Breaking News

မောင်တူး - ဦးတင်မောင်ဝင်း (ခရမ်း) ကွယ်လွန်ခြင်း ၂၉ နှစ် ကဗျာများ


မောင်တူး - ဦးတင်မောင်ဝင်း (ခရမ်း) ကွယ်လွန်ခြင်း ၂၉ နှစ် ကဗျာများ

(မိိိုးမခ) ဇန်နဝါရီ ၁၈၊ ၂၀၂၀

အင်းစိန်ထောင်အတွင်း ထောင်ပိုင်ကြီးက သွေးကင်ဆာရောဂါနဲ့ သေခဲ့တယ်လို့ ပြောခဲ့ပေမဲ့ ဇနီးသည် စာရေးဆရာမ (ဒေါ်)ခင်လှိုင်ကြူကတော့ သူ့ယောက်ျားမှာ ကင်ဆာရောဂါ မရှိခဲ့ပဲ ဝမ်းကိုက်ရောဂါကို ထောင်အတွင်း ဆေးကုသမပေးလို့ သေခဲ့တာလို့ အခိုင်အမာ ဆိုခဲ့တဲ့ NLD ရန်ကုန်တိုင်းရုံး တာဝန်ခံ၊ မြန်မာပြည် ဒီမိုကရေစီရဖို့ အစဉ်တစိုက် တိုက်ပွဲဝင်ခဲ့သူ၊ ၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက် ကျောင်းသား အရေးတော်ပုံခေါင်းဆောင် ဦးတင်မောင်ဝင်း(ခရမ်း) ကျဆုံးခဲ့တာဟာ ၁၉၉၁ ခုနှစ် ဇန်နဝါရီ ၁၈ ရက် ဖြစ်တာမို့ အခု ၂၀၂၀ ခု ဇန်နဝါရီ ၁၈ မှာ သူ့ကွယ်လွန်ခြင်း၂၉ နှစ် ပြည့်ပါပြီ။ ဒီနေ့ဒီရက်မှာ သူ့အတွက် သတိတရ အထိမ်းအမှတ် ဂုဏ်ပြု ကဗျာတွေကို ဖတ်နေ ရွတ်နေ ဆိုနေမိပါတော့တယ်။

ကြယ်ကြွေတာ
ကင်ဆာတဲ့လား
ကင်ဆာ ကျဆုံးပါစေ။

(သင်္ဃန်းကျွန်း NLD ရဲဘော်တွေရဲ့ လွန်ခဲ့တဲ့ ၂၉ နှစ် လွမ်းသူ့ပန်းခွေက) ကူးယူထားတာပါ။ မကျေနပ် စိတ်၊ မခံချင်စိတ်တွေနဲ့ ပွင့်ထွက်ရေးသားထားတဲ့ ဒီကဗျာ စာသား ၃ ကြောင်းကို ဦးတင်မောင်ဝင်းရဲ့ ဇနီး ဆရာမခင်လှိုင်ကြူ ရေးတဲ့ (( “ လွမ်းလေသမျှ” “မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်ရှိရေးအတွက် အစဉ်တစိုက် တိုက်ပွဲဝင်ခဲ့သူ တယောက်အကြောင်း” )) စာအုပ် စာမျက်နှာ ၁၇၅ မှာ ဖော်ပြထားတာပါ။ လွမ်းလေသမျှ ဆိုတာကတော့ ကွယ်လွန်သူ နိုင်ငံကျော် ကဗျာ ဆရာကြီး (ဦး)တင်မိုး ရဲ့ ဂုဏ်ပြုကဗျာ စာသား ဖြစ်ပါတယ်။

ကွယ်လွန်သွားသူ ကျဆုံးသွားသူတိုင်း အတွက်တော့ ကဗျာတွေ ရေးကြမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ မြန်မာပြည် ဒီမိုကရေစီရရှိရေးအတွက် တိုက်ပွဲဝင်ခဲ့သူတွေအတွက်ကိုတော့သူတို့ကျဆုံးသွားခဲ့သည် ဖြစ်စေ၊ သက်ရှိထင်ရှား တိုက်ပွဲဝင်နေဆဲ ရှိသည်ဖြစ်စေ သူတို့ကို ဂုဏ်ပြုကဗျာတချို့ ရေးဖြစ်တယ်လို့ ကဗျာဆရာကြီး (ဦး)တင်မိုးက မကြာခဏ အကြောင်းတိုက်ဆိုင်တိုင်း ပြောပြတတ်ပါတယ်။ ခရမ်း ဦးတင်မောင်ဝင်းရဲ့ ဈာပနကိုလည်း ဆရာတင်မိုးက ကဗျာတပုဒ်နဲ့ ဂုဏ်ပြုခဲ့ပါတယ်။


ခွပ်ဒေါင်းရဲဘော်
(ခရမ်း ကိုတင်မောင်ဝင်း သို့ … )

ကြီးမြတ်သော စိတ်ထား
ကြံ့ခိုင်သော မာန်အားနှင့်
သင်ကား ဘဝပြောင်းခဲ့ပြီ။

ကြွေရှာလေ တရွက်နှစ်ရွက်
မြေမှာလေ သက်ခဲ့ရ
ဖြေစရာ အကွက်မမြင်သာ
ရင်နာဖွယ် ကြုံရသည်။

ခွပ်ဒေါင်းအလံ သင်ကိုင်၍
တို့နိုင်ငံ အလင်းရောင်ရစေဖို့
သင့်ဘဝ မြှုပ်ခဲ့သည်
ဇာနည်ကွဲ့ ယောကျ်ား။

ကိုယ်ကျိုးစွန့်၍ သေခြင်းကား
မြင့်မြတ်သော သေခြင်းဖြစ်၍
ထွန်းသစ်သော သင့်ဂုဏ်ရောင်
တို့ခေတ်ကို အလင်းဆောင်လိမ့်
အောင်ပွဲတွေ တသီတတန်းနဲ့
လွမ်းလေသမျှ
ပန်းခွေချ၍ ဂုဏ်ပြုကြလိမ့်တကား။ ။

( တင်မိုး)

(ခရမ်း ကိုတင်မောင်ဝင်း ၁၈-၁-၉၁ နံနက်က ဆုံးသည်)

(ကိုတင်မောင်ဝင်း ဂုဏ်ပြုကဗျာ)

ဦးတင်မောင်ဝင်း (ခရမ်း)ရဲ့ ၂၉ နှစ်မြောက်ရေးတဲ့အခါ ကိုးကားခဲ့တာကတော့ ဆရာမ ခင်လှိုင်ကြူရဲ့ “လွမ်းလေသမျှ” စာအုပ်ပါ။ ဒါပေမဲ့ လွမ်းလေသမျှ စာအုပ်ကို စာအုပ်ပုံထဲ ရှာချိန်မှာတော့ ထောင်တွင်းမှာ သေဆုံးခဲ့ကြသူတွေဖြစ်တဲ့ NLD မင်းလှမြို့နယ် ဥက္ကဌ နီအောင်မေသု ခေါ် ဦးအောင်မေသု အကြောင်းစာအုပ်၊ ပြည်သူ့တိုးတက်ရေးပါတီ ဥက္ကဌ ဦးခင်မောင်မြင့် မိန့်ခွန်းပေါင်းချုပ်စာအုပ်၊ ရန်ကြီးအောင် ဦးစိန်ဝင်း အတ္ထုပ္ပတ္ထိ၊ NLD အလုပ်သမားရေးရာ တာဝန်ခံ ဦးမောင်ကို အကြောင်းစာအုပ် စသဖြင့် စသဖြင့် စာအုပ်တွေကိုပါ ရှာတွေ့ခဲ့ပါတယ်။ ရဲဘော်နီအောင်မေသု (ခ) ဦးအောင်မေသု (ခ) ဦးသု (၁၉၄၁-၂၀၀၂) စာအုပ်မှာ ဆိုရင် ဟံသာဝတီ သတင်းစာ ဆရာကြီး ဦးဝင်းတင်က အခုလို ပြောကြားထားတာကို ဖော်ပြခဲ့တာပါ။

ဆရာကြီးဦးဝင်းတင်က “စစ်အာဏာရှင် စံနစ်ဆိုးရဲ့ နှိပ်စက်ညှင်းပမ်းခံရပြီး ကျဆုံးသွားရတဲ့ အာဇာနည် အထောင်အသောင်းတို့ရဲ့ ကျဆုံးခြင်း အထိမ်းအမှတ်နေ့ရက်တွေ ပွဲတွေဟာ စစ်အာဏာရှင်အတွက် သူတို့ ပြုလုပ် ကျူးလွန်ခဲ့တဲ့ ရက်စက်ရိုင်းပြတဲ့ နှိပ်စက် ညှင်းပန်း သတ်ဖြတ်မှု ပေါ်လစီတွေကို အရိုးတွန်တဲ့ နေ့ရက်တွေ အထိမ်းအမှတ်ပွဲတွေအနေနဲ့ စဉ်ဆက်မပြတ် ဖော်ထုတ်နေဖို့ လိုတယ်။” လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

အခုကတော့ “ လွမ်းလေသမျှ” “မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်ရှိရေးအတွက် အစဉ်တစိုက် တိုက်ပွဲဝင်ခဲ့သူ တယောက် အကြောင်း”စာအုပ် စာမျက်နှာ ၁၂၆ မှာ ဖော်ပြထားတဲ့ သူ့ အတ္ထုပ္ပတ္ထိ အကျဉ်းကို ဖော်ပြပါမယ်။

ဦးတင်မောင်ဝင်း (ခရမ်း)၏ ကိုယ်ရေး သမိုင်း အကျဉ်း

- ဟံသာဝတီခရိုင် ခရမ်းမြို့ကမ်းနားလမ်းနေ ကွယ်လွန်သူ ဦးမြို့၊ ဒေါ်သန်းရှင်တို့မှ မွေးဖွားသည့် သတ္တမမြောက်သား ဖြစ်သည်။

- ၁၃၀၁ ခု တန်ဆောင်မုန်းလဆန်း ၁၀ ရက်နေ့ ခရမ်းမြို့တွင် ဖွားမြင်သည်။

- ခရမ်းမြို့ မြန်မာစာသင်ကျောင်း ဆရာကြီးဦးဝိုင်းထံတွင် စတင်ပညာသင်ကြားခဲ့သည်။

- ခရမ်းမြို့ အစိုးရအထက်တန်းကျောင်း၊ ရန်ကုန်မြို့ ရေကျော် မက်သဒစ်ကျောင်း၊ ရန်ကုန်မြို့ မြို့မ အမျိုးသားကျောင်းတို့တွင် ပညာသင်ကြားခဲ့သည်။

- ၁၉၅၇ ခုနှစ်တွင် ခရမ်းမြို့ အစိုးရအထက်တန်းကျောင်းမှ တက္ကသိုလ်ဝင်တန်း အောင်ခဲ့သည်။

- ကျောင်းသားဘဝ တလျောက်လုံး ပညာရေး၊ ကျန်းမာရေး၊ ပေါင်းသင်းဆက်ဆံရေး၊ ကျောင်းသား အခွင့်အရေး၊ ဒီမိုကရေစီရေး လုပ်ငန်းများကို အထက်တန်းကျောင်းနှင့် တက္ကသိုလ်တို့တွင် ဘာသာရပ် ဆိုင်ရာ အသင်းများ၊ ကျောင်းသားဟောင်းအသင်းများ၊ မြို့နယ်အသင်းနှင့် ခရိုင်အသင်းများ၊ လက့်ဝှေ့အသင်း၊ ကလောင်အသင်း၊ နေ့ကျောင်းသားအသင်း၊ ကျောင်းဆောင် သဟာယနှင့် စာဖတ်အသင်းများ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)၊ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ (တကသ) နှင့် ရန်ကုန်တက္ကသိုလ် ကျောင်းသားညီညွတ်ရေး တပ်ဦးတို့တွင် တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သည်။

- ၁၉၅၈-၅၉ ခုနှစ် ရန်ကုန်တက္ကသိုလ် ကျောင်းသားညီညွတ်ရေး တပ်ဦးကောင်စီဝင်၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားပညာရေး နှီးနှော ဖလှယ်ပွဲ ကျင်းပရေးနှင့် ဗကသများ အဖွဲ့ချုပ် စည်းရုံးရေး (ကချင်ပြည်နယ်) တာဝန်ခံ။

- ၁၉၆၀ ပြည့်နှစ် နကရဖ အလုပ်သမားဘုတ်အဖွဲ့ ရုံးဝန်ထမ်း အလုပ်သမား သမဂ္ဂအတွင်းရေးမှုး။ ဘုတ်ကော်ပိုရေးရှင်း အမှုထမ်းပေါင်းစုံ သမဂ္ဂဦးစီးအဖွဲ့ဝင်။

- ၁၉၆၂-၆၃ ခနှစ် ‘ ဇူလိုင် ၇ ရက် အရေးတော်ပုံကာလ’ ရန်ကုန်တက္ကသိုလ် တိုက်ပွဲဝင် နေ့ကျောင်းသားများအသင်း ဥက္ကဌ၊ ရန်ကုန်တက္ကသိုလ် ကျောင်းသားအခွင့်အရေး ကာကွယ်မှု ကော်မတီ ဥက္ကဌ၊ ရန်ကုန်တက္ကသိုလ် ကျောင်းသားညီညွတ်ရေးတပ်ဦး အထွေထွေအတွင်းရေးမှူး၊ ရန်ကုန်တက္ကသိုလ် ကျောင်းသားညီညွတ်ရေးတပ်ဦး သဘာပတိအဖွဲ့ဝင်။

- ၁၉၆၄ ခုနှစ် ဇန်နဝါရီလမှ ၁၉၇၀ ပြည့်နှစ် စက်တင်ဘာလအထိ တော်လှန်ရေးကောင်စီ အစိုးရ၏ ထိန်းသိမ်းခြင်း ခံရသည်။

- ၁၉၈၈ ခုနှစ် ၈၈၈၈ အရေးတော်ပုံတွင် စစ်ပြီးခေတ်နှင့် လွတ်လပ်ရေးခေတ် ကျောင်းသားခေါင်းဆောင်များ အဖွဲ့တွင် ပါဝင်လှုပ်ရှားခဲ့သည်။

- ၁၉၈၉ ခုနစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်ဖွဲ့စည်းချိန်တွင် ရန်ကုန်တိုင်းစည်းရုံးရေးမှူးနှင့် တိုင်းစည်းရုံးရေးအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ဒါကတော့ သူ့ကိုယ်တိုင် ရေးသားခဲ့တဲ့ သူ့အကြောင်း သမိုင်းအကျဉ်း ဖြစ်ပါတယ်။ ဦးတင်မောင်ဝင်း (ခရမ်း)ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ် ၁၉၉၀ ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ပါ။ ၁၉၈၈ ခုနှစ် ၈၈၈၈ အရေးတော်ပုံကြီးကို စစ် အာဏာသိမ်း ဖြိုခွဲ အပြီး ၁၉၉၀ ပြည့် မေ ၂၇ ရက် ရွေးကောက်ပွဲမှာ NLD အပြတ်အသတ်နိုင်ခဲ့အပြီး ဦးတင်မောင်ဝင်းကို စစ်ထောက်လှမ်းရေးက ဖမ်းခဲ့တယ်။ တချို့ရွေးကောက်ခံကိုယ်စားလှယ်တွေက အညံခံ လက်နက်ချ သွားခဲ့ပေမဲ့ ဒီမိုကရေစီရဲ့ အမာခံ၊ NLDရဲ့ အမာခံ၊ အညံ့မခံသူဖြစ်တဲ့ သူ့ကို ထောင်တွင်းမှာ စစ်အာဏာရှင်က အသေသတ်ခဲ့တာလို့ ပြောရမှာပါဘဲဗျာ။

၁၉၉၀ ရွေးကောက်ပွဲမှာ သူပြောခဲ့တဲ့ ရဲရဲတောက် မိန့်ခွန်းကတော့ “ ကျနော့ရဲ့ဘဝ၊ ကျနော့ရဲ့ အသက်ကို မြန်မာပြည် ဒီမိုကရေစီရေးအတွက် ပေးအပ်ပါတယ်။ တကယ်လို့များ မြန်မာပြည် ဒီမိုကရေစီ ရရှိဖို့ အရိုးတွေ တောင်လိုပုံမယ်ဆိုရင် အရိုးတောင်ပုံရဲ့ အောက်ဆုံးနေရာမှာ ကျနော့်အရိုး ရှိရပါစေ့မယ်။” ဆိုတာပါ။ တကယ်လဲ သူဟာ ဒူးမထောက် လက်မမြှောက်စတမ်း အာဇာနည်ပီသစွာ အသက်စွန့်သွားခဲ့ပါတယ်။ သူ့ အတွက် နောက်ကဗျာတပုဒ်ကတော့ - -

ငှက်ငယ်မှတစ်ဆင့်
နှောင်အိမ်စွန်း ခွန်းဆက်လာတဲ့ငှက်ငယ်။
လှောင်ချိုင့်စံ ကျွန့်ကိုသနားတာဖြင့်
စောင့်စားကာ ရှာဖွေမောသူသို့
ပြောလိုက်ပါ့ကွယ်။

ယုံကြည်ချက်တွေနဲ့
ပုံမပြီ ပျက်စေယွင်းအောင်တဲ့
ညှဉ်းပါစေ့ အသက်ရယ်
ပျက်ပြယ်မယ် မဟုတ်ဘူး။

ရည်မှန်းချက်မူ
လှမ်းချီလျှက်တူတူမို့
ပြည်သူကို ချစ်မြတ်နိုးသတဲ့
စိုးရွံ့ကာ မဝေဖို့
ဆုပန်ခြွေ မှာစကားကိုဖြင့်
ကျွန့်နားမှာ ဖန်ဖန်ကြားလေတော့
စိတ်အားမာန် မလျှော့စွမ်းပါဘု
လှောင်ချိုင့်စံ သည်မှာတမ်းကို
ကမ်းလင့်ပါဦး။ ။

မောင်လင်းယုန် (ရှမ်းပြည်)

ဦးတင်မောင်ဝင်း(ခရမ်း)ရဲ့ ရဲဘော်ရဲဘက် အကျဉ်းထောင်ကဗျာတွေ ရေးလေ့ရှိသူ ကဗျာဆရာကြီး မောင်လင်းယုန် (ရှမ်းပြည်) ရဲ့ မဂ္ဂဇင်းတစောင်မှာ ဖော်ပြခဲ့တဲ့ ကဗျာပါ။ ထောင်နံရံတွင်း အကျဉ်းစံ အလံမလှဲ သတ္တိခဲ အာဇာနည် ဦးတင်မောင်ဝင်း(ခရမ်း) ရဲ့ ဘဝနဲ့ တူညီနေလို့ ဆရာမခင်လှိုင်ကြူက “လွမ်းလေသမျှ” စာအုပ် စာမျက်နှာ ၆၈ မှာ ဖော်ပြထားတဲ့ကဗျာလည်း ဖြစ်တာပါ။

၁၉၉၁ ခု ဇန်နဝါရီ ၁၈ ဦးတင်မောင်ဝင်း ထောင်ထဲမှာ ဆုံးတယ်။ ဇန်နဝါရီ ၂၀ ရက် နှစ်ရက်ကြာမှ မိသားစုကို အသိပေးတယ်။ ပြီးတော့ နောက်ထပ် ၂၄ နာရီအတွင်း ဈာပနကို အကျဉ်းချုံး လုပ်ခိုင်းတယ်။ နာရေးကြော်ငြာမှာ NLD ဆိုတာ ထည့်ခွင့်မရှိ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နာမည် ထည့်ခွင့်မပေး၊ ၁၉၉၀ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်ဆိုတာ မသုံးရ၊ ယုတ်စွအဆုံး ဦးတင်မောင်ဝင်း နောက်မှာ (ခရမ်း) ဆိုတာကိုတောင် ထည့်ခွင့်မပြု၊ ကြံတော အလောင်းထားရာ ရေခဲတိုက်ထဲကို သမီးအရင်းကိုတောင် ဝင်ခွင့်မပေး၊ မီးသင်္ဂြုလ်ခါနီး ၁ နာရီ အလိုမှသာ အလောင်းကို ထုတ်ယူခွင့် ရှိမယ့် ကန့်သတ်ချက်တွေနဲ့ နောက်ဆုံးဈာပနကို ကျင်းပခဲ့ရတာပါ။ လူကို ချုပ်နှောင် ထောင်ချ တိုက်ပိတ် ဆေးကုမပေး အဟာရပြည့်အောင်မကျွေးတဲ့အပြင် အသက်မရှိတော့တဲ့ ရုပ်ခန္ဓာကိုတောင်မှ ကန့်သတ် ပိတ်ပင် တားဆီး ချုပ်ချယ် ဟန့်တား ခဲ့ကြတာပါဗျာ။

လွန်ခဲ့တဲ့ ၂၉ နှစ် ဦးတင်မောင်ဝင်း(ခရမ်း)ရဲ့ ဈာပနမှာတော့ မလှမ်းမကမ်းက ထောင်အာဏာပိုင်တွေနဲ့ ထောက်လှမ်းရေးတွေက စောင့်ကြည့်နေလေရဲ့၊ အပြင်မှာတော့ စစ်ကားတွေ ပတ်မောင်းနေကြတယ်။ ဒါတွေကိုမြင်လေ NLD လူငယ်တွေ ဒေါသထွက်လေ ဖြစ်ပြီး လူကြီးတွေက ထိန်းနေကြရတယ်။ တားထားတဲ့ကြားက လူကများသည်ထက်များလာနေ။ သူ့အလောင်းပေါ် အလံလွှမ်းတင်လိုက်တယ်။ ခွပ်ဒေါင်းအလံ။ သူ အင်မတန် တန်ဖိုးထားတဲ့ ကျောင်းသား သမဂ္ဂအလံ။ သူ့ခန္ဓာကိုယ်ပေါ်ကိုတော့ ပန်းစည်းတွေ နှင်းဆီပွင့်ဖတ်နီနီတွေ ကျဲချထားပြီး နီရဲနေ။ ပန်းခွေတွေတွေ ပန်းခြင်းတွေ မရေမတွက် နိုင်အောင် ရောက်လာတယ်။ သူချစ်တဲ့ ဦးတင်မောင်ဝင်း (ခရမ်း)ကို ဆရာ တင်မိုး ရေးပေးတဲ့ ကဗျာထဲ ကလို “လွမ်းလေသမျှ … ပန်းခွေချ … ဂုဏ်ပြုကြသည် ထင်ပါရဲ့” လို့ ဇနီး စာရေးဆရာမ (ဒေါ်) ခင်လှိုင်ကြူက လွမ်းလေသမျှ စာအုပ်မှာ ရေးခဲ့ပါတယ်။ သူမက ဆက်ပြီး အခုလို ရေးခဲ့ပြန်ပါတယ်။

- - - တကယ်တော့ သည်နေရာက ပန်းတွေ ဝေရမဲ့ နေရာမဟုတ်ပါ။ ငိုကြွေးလို့ ကျလာတဲ့ မျက်ရေတို့က ပန်းတွေကို လန်းအောင် ဖန်တီးနိုင်ကြမှာ မဟုတ်ပါ။ သည်အတွေးနဲ့ ကျမချစ်သူ ခင်ပွန်းအတွက် ကြေကွဲနေသော နှလုံးသားဖြင့် မျက်ရည်များကြားမှ ကဗျာတပုဒ် ဖန်တီးပြီး မိသားစု ပန်းခြင်းကြား ချိတ်ဆွဲလိုက်သည်။

ပန်းတစ်ပွင့်ကြွေ
ကြွေရမည့်အခါ မဟုတ်ပါ။

ပန်းတွေနဲ့ဝေ
ဝေရမည့်နေရာ မဟုတ်ပါ။

သို့ပေမဲ့ . . .
ကြွေခဲ့ပါပြီ။
ဝေခဲ့ပါပြီ။

လွမ်းမျက်ရည်များ
ကြွေသော ပန်းပွင့်ပေါ်သို့ …
ဝေသော ပန်းများပေါ်သို့ …
ရေတွေ့သော ပန်းများပေမင့်
မလန်းနိုင်ပါလား ချစ်သူရယ်။ ။

ဦးတင်မောင်ဝင်း(ခရမ်း)ရဲ့ အုတ်ဂူကို ကြီးကြီး လုပ်ခွင့် မပေးခဲ့ပါ။ အရိုးဂူ ခပ်သေးသေး သာ လုပ်ခွင့်ရတယ်။ ဂူသေးသေးမှာတောင် သူ့ဂုဏ်ပုဒ်တွေထည့်ခွင့် မပေးပါ။

ဦးတင်မောင်ဝင်း (ခရမ်း)
ခရမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ရန်ကုန်တိုင်းစည်းရုံးရေးတာဝန်ခံ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

- - - ဆိုတာတွေ ထည့်ခွင့်မပြု၊ နာမည်တခုပဲ ထိုးခွင့်ရှိတာကြောင့် ဘာစာတမ်းမှ မထိုးဘဲ အလွတ်ထား ခဲ့တာတွေကို မပြောချင်တော့။ အထူး (အထူး) ပြောလိုတာကတော့ ဦးတင်မောင်ဝင်း(ခရမ်း) လိုလားတဲ့ မြန်မာပြည် ဒီမိုက‌ရေစီ လမ်းကြောင်းပေါ်ရောက်ရှိရေး အစဉ်တစိုက် တိုက်ပွဲဝင်သွားကြဖို့ကိုသာ အလွန့် အလွန် အရေးကြီးတဲ့ အကြောင်းပါ။

အခုဆိုရင် ဦးတင်မောင်ဝင်း (ခရမ်း) လိုလားခဲ့တဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာလဲ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မဲ အပြတ်အသတ် နိုင်ပြီး အစိုးရ ဖြစ်လာပါပြီ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလဲ ဒီမိုကရေစီပြည့်ဝတဲ့ ဖွဲ့စည်းပုံဖြစ်အောင် ပြင် နေကြပါပြီ။ ဒါကြောင့် အခုလို ဦးတင်မောင်ဝင်း(ခရမ်း) ကျဆုံးခဲ့တဲ့ ၂၉ နှစ် ပြည့် ဒီနေ့ဒီရက်မှာ သူ့အတွက် သတိတရ အထိမ်းအမှတ် ဂုဏ်ပြု ကဗျာတွေကို ဖတ်နေ ရွတ်နေကြရင်းက သူလိုလားတဲ့ မြန်မာပြည် ဒီမိုက‌ရေစီ လမ်းကြောင်းပေါ်ရောက်ရှိရေး အစဉ်တစိုက် တိုက်ပွဲဝင်သွားကြဖို့ဟာ သူ့ကို လေးစားသူ အားကျသူ အတုယူသူ အားလုံး လုပ်ဆောင်ရမဲ့ လက်တွေ့ လုပ်ငန်းစဉ် တာဝန်တရပ် မဟုတ်ဘူးလားခင်ဗျာ။ ။