယ်တဲ့ဖောက်ပြန်တဲ့လူတန်းစားဘက် တိမ်း ညွတ်တဲ့အရေးအသားနဲ့ အနုပညာလား။ အဖိနှိပ်ခံလူတန်းစားတရပ်လုံးကို ကိုယ်စားပြုရေးဖွဲ့တဲ့အရေးအသားနဲ့ အနုပညာလား။ ဒါဟာအဓိကမေးခွန်းပဲဖြစ်ပါလိမ့်မယ်။

လူသားဟာ တထိုင်တည်းအများကြီးမလုပ်နိုင်ကြပါဘူး။ ကိုယ်နိုင်စွမ်းသလောက်နဲ့ ကံကြမ္မာကခွင့်ပြုသလောက်ပဲ အကောင်းဆုံးလုပ်သွားကြရတာပါ။ အ‌ခြေအနေပေါ် မူတည်ပြီး အသက်စွန့်ဖို့လိုရင်လည်း အသက်စွန့်သွားခဲ့ကြရတာပါပဲ။ ပြည်သူကိုအခြေပြုတဲ့နိုင်ငံရေးဟာ ဘယ်စည်းစိမ်ဘယ်အာဏာကိုမှ မတိမ်း ညွတ်ပါဘူး။ လမ်းမပေါ်ကခေါင်းရွက်ဗျတ်ထိုးဈေးသည်တယောက်ရဲ့ နိုင်ငံရေး၊ လူတန်းစားအလွှာအသီးသီးကလူအမျိုးမျိုး အစားစားရဲ့ နိုင်ငံရေး၊ နောက်ဆုံးဇိမ်ခန်းကထွက်လာတဲ့ လိင်အလုပ်သမတယောက်ရဲ့ နိုင်ငံ ရေး၊ ဘယ်သူ့ကိုမှ အထင်သေးခွင့်မရှိပါဘူး။ ကိုယ်နဲ့နှီးနွယ်တဲ့နိုင်ငံရေးဟာ မှန်ကန်ဖြောင့်မတ်နေဖို့ပဲလိုပါတယ်။ ကိုယ်လုပ်နိုင်တာကိုယ်လုပ်ကြရုံပါ။ ရိုးသားကြဖို့တော့လိုပါတယ်။ ဒီနေရာမှာ အမေရိကန်စာရေးဆရာမကြီး Pearl S. Buck ရေးတဲ့ The Old Demon ဆိုတဲ့ ဝတ္ထုတိုတပုဒ်ကို သတိရမိတယ်။ ဆရာတင်မောင်မြင့်ရဲ့ရေနတ်မိစ္ဆာလို့အမည်ပေးထားတဲ့ ဘာသာပြန်ကိုဖတ်ရတာပါ။

စစ်ကြီးဖြစ်နေတဲ့အချိန် မြစ်ဝါမြစ်ကြီးရဲ့ကမ်းနဖူးပေါ်က 'သုံးမိုင်ရွာ' လို့ခေါ်တဲ့အဘွားဝမ်တို့ ရွာကလေးကို ဂျပန်လေယာဉ်ပျံတွေဗုံး‌ကြဲစဉ် တရွာလုံးထွက်ပြေးကြရပြီး အဘွားဝမ်က လိုက်မသွားနိုင်ဘဲရွာမှာကျန်နေခဲ့ပါတယ်။ လေယာဉ်ပျံတစင်းကောင်းကင်ကမြေပြင်ထိုးစိုက်လာတဲ့အချိန်မှာ အဲဒီလေယာဉ်ထဲကဂျပန်လေတပ်သားလူငယ်တယောက်ကို အဘွားဝမ်ကကယ်ထုတ်ခဲ့ပြီး သူတတ်နိုင်သမျှပြုစုစောင့်ရှောက်ပါတယ်။ သူ့ကိုသတ်မယ့်လူတွေကို မသတ်ဖို့တားခဲ့ပါတယ်။ ဒါပေမဲ့ ဂျပန်လေတပ်သားလည်း နောက်ဆုံးမှာသူ့ဘာသာသူသေသွားပါတယ်။

အစတော့အဘွားဝမ်ကဂျပန်တွေဘာလို့စစ်တိုက်ကြသလဲဆိုတာမသိဘူး။ နောက်တော့ "သူတို့က ကျွန်တော်တို့မြေကိုလိုချင်လို့ပေါ့" လို့ ရွာသားတယောက်ပြောမှ အဘွားဝမ်သိသွားပါတယ်။
ရေကာတာပေါ်ကပြန်ဆင်းမယ့်ဆဲဆဲအရှေ့မိုးကုပ်စက်ဝိုင်းဆီကအဘွားဝမ်တွေ့လိုက်ရတဲ့မြင်ကွင်းထဲအနက်ရောင်အစက်အပြောက်ကလေးပေါင်းများစွာနဲ့အရောင်တဖျပ်ဖျပ်လက်နေတဲ့တောက်တောက်ပြောင်ပြောင်အရာများ တောက်တောက်ပြောင်ပြောင်အရာများစွာ ပေါ်လာပါတော့တယ်။ ဧရာမဂျပန်စစ် တပ်ကြီးတတပ်။ ခေါင်းပေါ်မှာလည်း လေယာဉ်ပျံတွေဝဲလို့။ အဘွားဝမ်သတိရသွားပါပြီ။ သူတို့သတ်ခဲ့‌တဲ့ ရွာသားတွေမနည်းတော့။ ဗုံးထဲမှာ အဘွားဝမ်ရဲ့ဆွေမျိုးသားချင်းတွေပါသွားကြပြီ။

အဘွားဝမ်က ရေတံခါးဘယ်လိုဖွင့်မလဲဆိုတာကိုကောင်းကောင်းသိတယ်။ ရေတံခါးကြီးဖွင့်လိုက်ရင် သူလည်း မလွတ်နိုင်တာကိုသိတယ်။ အရှေ့ဘက်ဆီတချက်ကြည့်လိုက်ပြန်တော့ကွင်းပြင်ကိုဖြတ်ပြီးလာနေတဲ့ ဂျပန်တွေကိုအဘွားဝမ်တွေ့လိုက်ရတယ်။ ထောင်ပေါင်းများစွာသောလှံစွပ်တွေဆီက ရောင်ပြန်တွေဟာ ပြိုးပြိုး ပြက်ပြက်လင်းလက်နေတာကို အဘွားဝမ်တွေ့လိုက်ရတယ်။ လူတွေလေယာဉ်ပျံနဲ့စစ်တိုက်ကြတယ်။ သေနတ်တွေနဲ့ စစ်တိုက်ကြတယ်။မြစ်ရေတွေနဲ့စစ်တိုက်လို့ရတာပဲလို့ အဘွားဝမ်က တွေးတယ်။ ရေတံခါးကြီးကိုဖွင့်ချလိုက်ရင် သူတို့အားလုံးကိုရေလုံးကြီးကဝါးမျိုသွားမယ်။

ဧရာမအရှိန်နဲ့သူတိုကိုရေနစ်သတ်ပြီးမိနစ်အပိုင်းအတွင်း ရေပင်လယ်ကြီးဖြစ်သွားမယ်။ အဘွားဝမ်ရဲ့ကံကြမ္မာကိုတော့ ဘယ်သူမှတွေးမိကြမယ်မဟုတ်ဘူး။
အဘွားဝမ်က ရေတံခါးကြီးရဲ့သစ်သားကန့်လန့်တွေကို တချောင်းချင်းဆွဲဖြုတ်လိုက်တယ်။ နောက်တော့ သစ် သားကန့်လန့်တွေအလိုအလျောက်ပြုတ်ကုန်တယ်။နောက်ဆုံးတချောင်းပြုတ်ထွက်လာပြီးရေလုံးကြီးပွင့်ထွက်လာတယ်။ အဘွားဝမ်အသက်ရှူချိန်တဒင်္ဂမျှပဲရလိုက်တယ်။ အဘွားဝမ်ရေလုံးကြီးနဲ့အတူလွင်စင်သွားတယ်။ တပြိုင်နက်တည်း ရေလုံးကြီးက ကြောက်မက်ဖွယ်အဟုန်နဲ့ ရန်သူစစ်တပ်ကြီးဆီအော်ဟစ်ပြေးဆင်းသွားပါတယ်။

တကယ်တော့ အဘွားဝမ်ဟာ ဘယ်သူမှမသိလိုက်တဲ့ ကြွေသွားသွားတဲ့ကြယ်တစင်းပါပဲ။ သူဟာ သူလုပ်နိုင်တဲ့အလုပ်တခုကို အသက်ပေးပြီး လုပ်လိုက်တာပဲ။ သူလုပ်တဲ့အလုပ်က ရန်သူကိုထိထိရောက်ရောက်ချေမှုန်းနိုင်ပြီးအများအတွက် အကျိုးရှိနိုင်တာကိုသိလို့ သူ့အသက်ပါပေးလိုက်တာပါပဲ။ သူ့အတွက် ဘာသူရဲကောင်းလက်မှတ်မှမလိုအပ်ဘူး။ ဘာဂုဏ်ထူးဆောင်လက်မှတ်မှမလိုအပ်ဘူး။

နိုင်ငံရေးဟာ ပရိယာယ်မာယာများတယ်။ ဒါပေမဲ့ ဖက်ဆစ်နဲ့လူထုဟာ ဘယ်တော့မှမရောနှောဘူး။ ဒီနေရာမှာ ကျွန်တော့်စိတ်က တစုံတရာကို သတိရသွားတယ်။ ကိုယ့်တိုင်းပြည်မှာဖြစ်ထွန်းနေတဲ့နိုင်ငံရေးကို ဘဝင်မကျတဲ့အမြင်တခုနဲ့ မိတ်ဆွေတချို့ကိုနိုင်ငံရေးအကြောင်းပြောမိရာမှာ "နိုင်ငံတနိုင်ငံမှာစစ်တပ်မရှိရင်ဘာဖြစ်သွားမယ်ထင်သလဲ" တဲ့။ သူတို့လုပ်‌နေတဲ့နိုင်ငံရေးကို ကာကွယ်ပြောခဲ့ကြပုံတွေပါ။ ကျွန်တော်ဘာမှမပြောဘဲ ရယ်ပဲရယ်နေလိုက် ပါတယ်။ အခုတော့လည်း သူတို့ပြောတဲ့နိုင်ငံရေးကိုသူတို့ကိုယ်တိုင် ပြောင်းပြန်မောင်းနေကြရပြီမဟုတ်လား။

စေတ
-
oin Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar