Breaking News

မြင့်ကျော် - ကိုဗစ်၁၉ ဂယက် နဲ့ မြန်မာမီဒီယာအခက်


မြင့်ကျော် - ကိုဗစ်၁၉ ဂယက် နဲ့ မြန်မာမီဒီယာအခက်

(မိုးမခ) မေ ၁၅၊ ၂၀၂၀

နကိုကတည်းက ခပ်လှုပ်လှုပ် ဖြစ်နေတဲ့ မီဒီယာလုပ်ငန်းတွေ ခုချိန်မှာ ကိုဗစ်ဖြစ်တာကို အကြောင်းပြုပြီး မီဒီယာရပ်နားလိုက်ရတာ မီဒီယာမရပ်နားသော်လည်း လူလျော့ချလိုက်လို့ သတင်းသမားတွေ ရပ်နားခံလိုက်ရတာတွေ ဧပြီလကုန် မေလမှာ ဆက်တိုက်ဆိုသလို ကြားနေရပါတယ်။ တချို့ဆို သတင်းဌာန တခုထဲမှာ လုပ်သက် ၁၅ နှစ်လောက် ဆက်တိုက်လုပ်ခဲ့သူတွေ အယ်ဒီတာ တာဝန်ယူထားသူတွေ ပါတာတွေ့ရတော့ အံ့အားသင့်မိတယ်။

ယခင် အလုပ်က လူလျော့တဲ့အခါ လုပ်သက်နုသူ ဌာနတခုမှာ သိပ်လုပ်သက်မကြာသူတွေ လျော့တာမျိုးကြားရလေ့ရှိပြီး အတွေ့အကြုံရှိသူတွေ အလုပ်ကိုလည်း ကြိုးကြိုးစားစား လုပ်သူတွေ နားခံရတာမျိုး နည်းပါတယ်၊ တိုက်ရပ်နားသွားတဲ့အခြေအနေ မျိုးကလွဲရင်၊ ခု ကိုဗစ် ဖြစ်တဲ့အခါမှာတော့ သတင်းတိုက်ပိတ်သွားတာမျိုးလည်း ရှိသလို သတင်းတိုက်က ဆက်လည်ပတ်ပေမယ့် လုပ်သားအင်အား လျော့တာ လစာ ခံစားခွင့်လျော့တာတွေ လုပ်ကြတာ အများအပြားပါ။

သတင်းဌာနတွေ အနေနဲ့ ပြောရရင်တော့ တချို့ဌာနတွေက ဒီအဖြစ်အပျက်မတိုင်ခင်ကတည်းက သိပ် အခြေအနေ မကောင်းရာက ကိုဗစ် အဖြစ်မှာ ရပ်နားဖို့ ဆုံးဖြတ်ချက်ကျသွားတာမျိုးရှိသလို တချို့အပတ်စဥ်ထုတ်ဆို စတင်ထုတ်ဝေတာ ၂ လ လောက်တောင်မပြည့်ခင် ကိုဗစ် ဂယက်အရိုက်မှာ မထွက်နိုင်တော့ပဲ ရပ်နားသွားရတာမျိုးလည်းတွေ့ ရပါတယ်။

ဒီလိုအခြေအနေအတိုင်းသာသွားမယ်ဆိုရင် ပုဂ္ဂလိက သတင်းမီဒီယာ အင်အားနည်းသွားမယ့် အလားအလာပါ၊ လွတ်လပ်တဲ့ သတင်းမီဒီယာ ချိနဲ့သွားမယ့် အလားအလာလည်းဖြစ်ပါတယ်။

၂၀၁၂ ခုနှစ်လောက်က စတင်လာတဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်၊ ပုဂလိက မီဒီယာ အားကောင်းလာတာ၊ သတင်းဌာနတွေ များပြားခြင်းက မတူကွဲပြားတဲ့ သတင်းရှုထောင့် သတင်းအကြောင်းအရာ အချက်အလက်တွေ ပရိသတ်က ရရှိစေပါတယ်၊ အဂ်လိပ်ဘာသာနဲ့ Media Pluralism မြန်မာဘာသာ တိုက်ရိုက်ပြန်ဆိုရင် မီဒီယာဗဟုဝါဒ က ဒီမိုကရေစီ စနစ်မှာအရေးကြီးပါတယ်၊ မီဒီယာ ဗဟုဝါဒမရှင်သန််ရင် ရှိနေတဲ့ အနည်းငယ်မျှသော မီဒီယာတွေက ပရိသတ်ကို သိစေချင် တဲ့ ရှုထောင့်၊ သိစေချင်တဲ့ အချက်အလက် အမြင်တွေကိုပဲ ဇောင်းပေးတင်ပြတာမျိုးဖြစ်လာနိုင်ပါတယ်၊

သတင်းမီဒီယာတွေ ရပ်တည်နိုင်တဲ့ ပတ်ဝန်းကျင် ဖြစ်အောင် ဘယ်လို လုပ်ကြမလဲ ဒီအခြေအနေကို ဘယ်လို ကျော်ဖြတ်ကြမလဲဆိုတဲ့ မေးခွန်းကလွယ်ပေမယ့်အဖြေကတော့ ခက်ခဲပါတယ်။