Breaking News

လှကျော်ဇော - လူထုကျန်းမာရေးစနစ်သစ် (၈)


လှကျော်ဇော - လူထုကျန်းမာရေးစနစ်သစ် (၈)

ပွင့်လင်းမြင်သာမှုနဲ့တာဝန်ယူမှု

(မိုးမခ) မေ ၁၂၊ ၂၀၂၀

အစိုးရတရပ်ဟာ တကယ်ပဲ (မိမိကတိပြုထားသလို) ပြည်သူလူထုအကျိုးစီးပွားကို ကိုယ်စားပြုတယ်ဆိုရင် မိမိတို့ရဲ့အုပ်ချုပ်မှုပုံစံတွေကို ကောင်းမွန်သထက်ကောင်းမွန်အောင် ပြည့်စုံသထက်ပြည့်စုံအောင် တဆင့်ပြီးတဆင့် ဘက်စုံကဏ္ဍစုံမှာ ကြိုးစားရတာပါ။ ဒီအတွက် အစိုးရဟာ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှုအပိုင်းတွေမှာလည်း တက်တက်ကြွကြွရှိသင့်ပါတယ်။ အခုလို နည်းပညာတွေ တိုးတက်လာတဲ့ခေတ်ကြီးမှာ ဘယ်အရာမှ ကြာရှည်ဖုံးကွယ်ထားလို့လည်း မရပါဘူး။

၂၀ဝ၃ခုနှစ် တရုတ်ပြည်မှာ ဆာဒ့်ရောဂါကပ်ဘေးကြီးကို ကျော်နင်းပြီးနောက် အစိုးရအနေနဲ့ ပွင့်လင်းမြင်သာမှုမှာ အားနည်းတယ်။ ဘာမဆို ပြည်သူတွေကို ပွင့်ပွင့်လင်းလင်း တင်ပြသင့်တယ်။ ဒါမှသာ ပြည်သူတွေအတွင်း စိုးရိမ်ပူပန်မှုတွေ လျော့ကျနိုင်တယ်။ ကောလာဟလသတင်းတွေကိုလည်း တိုက်နိုင်မယ်လို့ နိဂုံးချုပ်သင်ခန်းစာယူထားပါတယ်။ ဒါကြောင့် နောက်ပိုင်း သတင်းမီဒီယာသမားတွေ လွတ်လွတ်လပ်လပ်သတင်းယူခွင့် - ရေးခွင့်တွေပေးပြီး အစိုးရဌာနကြီးများမှာလည်း ပြောရေးဆိုခွင့်ရှိသူတွေ ထားပေးတာ၊ ပုံမှန်သတင်းစာရှင်းလင်းပွဲတွေ လုပ်ပေးတာစသဖြင့်တွေ ဖြစ်လာပါတယ်။ တွေ့ဆုံမေးမြန်းခန်းတွေကလည်း နေရာစုံလူစုံနဲ့ အတော်ပွင့်လင်းလာတာပါ။

အစိုးရက အတော်ဖွင့်ပေးတယ် ဆိုပေမယ့် တခါတလေလည်း ပြန်ထိန်းတာတွေလည်း ရှိပါတယ်။ ဒီအတိုင်းလွှတ်ပေးထားတာတော့ မဟုတ်ဘူး။ လိုအပ်တဲ့အခါတွေမှာ လက်ဦးမှုရှိရှိ ပြင်ဆင်မွမ်းမံမှုတွေ လုပ်တာလည်း တွေ့ရပါတယ်။

တွေ့ကြုံဖူးတဲ့အဖြစ်အပျက်တရပ်ကို ပြောပြပါဦးမယ်။

၂၀ဝ၈ခုနှစ် စစ်ချွမ်ငလျင်ဘေးကြီး ကျရောက်ချိန်ကပါ။ အလွန်ပြင်းထန်တဲ့ငလျင်ကြီးကြောင့် လူအသေအပျောက် သိန်းချီရှိခဲ့ပါတယ်။ အထူးသဖြင့် နေ့လည်ကျောင်းတက်ချိန်ဖြစ်တာကြောင့် ကျောင်းသားကျောင်းသူအများအပြား သေကြရတယ်။ တရုတ်ရဲ့မိသားစုစီမံကိန်းကြောင့် အများအပြားဟာ တဦးတည်းကလေးများပါ။ ဒီတော့ကျန်ရစ်သူ မိဖများ ပဋာမြေလူးဖြစ်ကြရပါတယ်။ အဲဒီကာလ မြေငလျင်ဘေးကြုံပီးပီးချင်း ကယ်ဆယ်ရေးလုပ်ငန်း ဦးစီးဖို့ ချက်ချင်းရောက်သွားတဲ့ (၂၀ဝ၃-၂၀၁၃ကာလ) ဝန်ကြီးချုပ်ဝင်ကျားပေါင် လှည့်လည်ကြည့်ရှုစစ်ဆေးမှုတွေလုပ်နေရင်း အပုံလိုက်ဖြစ်နေတဲ့ (ပျောက်ဆုံးနေဆဲ ကျောင်းသူကျောင်းလေးများရဲ့) ဖိနပ်တွေ၊ ဘေးလွယ်အိတ်လေးတွေဆွဲကိုင်ကြည့်ရင်း မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျလာတဲ့ပုံဟာ တပြည်လုံးကပြည်သူတွေရဲ့ အသည်းနှလုံးကို ဆွဲခါခဲ့ပါတယ်။

တပြည်လုံးက စုပြုံရောက်သွားတဲ့သတင်းမီဒီယာသမားများ (ထောင်ဂဏန်း ကျော်ရှိပါတယ်) ကလည်း သတင်းတွေမးမြန်းခန်းတွေကို စိတ်လှုပ်ရှားဘွယ် ရေးသား တင်ဆက် ပြသကြပါတယ်။ အဲဒီကာလ တပြည်လုံးပြည်သူတွေ စိတ်ဝင်တစားဖြစ်နေတာက ကျောင်းအဆောက်အဦးများ ကိစ္စပါ။ ကျောင်းစာသင်ခန်းတွေ အလဲလဲအပြိုပြိုဖြစ်နေချိန်မှာ တချိန်တည်းဆောက်လုပ်ခဲ့တဲ့ ဆရာ ဆရာမများနေထိုင်တဲ့တိုက်များ မပြိုမလဲဖြစ်နေတာတွေပါ။ လာဘ်ယူလာဘ်စား ကိစ္စများ ရှိနေသလား။ အပြိုအပျက်ပုံများဘေးက မိဖများကလည်း ငိုကာယိုကာ စိတ်လိုက်မာန်ပါ (တချို့လည်း ဒေါတွေမောတွေနဲ့) ပြောကြဆိုကြ၊ တပြည်လုံးပြည်သူတွေကလည်း ထင်ရာမြင်ရာမှတ်ချက်တွေနဲ့ သတင်းစုံ ဗွက်ပေါက်နေပါတော့တယ်။

ဒီတော့ နေ့စဉ်ပြုလုပ်နေတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြန်ကြားရေးဝန်ကြီးက သတင်းသမားများကို ဒီလိုတောင်းပန်ပါတယ်။

သတင်းထောက်များအနေနဲ့ သူထက်ငါဦး သတင်းတွေ အလုအယက်တင်နေကြတာတွေကို နားလည်ပါတယ်။ ဒါပေမဲ့- ပြည်သူတွေ စိတ်ထိခိုက်ရတဲ့သတင်းတွေကို သတိထားရေးကြပါ။ အချက်အလက် သေချာပြည့်စုံစွာမသိဘဲ မရေးကြပါနဲ့ဦး။ ဒီကျောင်းဆောင်ကိစ္စတွေကို တရားဝင်စုံစမ်းစစ်ဆေးရေးအဖွဲ့တွေဖွဲ့ပြီး စုံစမ်းပါ့မယ်။ စိတ်ချပါ။ ကျွန်တော်တို့ကလည်း ဒီကိစ္စကို အလေးထားပါတယ်။ အချိန်နည်းနည်းစောင့်ပါ ... တဲ့။

သတင်းသမားများကလည်း တာဝန်ယူစိတ်နဲ့ နားထောင်ကြပါတယ်။ တကယ်လည်း ပီကင်းတက္ကသိုလ် ပိသုကာဌာနကဌာနက ဦးစီးတဲ့အဖွဲ့တဖွဲ့ကို တာဝန်ပေးခဲ့ပါတယ်။ အဲဒီအဖွဲ့ရဲ့ထုတ်ပြန်ချက်က ဒီလိုပါ။

ဒီကိစ္စမှာ လာဘ်ယူလာဘ်စားမှု မရှိပါ။ အဆောက်အဦးတွေ တည်ဆောက်ရာမှာသုံးတဲ့ ပစ္စည်းတွေဟာ အတူတူပါပဲ။ စံချိန်မီတွေပါ။ ပြဿနာက ကျောင်းဆောင်တွေဟာ အခန်းကျယ်ကြီးတွေဖြစ်တာ၊ အလင်းရောင်နဲ့လေအဝင်အထွက် ကောင်းမွန်ရေးအတွက် ပြတင်းပေါက်အကြီးကြီးတွေ ဖောက်ရတာ စတာတွေကြောင့် အဆောက်အဦး ခိုင်ခန့်မှုမှာအားနည်း ရတယ်။ ဆရာဆရာမတွေနေထိုင်ဖို့ အိမ်ခန်းတွေကျေတာ့ အခန်းကျဉ်း
လေးတွေ၊ ပြတင်းပေါက်အသေးလေးတွေ... ဒါကြောင့် နံရံတွေများတော့ နှိုင်းယှဉ်ချက်အရ တောင့်တင်းတာပါတဲ့။  ဒီတော့မှ- (သတင်းသမားများအပါ) ပြည်သူတွေက ကျေနပ်ကြပါတယ်။

ဒီလိုနည်းနဲ့ ပွင့်လင်းမြင်သာမှုကို သတင်းသမားများရဲ့ တာဝန်ယူစိတ်ဓာတ် မြှင့်တင်ပေးမှုနဲ့ ထိန်းညှိပေးခဲ့တာပါ။ တနည်းပြောရရင် ပွင့်လင်းမြင်သာမှုကို စည်းမျဉ်းဘောင်တွင်း သွင်းပေးလိုက်တာ။ အဲဒီအစီရင်ခံစာမှာလည်းအကြံပေးချက်အချို့ ပါပါတယ်။

ကျန်ဒေသအသီးသီးက ကျောင်းများရဲ့ခိုင်ခန့်မှုအခြေအနေတွေကို စစ်ဆေးဖို့၊ နောင်ဆောက်မယ့် ကျောင်းအေဆာက်အဦးများမှာလည်း သံဘောင်ပစ္စည်းများ စတာတွေကို စနစ်တကျထည့်တည်ဆောက်ဖို့ စတာတွေပါ။ အစိုးရကတပြည်လုံးက ကျောင်းတွေကို စစ်ဆေးရေးလုပ်ပြီး အချိန်မီ ပြုပြင်တည်ဆောက်တာတွေ လုပ်ဆောင်တာ တွေ့ရပါတယ်။

တရုတ်အစိုးရရဲ့ အဲသလိုအမှားတွေ အားနည်းချက်တွေ ပြင်ရာမှာ အလွန်မြန်ဆန်တိကျမှုတွေရှိတာ သိပ်လေ့လာစရာကောင်းပါတယ်။ (အခုလည်း ဒီကပ်ဘေးအတွင်း အစိုးရက အကျပ်အတည်းဖြေရှင်းရေးတွေမှ ာနှောင့်နှေးမှုတွေရှိတယ်လို့ မိမိကိုယ်မိမိဝေဖန်ရေး ပေးနေတာကြားရပါတယ်။)

ဒါ့အပြင်တာဝန်ယူမှုအပိုင်းကိုလည်း အလေးထားပါတယ်။ ဘယ်သူ့မျက်နှာမှ မထောက်ပါဘူး။ တရားဥပေဒရဲ့ အထက်မှှှာ ဘယ်သူမှှ မရှိစေရဘူးလို့ ဆိုထားပါတယ်။ ဒါပေမဲ့ ပြဿနာအပေါ့အသေးကို ကြည့်ပြီး အမှုတခုချင်းစီအလိုက် စီစဉ်တာတွေလည်းတွေ့နိုင်ပါတယ်။ ပျော့ပျော့ပျောင်းပျောင်း ကိုယ်တွယ်တာပါ။

ဥပမာ - ဝူဟန့်ကရောဂါ စကျရောက်တဲ့ ဇန်နဝါရီလပိုင်းကစလို့ ဗဟိုကလေ့လာရေးအဖွဲ့တွေ ရောက်ရှိလာပြီး မြေးမန်းစုံစမ်းမှုတွေ လုပ်ကြပါတယ်။ အဲဒီသတင်းတွေကလည်း တိုက်ရိုက်လွှင့်ပြနေတာပါ။ အဲဒါ မြို့တမြို့ကဒုမြို့တော်ဝန်(အမျိုးသမီး) ကို ဗဟိုအဖွဲ့ကသူတို့မြို့က ဆေးရုံမှာ ကုတင်ဘယ်နှလုံးဆန့်လဲ လို့ မေးတာ ထစ်အထစ်အနဲ့ မဖြေနိုင်ပါဘူး။ ထုံးစံအတိုင်း ပရိသတ်အပေါင်းက ဝိုင်းသမလိုက်တာ ညနေစောင်းမှာပဲ အဲဒီဒုမြို့တော်ဝန်ကိုရာထူးက ထုတ်ပယ်ပစ်လိုက်ကြောင်း နိုင်ငံတော်ကောင်စီက အမိန့်စာထွက်လာပါတော့တယ်။ ဒါ့အပြင် ဆေးဂိုဒေါင်စစ်တဲ့အဖွဲ့တွေကလည်း ဂိုဒေါင်တွေထဲ နှာခေါင်းစည်းတွေ၊ ကာကွယ်ရေးဝတ်စုံပုံနေပြီး အချိန်မီထုတ်ပေးခြင်း မရှိတဲ့ ကြက်ခြေနီအဖွဲ့အဖွဲ့ခေါင်းဆောင်ကိုလည်း နေ့ချင်းကို ဖြုတ်ပစ်လိုက်ပါတယ်။ တာဝန်အပေါ် မလေးစားတဲ့ ဆေးဝန်ထမ်းများကိုလည်း ပြတ်ပြတ်သားသား အရေးယူပစ်တာတွေ တွေ့ရပါတယ်။ သိပ်အပြစ်မကြီးပေမယ့် လူထုက မကျေမလည်ဖြစ်ခံရသူတချို့ကိုတော့ နေရာရွှေ့ပြောင်းတာလောက်၊ သတိပေးတာလောက်နဲ့ လျှော့လျှော့ပေါ့ပေါ့ အပြစ်ပေးတယ်ဆိုရုံ လုပ်ပါတယ်။ သူတို့အပြောကတော့ အဲဒီလိုရာထူးအဆင့်လောက်ထိ ရောက်လာသူများကို မွေးမြူရတာမလွယ်ဘူး။ ဒါကြောင့်အပြစ်သိပ်မကြီးရင်၊ သူတို့အပြစ်သူတို့မြင်ရင် ပြင်ဖို့အခွင့်အရေးပေးရမယ်။ တချက်တည်းနဲ့ ရိုက်ပစ်လို့မဖြစ်ဘူး တဲ့။ ဆုပေး-ဒဏ်ပေးစနစ်ကို စနစ်တကျ ဖော်ဆောင်ဟန်တူပါတယ်။

ဒါတွေကတော့ တရုတ်အစိုးရအနေနဲ့ သူတို့ရဲ့အုပ်ချုပ်မှုစနစ်ကို ဘယ်လို တဖြည်းဖြည်းကောင်းမွန်ပြည့်စုံအောင် လုပ်နေသလဲဆိုတာကို တွေ့ရမြင်ရသမျှပြောပြတာပါ။

ပွင့်လင်းမြင်သာမှုရှိရေး ဆိုတာမှာလည်း သတင်းသမားများကို အတော်အားကိုးပြီး တဘက်ကလည်း စည်းရုံးတာတွေ့ရပါတယ်။

မေလ(၄)ရက်နေ့က (တရုတ်ပြည်ရဲ့ လူငယ်များနေ့) ပီကင်းတယ်လီဗေးရှင်းကအ ထူးတင်ဆက်တဲ့အစီအစဉ်မှာ အခု ကိုဗစ်၁၉ကပ်ရောဂါတိုက်ဖျက်ရေးကာလအတွင်း ဝူဟန့်ကို သွားရောက်သတင်းယူခဲ့တဲ့ သတင်းသမားများကို ဂုဏ်ပြုပြီး သူတို့ရဲ့အတွေ့အကြုံများကို မေးမြန်းပြောဆိုဖလှယ်တာတွေ လုပ်သွားပါတယ်။ အဲဒီမှာ ဦးဆောင်ဆွေးနွေးတဲ့ ပီကင်းတယ်လီဗေးရှင်းဌာနက သတင်းထောက်(ဌာနမှူး)က ဒီလိုပြောသွားပါတယ်။

ဒီပွဲမှာ ရှေ့တန်းကစစ်သည်များဆိုပြီး တို့တတွေ တတပ်တအား ပါဝင်ခဲ့ကြတာပါ။ ဆေးဝန်ထမ်းတွေဟာ အဓိက အင်အားစုများဖြစ်တာ မှန်ပါတယ်။ ဒါပေမဲ့ ကျန်ဝိုင်းဝန်းခဲ့တဲ့ အင်အားစုတွေလည်း အများအပြားရှိခဲ့တာပါ။ တိုင်းပြည်ကြီး ဘေးအန္တရာယ်နဲ့ရင်ဆိုင်ရချိန်မှာ ဘယ်သူမဆို ပါဝင်တာဝန်ထမ်းဆောင်ဖို့ ဝတ္တရားရှိပါတယ်။ ကိုယ့်ဝတ္တရားကိုယ်ကျေပွန်ဖို့သာ အဓိကဖြစ်တယ် ... တဲ့။ တကယ်လည်း သတင်းသမားတွေဟာ လူနာခန်းတွေထဲ ဆေးဝန်ထမ်းများနည်းတူ ကာကွယ်ရေးဝတ်စုံတွေဝတ်ပြီး ဝင်ရောက်သတင်းယူကြ၊ စိတ်လှုပ်ရှားဖွယ်ရာ သတင်းဓာတ်ပုံတွေရိုက်ကြ၊ တာဝန်တွေအသီးသီး ထမ်းဆောင်နေတဲ့ ဆေးဝန်ထမ်းများ၊ ရဲများ၊ ရပ်ကွက်ကောမတီဝင်များ၊ စေတနာဝန်ထမ်းများနဲ့ တွေ့ဆုံမြေးမန်းခန်းတွေ လုပ်ကြ၊ပြီး အချိန်နဲ့တပြေးညီ အဖြစ်အပျက်တွေကို တင်ပြကြတာပါ။ သူတို့အလွန့်ကို တာဝန်ကျေခဲ့ကြပါတယ်။ ဒီသတင်းတွေဟာ အဲဒီကာလအဖြစ်အပျက်တွေကို သတင်းသမားများက (ရောဂါကူးစက်ခံရနိုင်ဖွယ်ရာ အန္တရာယ်များကို အန်တုပြီး) ရဲရဲဝံ့ဝံ့ရိုက်ကူးမှတ်တမ်းတင်ပေးတဲ့ သမိုင်းဖြစ်ရပ်များပါ။

သက်ဆိုင်ရာတာဝန်ရှိသူများကလည်း စဉ်းစားမှုတွေမှာ အတော်ဘက်စုံပါတယ်။ လုပ်ငန်းတွေ လုပ်ဆောင်ရာမှာလည်း အတော်သတိထားပါတယ်။ မေဒေးအလုပ်သမားနေ့ဂုဏ်ပြုအစီအစဉ်တွေမှာ ဆေးဝန်ထမ်းများနဲ့အတူ ဌာနအသီးသီးက ထူးချွန်သူများအားလုံးကို ပူးတွဲချီးကြူးကြပါတယ်။ သတင်းသမားတချို့ ပါတာ တွေ့လိုက်ရပါတယ်။ ဒီကပ်ဘေးကြီးကို တိုက်ပွဲဆင်ရာမှာ ပါဝင်ခဲ့တဲ့အင်အားစုအားလုံးကို တစုတစည်းတည်းဖြစ်သွားအောင် စည်းရုံးလုပ်ဆောင်လိုက်တာပါပဲ။

အဲဒီ ပီကင်းတယ်လီဗေးရှင်းဌာနပွဲမှာ အားလုံးတက်တက်ကြွကြွ ဝိုင်းပြောဆိုဆွေးနွေးမှုတွေကတော့ သူတို့ဝူဟန့်နေစဉ်ကာလတလျှောက် တွေ့ကြုံရတဲ့အဖြစ်အပျက်တွေထဲက အားတက်စရာတွေ၊ သင်ခန်းစာယူစရာတွေသာဖြစ်ပြီးတချို့ကိစ္စတွေဆို ဘယ်လိုဖြေရှင်းသင့်တယ်။ ဘယ်လိုပြုပြင်သင့်တယ် - ဆိုတာတွေသာများပါတယ်။ အပြုသဘောနဲ့ ဆွေးနွေးပြောဆိုမှုတွေကို တွေ့ရပါတယ်။ အလွန်ကောင်းတဲ့ ဆွေးနွေးပွဲများပါ။ ဒါတွေဟာ နောင်ကြုံတွေ့လာနိုင်တဲ့ ကပ်ဘေးများကို ရင်ဆိုင်နိုင်ဖို့အတွက်လည်း လူထုကျန်းမာရေးစနစ်သစ်များကို ပေါ်ပေါက်စေနိုင်မှာပါ။

ဒီလိုနည်းလမ်းများနဲ့ တရုတ်အစိုးရဟာ သူရဲ့အုပ်ချုပ်မှုစနစ်ကို ပြည့်ဝကောင်းမွန်အောင် လုပ်ဆောင်နေတာတွေကို တွေ့နိုင်ပါတယ်။

လှကျော်ဇော
၁၀-၅-၂၀၂၀