Breaking News

လှကျော်ဇော - ဝူဟန့်မှပုံပြင်များ - ၁၀




လှကျော်ဇော - ဝူဟန့်မှပုံပြင်များ - ၁၀

(မိိုးမခ) ဧပြီီ ၂၊ ၂၀၂၀

ပါမောက္ခ ကျုံနန်စံ (Zhong Nanshan)

ကွမ်ကျိုးပြည်နယ်တက္ကသိုလ်က ပါမောက္ခကျုံနန်စံ ဟာ အသက် (၈၃) နှစ်အရွယ် ပြည်နယ်ဆေးရုံကြီးရဲ့အသက်ရှုလမ်းကြောင်းဆိုင်ရာ အထူးကုဆရာဝန်ကြီးတဦးလည်း ဖြစ်ပါတယ်။ အခုအချိန်ထိ တပတ် ၂ကြိမ်လောက် ပုံမှန် စာသင်ကြားပို့ချတာပဲဖြစ်ဖြစ် ၊လူနာတွေကို ကြည့်ရှုစစ်ဆေးတာပဲဖြစ်ဖြစ်၊ စုပေါင်းဆွေးနွေးပွဲတွေကိုပဲဖြစ်ဖြစ် တက်ရောက် လုပ်ဆောင်နေသူတဦးလည်း ဖြစ်ပါတယ်။

၂၀၀၃ ဆားစ်ရောဂါဖြစ်ပွားလာချိန်ကစလို့ ဆားစ်ရောဂါပိုးကို ရှာဖွေဖော်ထုတ်တဲ့နေရာမှာရော၊ အဲဒီကာလတရုတ်အစိုးရရဲ့ ပြည်သူ့ကျန်းမာရေးဆိုင်ရာ မူဝါဒအားနည်းချက်တွေကို ရဲရဲဝံ့ဝံ့ထောက်ပြပြီး ပြုပြင်ပြောင်းလဲရေးစီမံကိန်းတွေ တင်ပြရာမှာရော နံမည် ကျော်လာတဲ့ ဆေးပညာရှင်ကြီးပါ။ တရုတ်ပြည်သူလူထုတရပ်လုံးရဲ့ လေးစားမှုကို ရရှိခဲ့ရုံမက အစိုးရရဲ့ကျန်းမာရေးဘက်ဆိုင်ရာ အဓိကအကြံပေးပါဖြစ်လာပါတော့တယ်။ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုပါရထားပါတယ်။(နိုင်ငံတကာက ဆေးပညာဂျာနယ်များမှာလည်း သူရဲ့ သုတေသနဆောင်းပါးတွေကို တွေ့နိုင်ပါတယ်။)

ဒိနောက်မှာလည်း နိုင်ငံတကာက အစည်းအဝေးများမှာပဲဖြစ်ဖြစ်၊ ပြည်တွင်းက ကျန်းမာရေးဆိုင်ရာပြသာနာများအတွက် ပြုလုပ်တဲ့အစည်းအဝေးများမှာပဲဖြစ်ဖြစ် အဓိကအခန်းကဏ္ဍတွေက ပါဝင်လှု့ပ်ရှားနေတာကို မပြတ်တွေ့ရှိနေရပြီး အခုကပ်ရောဂါတိုက်ဖျက်ရေးမှာတော့ ရှေ့တန်းကပါဝင်လာပြန်ပါတယ်။

ဒီဇင်ဘာလကုန်ပိုင်းကစပြီး ဝူဟန့်မှာ ထူးခြားတဲ့ (ဆားစ်နဲ့လည်း တစုံတရာသဏ္ဌာန်တူတဲ့) အဆုပ်ရောင်ရောဂါတမျိုး ဖြစ်ပွားနေပြီး ကူးစက်မှုနှုန်းကလည်း အင်မတန်မြန်ဆန်နေကြောင်း သတင်းတွေထွက်လာနေပါတယ်။ ဆေးဝန်ထမ်းတွေအတွင်းမှာလည်း ကူးစက်မှုတွေရှိနေကြာင်းလည်း ကြားလာရပါပြီ။ ဒီတော့ ဗဟိုအစိုးရက နယ်ပယ်အသီးသီးက ပညာရှင်ကျွမ်းကျင်သူများကို (ဗဟိုကိုအကြံပေးဖို့) စုံစမ်းလေ့လာရေးအဖွဲ့ဖွဲ့ပြီး ဝူဟန့်ကို စေလွှတ်လိုက်ပါတယ်။ အဲဒီအဖွဲ့ရဲ့အဖွဲ့ခေါင်းဆောင်ဟာ ဆရာကြီး ကျုံနန်စံပါ။
သူကဒီလိုပြန်ပြောပြထားပါတယ်။



ဇန်နဝါရီ (၁၈) ရက်နေ့မှာ သူတို့တတွေ ဝူဟန့်ရောက်သွားပြီး ဆေးရုံက လူနာတွေ ဆေးဝန်ထမ်းတွေ ရောဂါစပျံ့နှံ့တယ်ဆိုတဲ့ ဈေးတွေ၊ ကူးစက်ရောဂါတိုက်ဖျက်ရေးဌာနတွေ အကုန် လှည့်သွားကြပြီးအခြေအနေတွေကို လေ့လာပါတယ်။

သူက မေးခွန်း (၃) ခု ပဲ မေးတယ် တဲ့။
၁။ လူနာ ဘယ်လောက်ရှိလဲ။
၂။ ပြင်းထန်တာနဲ့ သေဆုံးတာ ဘယ်နှစ်ယောက်လဲ။
၃။ ဆေးဝန်ထမ်း ဘယ်လောက် ဖျားနေပြီလဲ။

(၁၉) ရက် ညနေမှာ သူတို့အစည်းအဝေးထိုင်ခဲ့ကြပြီး တညီတညွတ်တည်း ဒီလိုဆုံးဖြတ်ခဲ့ကြတယ် ... တဲ့။
၁။ ဒီရောဂါဟာ လူမှ လူကို ကူးစက်နိုင်တယ်။ သိပ်အန္တရာယ်ကြီးတယ်။ ဒါ့ကြောင့် အလျင်အမြန်နဲ့အပြတ်အသတ် ဆောင်ရွက်မှဖြစ်မယ်။ ဒါကြောင့် ဝူဟန့်ကိုပိတ်ဆို့ဖို့ အစိုးရကို အကြံပေးလိုက်ပြီး အစိုးရကလည်း ဇန်နဝါရီ (၂၂) ရက်ညမှာ ဝူဟန့်ကို ပိတ်ဆို့လိုက်ကြောင်း ကြေညာလိုက်ပြီး တပြည်လုံးက ပြည်နယ် အသီးသီးကလည်း အဆင့်အသီးသီးနဲ့ ပိတ်ဆို့မှုတွေ လုပ်ကြပါတော့တယ်။

ဒီအကြံကို အရဲစွန့်ပေးလိုက်တာပါပဲ။ အခု (၂) လကြာအပြီး (မှတ်ချက် - မတ်လ (၃၀) ရက်နေ့အင်တာဗျူး) မှာတော့ ဒီဆုံးဖြတ်ချက် မှန်တယ် ဆိုတာ ပြောနိုင်ပါပြီ ... တဲ့။

ဒီရောဂါတိုက်ဖျက်ရေးမှာ တရုတ်ပြည် ဘာဖြစ်လို့ အောင်မြင်ရသလဲ ဆိုတဲ့ အချက်တွေ ဆွေးနွေးရာမှာတော့ ဒီလိုကူးစက်မြန်ရောဂါတွေကိုတိုက်ဖျက်ရာမှာ အပြတ်အသတ်ချေမှုန်းဖို့လိုပါတယ်။ အဲဒီအတွက် ဝူဟန့်ကို ပိတ်ဆို့လိုက်တာပါ။ ဒါဟာ ရောဂါပျံ့ပွားမှုကို တားဆီးလိုက်နိုင်ပါတယ်။ ကူးစက်ရောဂါရဲ့ ကူးစက်မှု လမ်းကြောင်း ကို ဖြတ်လိုက်နိုင်တာ ... တဲ့။

(သူက ခပ်စောစောတည်းက ဝူဟန်ကလူတွေလည်း အပြင်မထွက်နဲ့။ အပြင်လူတွေလည်း ဝူဟန့်မလာကြနဲ့  လို့ တားထားဖူး ပါတယ်။)

ဒါ့အပြင်တခြားဌာနများရဲ့ပူးပေါင်းဆောင်ရွက်များလည် းတပြိုင်နက်တည်းလုပ်ဖို့ လိုပါတယ် ... တဲ့။ ဒါတွေကတော့ ...

၁။ စောစောစီးစီး ကာကွယ်ဖို့။ နှာခေါင်းစည်း တပ်တာ။ လူစုလူဝေးကို ရှောင်တာ။ ပွဲလမ်းသဘင်တွေ ရပ်ပစ်တာ။
၂။ စောစောစီးစီး ရောဂါကို ကုသတာ။ လူထုအနေနဲ့ နည်းနည်းသံသယရှိတာနဲ့ ဆေးရုံကြီးတွေဆီ သွားပြီးရောဂါပြဖို့။ ဒီလိုနည်းနည်းနဲ့ ရောဂါသည်တွေကို စောစောစီးစီးတွေ့ရှိနိုင်တယ်။
၃။ စောစောစီးစီး ရောဂါအကဲဖြတ်နိုင်ဖို့။ တပြည်လုံးက ဆေးရုံတွေမှာ ရောဂါအကဲဖြတ်နိုင်ဖို အချိန်မီဆေးများ အလုံအလောက် စီစဉ်ပေးဖို့။
၄။ စောစောစီးစီး လူနာကိုခွဲထားရေး။ Quarantine and Isolation/ ရောဂါသည်ကိုသာမက ကျန်ထိတွေ့ဆက်စပ်သူအားလုံးကို (contacts) ခွဲထားရေး။ တသီးတခြား နေရေးတွေပါ အရေးကြီးတယ် ... တဲ့။

အခုနောက်ပိုင်း ဥရောပနိုင်ငံများ (ဥပမာ - အီတလီ) မှာ မြို့တွေကို အစိုးရက ပိတ်ချလိက်ပေမယ့် လူငယ်တွေက ပါတီပွဲတွေ ညကပွဲတွေ သွားကြ၊ သူတို့က ဘာမှမဖြစ်ပေမယ့် အိမ်ပြန်လာတဲ့ အိမ်ရှိသက်ကြီးရွယ်အိုများ ကူးစက်ခံရပြီး သေဆုံးကုန်ကြပါတယ်။ အဲဒီနိုင်ငံတွေမှာ သက်ကြီးရွယ်အိုတွေက လူဦးရေရဲ့ ၂၀% လောက်ရှိတာ (ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာက ၂% လောက်ပဲရှိတာ။) ဒါ့ကြောင့် သေဆုံးနှန်းမြင့်နေတာ တဲ့။ လူနဲ့လူချင်း ခွဲခြားနေဖို့ သိပ်အရေးကြီးတယ် ... တဲ့။ (social distancing)

ဒါ့အပြင် သူက အခုအချိန် နိုင်ငံခြားမှပြန်ဝင်လာသူများမှတဆင့် ကူးစက်မှုတွေကိုလည်း သတိထားဖို့ ပြောကြားနေပါတယ်။ ဒီရောဂါရဲ့ ရှေ့ရေးအလား အလာနဲ့ပတ်သက်ပြီ းပြောကြားရာမှာတော့ တရုတ်ပြည်မှာ ဧပြီလကုန်လောက်မှ အတော်အတန်စိတ်ချရမှာဖြစ်ပြီး တကမ္ဘာလုံးအနေနဲ့ကတော့ တရုတ်ပြည်လို ပြတ်ပြတ်သားသား စုပေါင်းလုပ်ဆောင်ကြရင် ဇွန်လကုန်လောက်မှာ တစုံတရာ ထိန်းနိုင်ပါလိမ့်မယ် တဲ့။



သူအနေနဲ့ ဒီလို တွေ့ဆုံမေးမြန်းခန်းတွေ မပြတ်လုပ်နေရတဲ့အပြင် ပြည်တွင်း ဆေးရုံများကရော၊ နိုင်ငံတကာမှ ဆေးဝန်ထမ်းများနဲ့ရော အပြန်အလှန်ဆွေးနွေးမေးမြန်းမှုတွေ အကြံဉာဏ်တောင်းတာတွေကိုရော မအားမလပ် လုပ်ဆောင်နေတာတွေ့ရပါတယ်။

သူက သတိတရနဲ့ အရေးကြီးအချက်တခုကို ထည့်ပြောလိုက်ပါသေးတယ်။

သူတို့ပညာရှင်အဖွဲ့ကို စုံစမ်းဖို့ ဝူဟန်ကိုလွှတ်လိုက်စဉ်က သမ္မတရှီကျင့်ဖျင်က ဒီလိုလမ်းညွှန်လိုက်တယ် တဲ့။
ပြည်သူလူထုရဲ့အသက်နဲ့ ကျန်းမာရေးက ပထမဦးစားပေးလုပ်ငန်းပါ ... တဲ့။
ကျန်ခေါင်းဆောင်များကလည်း လိုအပ်တာအားလုံး စီစဉ်ပေးပါ့မယ်။ သင့်တော်တဲ့အစီအစဉ်သာ ပြောပါ ... တဲ့။
ဒါတွေကြောင့် ကျွန်တော်တို့ အလွန်အားတက်ပြီး ဒီအကြံကိုပေးခဲ့ကြတာပဲ ... တဲ့။

သြော် ... သူတို့တရုတ်ပြည်က ပညာရှင်များကို သူတို့အစိုးရကလည်း အလွန် အလေးထားလေးစားမှုကြောင့် ဒီလို စစ်ပွဲများကို နိုင်အောင်တိုက်နိုင်ကြတာ ဖြစ်မှာပဲလို့ တွေးတော စဉ်းစားနေမိပါတယ်။ ။

လှကျော်ဇော
၁-၄-၂၀၂၀