Breaking News

ဧရာ(မန္တလေး) - လံံံံံံံံံံံကြုတ်တွေဆို ယင်အုံတယ်


ဧရာ(မန္တလေး) - လံံံံံံံံံံံကြုတ်တွေဆို ယင်အုံတယ်

(မိုးမခ) မတ် ၂၉၊ ၂၀၂၀

လူတွေက Conspiracy Theories တွေကို စိတ်ဝင်စားတတ်ကြတယ်။ လူပိန်းတွေကတော့ စိတ်ဝင်စားရုံသာမက တကယ်လို့ကို ယုံတတ်ကြတယ်။

တရုတ်တွေက ဇီဝလက်နက်အဖြစ် အသုံးချဖို့ အတွက် ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ်ကို ဖန်တီးသုတေသန ပြုရာကနေ တဆင့် အပြင်ကို ပြန့်သွားတာလို့ အချို့က ဆိုပါတယ်။ ဒါကို ဝါရှင်တန်ပို့စ်လို သတင်းဌာနမျိုးကနေတောင် ရေးခဲ့တာပါ။ တိုက်ဆိုင်ချင်တော့ The Eyes of Darkness ဝတ္ထုမှာ Wuhan-400 ဆိုတဲ့ နာမည်နဲ့ ဇီဝလက်နက်အကြောင်း ပါထားတော့ ပိုပြီး စိတ်ဝင်စားစရာ ဖြစ်သွားတယ်။

တဖက်ကလည်း ဒီကူးစက်ရောဂါက တရုတ်ပြည်ကနေ စခဲ့တာ ဆိုပေမယ့် ဗိုင်းရပ်စ်ပိုးကို အမေရိကန် စစ်သားတစ်ကနေ ဝူဟန်ကို သယ်ခဲ့တာလို့ တရုတ်အစိုးရ အရာရှိတစ်ဦးက စွတ်စွဲပါတယ်။ ဒါကို တုန့်ပြန်တဲ့ အနေနဲ့ အမေရိကန်သမ္မတက ကိုရိုနာဗိုင်းရပ်စ်, ကိုဗစ်-၁၉ စတဲ့ နာမည်တွေနဲ့ မခေါ်ဘဲ “တရုတ်ဗိုင်းရပ်စ်” လို့ သုံးပါတယ်။ အထောက်အထားတွေအရ ဒီဗိုင်းရပ်စ်က စမ်းသပ်ခန်းတွေမှာ မျိုးဗီဇအင်ဂျင်နီယာပညာနဲ့ ဖန်တီးထားတဲ့ မျိုးကွဲမျိုး မဟုတ်ဘဲ၊ လင်းနို့, သင်းခြေချပ်စတဲ့ တောရိုင်း တိရစ္ဆာန်တွေဆီက လူတွေဆီကို ကူးလာတာသာ ဖြစ်နိုင်ပါတယ်။

မြန်မာပြည်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေတဲ့ လူတွေ အများကြီး ရှိတယ်။ ဒါပေမယ့် အစိုးရက ဖုံးဖိထားခဲ့ပြီး၊ ပြည်တော်ပြန်တွေ ရောက်လာမှ သူတို့ကို အပြစ်ပုံချဖို့ ရောဂါရှိသူတွေကို စပြီး သတင်းထုတ်ပြန်တယ် ဆိုပြီး သတင်း ဖြန့်နေသူတွေလည်း ရှိပါတယ်။ မြန်မာပြည်မှာက စမ်းသပ်စစ်ဆေးတဲ့ ကိရိယာ ဖောဖော သီသီ မရှိတာ, လူဦးရေ အများစုက ကျန်းမာရေး ဗဟုသုတ နည်းတာကြောင့် အစိုးက သတင်း ထုတ်ပြန်ထားတဲ့ ပမာဏထက် ပိုပြီး ကူးစက်မှုတွေ ဖြစ်ကောင်း ဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့် ဒီနေ့လို ခေတ်မျိုးမှာ လူတွေ သေတာကို ဖုံးဖိထားလို့ ရနိုင်တဲ့ အရာမျိုးတော့ မဟုတ်ပါဘူး။

ဒါကြောင့် Conspiracy Theories တွေကို (လူ့သဘာဝအရ) စိတ်ဝင်စားချင် စိတ်စားပါ။ ဒါပေမယ့် အထောက်အထား မခိုင်လုံဘဲ ယုံကြည် မနေကြပါနဲ့။ ကိုယ်က တကယ် မယုံတောင် ကိုယ်ထပ်ဆင့် ဖြန့်ဝေလိုက်တဲ့ သတင်းကို လူပိန်းတွေက အဟုတ်မှတ်သွားနိုင်လို့ ထပ်လည်း မဖြန့်ကြပါနဲ့။ တကယ်တမ်း ကိုယ့်ပတ်ဝန်းကျင်မှာ ရောဂါကူးစက်မှုတွေ ဖြစ်နေတယ် ဆိုရင်တော့ (ဒါမှမဟုတ် သံသယရှိရင်) တာဝန်ရှိသူတွေ ဆီကို သတင်းပို့ပြီး ကူညီကြပါ။ ဒီအချိန်မှာ တာဝန်ရှိသူတွေကို ကူညီတာက မိမိကိုယ်မိမိ စောင့်ရှောက်ရာလည်း ရောက်ပါတယ်။ မိမိဆီကို ရောဂါကူးစက် မလာအောင် တတ်နိုင်သမျှ အိမ်မှာနေပေးတာ၊ အခြားသူတွေနဲ့ ထိတွေ့မှု နည်းနိုင်သမျှ နည်းအောင် နေပေးတာက အစိုးရ တာဝန်ရှိသူတွေကို ကူညီရာလည်း ရောက်ပါတယ်။