Breaking News

မောင်အဉ္စန - မြန်မာပြည်ရောက် COVID-19 ဟာ ငြိမ်းချမ်းရေးစေတမန် ဖြစ်ပါစေသား




မောင်အဉ္စန - မြန်မာပြည်ရောက် COVID-19 ဟာ ငြိမ်းချမ်းရေးစေတမန် ဖြစ်ပါစေသား

(မိုးမခ)မေ ၂၅၊ ၂၀၂၀

ဒီရက်ပိုင်းအတွင်းမှာ COVID-19 ကပ်ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနဲ့ပတ်သက်ပြီး အထောက် အကူပြုပစ္စည်းတွေ တပ်မတော်က EAO အဖွဲ့တွေကို လိုက်ပေး (သူတို့အခေါ် လှူဒါန်း) နေတာ တွေ့ရပါတယ်။ သူတို့ပေးတဲ့စာရင်းထဲမှာ Surgical Mask ၊ N95 Mask ၊ Face Shield ၊ Bleaching Powder ၊ Personal Protective Equipment (PPE) ဝတ်စုံ၊ Examination Glove ၊ Surgical Gloves ၊ Hand Gel ၊ Hand Gel ဘူး၊ Hand Sanitizer ၊ Goggles ၊ Non-Contact Thermometer နဲ့ စားသောက်ဖွယ်ရာ ပစ္စည်းအမျိုးအစား စုစုပေါင်း (၁၃)မျိုးပါတာကို အောက်ပါဇယားအတိုင်း တွေ့ရပါ တယ်။ အဲ့ဒီ(၁၃)မျိုးထဲမှာ စားသောက်ဖွယ်ရာတွေကိုတော့ အရေအတွက် ကိန်းဂဏန်းတွေနဲ့ ဖော်ပြထားတာကို မတွေ့ရှိရလို့ တဖွဲ့ကို ဘယ်လောက် ပမာဏအရေအတွက်ပေးလည်းတော့ မသိပါ။

အဲ့ဒီပစ္စည်း (၁၃)မျိုးကို ဒီလ(၁၀-၅-၂၀)ရက်နေ့ကနေ (၂၂-၅-၂၀)ရက်နေ့ထိ စုစုပေါင်း EAO (၉)ဖွဲ့ကို ပေးပြီးဖြစ်တာကို တွေ့ရပါတယ်။ အဲ့ဒီ (၉)ဖွဲ့ထဲမှာ NCA ထိုးထားတဲ့ (၄)ဖွဲ့ [NMSP နဲ့ ကရင်(၃)ဖွဲ့ဖြစ်တဲ့ KNU, KNU(PC), KKO/DKBA] နဲ့ NCA မထိုးထားတဲ့ (၅)ဖွဲ့ဖြစ်တဲ့ [NDAA, UWSA, KIO, SSPP, KNPP] တို့ ဖြစ်ကြပါတယ်။

အဖွဲ့(၉)ဖွဲ့ထဲမှာ UWSA “ဝ” အဖွဲ့က ပစ္စည်းအမျိုးအမည် (၁၂)မျိုးနဲ့ အရေအတွက်ပမာဏအများဆုံး ရရှိထားပြီး၊ ဒုတိယအများဆုံးက KNU ၊ တတိယအများဆုံးက KIO ဒီလိုမျိုး ရရှိထားတာကို တွေ့ရပါတယ်။ အဖွဲ့အကြီးအသေး၊ နယ်မြေ၊ လူဦးရေ၊ အချိုးအစားအလိုက် တွက်ချက်ပေးတာလား၊ အလွမ်းသင့်သလို လက်သင့်ရာပေးတာလား၊ စံသတ်မှတ်ချက် ဘယ်လိုရှိလဲတော့ ကာယကံရှင် ပေးတဲ့အဖွဲ့ကပဲ သိမှာပါ။

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးနဲ့ပတ်သက်ပြီးတော့ EAO တွေနဲ့ ညှိနှိုင်းပူးပေါင်းရေး ကော်မတီတခုကို NRPC က ဒုတိယဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းကို ဦးဆောင်စေပြီး (၂၇-၄-၂၀)ရက် နေ့က သမတဦးဝင်းမြင့်အမိန့်နဲ့ ထုတ်ပြန်ကြေညာ ဖွဲ့စည်းပေးတာကို တွေ့ရပါတယ်။ အဲ့ဒီကော်မတီ ဖွဲ့စည်းပြီးနောက် NCA-S EAO တွေရဲ့ ကိုယ်စားအဖွဲ့တဖွဲ့ ရန်ကုန် NRPC ရုံးမှာ သွားရောက်တွေ့ဆုံ ဆွေးနွေးတာကို တွေ့ရပါတယ်။ ဒါပေမဲ့ ဘာတွေ ဘယ်လို ဆက်လုပ်သွားမယ်ဆိုတဲ့ တိကျတဲ့လုပ်ငန်းစဉ်တွေနဲ့ ဒီနေ့အချိန်ထိ ပူးပေါင်းဆောင်ရွက်နေတာကို မတွေ့ရှိရသေးပါ။

ဒီအခြေအနေအောက်မှာ တပ်မတော်က ခြေသွက်လက်သွက်ရှိလှပြီးတော့ အထက်ကပြောခဲ့သလိုမျိုး COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနဲ့ပတ်သက်ပြီး အထောက်အကူပြုပစ္စည်းတွေ အလျဉ်းသင့်သလို သွားရောက်ပေးနေတာကို တွေ့ရှိရပါတယ်။

ဒီနေ့အချိန်ထိ ပေးပြီးတဲ့အဖွဲ့တွေထဲမှာ NCA လက်မှတ်ရေးထိုးထားတဲ့အထဲက အဓိကကျတဲ့ PPST ရဲ့ ခေါင်းဆောင်တာဝန်ယူထားတဲ့ RCSS အဖွဲ့ ဘာကြောင့် မပါဝင်သေးတာလဲ…စိတ်ဝင်စားစရာပါ။ ကျန်တဲ့ EAO အဖွဲ့တွေကကော့ ဆက်ပေးသွားဖို့ အစီအစဉ်ရှိနေသေးလား မပြောတတ်ပါ…။



Ref: http://cincds.gov.mm


ဒီလ (၉-၅-၂၀)ရက်နေ့မှာ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တွေကို အထောက်အကူဖြစ်စေဖို့ ရည်ရွယ်ပြီးတော့ ၂၀၂၀ ပြည့်နှစ်၊ မေလ(၁၀) ရက်မှ သြဂုတ်လ (၃၁) ရက်နေ့အထိ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲထားကြောင်း တပ်မတော်က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီထုတ်ပြန်ကြညာချက်မှာ “နိုင်ငံတော်မှအကြမ်းဖက် ဟု သတ်မှတ်ကြေညာထားသော အကြမ်းဖက် အဖွဲ့အစည်းများရှိသည့်နေရာများမှအပ” ဆိုတဲ့ ကန့်သတ်ချက်အရ ကျန်နေတဲ့ EAO တွေထဲမှာ (၂၃-၃-၂၀)ရက်နေ့က အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခံထားရတဲ့ ULA/AA အဖွဲ့ မပါဝင်တာ သေချာနေပါတယ်။ (၂၂-၅-၂၀)ရက်နေ့ တပ်မတော်သတင်းစာရှင်းလင်းပွဲမှာ ပြောကြားချက်အရတော့ ကျန်နေတဲ့ PSLF (ပလောင်အဖွဲ့) ၊ MNDAA (ကိုးကန့်အဖွဲ့) လည်း ပစ္စည်းဝေမယ့်စာရင်းထဲမှာ ပါ၊ မပါ အသေအချာ ပြောထားတာလည်း မတွေ့ရှိရပါ။

တပ်မတော်က COVID-19 ဆိုင်ရာ အထောက်အကူပြုပစ္စည်းတွေ ဝေပေးခြင်း၊ မဝေပေးခြင်းနဲ့ လက်ခံရရှိတာ၊ မရရှိတာထက် အဓိကပြောချင်တာကတော့ ပစ္စည်းတွေကို လက်ခံရယူခဲ့ကြတဲ့ သက်ဆိုင်ရာ EAO တွေရဲ့ တုန့်ပြန်ချက်တွေပါ။

တပ်မတော်က ပေးဝေတဲ့ပစ္စည်းတွေကို လက်ခံရယူအပြီး EAO တွေက ဆက်ဆံရေးယဉ်ကျေးမှုအရ ကျေးဇူးတင်စကားပြောကြားတဲ့နေရာမှာ ယခင်လက်သုံးစကား ဘုန်းတော်ဘွဲ့တွေလိုမျိုး “တပ်မတော်၏ ကျေးဇူးဂုဏ်တော်ကို ဖွင့်ပေးတဲ့ သာသာထိုးထိုး စကားလုံးတွေ” ဟာ လိုအပ်တာထက် ပိုနေလေတော့ တပ်မတော်ကလာပေးတဲ့ပစ္စည်းတွေကြောင့် အဲ့ဒီလောက်ထိ ချီးမွမ်းထိုက်တဲ့အနေအထားကို ရောက်သွားရပြီလား စဉ်းစားစရာတွေ ဖြစ်လာပါတယ်။ [EAO ခေါင်းဆောင် တယောက်ချင်းစီရဲ့ ကျေးဇူးတင်စကား အပြည့်အစုံကို ပူးတွဲပါအောက်တွင်ရှု။]

EAO ခေါင်းဆောင်တွေက တပ်မတော်ကို ဘယ်လောက်ပဲ အသိအမှတ်ပြု ကျေးဇူးတင်စကား ပြောဆိုနေပေမဲ့ တပ်မတော်ရဲ့ ရပ်တည်ချက်နဲ့ စိတ်ရင်းအမှန်ဟာ သူတို့ရဲ့လုပ်ရပ်တွေနဲ့ အပြုအမူတွေက သက်သေပြနေပါတယ်။ အနိမ့်ဆုံးအနေနဲ့ သူတို့ထုတ်ပြန်တဲ့ တပ်ချုပ်ရုံးဝက်ဆိုက်စာမျက်နှာမှာ EAO ခေါင်းဆောင်တွေရဲ့ စစ်ဘက်ရာထူးတာဝန်တွေကို လုံးဝ ဖော်ပြမထားပါ။ ဥပမာ - KIO က ဗိုလ်ချုပ် ဂွန်မော်၊ KNU က ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ KKO က ဗိုလ်ချုပ်စောမိုရှဲ၊ SSPP က ဗိုလ်ချုပ်ကြီး ဆေထင် တို့လို ခေါင်းဆောင်တွေကို စစ်ဘက်ရာထူးတာဝန်တွေဖြုတ်ပြီး ဦးအက်စ်ဂွမ်မော်၊ စောမူတူးဆေးဖိုး၊ စောမိုရှဲ၊ ဦးဆေထင် အဖြစ် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ နာယက စသဖြင့် အရပ်ဘက် တာဝန်တွေနဲ့သာ ဖော်ပြထားတာပါ။ ပုခုံးပေါ်မှာ အပွင့်တွေ၊ ဘားတွေ အပြည့်အစုံနဲ့ စစ်ယူနီဖောင်း ဝတ်ဆင်ထားတဲ့ EAO ခေါင်းဆောင်တွေရဲ့ ဓာတ်ပုံမှတ်တမ်းတွေနဲ့အတူ သတင်းဖော်ပြချက်မှာ ၎င်းတို့ရဲ့ စစ်ရာထူးတာဝန်တွေကို တပ်မတော်က အသိအမှတ်မပြုထားဘူး ဆိုတာပါပဲ။ အဲ့ဒါက ငြိမ်းချမ်းရေး ဖြစ်စဉ်ထဲမှာ အဓိကကျတဲ့ ယုံကြည်မှုတည်ဆောက်ခြင်းရဲ့ အပြန်အလှန် အသိအမှတ်ပြုခြင်း (Mutual Recognition) လစ်ဟာနေကြောင်း သိသာထင်ရှားပြီး သိပ်အခြေခံကျတဲ့ အချက်တချက်ပါ။

နောက်ထပ် ထောက်ပြပါရစေ။

KNU ခေါင်းဆောင် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးက တပ်မတော်ကို ကျေးဇူးတင်စကားပြောကြားတဲ့အခါ “----- တပ်ချုပ်က COVID-19 ရောဂါ ကာကွယ်ရေး အစီအစဉ်နှင့် ကူညီပေးသည့်အပေါ် ကျေးဇူးတင်မဆုံး ဖြစ်ရကြောင်း------” ပြောကြားနေချိန် လက်တွေ့မြေပြင်မှာ KNU ရဲ့ COVID-19 ဆိုင်ရာ စစ်ဆေးရေးဂိတ်စခန်း ၂ ခုကို တပ်မတော်က မီးချို့ဖျက်ဆီးထားပြီး၊ တပ်မဟာ(၅)နယ်မြေထဲမှာ တိုက်ပွဲတွေ ကိုဗစ်မရှောင် နေ့စဉ်ရက်ဆက်လိုလို ဖြစ်နေကြောင်း သတင်းတွေ တက်နေပါတယ်။


KNU/KNLA(PC) အဖွဲ့ဥက္ကဋ္ဌ ဦးစောထော်လေးက “------- ညီအစ်ကိုမောင်နှမစိတ်ဓာတ်နှင့် ------ တကြိမ်တခါမျှ မတွေ့မမြင်ဘူးပါဘဲ ယခုလိုမိမိတို့တိုင်းရင်းသားများကို ဆေးဝါးပစ္စည်းများ လာရောက်ပို့ဆောင် ကူညီပေးသည့်အတွက်------တပ်မတော်အကြီးအကဲများကို အထူးကျေးဇူး တင်ရှိပါကြောင်း-----” လို့ ပြောကြားထားတာကို တွေ့ရတော့ တပ်မတော်က တကယ်ညီအစ်ကို မောင်နှမစိတ်ဓာတ်ရှိရင် KNU တဖွဲ့တည်းက DKBA, KKO, KNU-PC, BGF ဆိုပြီး ကွဲပြားအောင် ဘာကြောင့် ဖြစ်ပေါ်စေခဲ့တာလဲ…..။ တကြိမ်တခါမျှ မတွေ့မမြင်ဘူးပါဘဲ ဆေးဝါးတွေလာရောက် ပေးရတာက ဘာကြောင့်လို့ ထင်ပါသလဲ…။

အဓိက COVID-19 ဆိုင်ရာ အထောက်အကူပစ္စည်းတွေဟာ တပ်မတော်က သူကိုယ်တိုင် ထုတ်လုပ်ဖြန့်ချီတာ မဟုတ်ပါ။ တရုတ်အစိုးရနဲ့ နိုင်ငံတကာက ဆင်းရဲတဲ့နိုင်ငံတွေကို ကူညီတဲ့ အထောက်အပံ့တွေကို တဆင့်ခံ ပံ့ပိုးပေးတာပါ။ COVID-19 ဟာ ကမ္ဘာ့ကပ်ရောဂါပါ။ တကမ္ဘာလုံးကို ခြိမ်းခြောက်နေတာဖြစ်လို့ အဲ့ဒီရောဂါပိုးသာ ကူးစက်မယ်ဆိုရင် တနိုင်ငံလုံးကို ပြန့်နှံ့ရောက်ရှိသွားနိုင်ပြီး၊ သူများပေးလှူထားတာကို နိုင်ငံ့အဝှမ်းသို့ သူတို့ မဖြန့်ဝေရင် နိုင်ငံတကာက ပြစ်တင်ဝေဖန်တာကို သူတို့ခံရမယ်။ ၂၀ဝ၈ နာဂစ်မုန်တိုင်းမှာ နိုင်ငံတကာအကူအညီ ပေးမဝင်တော့ တိုင်းရင်းသားဒေသတွေက တဆင့် နိုင်ငံတကာက လျှို့လျှို့ဝှက်ဝှက်နဲ့ အကူအညီ ပေးခဲ့ရတယ်မလား…။ အခုလည်း နိုင်ငံတကာ အလှူငွေ ပစ္စည်းတွေအကုန်လုံးကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနဲ့ တပ်တွင်းမှာပဲ ထားရှိအသုံးပြုနေလို့ သင်တို့အဖွဲ့ သင်တို့နယ်မြေက လူထုလိုအပ်ချက်ကို နိုင်ငံတကာက သိသွားရင် သိက္ခာကျမယ်။ ဒုတိယ နာဂစ်အတွေ့အကြုံလို ဖြစ်သွားနိုင်ပါတယ်။

အဲ့ဒီထက် ဆွဲဆန့်ပြီး စဉ်းစားကြည့်ရင် ၂၀၁၂ ခုမှာ သင်တို့ BCA ကို ပြည်နယ်အဆင့်-ပြည်ထောင်စုအဆင့် ဆိုပြီး ကရင်ညီနောင်(၃)ဖွဲ့က ဦးသိန်းစိန်အစိုးရနဲ့ လက်မှတ်ရေးထိုးပွဲတွေ လုပ်ပြလိုက်တော့ နိုင်ငံတကာက စီးပွါးရေးဒဏ်ခတ်ပိတ်ဆို့ထားမှုတွေ ရုတ်သိမ်းသွားခဲ့တယ်၊ နယ်စပ်ဖြတ်ကျော်ပြီး ပေးနေတဲ့ လူသားချင်း စာနာမှု အကူအညီအထောက်အပံ့တွေ ပြည်တွင်းထဲကို ရောက်သွားတယ်။ ၂၀၁၅ ခုမှာ NCA ထိုးပြ လိုက်တော့ ကရင်ပြည်ကြီးကို ဖြတ်သန်းသွားတဲ့ အာရှလမ်းမကြီးလည်း ပွင့်သွားတယ်။ ထိုင်းနဲ့မြန်မာ ကုန်သွယ်ရေးလမ်းကြောင်း၊ ဒေသတွင်း အာဆီယံကုန်သွယ်ရေးလမ်းကြောင်းလည်း ပွင့်သွားခဲ့တယ်။

၂၀၁၆ ခုမှာ ဒေါ်အောင်ဆန်းစုကြည် အစိုးရဖြစ်လာတော့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ဝင်ငွေတွေက ပြည်ထောင်စုအစိုးရဆီကို တိုက်ရိုက်လှိမ့်ဝင်စီးဆင်သွားတယ်။ ၂၀၁၂ ခုကနေ ၂၀၂၀ ခုထိ (၈)နှစ်တာ ကာလအတွင်းမှာ သင်တို့ ကရင်ပြည်သူလူထု ဘယ်လောက်အကျိုးဖြစ်ထွန်းလဲတော့ မပြောတတ်။ KNU က ခေါင်းဆောင်တဦးဖြစ်တဲ့ ပဒိုမန်းငြိမ်းမောင်ကတော့ ကရင်လူထုတွေ လွတ်လွတ်လပ်လပ် သွားလာခွင့်တွေ ရသွားတယ်လို့တော့ မီဒီယာတွေမှာ ပြောဆိုထားတာတွေကို မှတ်သားမိတယ်။ ဒါပေမဲ့ ထိုင်း-မြန်မာနယ်စပ်တလျှောက်က ဒုက္ခသည်စခန်းတွေမှာ ရိက္ခာတွေ ဖြတ်တောက်ခံရပြီးတော့ ဒီနေ့ အချိန်ထိ သိန်းချီတဲ့ စစ်ဘေးဒုက္ခသည်တွေ အိမ်မပြန်နိုင်ကြသေးပါဘူး။ ဒီကြားထဲ တပ်မတော်က BGF ကို DKBA အဖွဲ့ကို သွားတိုက်ခိုင်းလို့ တိုက်ပွဲဖြစ်တာ၊ တပ်မဟာ(၅)ဘက်မှာ တိုက်ပွဲဖြစ်တာတွေကြောင့် ဒုက္ခသည်အရေအတွက်တွေတောင် ထပ်တိုးလာသေးတယ်လေ…။ နိုင်ငံတကာက ငြိမ်ချမ်းရေးရန်ပုံငွေ အချို့နဲ့ ဂျပန်အစိုးရတို့က ရွာသစ်တချို့ လာဆောက်ပေးတာကို တွေ့ပါတယ်။ အဲ့ဒီစီမံကိန်းတွေကလည်း ဟုတ်တိပတ်တိ အောင်မြင်နေတာကို မတွေ့ရပါ။ တချို့ ရွာသစ်တွေဆိုရင် အိမ်ကသာဆွေးမြေ့သွားပြီး လူနေတာကိုလည်း မတွေ့ရပါဘူး။ တချို့ဆိုရင် ဒုက္ခသည်တွေ ပြန်လည်နေရာချထားဖို့ ဆောက်တဲ့ အိမ်လေးတွေကို တန်ဖိုးသတ်မှတ် ရောင်းစားသေးတယ်လို့ သတင်းတွေလည်း ကြားရပါတယ်။ အဲ့ဒီ Pilot Project စီမံကိန်းတွေကို ဘယ်သူတွေက ဦးဆောင်ကြီးကြပ် စီမံအကောင်အထည်ဖော်ကြသလဲ သင်တို့ပဲ အသိဖြစ်မှာပါ။

နောက်ဆုံးမှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံအစည်းအဝေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ သင်တို့ရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် တောင်းဆိုတဲ့အခါ မုန့်ဆီကျော် ဘယ်မှာမှန်းမသိသေးဘဲ “ခွဲမထွက်ရ၊ တပ်မတော်တခုတည်းရှိရေးမူနဲ့ DDR လုပ်ဖို့” တပ်မတော်က ဂျမ်းတုန်းခုထားလိုက်တာ သင်တို့ဟာ ရှေ့လည်းတိုးမရ၊ နောက်လည်း ဆုတ်မရနဲ့ ဆုတ်လည်းစူး၊ စားလည်းရူး အခြေအနေနဲ့ ရင်ဆိုင်နေရတယ် မဟုတ်လား။ ဒီအခြေအနေအောက်မှာ သင်တို့သုံးနှုန်းလိုက်တဲ့ အသုံးအနှုန်းက သင်တို့ကိုယ်သင်တို့ပဲ ပြန်လိမ်နေတာပဲလား…၊ တပါးသူကို ဟန်ရေးပြတာလားတော့ မသိ။ နေပြည်တော် ဆိုတဲ့ တစပြင်မြို့ကြီးက စာဖတ်နေသူကြီးဟာ သူတို့လိုချင်တဲ့ ငြိမ်းချမ်းရေးမူဝါဒ(၆)ရပ် အောက်ကို သင်တို့ မဝင်လာနိုင်ဘူးလို့ ပိုင်းဖြတ်ပေးမယ့် နေ့တနေ့အတွက် ပြင်ဆင်ထားပြီးသားဆိုတာကို မမေ့ပါနဲ့။ အဲ့ဒီအတွက် သင်တို့လည်း ဘာပြင်ဆင်ထားသလဲတော့မသိ။ မြန်မာပြည်မှာ စားပွဲဝိုင်းဆွေးနွေး အဖြေရှာတဲ့ယဉ်ကျေးမှု မရှိသေးတဲ့အတွက် စားပွဲဝိုင်းမှာ ယမကာခွက်တိုက် လည်ပင်းဖက်နိုင်ကြတဲ့ အချိန်ထိတော့ သင်တို့ အဆင်ပြေနေမယ်။ သို့မဟုတ်ပဲ သင်တို့ဟာ DDR ကို လိုလိုလားလားနဲ့ လက်ခံလိုက်ရင်တော့ ပြောမတတ်ဘူးပေါ့။

KKO ဥက္ကဋ္ဌ ဗိုလ်ချုပ်စောမိုရှဲ ပြောသလို “------ညီရင်းအစ်ကိုပမာ သားသမီး တပည့်သဖွယ်-----” သာ တပ်မတော်က သင်တို့အပေါ်မှာ ကျင့်ကြံနေမယ်ဆိုရင် ဒီနေ့အချိန် ကရင်နယ်မြေထဲမှာအပါအဝင် တိုင်းရင်းသားနယ်မြေ အကုန်လုံးမှာ နေ့စဉ်ရက်ဆက် အနိဋ္ဌာရုံတွေ တွေ့မြင်နေရစရာ အကြောင်းမရှိပါ။ မြန်မာစကားကို ဗိုလ်ချုပ်စောမိုရှဲ ကောင်းကောင်းပြောတတ်သားပဲ။ ကော်သူးလေပြည်နဲ့ ကရင်လူမျိုးတွေ လွတ်မြောက်ရေးအတွက် ပေးဆပ်သွားခဲ့ ပေးဆပ်နေရဆဲ ကရင်ခေါင်းဆောင် အညတရရဲဘော်တွေကို လှောင်ပြောင်သလိုဖြစ်နေတဲ့ ဝေါဟာရအသုံးအနှုန်းတွေကို ရှောင်ရှားပြောလို့ ရပါတယ်။ ဒေါနတောင်တန်း တလျှောက် ကရင်တွေနဲ့ အဖိနှိပ်ခံလူမျိုးပေါင်းစုံတွေရဲ့ လွတ်မြောက်ရေးဝိဉာဏ်တွေဟာ အရိုးတွန်နေဆဲပဲ ဆိုတာကို မမေ့ပါနဲ့။

SSPP/SSA အဖွဲ့နာယက ဗိုလ်ချုပ်ကြီး စဝ်ဆေထင်က “-----------တပ်မတော်၏စေတနာကို မိမိတို့အနေဖြင့် နားလည်သဘောပေါက်ပါကြောင်း--------” လို့ ပြောထားတာကို တွေ့ရပါတယ်။ ဗိုလ်ချုပ်ကြီးစဝ်ဆေထင်ကို နိုင်ငံတော်ပုန်ကန်မှုနဲ့ သေဒဏ်၊ နှစ်ရှည်ထောင်ဒဏ်တွေ ပေးလိုက်တာက တပ်မတော်အစိုးရကပဲ မဟုတ်ပါလား…။ ဒီတော့ တပ်မတော်၏စေတနာကို နားလည်သဘောပေါက် ပါတယ်ဆိုတဲ့ ဗိုလ်ချုပ်ကြီးဆေထင်ရဲ့ စကားလုံးကို ဘယ်လိုအဓိပ္ပါယ်ကောက်ယူရမှာလည်း မသိ။ ၂၀၁၂ ခုနှစ်ကမှ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ထောင်မှလွတ်လာပြီးတော့ အသက်(၈၀)ကျော် အရွယ်ထိ မနားတမ်း အလုပ်လုပ်နေတဲ့ ဗိုလ်ချုပ်ကြီးဆေထင်ကို လေးစားပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်ကြီးပြောတဲ့ စကားလုံး အသုံးအနှုန်းမှာ တော်လှန်ရေးအတွေ့အကြုံရင့်တဲ့ ခေါင်းဆောင်တဦးရဲ့ သံတမန်စကားလမ်းကြောင်း ကနေ ချော်ထွက်သွားသလားလို့ ခံစားမိပါတယ်။ SSPP အဖွဲ့မှာ နာယကနေရာယူပြီး အကြံပေးနေ ရမယ့်အချိန်မှာ ဒီလိုမျိုးအခင်းအကျင်းအထိ လူလုံးထွက်ပြ လုပ်နေရတာကိုတော့ ဘယ်လိုမှ နားလည်လို့လည်း မရပါ။ COVID-19 အထောက်အကူပြုပစ္စည်း လက်ခံရုံသက်သက်ပဲ မဟုတ်လား….။ Protocol အရ ပစ္စည်းပေးအပ်တဲ့သူနဲ့ လက်ခံတဲ့သူအနေနဲ့လည်း ဘယ်လိုမှ မကိုက်ညီပါ။ COVID-19 ကာလကြီးမှာ ဒီအသက်အရွယ်က အပြင်သွားတာ ရှောင်ကြဉ်ရမှာ မဟုတ်ဘူးလား…။ SSPP မှာ အမိန့်ပေးစနစ် လွဲချော်နေတာလား၊ သတင်းအချက်အလက် ဖလှယ်မှုနဲ့ အကဲဖြတ် ဆုံးဖြတ်ချက်တွေ လိုအပ်သွားတာပဲလား..မပြောတတ်ပါ။

KNPP က အထွေထွေအတွင်းရေးမှူး ဦးရွှေမျိုးသန့်က “----------စိတ်စေတနာ အပြည့်ဖြင့် သေချာစဉ်းစားဆုံးဖြတ်၍ စုပေါင်းပေးအပ်လှူဒါန်းကူညီသည့် တပ်မတော် -------- ဆက်လက်၍လည်း ကူညီပေးနိုင်ရေး ဆုမွန်ကောင်းတောင်းပါကြောင်း -------” လို့ ဖော်ပြထားပါတယ်။ စိတ်စေတနာသာ အပြည့်ရှိရင် KNPP နဲ့ တပ်မတော် ဆွေးနွေးပွဲ တစ်ဆို့နေနိုင်စရာ အကြောင်း ဘယ်ရှိပါ့မလဲ…။ COVID-19 ကမ္ဘာ့ကပ်ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေးပိုင်းနဲ့ပတ်သက်လို့ နိုင်ငံတကာက လှူဒါန်းတဲ့ဟာတွေက ဦးသိန်းစိန်အစိုးရလက်ထက်မှာ သင်တို့အနေနဲ့ BCA မထိုးခဲ့ရင် Cross-border Aid တွေ ဆက်လက်ရှိနေပြီးတော့ အခုတပ်မတော်ကပေးတဲ့အကူအညီထက်ပိုတဲ့ အထောက်အပံ့ တွေကို သင်တို့အဖွဲ့နဲ့ သင်တို့လူထုတွေ ရရှိကြရမှာပါ။ အခု သင်တို့က BCA ထိုး၊ သင့်ဘေးပတ်ဝန်းကျင် မိတ်ဆွေ KNU က NCA တွေပါထိုး… ဆိုတော့ခါ သင်တို့ဆီကို တိုက်ရိုက်စီးဆင်းလာမယ့်ဟာတွေကို သူများက ပေးသလောက်ပဲ ရရှိတဲ့အပြင် ကျေးဇူးခံကျေးဇူးစားဘဝပါ ကျရောက်သွားရတဲ့ အခြေအနေကို ဘယ်သူတွေ ဖန်တီးခဲ့တာလဲ…၊ ဖန်တီးနေတာလဲ…၊ ဖန်တီးနေဦးမှာလဲ… အသေအချာ စဉ်းစားပြီး လိုအပ်တဲ့ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့ ကောင်းပါတယ်။

ပြည်ထောင်စုဆိုတဲ့နိုင်ငံနယ်နိမိတ်အဝန်းအဝိုင်းထဲမှာ ကရင်နီဟာ ထူးခြားတဲ့ သမိုင်း ဝိသေသ လက္ခဏာရှိပြီးတော့ သီးခြားလွတ်လပ်တဲ့နိုင်ငံတခုပါ။ လက်ရှိသုံးနှုန်းထားတဲ့ အသုံးအနှုန်းက ကရင်နီသမိုင်းနဲ့ ဘယ်လိုမှ မဟပ်စပ်ပါ။ ကျေးဇူးတင်စကားပြောကြားရာမှာ ကိုယ့်ရဲ့ဖြစ်တည်မှုနဲ့ သမိုင်းဂုဏ်ဒြပ်တွေကို မထိပါးစေတဲ့ သံတမန်စကားလုံးတွေ မြန်မာဘာသာဗေဒမှာ အများကြီး ရှိပါသေးတယ်။

KIO ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ဂွန်မော်က “---------တပ်မတော်သည် ခိုင်မာသော Institution တခုဖြစ်ပြီး COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး၌ စွမ်းအားပြည့် ဆောင်ရွက်လျက် ရှိသည်ကို တွေ့ရှိရသည့်အတွက် မိမိတို့ဒေသ၌ လိုအပ်လာပါက အကူအညီတောင်းခံသွားမည်ဖြစ်ကြောင်း၊ ၎င်းကိစ္စမှတဆင့် ငြိမ်းချမ်းရေးနှင့်တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးတို့ကို ပိုမိုဆောင်ရွက် သွားနိုင်မည်ဖြစ်ပါကြောင်း--------” လို့ ဖော်ပြထားတာကို တွေ့ရှိရပါတယ်။ ဗိုလ်ချုပ်ဂွန်မော်ဟာ EAO တွေထဲမှာ စကားပြောကြွယ်သူ၊ လူပေါင်းဆန့်သူ၊ လူချစ်လူခင်လည်းများသူတဦးပါ။ စကားကို ရေပက် မဝင်အောင်လည်း ပြောတတ်သူတဦး ဖြစ်ပါတယ်။ အခုဒီအသုံးအနှုန်းဟာ သူပြောခဲ့တဲ့ စကားလုံးတွေထဲက အစွန်းထွက်တာတွေကို စုစည်းကောက်နှုတ် ရေးသားဖော်ပြထားပုံ ရပါတယ်။ ဒီအစွန်းထွက်မှုက ဗိုလ်ချုပ်ဂွန်မော်အနေနဲ့ စကားနယ်ကျွံသွားပုံပေါ်ပါတယ်။ တပ်မတော်ဟာ ခိုင်မာတဲ့ Institution တခုလို့ တဖက်ကို မြှောက်ပင့်ပြီး၊ လိုအပ်လာရင် အကူအညီတောင်းလို့ရအောင် တပါးသူ ထပ်မံကူညီချင်စိတ်ပေါက်အောင် အရှိတရားနဲ့ယှဉ်ပြီး ပြောထားတာပေါ့။ ဒါပေမဲ့ ဘဝင်မကျတာ တခုက ခိုင်မာတဲ့ Institution လို့ ထုတ်ဖော်ပြောကြားလိုက်ခြင်းဟာ သူက ဘယ်လိုခိုင်မာတာလဲ…။ ကိုယ့်လူထုကို နှစ်ပေါင်း(၇၀)ကျော်ထိ ကြောက်ခမန်းလိလိ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့အဆင့်ထိ အားကောင်းခိုင်မာနေတယ်ဆိုတာကိုလည်း မမေ့ဖို့နဲ့ ကိုယ်က အဲ့ဒီလိုပြောလိုက်တာက တဖက်က ကိုယ့်အပေါ်ရော တိုင်းရင်းသားတစုံလုံးအပေါ်မှာပါ ထပ်နှိပ်ကွပ်နေဖို့အတွက် တွန်းအားပေးသလိုမျိုး ဘေးထွက်ဆိုးကျိုး ရှိနိုင်ပါတယ်။ ပြီးတော့ ကိုယ်က ပစ္စည်းလက်ခံတဲ့အခါ အခမ်းအနားအတွင်းမှာပဲ ကျေးဇူးတင်စကား ပြောတာဖြစ်လို့ အပြင်ကို မရောက်ဘူးလို့များ ထင်မိခဲ့လေသလားမသိ။ အခုက ဗိုလ်ချုပ်ဂွန်မော်လို ပုဂ္ဂိုလ်မျိုးကတောင် တပ်မတော်ကို ဒီလိုမျိုးပြောနေတာပဲလို့ အများပြည်သူလူထုနဲ့ နိုင်ငံရေးအင်အားစုတွေက ကောက်ချက်ဆွဲတဲ့အခါ ညွှန်းကိန်းတခု ရသွားစေခဲ့တယ်ဆိုရင် ဘေးထွက်ဆိုးကျိုးက မသေးလှ။

အမှန်မှာ တိုင်းပြည်တပြည်ကို ခန္ဓာကိုယ်တခုနဲ့ နှိုင်းယှဉ်စဉ်းစားကြည့်ရင် ခေါင်းလက်ခြေတွေကို ရိုက်ချိုးထား၊ အဟာရဖြစ်စေမယ့် ရေသောက်မြစ်တွေကို ပိတ်ဆို့ထားပြီး ကိုယ်ထည်ကပဲ သန်မာနေတဲ့ လူကိုယ်ထည်ကြီးကို ချီးမွမ်းခန်း ဖွင့်နေသလိုဖြစ်နေပါလိမ့်မယ်။ အဲ့ဒီလိုဆိုရင် ငါ့ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းအားလုံး သန်မာထွားကျိုင်းပါမှ ခရီးဆက်လို့ရမယ်၊ သူများနဲ့ ယှဉ်ပြိုင်နိုင်စွမ်းရှိမယ်လို့ မခံယူတော့ပဲ ကိုယ်ထည်လောက်ကပဲ သန်မာဖွံ့ဖြိုးပြီး ကျန်အစိတ်အပိုင်းတွေ မသန်စွမ်းဖြစ်နေတဲ့ လူမမာဒုက္ခိတကြီးကို အရူးဘုံမြှောက်သလို ဖြစ်သွားရင် ခက်ရချေရဲ့။ ထွက်သမျှတိုင်းပြည်သံယံဇာတ တွေကို စိတ်ကြိုက်လက်ဝါးကြီးအုပ်၊ တိုင်းပြည်ဘတ်ဂျက်အများစုကို ကာကွယ်ရေး အမည်ခံဌာနမှာ စာရင်းစစ်ခွင့် မရှိဘဲ စစ်ဗိုလ်ချုပ်တစုက ကြိုက်သလိုသုံး၊ ဗမာမဟုတ်တဲ့ တိုင်းရင်းပြည်နယ်တွေကို နှိပ်ကွပ်ထားပြီး၊ မျှတမှုမှုမရှိတဲ့ နိုင်ငံရေးစနစ်ကို ၂၀ဝ၈ ဖွဲ့စည်းပုံနဲ့ စိတ်ကြိုက်ဖန်တီးပုံဖော်ထားပြီး အုပ်ချုပ်စီမံခွင့်ရနေတဲ့ တပ်မတော်ဟာ ဒီတိုင်းပြည်မှာ “ခိုင်မာသော Institution” လို့ ဆိုရင် အများသူငါကို ပျက်ရယ်ပြုသလိုမျိုးလည်း ဖြစ်နေပါတယ်။ တဖက်က အရူးဘုံမြှောက်တာကို မသိပဲ ဖြစ်ဖြစ်၊ (သိသိကြီးနဲ့)ဖြစ်ဖြစ် ဆက်မိုက်တွင်းနက်မယ့်ထဲမှာ ကိုယ်ပါ ပူးတွဲတရားခံ ဖြစ်သွားနိုင်တယ် ဆိုတာကို ဗိုလ်ချုပ်ဂွန်မော် တယောက် ပညာရှိသတိဖြစ်ခဲများ ဖြစ်သွားခဲ့ရောလား…..။ တပ်မတော်ဆီက လိုအပ်လို့ အကူအညီတောင်းချင်ရင်လည်း တောင်းပါ။ အရူးဘုံမြှောက်ပြီးတော့ မပြောခဲ့သင့်ဘူးပေါ့နော့်။

UWSA (ဝ)အဖွဲ့မှ ဥက္ကဌ ပေါက်ယိုချန်းကလည်း “-------တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အနေဖြင့် အားလပ်သင့်တော်သည့်အချိန်တွင် (ဝ)ဒေသသို့ လာရောက်လမ်းညွှန်မှုပြုနိုင်ပါရန် ဖိတ်ခေါ်အပ်ပါ ကြောင်းဖြင့် ကျေးဇူးတင်လွှာပေးအပ်ခဲ့--------” လို့ ဖော်ပြထားပါတယ်။ UWSA ဟာ (ဗကပ)ကနေ ခွဲထွက်လာခဲ့ပြီးတဲ့ နောက်ပိုင်းမှာ သူ့ရဲ့ပထဝီအနေအထားနဲ့ စစ်အစိုးရအဆက်ဆက်က တလျောက်လုံး ပေးခဲ့တဲ့ အခွင့်ထူးခံဘဝ အနေအထားတွေကြောင့် ဒီနေ့အချိန်မှာ ၂၀ဝ၈ စစ်ကျွန် ဖွဲ့စည်းပုံအောက်မှာ ကွန်ဖက်ဒရိတ်ပုံသဏ္ဍာန် ဝင်နေတဲ့အဆင့်ထိပါပဲ။ ဒီတော့ ၂၀ဝ၈ ဖွဲ့စည်းပုံကို တတိုင်းပြည်လုံးနဲ့ လက်ရှိ NLD အစိုးရတွေက ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ ကြိုးပမ်းအားထုတ် တောင်းဆိုနေကြချိန်မှာ UWSA အနေနဲ့ လက်ရှိဖြစ်တည်မှုကို အပွန်းပဲ့မခံပဲ ၂၀ဝ၈ ဖွဲ့စည်းပုံအောက်မှာ ဥပဒေကြောင်းအရ တရားဝင် သီးခြား “ဝ” ပြည်နယ်၊ “ဝ” အစိုးရ၊ “ဝ”လက်နက်ကိုင် အဖွဲ့တွေကို အသိအမှတ် ပြုပေးဖို့ တောင်းဆိုထားတာပါ။ လက်ရှိ တပြည်ထောင်သဏ္ဍာန် ကြယ်တလုံးနဲ့ ၂၀ဝ၈ အောက်က နာဂစ်နိုင်ငံတော်အလံကိုလည်း ပူးတွဲလွှင့်ထူ အလေးပြုနေသလို တရုတ်စာ၊ တရုတ်စကားတွေကို ရုံးသုံးဘာသာအနေနဲ့ သတ်မှတ်ပြီး၊ တရုတ်ငွေကြေးစနစ်နဲ့ သီးခြားလည်ပတ်နေတဲ့ အခွင့်ထူးခံဘဝကို ပိုင်ဆိုင်ထား ကြတာပါ။ ဒီအခြေအနေ အောက်မှာ အိမ်နီးချင်း ယူနန်ပြည်နယ် တရုတ်အစိုးရနဲ့လည်း တိုက်ရိုက်နိုင်ငံခြားဆက်ဆံရေးလိုမျိုးနဲ့ စီးပွါးကူးသန်း ကုန်သွယ်ရေးလမ်းကြောင်းတွေလည်း ရရှိထားပါသေးတယ်။ တပ်မတော်က ဗိုလ်ချုပ် ဟောင်း/သစ်တွေနဲ့လည်း စီးပွါးရေး ခြေလိမ်မှုတွေ ရှိတာဖြစ်တဲ့အတွက် အကျိုးစီးပွါးတူ တပ်မတော် စစ်ခေါင်းဆောင်တွေနဲ့ အလွမ်းသင့်ဖို့ မိတ်မပျက်ဖို့ ကိစ္စဟာ UWSA ရဲ့ အရေးကြီးဆုံးနဲ့ ဦးစားပေးအစီ အစဉ်လည်း ဖြစ်မှာပါပဲ။ အဲ့ဒါကြောင့် UWSA ဥက္ကဋ္ဌရဲ့ အခုလိုမျိုး ပြောကြားချက်ကတော့ သိပ်မဆန်းပေမဲ့ နောက်ကွယ်က အကျိုးစီးပွါးအပေါ် မူတည်ပြီး ဖိတ်ခေါ်ထားချက် ဖြစ်ပါလိမ့်မယ်။

(၁၀-၅-၂၀၂၀)ရက်နေ့က NDAA(မိုင်းလား)အဖွဲ့က ဥက္ကဋ္ဌ စိုင်းလင်း ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ နဲ့ UWSA(ဝ)အဖွဲ့ က ညီကပ် ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့တွေကို တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ ရွှေတြိဂံရိပ်သာ ဧည့်ခန်းမဆောင်မှာ တပ်ချုပ်အနေနဲ့ သီးခြားစီ တွေ့ဆုံခဲ့ပြီး၊ COVID-19 ရောဂါ ထိန်းချုပ် ကာကွယ်ရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းတွေ ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။ အဲ့ဒီတွေဆုံပွဲမှာ တပ်ချုပ်က “မိမိတိုင်းပြည်ကို အားကိုးစိတ် မွေးရန်လိုကြောင်း” ပြောခဲ့ပါတယ်။ ဒီအချက်က “ဝ” နဲ့ “မိုင်းလား” အဖွဲ့တွေအနေနဲ့ COVID-19 တိုက်ဖျက်ရေးမှာ တရုတ်နဲ့ တိုက်ရိုက်ပူးတွဲပြီး လုပ်ဆောင်နေ ကြတဲ့ လုပ်ငန်းစဉ်တွေဟာ နေပြည်တော်က သူများအလှူတွေကို စုစည်းဖြန့်ဝေ ပေးတာထက် ပိုများပြီး၊ မိုင်းလားမှာဆိုရင် တရုတ်-မြန်မာချစ်ကြည်ရေးဆေးရုံထိတောင် တည်ဆောက်လည်ပတ်နေပါတယ်။ COVID-19 ကာလအတွက် တရုတ်က ဆရာဝန် ကျန်းမာရေးဝန်ထမ်းတွေရဲ့ အထူးအကူအညီ ပေးမှုတွေလည်း ရရှိထားပြီးသားပါ။ ဒီဟာကို COVID-19 ဖြစ်တော့မှပဲ တရုတ်ကပေးတဲ့ အကူအညီတွေကို တဆင့်ခံမျှဝေ ဖြန့်ချီပေးရင်း သြဝါဒခြွေခဲ့တဲ့ နေပြည်တော်က တပ်ချုပ်ရဲ့ ဟန်ရေးပြ စကားလုံးဟာ အချုပ်အခြာအာဏာ ပိုင်စိုးမှုနဲ့ သြဇာသက်ရောက်မှု ကင်းမဲ့နေရတဲ့အပေါ် အရှက်ပြေစကားလုံးသာသာ ဖြစ်ပါတယ်။ မိုင်းလားဟာလည်း သူတို့ရဲ့ရပ်တည်ချက်က “ဝ”နည်းတူဖြစ်ပါတယ်။ မိုင်းလားအဖွဲ့က ပြည်နယ်အဆင့်ထိတော့ မတောင်းဆိုပေမဲ့ သူတို့ရဲ့လက်ရှိအုပ်ချုပ်ရေးကို မပျက်မယွင်းဘဲ ပွန်းပဲ့ခြင်း မခံဘဲ သူတို့ရရှိထားတဲ့ အထူးဒေသနယ်မြေတွေကို ၂၀ဝ၈ ဖွဲ့စည်းပုံအောက်မှာ တရားဝင် အသိအမှတ်ပြုပေးရင် ကျေနပ်တဲ့အဖွဲ့ဖြစ်ပါတယ်။

EAO တွေထဲမှာ “ဝ” နဲ့ “မိုင်းလား” အဖွဲ့တွေရဲ့အနေအထားဟာ တပ်မတော်ရဲ့ မျက်နှာသာပေးခံရပြီးတော့ ဗိုလ်ချုပ်ဟောင်း/သစ်တွေရဲ့ တိုက်ရိုက်-သွယ်ဝိုက် အကျိုးစီးပွါး ယှက်နွယ်နေတာတွေအရ COVID-19 အထောက်အကူပြုပစ္စည်း ပေးအပ်ခြင်းအခမ်းအနားက ထွက်လာတဲ့ သြဝါဒခြွေစကားလုံးနဲ့ “ဝ”အဖွဲ့ ဥက္ကဋ္ဌ ပေါက်ယိုချန်းရဲ့ တပ်ချုပ်ကို ဖိတ်ခေါ်ကမ်းလှမ်းချက်တွေဟာ COVID-19 ကမ္ဘာ့ကပ်ရောဂါကာလအတွင်းနဲ့ ကာလအလွန်ထိတိုင် အခင်းအကျင်းသစ် ဖြစ်လာနိုင်ခြေ မရှိပါ။

ဒါပေမဲ့ တပ်မတော်ကနေ COVID-19 ရောဂါ ထိန်းချုပ်ကာကွယ်ကုသရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်းတွေ ပေးအပ်လက်ခံရရှိခြင်း ရှိ၊ မရှိက အတော်လေး တာသွားမယ့်သဘောရှိပါတယ်။ ဥပမာ - NCA-S EAO တွေထဲက ကျန်နေတဲ့ RCSS (ရှမ်းတောင်ပိုင်း), ALP (ရခိုင်), CNF (ချင်း), LDU (လားဟူ), ABSDF (ကျောင်းသားတပ်မတော်) အဖွဲ့တွေကို ဆက်ပေးမလား၊ မပေးဘူးလား။ မပေးဘူးဆိုရင် ဘာကြောင့် မပေးတာလဲ….။ သူတို့အဖွဲ့တွေရဲ့ တပ်ဖွဲ့ဝင်တွေ၊ မိသားစုတွေ၊ အုပ်ချုပ်ရေးနယ်မြေထဲက လူထုတွေအတွက် ဘယ်လိုစဉ်းစားပေးသလဲ မေးခွန်းရှိလာမှာပါ။

NCA-NS EAO အဖွဲ့တွေဖြစ်ကြတဲ့ ULA (ရခိုင်)၊ PSLF (ပလောင်)၊ MNDAA (ကိုးကန့်) အဖွဲ့တွေကိုရော ဘယ်လိုသဘောထားသလဲ…။ ULA က အကြမ်းဖက်အဖွဲ့အစည်းဖြစ်နေလို့ ဆက်ဆံရေးလုပ်စရာ အကြောင်းမရှိဘူးလို့ တပ်မတော်က ပြတ်ပြတ်သားသား ပြောကြားထားပါတယ်။ ဒါဆိုရင် PSLF နဲ့ MNDAA တွေကရော…။ သူတို့အဖွဲ့တွေဟာလည်း ၂၀၁၆ ခုနှစ် ပြည်ထောင်စုလွှတ်တော်မှာ ပယ်ချခံရတဲ့အဆိုကို ရှမ်းပြည်လွှတ်တော်က ဆုံးဖြတ်ခဲ့တဲ့ ဆုံးဖြတ်ချက်အရ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတယ်ဆိုရင် အဲ့ဒီတုန်းက ဆုံးဖြတ်ချက်ထဲမှာ KIO အဖွဲ့လည်း ပါဝင်ခဲ့တာပါ။ အကြမ်းဖက်အဖွဲ့ချင်းအတူတူ KIO ကိုတော့ ဆက်ဆံတယ်၊ ကျန်နှစ်ဖွဲ့ဖြစ်တဲ့ PSLF, MNDAA တို့ကိုတော့ အကြမ်းဖက်အဖွဲ့လို့ သတ်မှတ်ပြီး မဆက်ဆံဘူးဆိုရင် ရှမ်းပြည်လွှတ်တော်ရဲ့ ၂၀၁၆ ခုနှစ်ဆုံးဖြတ်ချက်ဟာ မေးခွန်းထုတ်စရာဖြစ်ပြီး၊ တပ်မတော်ရဲ့ဆက်ဆံရေးမူဝါဒဟာ ခွဲခြားဆက်ဆံမှုရှိကြောင်း သက်သေထူပါလိမ့်မယ်။ (၂၂-၅-၂၀) ရက် နေ့က တပ်မတော်သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တဦးက PSLF, MNDAA အဖွဲ့တွေကို ဘယ်လိုသဘောထားလဲဆိုတဲ့မေးခွန်းကို တပ်ပြောခွင့်ရ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ရှင်းရှင်းလင်းလင်း မဖြေသွားခဲ့ပါဘူး။ ထုံးစဉ်အတိုင်း တပ်က စံအမျိုးမျိုး မူအမျိုးမျိုးနဲ့ လိုတမျိုး မလိုတမျိုးပုံစံမျိုး ဆိုတဲ့သဘောတော့ ဖြစ်နေအုံ့မယ် ထင်ပါတယ်။ ဒါပေမယ့် COVID-19 ကတော့ ကျောသားရင် မခွဲခြား၊ အဖွဲ့ကြီးငယ်၊ အကြမ်းဖက်၊ မတရားအသင်းအဖွဲ့တို့ ဘာတို့ မျက်နှာမလိုက် ဘက်မလိုက်ဘဲ ကူးစက်ပျံ့နှံ့နေဦးမှာပါ။

ဒီအပေါ်မှာ EAO အဖွဲ့တွေရဲ့ ဘုံရပ်တည်ချက်က ဘာလဲ….။ COVID-19 ကပ်ရောဂါဟာ ဘယ်လောက်ထိ ကြာရှည်ဦးမှာလဲ ဘယ်သူမှ မပြောနိုင်။ လက်ရှိမှာတော့ မြန်မာတနိုင်ငံလုံးမှာ COVID-19 ရောဂါပိုး တွေ့ရှိသူဦးရေ (၂၀ဝ)လောက်ပဲ ရှိသေးပြီး၊ သေဆုံးသူဟာ (၁၀)ယောက်အောက်မှာပဲ ရှိနေပါသေးတယ်။ ဒါပေမဲ့ ပိုးတွေ့သူဦးရေဟာ တနေ့ပြီးတနေ့ လျော့ကျသွားတာမရှိဘဲ တက်လာနေတာလည်း ဖြစ်ပါတယ်။ စစ်ဆေးနိုင်တဲ့ လူဦးရေအရေအတွက်ကို တိုးစစ်ဆေးကြည့်လိုက်မယ်ဆိုရင် ပိုးတွေ့လူနာဟာ အခုထက် ပိုများလာနိုင်ခြေရှိတယ်လို့ အများက ခန့်မှန်းထားကြပါတယ်။ ဒီအခြေအနေအောက်မှာ COVID-19 နဲ့အတူနေထိုင်ရမယ့် New Normal ပုံမှန်သစ်အခြေအနေတခုကို သွားရမယ့်သဘောလည်း ဖြစ်လာနေပါတယ်။

တပ်မတော်ကတော့ တရုတ်နဲ့ နိုင်ငံတကာက လှူတဲ့ COVID-19 အထောက်အကူပြုပစ္စည်းတွေကို စုစည်းဝေပေးနေရင်း တဖက်မှာလည်း အကြောင်းအမျိုးမျိုးပြပြီး မြေပြင်မှာ တိုက်ပွဲဖော်ဆောင်နေတာပါ။ အစိုးရက ဖွဲ့ပေးထားတဲ့ ဒေါက်တာတင်မျိုးဝင်းဦးဆောင်တဲ့ ညှိနှိုင်းပူးပေါင်းရေးကော်မတီက EAO တွေနဲ့ ဘယ်လိုမျိုးလုပ်ငန်းစဉ်တွေနဲ့ ဆက်စပ် ပူးပေါင်းဆောင်ရွက်မှာလဲ… သဲသဲကွဲကွဲ မတွေ့ရှိရပါ။ EAO တွေ အချင်းချင်းကြားမှာလည်း တဖွဲ့နဲ့တဖွဲ့ အတွေ့အကြုံဖလှယ် အပြန်အလှန်ချိတ်ဆက်မှုရှိရှိနဲ့ COVID-19 ကပ်ရောဂါဆိုး ကာကွယ်တိုက်ဖျက်ရေးပိုင်းကို စနစ်တကျ လုပ်ဆောင်နေတာတွေ မတွေ့မြင်ရပါ။ တဖွဲ့ကောင်း၊ တယောက်ကောင်းပုံစံနဲ့ သွားနေကြတဲ့အပေါ်မှာ နိုင်ငံတကာက ထောက်ကူပေးရေးဟာ အစိုးရ၊ တပ်မတော်ဆီကို တိုက်ရိုက်စီးဆင်း သွားနေပါတယ်။

အဲ့ဒါတွေကိုပဲ အစိုးရ၊ တပ်မတော်တွေက စုစည်းပြီး EAO တွေကို ငါးကြင်းဆီနဲ့ ငါးကြင်းကြော်နေမှန်း သိရက်နဲ့ အစိုးရနဲ့ တပ်မတော်အပေါ်မှာ ကျေးဇူးခံကျေးဇူးစားဘဝမျိုး ရောက်မှန်းမသိ ရောက်သွားကြရပြီ ဖြစ်တယ်။ EAO တွေဟာ အစိုးရ၊ တပ်မတော်တို့ရဲ့ အတိုက်အခံကော ဟုတ်ကြသေးရဲ့လားလို့ မေးခွန်းထုတ်စရာလည်း ဖြစ်လာရပါတယ်။ KIO ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ဂွန်မော်ပြောသလို “COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး၌ အကူအညီတောင်းခံသွားမည့်ကိစ္စမှတဆင့် ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး တို့ကို ပိုမိုဆောင်ရွက်သွားနိုင်မည်” ဆိုတော့ COVID-19 ကပ်ရောဂါကို အသုံးချပြီး ငြိမ်းချမ်းရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို တည်ဆောက်သွားဖို့ ရည်မှန်းချက်ရှိနေရင် EAO တွေအချင်းချင်းကြားမှာလည်း လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှု ရှိဖို့လိုသလို တပ်မတော်ရဲ့ စံအမျိုးမျိုးခွဲခြားဆက်ဆံနေတဲ့ အချက်တွေကို လိုအပ်တဲ့တုန့်ပြန်မှုတွေ ရှိဖို့လိုအပ်ပါတယ်။

COVID-19 ကမ္ဘာ့ကပ်ရောဂါကို EAO တွေက ငြိမ်းချမ်းရေးစေတမန်အဖြစ် အသုံးချဖို့ ပြောဆိုနေချိန် တပ်မတော်ကတော့ အကြောင်းအမျိုးမျိုးပြ တိုက်ပွဲတွေ ဆက်လက်ဆင်နွှဲပြီး တဘက်မှာ မုန့်ဝေ၊ တဘက်မှာ တုတ်ဝေနဲ့ “မုန့်ပြတုတ်ပြ” နိုင်ငံရေးလက်နက်အဖြစ် အသုံးချနေတာကို တွေ့ရပါတယ်။ မြန်မာပြည်ရောက် COVID-19 ဟာ ကျောသားရင်သား၊ ကြီး-ငယ်-အလတ် မခွဲခြား၊ အကြမ်းဖက်၊ မတရားအသင်း နှုန်းစံအမျိုးမျိုး မသတ်မှတ်ဘဲ ငြိမ်းချမ်းရေးစေတမန် ဖြစ်ပါစေသား။

ဆန္ဒမွန်ဖြင့် -  မောင်အဉ္စန 

မှတ်ချက်။ ။ EAO ခေါင်းဆောင်များအနေဖြင့် ကျေးဇူးတင်စကား ပြောကြားချက်များ အပြည့်အစုံကို အောက်တွင် ရှုပါ။

(22-May-2020) http://cincds.gov.mm/node/7620

KNU အဖွဲ့ဥက္ကဋ္ဌ စောမူတူးဆေးဖိုးက ယခုကဲ့သို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က COVID-19 ရောဂါကာကွယ်ရန် အစီအစဉ်နှင့် ကူညီသည့်အတွက် ကျေးဇူးတင်မဆုံးပါကြောင်း၊ တိုင်းရင်းသား ညီအစ်ကိုများ တယောက်နှင့် တယောက်စည်းလုံးစွာ ခရီးသွားရမည်ဖြစ်ကြောင်း၊ ပစ္စည်းများ လှူဒါန်းသည့်အပေါ် KNU အဖွဲ့ကလည်း COVID-19 ရောဂါကာကွယ်ရန်အတွက် တပ်မတော်နှင့်အတူ ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကျန်းမာရေးဌာနများမှတဆင့် လိုအပ်သောနေရာများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

(22-May-2020) http://cincds.gov.mm/node/7620

KNU/ KNLA(PC) အဖွဲ့ဥက္ကဋ္ဌ ဦးစောထော်လေးက ယခုလို COVID-19 ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း တပ်မတော်အကြီးအကဲများက မိမိတို့ကို ညီအစ်ကိုမောင်နှမစိတ်ဓာတ်နှင့် ဆေးဝါး ပစ္စည်းများ လာရောက်ပေးပို့သည့်အတွက် များစွာ ကျေးဇူးတင်ရပါကြောင်း၊ ရောဂါကာကွယ်ရေး လုပ်ငန်းများတွင် မိမိတို့တပ်ဖွဲ့ဝင်များ၊ မိသားစုများက ပါဝင်ကူညီဆောင်ရွက်သည့်အတွက် များစွာ ဂုဏ်ယူပါကြောင်း၊ တကြိမ်တခါမျှ မတွေ့မမြင်ဘူးပါဘဲ ယခုလိုမိမိတို့တိုင်းရင်းသားများကို ဆေးဝါးပစ္စည်းများ လာရောက်ပို့ဆောင် ကူညီပေးသည့်အတွက် စီစဉ်ဆောင်ရွက်ပေးပါသော တပ်မတော်အကြီးအကဲများကို အထူးကျေးဇူးတင်ရှိပါကြောင်းဖြင့် ပြောကြားသည်။


(22-May-2020) http://cincds.gov.mm/node/7620

KKO အဖွဲ့ဥက္ကဋ္ဌ စောမိုးရှေးက ယခုကဲ့သို့ COVID-19 ရောဂါဖြစ်ပွားစဉ်ကာလအတွင်း တပ်မတော်က ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများကို ပေးပို့သည့်အတွက် များစွာကျေးဇူးတင်ပါကြောင်း၊ မိမိတို့အနေဖြင့်လည်း ရောဂါကာကွယ်ရေးအတွက် တတ်နိုင်သလောက်ဆောင်ရွက်ခဲ့ပြီး ယခုကဲ့သို့ ကာကွယ်ရေးပစ္စည်းများ လာရောက်ထောက်ပံ့ ပေးသည့်အတွက် များစွာကျေးဇူးတင်ကြောင်း၊ မိမိတို့ တိုင်းရင်းသားများကို ညီရင်းအစ်ကိုပမာ သားသမီး တပည့်သဖွယ်လာရောက်တွေ့ဆုံပြီး COVID-19 ရောဂါ ကာကွယ်ရေးပစ္စည်းများပေးသည့်အတွက် မိမိတို့တဖွဲ့လုံးကိုယ်စား တပ်မတော်အား ကျေးဇူးတင် ပါကြောင်းဖြင့် ပြောကြားသည်။



(22-May-2020) http://cincds.gov.mm/node/7620
SSPP/SSA အဖွဲ့နာယက စဝ်ဆေးထင်က ယခုလို COVID-19 ရောဂါကာကွယ်ရေးပစ္စည်းများနှင့် လက်ဆောင်ပစ္စည်းများကို ပေးအပ်သည့်အတွက် အထူးကျေးဇူးတင်ရှိပါကြောင်း၊ COVID-19 ရောဂါကို တပ်မတော်အနေဖြင့် အလေးအနက်ကာကွယ်မှုများ ဆောင်ရွက်ပေးသည့်အတွက် တပ်မတော်ကို အထူးကျေးဇူးတင်ပါကြောင်း၊ မိမိတို့အနေဖြင့် နားလည်မှုများ၊ ယုံကြည်မှုများရှိပါကြောင်း၊ ပူးပေါင်း ဆောင်ရွက်ရန်လည်း ကြိုးစားနေသဖြင့် တနေ့လျင်အောင်မြင်မည်ဟု တထစ်ချ ယုံကြည်ကြောင်း အကယ်၍ ပူးပေါင်းနိုင်မည်ဆိုပါက မိမိတို့အားလုံးအတွက် အကျိုးရှိမည်ဟု ယုံကြည်ကြောင်း၊ စိတ်ရှည် လက်ရှည်ဖြင့် နားလည်မှု၊ ယုံကြည်မှုများ တည်ဆောက်သွားပါက အောင်မြင်မည်ဖြစ်ပါကြောင်း၊ တပ်မတော်အနေဖြင့် ယခုကဲ့သို့ လှူဒါန်းထောက်ပံ့ပေးသည့်အတွက် များစွာကျေးဇူးတင် ရှိပါကြောင်း၊ တပ်မတော်၏စေတနာကို မိမိတို့အနေဖြင့် နားလည်သဘောပေါက်ပါကြောင်းနှင့် COVID-19 ရောဂါ အန္တရာယ်မှ အားလုံးကင်းဝေးကြစေရန် ဆုတောင်းပေးပါကြောင်းဖြင့် ပြောကြားသည်။


(22-May-2020) http://cincds.gov.mm/node/7620
KNPP မှ အထွေထွေအတွင်းရေးမှူး ရွှေမျိုးသန့်က COVID-19 ရောဂါထိန်းချုပ် ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများနှင့် စားသောက်ဖွယ်ရာများကို စိတ်စေတနာ အပြည့်ဖြင့် သေချာစဉ်းစား ဆုံးဖြတ်၍ စုပေါင်းပေးအပ်လှူဒါန်းကူညီသည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော် (ကြည်း၊ ရေ၊ လေ)မိသားစုများကို အထူးပင် ကျေးဇူး တင်ရှိပါကြောင်းနှင့် ဆက်လက်၍လည်း ကူညီပေးနိုင်ရေး ဆုမွန်ကောင်းတောင်းပါကြောင်းဖြင့် ပြောကြားသည်။



(16-May-2020) http://cincds.gov.mm/node/7533
NMSP အနေနဲ့ ပြောကြားခဲ့တဲ့ကျေးဇူးတင်စကားတွေကို တပ်ချုပ်ရုံးသတင်းဝပ်ဆိုက်မှာ ဖော်ပြထားတာကို မတွေ့ရှိရပါ။





(20-May-2020) http://cincds.gov.mm/node/7592
တပ်မတော်မှ လှူဒါန်းမှုအပေါ် အထူးဝမ်းမြောက်ဝမ်းသာဖြစ်ရပါကြောင်း၊ COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များ၌ ပူးပေါင်းပါဝင်လက်တွဲဆောင်ရွက်ပါမည်ဟု KIO ဗဟိုကော်မတီ ကိုယ်စား ပြောကြားလိုပါကြောင်း၊ မိမိတို့အနေဖြင့် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို တက်နိုင်သရွေ့ ဆောင်ရွက်နေသော်လည်း ပြည့်စုံမှုမရှိ သေးကြောင်း၊ တပ်မတော်မှ ယခုလိုကူညီပေးသည့်အပေါ် ပြောမပြ နိုင်လောက်အောင် ကျေးဇူးတင်ပါကြောင်း၊ တပ်မတော်သည် ခိုင်မာသော Institution တခုဖြစ်ပြီး COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး၌ စွမ်းအားပြည့်ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရသည့်အတွက် မိမိတို့ဒေသ၌ လိုအပ်လာပါက အကူအညီတောင်းခံသွားမည်ဖြစ် ကြောင်း၊ ၎င်းကိစ္စမှတဆင့် ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးတို့ကို ပိုမိုဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။



(10-May-2020) http://cincds.gov.mm/node/7424
---------အကယ်၍ ဆေးစစ်ဆေးမှုများပြုလုပ်ရန်လိုအပ်ပါက ကျိုင်းတုံတွင်လာရောက်စစ်ဆေးနိုင်ရန် တပ်မတော်မှ ဆောင်ရွက်ပေးထားကြောင်းနှင့် မိမိတိုင်းပြည်ကို အားကိုးစိတ် မွေးရန်လိုကြောင်းဖြင့် ပြောကြားသည်။---------




(19-May-2020) http://cincds.gov.mm/node/7572
ရှောက်မီလျှံက (ဝ)ဒေသနှင့် တပ်မတော်၏ ဆက်ဆံရေး နှစ် ၃၀ ကျော်ရှိပြီဖြစ်ပြီး အဘက်ဘက်မှ ကူညီပံ့ပိုးပေးမှုများ ရှိခဲ့ကာ ဆက်လက်၍ အပြန်အလှန် ကူညီသွားကြရမည်ဖြစ်ပါကြောင်း၊ မြန်မာပြည် အတွင်းပိုင်းဒေသများ၌ ကျောင်းတက်၊ အလုပ်လုပ်နေကြသည့် (ဝ)တိုင်းရင်းသားများကိုလည်း လိုအပ်သည်များ ကူညီစောင့်ရှောက်ပေးစေလိုပါကြောင်း၊ ယခုကဲ့သို့ ကူညီပေးမှုများအတွက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများကို ကျေးဇူးတင်ရှိပါကြောင်း ပြန်လည် ပြောကြားခဲ့သည်။ ထို့ပြင့် UWSA (ဝ)အဖွဲ့မှ ဥက္ကဌ ပေါက်ယိုချန်းကလည်း တပ်မတော်မှ ယခုကဲ့သို့ COVID-19 ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်း လှူဒါန်းပေးပို့ကူညီသည့်အတွက် (ဝ) တိုင်းရင်းသားများကိုယ်စား နှစ်နှစ်ကာကာကျေးဇူးတင်ရှိပါကြောင်းနှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အနေဖြင့် အားလပ်သင့်တော်သည့်အချိန်တွင် (ဝ)ဒေသသို့ လာရောက် လမ်းညွှန်မှု ပြုနိုင်ပါရန် ဖိတ်ခေါ်အပ်ပါကြောင်းဖြင့် ကျေးဇူးတင်လွှာပေးအပ် ခဲ့ပါသည်။