Breaking News

ခွန်ဆိုုုုုင်း - ကိုဗစ် ဒိုင်ယာရီ- ၁၂



ခွန်ဆိုုုုုင်း - ကိုဗစ် ဒိုင်ယာရီ- ၁၂

မိုးမခ (မတ် ၃၀၊ ၂၀၂၀)
ဗိုင်းယပ်စ် ကူးစက်ခံ လူပေါင်း သိန်းဂဏန်း ကျော်လာတဲ့ အမေရိကန် ၊ သိန်းဂဏန်း ပြည့်လုနီး အီတလီ ၊ သူတို့နောက်မှာ ကပ် လိုက်နေကြတဲ့ စပိန်၊ ဂျာမဏီ ။ ( သူတို့လဲ မကြာလိုက် ခင် သိန်းဂဏန်းကျော်မှာပဲ ) ။သူတို့ နောက်က ခတ်သုတ်သုတ် ပြင်သစ် အင်္ဂလန်လိုက်နေတယ်၊ သူတို့ ပိတ်တာက နောက် မကျတကျ ဆိုတော့ ကူးစက်မှုမှာ သိန်းဂဏန်းကျော်သွားနိုင်သ လား၊ အချိန်မှီ သေး သလား သိတ်မပြောနိုင်သေး ။

ဒီအချိန်မှာ တရုတ်က ရောဂါ ကူးစက်ခံလူ ရှစ်သောင်းလောက်မှာ ရပ်တန့်ထားပြီ ။ကိုဗစ် ကို တားထားနိုင်ပြီး အိန္ဒြေယယ စင်ပေါ်က ။ စစ်မြေပြင်ဗဟိုချက် ဝူဟန်ကို ကိုဗစ်လက်က ပြန်သိမ်း။ မြို့ကို သူတို့ အသက်ပြန်သွင်း အစမ်း ပြန်ဖွင့်ကြည့်နေကြပြီ ၊ ဘာကြောင့်လဲ။ ကာကွယ်ဆေးရသွားတာလား ။ ကုသဆေးရသွားတာလား ။ မဟုတ် ။လုံးဝ မဟုတ် ။စာရင်းတွေ အရ တရုတ်မှာ ထပ်မံ ကူးစက်ခံရသူ ဟာ တရာအောက်မှာပဲ ရှိတော့ တယ်။ ကိုဗစ်ကို ဇက်ချိုးထားနိုင်တဲ့ သဘော ။ ကိုဗစ်ရေ - မင်း- ဆက်မတိုးလာနဲ့။

အမေရိကန် နဲ့ အီတလီ။ စပိန်နဲ့ ဂျာမဏီ တို့ရဲ့ ထပ်မံကူးစက်ခံထားရတဲ့ စာရင်းတွေ ကြည့်လိုက်ကြပါ ။ ရာဂဏန်းမဟုတ်ဘူး ။ ကြောက်ခမန်းလိလိ ထောင်ဂဏန်းနဲ့ သောင်းဂဏန်း တွေ ။ အဲဒီအဓိပ္ပါယ်က ကိုဗစ်ဟာ အဲဒီနိုင်ငံ တွေမှာ သူ့တပ်အကြီးအကျယ်ဖြန့်ချထားနိုင်တဲ့သဘော ။ ကိုဗစ် စင်ပေါ်က ။ လူလည်ကြီးသားသမီးများ အလဲအကွဲ နဲ့ စင်အောက်က ခံစစ် ။ လူလည်ကြီးတွေ သူ့ကို အထင်သေးနေတုန်း တိတ်တိတ်လေး သူ တပ် ဖြန့်နယ်ချဲ့ခြေကုပ် ယူထားပြီးတဲ့သဘော ။ နောက်တပတ်လောက်ဆိုရင် သူ ချေမှုန်းလို့ အသုဘအအေးခန်း ရွက်ဖျင်တဲတွေ အများကြီး ထပ် ထိုးကြရဦးမယ် ။ လူတွေ အကြီးအကျယ်ခုခံ နေပေမယ့် အကျအဆုံးမှာ အီတလီ စပိန်ဟာ တရုတ်ထက် ပိုများသွားပြီ ။ မကြာခင် အမေရိကန်လိုက်လာမယ်လို့ထင်ရတယ်။စိတ်မကောင်းစရာပါဗျာ။

တရုတ်တွေရဲ့ ကိုဗစ်စစ်ဆင်ရေးအဓိကဗျူဟာ က ၂ လကျော်ကျော် လောက် လူတွေ တွင်းအောင်းသတ္တဝါတွေ အဖြစ် ဘဝနေနည်းပြောင်းကြရတာ ။ ဂူအောင်း တွင်းအောင်း ကျင့်စဥ် ကိုတင်းတင်းကြပ်ကြပ် ကျင့်ကြရတာ ။ သူတို့ အစိုးရက အာဏာစက်ပြင်းပြင်း ။ အိန္ဒိယလို ကြိမ်လုံးနဲ့ လိုက်ဆော်ပြီး အိမ်ထဲ မောင်းသွင်းနေရတဲ့ လူမျိုးမဟုတ်ဘူး ။ အာဏာအမိန့်နဲ့ ပတ်သက်လာရင် ဟိတ်- ငြိမ်။ တွင်းထဲက မထွက်နဲ့ဆို မထွက်ကြဘူး ။

ဗိုင်းယပ်စ်ရဲ့ အခြေခံ အားနည်းချက်ကို ဆေးပညာရှင်တိုင်း သိသလို လူတွေအားနည်းချက်ကိုလဲ ကိုဗစ်က အလွန်သိနေ ပါတယ် ။ ကိုဗစ်ဟာ လူတယောက်ကိုယ်ထဲမှာ ကြာကြာအသက် မရှင်နိုင်ဘူး ။သူ အကြာကြီး လူကို ဒုက္ခပေးနေလို့ မရဘူး ။လူသားရဲ့ ကိုယ်ခံအားနဲ့ ကိုဗစ် - သူသေကိုယ်ရှင်တိုက်ပွဲဆင်ကြ တယ် ။ လူမသေရင် သူသေ။ကိုဗစ်ဟာ သူမသေခင် နောက်တအိမ်၊ ( နောက်လူတယောက်ဆီ )ပြီးရင် နောက် တ အိမ်ပြောင်း။ အကြမ်းအားဖြင့် ဒီလိုပြောပါရစေ ။ ရှားရှားပါးပါး အသဲထဲ- ချဥ်ဆီထဲ ပုန်းတတ်တာတွေတော့ ဆေးသုတေသီတို့ ပညာရှင်ကဏ္ဍထားပါရစေ ။

ဒီတော့ လူတွေဘက်က နေ့တဓူဝ -စီးပွါးရေးဘဝတွေ ကိုပစ်ချလိုက်ပြီး ဘဝနေနည်းပြင်ကြရမယ်။ ဒီနေရာက အတော်မလွယ်တဲ့ သော့ချက်ပြသနာပဲ ။ အလုပ်အလွန်လုပ်ကြ ခရီးတွေ အရမ်းသွားကြ ကမ္ဘာလှည့် ခရီးသည် တွေလဲ အဝင်အထွက်များလှတဲ့ ဥရောပနိုင်ငံတွေ နဲ့ အမေရိကန်တို့ ဟာ အလုပ်ကို မလျော့ချင်ဘူး ။ ကိုဗစ် ရဲ့တိုက်ခံနိုင်စွမ်းကို လျော့တွက်ခဲ့တယ်။ အခု အဲဒါ ရဲ့ အကျိုးဆက်တွေကို ခံနေရတဲ့အချိန် ။ တရုတ် ကိုရီးယား စင်္ကာပူ တို့ဟာ လူဝင်လူထွက်များတဲ့ အလုပ်တွေကို သိသိချင်း ဆင်ခြင်။ လောဘသတ် လုပ်လက်စ လုပ်ငန်းတွေ ရပ်တယ် ။ လူတွေကို အိမ်ထဲနေခိုင်းလိုက်တဲ့ အတွက် ကိုဗစ်ဟာ အကွက်ပျက် အကွက်ပျောက် ။ သူ့ရဲ့ တိုက်နိုင် -ကူးနိုင်စွမ်းကျသွားပါတယ်။

ကိုဗစ် ကို အနိုင်ယူဘို့ ကမ္ဘာကြီး က ပြန် ပေးရမှာ စီးပွါးရေးနဲ့ နေ့စဥ် လူမှုဘဝတွေ။ဒီပျော့ကွက် ဒီလို လူတွေရဲ့ အသဲ အညှာကို ကိုဗစ်က အပိုင်ကိုင်ထားတဲ့ ဗျူဟာမြောက်တိုက်ကွက်မှာ ။ အမေရိကန်ဟာ တလအတွင်း အလုပ်လက်မဲ့ ၃.၃သန်း ။ အစိုးရက ၂ ထရီလီယံထုတ်ပြီး ယာယီကျားကန်။ အလုပ်လက်မဲ့ နိုင်ငံသားတွေကို အကြမ်းအားဖြင့် တယောက် ဒေါ်လာ ၁၂၀၀ ပေး။ အင်္ဂလန်လဲ ဒီလိုပဲ တလအတွင်း အလုပ်မရှိလို့ အစိုးရဆီ ထောက်ပန့်ကြေး လူပေါင်း သိန်းနဲ့ချီ လျှောက်နေကြရပြီ ။

အမေရိကန်မှာ အခု သဘောထား ၂မျိုးကွဲတယ်။ သမတကြီး က ဧပြီလထဲကျရင် စီးပါးရေး တွေ ပြန်နလံထစေချင် တယ်။ ပညာရှင်တွေက ဆေးပညာရှုထောင့်က သဘောမကျပါ။ အမေရိကန်ရဲ့ စီးပွါးအပျက်ခံပြီး လူအဖိတ်အစင်သက်သာစေမယ့် လမ်းကိုရွေးမလား ။ စီးပွါးလဲ ဆက်လုပ် အဖိတ်အစင်ဖြစ်နေတာလဲ နဲနဲပါးပါး ခံ လိုက်ကြ လုပ်မလား ။

လူ ၈သန်းခွဲ နေတဲ့ နယူးယောက် ကို ( ကွာရန်တင်းမလုပ် ) လူတွေကို အိမ်ထဲနေခိုင်းတဲ့ အမိန့်မထုတ်။ ခရီးသွားတင်းကြပ်တာလောက်ပဲ လုပ်သွား မယ် ဆိုတာ အတော် မပြတ်သား ။ အန္တရာယ်များတဲ့ ထုတ်ပြန်ချက်လို့ ပညာရှင်တွေက မြင်ကြပါတယ်။ ပိတ်ချတာ Lock down မလုပ်သေး သမျှ လူနာတွေ ဆေးရုံပိုရောက်မယ်။ ပိုသေမယ်။ ရေရှည်တိုက်ပွဲ ရှေ့တန်းမှာ သူတို့ဆေးလောကသားတွေလဲ အထိအခိုက်တွေရှိလာပြီး ကြာလေ လေ - အကျအဆုံးများလေဖြစ်မယ့် အစီအစဥ်လို့ မြင်ကြတယ်၊

သမတကြီးထရမ့်ကတော့ စီးပွါးရေးကို အကြာကြီး မပိတ်ချင်ဘူး။ သူလဲ ထိနေတာပဲ ။Texas က အုပ်ချုပ်ရေးမှူးဟောင်း အသက်၇၀ လောက်ရှိနေတဲ့ ရီပတ်ဘလစ်ကန် - ဒန်ပက်ထရစ် ( Dan Patrick ) က ပြောတယ်။ ငါတို့ကအိုလို့ သေပျော်ပြီ။ ကိုဗစ် အတွက်နဲ့တော့ တိုင်းပြည်ကို ချမကျွေးလိုက်ပါနဲ့။ ငါတို့ခလေးတွေအတွက် ငါတို့လူအိုတွေကိုသာ စတေးလိုက်ပါ။ ငါ့စကားက သူတော်ကောင်းစကားတော့မဟုတ်ဘူး ။ဒါပေမယ့် စီးပွါးအပျက်မခံနဲ့လို့ ပြောပါတယ်။

ကျွန်တော်တို့ အင်္ဂလန်ကတော့ ကံကောင်းတယ်ထင်တယ်။ ဘောရစ်ဂျွန်ဆင်က ဆေးပညာ ရှင်တွေ အကြံပေးတာ နဲ့ ဗျူဟာဆင်တာကို လက်ခံတဲ့ သဘော။ အိမ်ထဲနေပေးခြင်းနဲ့ လူတွေအသက်ကို ကာကွယ်။ဆေးရုံဆေးခန်းတွေကို ကူညီပါ။ ( အိမ်မှာနေ။ အသက်တွေမွေး။ ဆေးလောကကို ကူညီ) အကောင်းမလာခင် အဆိုးရှေ့က ခံကြရဦးမယ် ဆိုတဲ့ သဘောရတဲ့ စာကို လူထုဆီ အခုပဲ သူ နေမကောင်း လို့ အခန်းအောင်းနေရတဲ့ကြားက ရေးပို့ သတိပေးပါတယ်။ လူတွေကြားမှာ ပျံ့နေပြီးသား ကိုဗစ်တိုက်ခိုက်တာကို ဦးမကျိုးမခြင်း ဆက်ခံကြရဦးစို့ရဲ့ ။ လန်ဒန် အိပ်ဆဲလ် စင်တာ ကို နိုက်တင်ဂေးယာယီ ဆေးရုံကြီးအဖြစ် အမြန်ပြောင်း။ ဒီတပတ်ကုန်တာနဲ့ ကုတင်၅၀၀ မှာ အသက်ရှူစက် ၅၀၀ က အဆင် သင့် ။ တလကြာရင် ကုတင်၄၀၀၀ -အားလုံးမှာ လိုအပ်တာတွေ အဆင်သင့်။ ဒီလိုပဲ ကုတင် ၁၀၀၀- ၂၀၀၀ လောက်ဆန့်တဲ့ယာယီဆေးရုံတွေ ဘာမင်ဟန် ၊မန်ချက်စတာ ။ ကာဒစ်ဖ် စတဲ့မြို့ကြီးတွေမှာ အမြန် ပြင်။ ကိုဗစ်ထိုးစစ်အတွက် အဲသလို ခံစစ်ပြင် ရင်ဆိုင်နေကြတယ် ။

ဒီအခြေအနေတွေကို လက်ထဲမှာ ရှိနေတဲ့ ဖုန်းတွေက တဆင့် ဒေတာ အချက်အလက်တွေ ရနိုင်ပါရက် မြန်မာပြည် အရပ်တချို့မှာ စောင့်ကြည့်ကန့်သတ်စခန်းဆိုတာ တွေကို လက်မခံပဲ ဆန္ဒဖေါ်ထုတ်တာ၊ စီစဥ်ပြီးသားတွေမို့ ဆိုပြီး ရှင်လောင်းလှည့်နေကြတာတွေ တွေ့ရ ။ ရှေ့ကာလများ အတွက် အတော်စိတ်ပူပါတယ်။

ဥရောပ အမေရိက မှာ အခုဆို အင်မတန် လှပ နွေနဲ့ ပွင့်လင်းရာသီရောက်လာတာမို့ တကယ်ဆို ပုံမှန်ဘဝတွေက အတော် လပ်ယားလပ်ယားလမ်းသလား ကြတဲ့ ရာသီပါ ။ ဒါပေမယ့် အခု ပြင်သစ်အီဖယ်လ်မျှော်စင်ကြီးလဲ အထီးကျန် တကိုယ်ရေ။ လန်ဒန်မြို့လည်ခေါင်လဲ သရဲခြောက်မလား တိတ်ဆိတ်စွာ ။ ရောမရှေးဟောင်းမြို့တော်တွေမှာ ခိုတွေအစာငတ် ။

ကိုဗစ် အသံကြားရင် အင်္ဂလိပ်ချစ်သူစုံတွဲတွေလဲ အရမ်းကို ကြေကွဲ စိတ်နာကြပါတယ်။ အစောကြီးကတည်းက စီစဥ်ထားကြတဲ့ မင်္ဂလာဆောင် ပေါင်း ၂၅၇၅၀၀ အစီအစဥ်တွေပျက်- ချစ်ရက်တွေ ငုတ် -နောက်ဆုတ်လိုက်ကြရပါပြီ ။ ဘယ်လိုလုပ်မလဲ ။ လုပ်လဲ ၂ယောက်ထက် ပိုလူမစုရတဲ့ မင်္ဂလာဆောင် ။ မင်္ဂလာတခုဆောင်ရင် အနည်းဆုံး ပေါင်၂သောင်း ကုန်ပါတယ်။ အခုတော့ စရံတွေဆုံး ။ ဖိတ်စာတွေ ဒိတ်အောက်။ လေယာဥ်လက်မှတ်တွေလဲ ဝဲလိုက်ကြရပါပြီ။

ဘီလီယံ ၃၀ အကုန်ခံထားတဲ့ အိုလံပစ်ပွဲကြီးကို ဂျပန်တွေ တနှစ်နောက်ဆုတ်လိုက်ချိန်မှာ ကျွန်တော်ဆီက စီစဥ်ပြီးသား တောက အလှူ မြို့က မင်္ဂလာဆောင်တွေ အချိန်ကာလကိုပြန်ငဲ့ ကြည့် စဥ်းစားကြပါ ။ နောင်မှ အတိုးချ ခြိမ့်ခြိမ့်သဲသဲ ဝဲချီး ကြရင်ကောင်းမလားပေါ့ ။

ရွေးကောက်ပွဲ လာမလား မလာဘူးလား အငြင်းမပွါး အခင်းမများ မစဥ်းစားကြခင် -မဝေးသေးတဲ့ အတိတ် - ဇွတ် နာဂစ် ရာဇဝင် ကို သတိရနေကြမယ်ထင်ပါတယ်။ အစိမ်းနဲ့ အနီ ခပ်ရှောင်ရှောင် မနေပဲ ဦးနဲ့ပဲ့ စုထမ်းနိုင် ရမယ်။ ခုချိန်ထိ ဘာမှမဖြစ်သေးတဲ့ ရဝမ်ဒါ နိုင်ငံမှာတောင် ဘတ်စ်ကားဂိတ်တွေမှာ ရွှေ့ပြောင်းလက်ဆေးကန်တွေ ပြင်ဆင်နေကြသတဲ့ (။San Thar Aung) ခြေထောက်နဲ့ပဲ ရေပိတ်ဖွင့် လုပ်လို့ရ တဲ့ ဒီဇိုင်းတွေထုတ်ပြီး ကိုဗစ်ကို ရင်ဆိုင်ဘို့လုပ်နေပြီရွှေမြန်မာတို့ရေ ။ ၁၁ယောက် တွေ့ထားတယ်နော်။

အင်္ဂလိပ် တွေ လန်ဒန် ဘာမင်ဟန် မန်ချက်စတာ ကာဒစ်ဖ်မှာ ကုတင် ၁၀၀၀၊ ကုတင် ၂၀၀၀ ယာယီဆေးရုံတွေ အသည်းအသန် တိုးချဲ့နေတုန်း ကိုယ်တွေက ဂျင်းပြုတ်ရည်၊ ထုံးလျက်ဆား ၊ ဆနွင်းမှိုင်း ၊တမာရွက်သုပ် များနဲ့ ကိုဗစ်ကို မခုခံစေချင်ပါ။

ရန်ကုန်တိုင်းထဲမှာရှိတဲ့ တရားစခန်းတွေ ဘုန်းကြီးကျောင်းတွေ ဟော်တယ်တွေ MICT လိုနေရာမျိုးတွေ နေရာ ၂၀ အထိ (Quarantine Center) များဖြစ်လာနိုင်အောင် သဒ္ဓါတရားကောင်းကြ တာ။ ဆင်းဆင်းရဲရဲကြားက နိုင်ကျဥ်းတွေလဲ သူတို့ ရှိတဲ့နေရာလေးကို မျှဝေနိုင်ကြ တာမျိုး ဟာ ..တကယ့်ကို .မင်္ဂလာမြန်မာ။


ခွန်ဆိုင်း ( ၂၉-၀၃ -၂၀၂၀ )