Breaking News

ကိုသန်းလွင် - ဆိုကရေးတီး၏အကျဉ်းထောင်


ကိုသန်းလွင် - ဆိုကရေးတီး၏အကျဉ်းထောင်

(မိိုးမခ) ဧပြီီ၁၄၊ ၂၀၂၀ 

  (၁)

တက်စီကားမောင်းသူကို ဆိုကရေးတီး၏ အကျဉ်းထောင်ကိုသွားချင်သည်ဟုပြောသောအခါ လွယ်လွယ်ကူကူ ဘဲလိုက်ပို့ပါသည်။ ကျွန်တော်တို့ ယခင်က လည်ပါတ်ခဲ့သည့် အေသင်မြို့ဟောင်း အဝင်ဂိတ်အနီးတွင်ရှိသည်။ အကျဉ်းထောင်နှင့်တူသော ဂူပေါက်သုံးခုနှင့် ထောင်လိုအဆောက်အဦးကိုတွေ့ရသည်။ ဘေးမှာ ယူနက်စကိုက ဆိုကရေးတီး၏ ထောင်အဖြစ်သတ်မှတ်ပြီး ဆိုင်းဘုတ်ရေးထားသည်။ ဆိုင်းဘုတ်တခုကလည်း ဆိုကရေးတီး၏ အကျဉ်းထောင်ဟုဆိုသည်။

အထဲကိုတော့ဝင်၍မရ။ တံခါးကိုအသေပိတ်ထားသည်။ လူလည်းနေဟန်မတူပါ။ ထောင်ဟုပြော၍ယုံရ တော့ သည်။ ထောင်နှင့်တူသည့်အရာဘာမျှမရှိ။ ထောင်ပုံစံမြေပုံပေါ်မှာမြင်ရသည်ကတော့အခမ်းတွေဖြင့်ကျယ်ကျယ် ဝန်းဝန်းရှိသည်။ ဤနေရာသည် ကမ္ဘာကြီးကိုအသိမျက်စေ့ဖွင့်ပေးရာ ဖီလိုဆိုဖါကြီးနောက်ဆုံး နေသွားသောနေ  ရာဖြစ်ပါသည်။

(၂)

အေသင်မြို့မှကဗျာဆရာကြီး အက်ခါသွန်(Agathon) ၏အိမ်တွင် ထမင်းစားပွဲကြီးကျင်းပနေသည်။ သူသည် သူ၏ပြဇာတ်အတွက် ပဌမဆုကြီးကိုဆွတ်ခူးခဲ့သည်။ သူကသူ့မိတ်ဆွေများကို ဖိတ်ကြားခဲ့ပါသည်။ သူတို့သည် သူတို့စိတ်ဝင်စားစရာအကြောင်းတွေကို အော်ကြီးဟစ်ကျယ်ပြောဆိုနေကြသည်။

ဖီးဒရပ် (Phaedrus) က“အချစ်ဆိုတာ အအိုဆုံးဘုရားဘဲ၊ တန်ခိုးလည်းအကြီးဆုံးဘဲ၊ ဒီအချစ်ဟာ ရိုးရိုး လူတစ်  ယောက်ကို ဟီးရိုးဖြစ်အောင်ပြောင်းလဲပေးတာဘဲ။ သူဟာ သူချစ်တဲ့သူရဲ့ရှေ့မှာ သူရဲဘောကြောင်တဲ့အလုပ်  တွေကို မလုပ်ချင်ဘူး။ ကျွန်တော့်ကိုချစ်သူတွေနဲ့ ဖွဲ့စည်းထားတဲ့စစ်တပ်ကြီးကိုပေးပါ။ ကျွန်တော်ဟာ ကမ္ဘာ ကြီး ကိုစိုးမိုးနိုင်ပါတယ်”။

ပေါ်စာနီးယား (Pausania) က “မှန်ပါတယ်။ ဒါပေမယ့်ခင်ဗျားဟာ ကမ္ဘာပေါ်ကအချစ်နှင့် ကောင်ကင်ဘုံပေါ်က အချစ်ဆိုတာကိုခွဲခြားနိုင်ရမယ်။ ကိုယ်ခန္ဓာနှစ်ခု တစ်ခုခုကို တခုချစ်ကြတယ်။ ဝိဉာဉ်၂ခုဟာ တစ်ခုနှင့်တစ်ခုပူး  ပေါင်းချင်တယ်။ ငယ်ငယ်တုန်းက ချစ်ခဲ့တာတွေဟာ ကြီးလာတော့ပျောက်သွားတတ်ပါတယ်။ ဝိဉာဉ်အချစ်က သာ ထာဝရခိုင်မြဲတယ်”။

 ထို့နောက် ဟာသပြောတတ်သူ ကဗျာဆရာ အရစ်စတိုဖီန်းက ဝင်ပြောသည်။ “လိင်ချင်းမတူတဲ့ ဘော်ဒီနှစ်ခု  ပေါင်းစပ်မိကြတယ်။ ဒီဘော်ဒီဟာ ခြေလေးချောင်း၊ လက်လေးချောင်း မျက်နှာနှစ်ခုနှင့် ဘောလုံးလိုသွား  နေတော့တာဘဲ။ ဒီနောက်တော့နတ်ဘုရားတွေရောက်လာပြီးလိင်မတူတာနှစ်ခုကို ပြန်ခွဲလိုက်တယ်။ အဲ့ဒီ  တော့မှအဖိုရယ်အမရယ် ဖြစ်လာတယ်။ အဲ့ဒီနှစ်ခုဟာ အခုချိန်ထိ ပြန်ပူးပေါင်းချင်ကြတုန်းဘဲ” ဟုပြောသည်။

အချစ်အကြောင်းကိုတစ်ယောက်တမျိုးပြောနေရြာမှ နောက်ဆုံးတွင်အရေးကြီးဆုံးဧည့်သည်ကြီး ဆိုကရေးတီး ၏အလှည့်သို့ရောက်လာသည်။ တစ်ခုခု ဝင်ပြောပါဟု မေတ္တာရပ်ခံကြသည်။ “အလှအပတွေ ကြားရတော့ ကျွန်တော်ဟာ အငိုက်မိတဲ့လူ ကျောက်တုံးကျောက်ခဲတုံးလိုဖြစ်ပြီး ဘာမှမပြောနိုင်တော့ပါဘူး။ ကျွန်တော့် ရဲ့မိုက်မဲ တဲ့ စကားတွေဟာ အခုလိုပညာတတ်တွေနဲ့ ဘယ်လိုယှဉ်ပြိုင်နိုင်မလဲ” ဟု စကားကိုစသည်။ သူက လူများပြောဆို နေကြသည့် အချစ်ဆိုသောအရာကို ဖြေဆိုရန်ခက်ခဲသော မေးခွန်းများ ဖြင့်တစ်ခုစီ ဖြိုချသည်။ သူသည်မေးခွန်းမေးခြင်းဟူသော Quizz နည်းလမ်းကိုတီထွင်ခဲ့သူမဟုတ်ပါသလော။ဖျက်ဆီးထားသော သဘောတရားကိုအပြုသဘောဆောင်သောသူ၏သီအိုရီဖြင့်အစားထိုးသည် “အချစ်ဆိုတာက လူဝိဉာဉ်  တွေရဲ့ အစားအစာပါဘဲ။ ဒီအစားအစာကိုရမှလူ့ဘဝဟာလှပလာမယ်။ ချစ်နေတဲ့သူတစ်ယောက်ကအလှအပကိုရှာဖွေ   နေခြင်းမဟုတ်ဘဲ အလှအပကိုဖန်တီးနေသူဖြစ်တယ်။ သေဆုံးနိုင်တဲ့ ကိုယ်ခန္ဓာကြီးကို ထာဝရရှင်သန်အောင် မျိုးစေ့ပေးနေတာဘဲ။ ဒါကြောင့် မတူတဲ့လိင်  တွေဟာ အချင်းချင်းချစ်ကျွမ်းဝင်ကြတယ်”။

“အသစ်တွေမွေးဖွားပြီး အချိန်ကိုထာဝရတည်မြဲအောင်ဆွဲဆန့်နေတယ်။ ဒါကြောင့် မိဘကသားသမီးကို ချစ်ကြ တာဘဲ။ ချစ်နေကြတဲ့ မိဘနှစ်ပါးဟာ သူတို့သားသမီးကိုချစ်ခင်ရုံမျှမက အလှအပကိုရှာဖွေသူတွေ၊ ပါတနာတွေ လုပ်ဖော်ကိုင်ဘက်တွေ၊ အဆက်ဆက်အလှအပကို ရှာဖွေတဲ့သူတွေကို မွေးထုတ်ပေးနေတာပါ။ ဒီအလှအပကို ရှာဖွေနိုင်ဖို့အတွက် လူတွေမှာအသိပညာရှိဖို့၊ Virtue ရှိဖို့၊ ဂုဏ်ပြုနိုင်တဲ့သတ္တိတွေ၊ အမှန်တရားတွေ၊ ယုံကြည်မှု  တွေရှိဖို့လိုပါတယ်။ တစ်နည်းပြောရလျှင် “အလှအပတရားတွေဟာ အမှန်တရားတွေပါဘဲ” အမှန်တရားဟာ လူတွေကို ဘုရားသခင်ဆီရောက်အောင် ခေါ်သွားပါလိမ့်မယ်”။

သူတို့သည်ဖိနပ်မစီးသော ဖီလိုဆိုဖာကြီးစကားကိုထောက်ခံရင်း လက်ခုပ် လက်ဝါးတီးလိုက်ကြသည်။ ထိုလူ အုပ်စုထဲ တွင် ငယ်ရွယ်သော သူတစ်ယောက်ပါသည်။ သူသည်နောက်ပိုင်းတွင် သူ့ဆရာကို ထာဝရအသက်ရှင်  နေစေအောင် ဖန်တီးပေးသည်။ သူကား “ပလေတို” ပင်ဖြစ်သည်။

 (၃)

၂၀ ရာစုသို့ရောက်သောအခါ ဘာထရန်ရပ်ဆဲလ်က အချစ်ကို အဓိပ္ပါယ်သတ်မှတ်၍မရနိုင်ကြောင်းငြီးငြူခဲ့ သည်။ သို့ပါသော်လည်းဆိုကရေးတီးက အချစ်အကြောင်းကို အနီးစပ်ဆုံးချီးချီးပပ ဆိုခဲ့ပါသည်။

အေသင်တွင် အဂိုရာ(Agora) ဆိုသည့်အများတကာ စုဝေးရာနေရာရှိသည်။ ယခုခေတ်ဈေးနှင့်အနီးစပ်ဆုံး တူပါသည်။ အေသင်ကိုတူးဖော်သောအခါ အဂိုရာ၏ နယ်နိမိတ်မှတ်တိုင်သုံးလေးခုကိုတွေ့သည်။ ထိုမှတ်တိုင် ၏အပြင်ဘက်မနီးမဝေးတွင် “Oikia Sinmono” ဆိုင်းမွန်း၏အိမ်ဟူ၍တွေ့ကြရသည်။ ဆိုင်းမွန်း၏ အိမ်ထိုနေရာ တွင် ဖီလိုဆိုဖာကြီး အချိန်ဖြုန်းရာ ဖီလိုဆိုဖီဆွေးနွေးရာနေရာဖြစ်သည်။ ဖိနပ်ချုပ်ဆိုင်၊ ဖိနပ်ဆိုင်ဖြစ်သဖြင့် ဖီလိုဆိုဖာကြီးက ဖိနပ်လည်း ကူပြီးရောင်းဟန်တူသည်။

ဆိုင်းမွန်းသည် ဖိနပ်ရောင်းရုံသာမက ဖီလိုဆိုဖာကြီးပြောသမျှကိုလိုက်မှတ်ရင်း နောက်လူတို့က သူ၏မှတ်တမ်း မှတ်ရာများကို တွေ့ကြရာ ၃၃စောင်မျှရှိသည်။ ပလေတို၏ Republic ထက် စောသော ဆိုကရေးတီးနှင့်ပါတ် သက်၍ မှတ်တမ်းများဖြစ်ကြပါသည်။

ဆိုကရေးတီးက လူတို့၏ဗဟုသုတများနှင့်ပါတ်သက်၍ နှစ်ပိုင်းခွဲခြားခဲ့သည်။ (The World of Senses) အာရုံခံ အင်္ဂါများ၏ အတွေ့အကြုံနှင့် (The World of ideas) ဟူ၍ စိတ်ကူးစိတ်သန်းများ၏ ကမ္ဘာဟူ၍ဖြစ်ပါသည်။ သူကလူ့ကျင့်ဝတ်ဆိုင်ရာတို့တွင် လူတို့၏ အသိဉာဏ်ကို အခြေခံပြီးစဉ်းစားသင့်သည်။ လူတို့၏ အိုင်ဒီယာကို အခြေခံ၍ လူ့ကျင့်ဝတ်ဆိုင်ရာ ကိစ္စများကို မဆုံးဖြတ်သင့်ပါဟူ၍ ပြောခဲ့သည်။

လူတို့ရွေးချယ်ရာလမ်းကြောင်းသည် လူတို့၏ ပျော်ရွှင်မှုကို ဦးတည်၍ဖြစ်သင့်သည်။ တကယ့်အစစ်အမှန် ဉာဏ်ပညာမှာ မိမိကိုယ်ကို သိနားလည်ခြင်းမှ လာသည်။ သူ့အကြောင်းကို သိလေလေ ဝေဖန်စမ်းစစ်ရန် ဉာဏ်လည်းပိုရှိလေလေဖြစ်သည်။ ထို့နောက် ပျော်ရွှင်မှုကိုဖန်တီးပေးနိုင်သော ရွေးချယ်စရာများ ကို  ရွေးချယ် နိုင်လေလေဖြစ်သည်။

အကောင်းဆုံးကို ဖန်တီးပေးနိုင်သော အစိုးရဆိုသည်မှာ အာဏာရှင်လည်းမဟုတ်၊ ဒီမိုကရေစီလည်းမဟုတ် အရေးကြီးသည်မှာ အစိုးရကိုကိုင်တွယ်သောသူသည် ဖီလိုဆိုဖာကဲ့သို့ ဉာဏ်အမျှော်အမြင်ကြီးရမည်ဟုဆို သည်။

ဖီလိုဆိုဖီသည် တွေးခေါ်ရာလမ်းကြောင်း (Doctrine) ရှိသည်ဆိုပါက ဆိုကရေးတီးသည် ဖီလိုဆိုဖါမဟုတ်ပါ။ ဂရိဖီလိုဆိုဖီသည် တွေးခေါ်ဘို့ သီအိုရီတစ်ခုရှိပြီး ထိုသီအိုရီသည် တွေးခေါ်မှု သမိုင်းတွင် နေရာတစ်ခုယူထား ပါက ဆိုကရေးတီးအတွက်နေရာမရှိ။ ဆိုကရေးတီး၏ ဖီလိုဆိုဖီ ကိုချဉ်းကပ်ပုံသည် မိမိဘာမှမသိသေးသည်က စသည်။ မိမိဘာမှမသိခြင်းကို အခြေခံပြီး ရှေ့တွင် လျှောက်စရာရှိသည်များကို လျှောက်ရမည်ဖြစ်ပါသည်။ အကြောင်းအရာတစ်ခုအတွက်အဓိပ္ပါယ်ပေါ်လွင်အောင်မေးခွန်းထုတ်ရန်လိုပြီး အမှန်တရားသည် မေးခွန်းထုတ် ရင်းပေါ်လာရမည်ဖြစ်သည်။ လူတစ်ယောက်သည်မိမိ ဘာမှမသိခြင်းကို သိနေသည့်အတွက် အဖြေမှာ ဘာမှ မဟုတ်သည်ကို ရောက်သွားခြင်းမဟုတ်ဘဲ ဗဟုသုတနှင့်အတူ ဘဝအတွက်အရေးကြီးသည့် အကြောင်းအရာ များကိုတွေ့ရှိနိုင်သည်။

မီနို နှင့်တွေ့ရာတွင် မီနိုက “သူ့ကို ရှုတ်အောင်လုပ်နေတာပါ” ဟု စွတ်စွဲခံရသည်။ ဆိုကရေးတီးက “ခေါင်းထဲမှာ ရှုတ်လာပြီဆိုရင် ဖီလိုဆိုဖီu စတော့တာဘဲ” ဟုဖြေသည်။

သူသည်အနုပညာသယ်များ၊ နိုင်ငံရေးဆိုင်ရာဘက်မှလူများ၊ မိမိကိုယ်မိမိ ပညာတတ် ဟုကြွေးကြော် သော ဆိုဖစ်ကြီးများ၊ မကောင်းမှုလုပ်နေသော မိန်းမ များပါမကျန် လူတိုင်းနှင့် စကားပြောရင်း ဆွေးနွေးပါသည်။ သူ့ဘဝကို လူတိုင်းနှင့်တွေ့နိ်ုင်သည့်နေရာ လမ်းမများ၊ ဈေးလည်ခေါင် စသည်ဖြင့်နေရာစုံသွားသည်။ လူအုပ်စုနှင့် စကားအချီအချပြောနေပြီ ဆိုလျင်ဆိုကရေးတီးကိုတွေ့ရသည်။

(၄)

တစ်နေ့ အေသင်ဈေးသို့လာခဲ့ရာတွင် သူ့ကို အေသင်သားတို့က တရားစွဲဆိုကြောင်းကြေညာစာ ကပ်ထား သည်ကို တွေ့လိုက်ရသည်။ “ဆိုကရေးတီးသည် သူတို့ကိုးကွယ်သော ဘုရားကို မကိုးကွယ်ကြောင်း သူကိုယ်ပိုင် ကိုးကွယ်စရာတို့ကို တီထွင်ကြောင်း၊ နောက်အေသင်ရှိ လူငယ်ထုကို အယူဝါဒများဖြင့်ပျက်စီးစေ  ကြောင်း၊ ၄င်းသည် သေဒဏ်ထိုက်သည့် အမှုဖြစ်ကြောင်း” တို့ပါဝင်သည်။ အဓိကကြော်ညာကပ်သူမှာအေသင်     မြို့မှ သားရေရောင်းသူ အယူတက် (Anytus) ဆိုသူဖြစ်သည်။ ဆိုကရေးတီးကသူ့သားကို လက်ရှိ အလုပ်ကို  မလုပ်ကိုင်စေလိုကြောင်း၊ ဖီလိုဆိုဖီကို သာလိုက်စားစေလိုကြောင်း ပြောသည်ဟုဆို၏။ ထို့ကြောင့် ဤကိစ္စ သည် သားရေနှင့် သင်ကြားပို့ချခြင်းတို့အကြားဖြစ်သော အမူကိစ္စဖြစ်လာပါသည်။ သာရေကနိုင်သည်။ ဆိုကရေးတီးမှာ ဖမ်း၍ ထောင်သွင်းအကျဉ်းချခြင်းကို ခံရသည်။ ထို့နောက် အမူကို စစ်ဆေးကြသည်။

အေသင်မြို့တွင်အစဉ်အလာရှိသည်မှာအေသင်မြို့သားတစ်ယောက်ကသေဒဏ်ကျလျှင် မသတ်စေဘဲ နယ်နင်  ခံလျင်ရပါသည်။ ဆိုကရေးတီးကစိတ်မဝင်စား။ သူ့အပေါင်းအသင်းတွေက တရားသူကြီးတွေကို လာဒ်ထိုး၍ ထွက်ပြေးလျင် လည်းရနိုင်သည်။ သို့ပါသော်လည်း ဖီလိုဆိုဖီကြီးက စိတ်မဝင်စား။ သူ့ကိုအေသင်မြို ့ရှိစနစ်က သတ်ခြင်းဖြစ်သည်။ သတ်ပါစေဟုသာ သဘောထားသည်။

သေရမည့် နောက်ဆုံးအချိန်အထိ သူသည်အပေါင်းအသင်းများနှင့် ဖီလိုဆိုဖီကို ဆွေးနွေးတုန်းရှိသေးသည်။ သူသေခါနီးမှာ ငိုယိုနေမှာစိုး၍ မိန်းမတွေကို နင်ပစ်သည်။ မိန်းမများထွက်သွားသောအခါတွင်လည်း ယောက် ကျာ်းများကျန်ရစ်သည်။ ငိုသောယောက်င်္ကျားများကို ငိုရကောင်းလားဟု အပြစ်တင်သည်။ ထို့နောက်အေးအေး  ဆေးဆေးပင်ပေးလာသောအဆိပ်ခွက်ကို ယူပြီးသောက်ခဲ့သည်။

သေခြင်းကို ထူးထူးခြားခြား မဖွဲ့ဆို။ ထာဝရအိပ်သွားခြင်းဟုသာယူဆသည်။ သေခြင်းပြီးသွားသည်နှင့် တရားစွဲ ခြင်း၊ ထုချေခြင်း၊ လျှောက်လွဲချက်ပေးခြင်းစသည်တို့ကို လုပ်စရာမလိုတော့ဟုသာ ယူဆသည်။ သူ့ကို မြှပ်နှံချိန် တွင် သူ၏ကိုယ်ခန္ဓာကိုသာမြှုတ်နှံ၍ ဝိဉာဉ်ကို မြှုတ်နှံ၍မရကြောင်းပြောသည်။

(၅)

သူ့ကို ဒီမိုကရေစီစနစ်က သတ်လိုက်ခြင်းဖြစ်ပါသည်။ ဒီမိုကရေစီ စနစ်အရ မဲ ၂၈၀ -၂၂၁ မဲနှင့် ရှုံးခဲ့ခြင်း  ဖြစ်ပါ သည်။ ဂျူရီလူကြီးများမှာ ဆိုကရေးတီး၏ သေမှာကိုမစိုးရွံ့သောလေသံကိုမကြိုက်ကြပေ။ လူတစ်ယောက်  ကို သူ့အယူအဆများအတွက် သေဒဏ်ခံရခြင်းမှာ ဘယ်မှာမှ မဖြစ်ခဲ့ဘူးပါ။

သူ့မိတ်ဆွေတစိဦးဖြစ်သော ချယ်ရီဖုံ (Chaerephon)က ဒယ်လဖီဘုရင်မ (Delphi Oracle) ကိုမေးဘူးသည်။ ဒီကမ္ဘာပေါ်တွင် ဆိုကရေးတီးထက် ပညာပိုရှိသူ တစ်ဦးတစ်ယောက်များ ရှိပါသလားဆိုတော့မရှိပါဘူးဟုဖြေ သည်။ သူပညာအတတ်ဆုံးလူဖြစ်ရသည်မှာ သူ့ကိုယ်သူ ဘာမှမသိသေးကြောင်း သိသူဖြစ်သောကြောင့်ဟူ၏။ သူသည်သူ့ကိုနားထောင်မည့်လူရှိလာတိုင်း ပညာဆိုသည်မှာ လေးလေးစားစားရှာရကြောင်း ပို့ချတော့သည်။

ဖီလိုဆိုဖီကို သင်ယူ၍မရ၊ ဖီလိုဆိုဖါဖြစ်အောင်တွေးခေါ်၍သာ ရသည်ဟု “ကန့်” ( Immanuel Kant) ကပြောခဲ့ ဘူးသည်။ ဖီလိုဆိုဖါတို့၏ အလုပ်မှာအမှန်တရားကိုအထပ်ထပ်အပြန်ပြန်သုံးသပ်နေခြင်းပင်ဖြစ်သည်။ ဖီလိုဆိုဖါ ဆိုသည်မှာ မိမိ အတွေး အခေါ်အရ ဘဝကိုနေထိုင်ခြင်းဖြစ်ကြောင်း ဆိုကရေးတီးဘဝကိုနေပြသွားခဲ့ပါသည်။ ထိုကဲ့သို့သောသူကို သေစားသေစေလုပ်လိုက်ခြင်းမှာ အေသင်မြို့ စနစ်ကြီးက ချို့ယွင်းနေသည်ကို ပြပါသည်။

ပလေတိုက အေသင်မြို့က ထွက်ခွါသွားရာတွင် “ဖီလိုဆိုဖီကို အေသင် မြို့က နှစ်ခါမသတ်မှတ်နိုင်ပါဘူး” ဟု သူလွတ်မြောက်ခြင်းကိုရည်ရွယ်၍ပြောခဲ့သည်။

ကိုသန်းလွင်
Ref: Symposium, Plato