သီအိုဇော် - ထိုင်ဝမ်ရွေးကောက်ပွဲ နောက်ဆက်တွဲနှင့် လွှတ်တော်နိုင်ငံရေး အကျပ်အတည်း
သီအိုဇော် - ထိုင်ဝမ်ရွေးကောက်ပွဲ နောက်ဆက်တွဲနှင့် လွှတ်တော်နိုင်ငံရေး အကျပ်အတည်း
(မိုးမခ) ဇန်နဝါရီ ၂၁ ၊ ၂၀၂၄
သမ္မတ ရွေးကောက်ပွဲနဲ့ တပြိုင်တည်းကျင်းပတဲ့ ထိုင်ဝမ်ပါလီမန် ရွေးကောက်ပွဲရလဒ် ထွက်ပေါ်လာတဲ့အခါ ထိုင်ဝမ်အကြောင်း ထပ်ရေးဖို့ ဖြစ်လာပါတယ်။ ရွေးကောက်ပွဲအပြီး ဖြစ်လေ့ဖြစ်ထရှိတဲ့ နောက်ဆက်တွဲ စွပ်စွဲမှုတွေ၊ အငြင်းအခုံတွေ မရှိခဲ့ပေမယ့် ပျော်ရွှင်စရာ ဇာတ်သိမ်းဆိုပြီး တခန်းရပ်ထားခဲ့လို့လည်း မဖြစ်နိုင်ပါဘူး။
ဘာကြောင့်လဲဆိုတော့ DPP(Democratic Progressive Party) အနေနဲ့ သမ္မတရွေးပွဲမှာ အနိုင်ရရှိလိုက်ပေမယ့် ဥပဒေပြုလွှတ်တော်(Legislative Yuan) အမတ်အရေအတွက်မှာ အများစုနေရာ မရရှိခဲ့လို့ပါ။ စုစုပေါင်း ၁၁၃ နေရာရှိတဲ့အနက် ကူမင်တန်ပါတီ (Kuomintang -KMT)က ၅၂ နေရာ၊ DPPက ၅၁ နေရာ ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ၆၁ နေရာ ရရှိခဲ့ရာကနေ အခုတကြိမ်မှာ DPP ၁၀ နေရာ လက်လွှတ်ခဲ့ရတာပါ။ ၂၀၀၄ ခုနှစ် ရွေးကောက်ပွဲနောက်ပိုင်း ဘယ်ပါတီကမှ နေရာအများစု ၅၇ နေရာနဲ့အထက် မရရှိခဲ့တာ အခုအကြိမ်က ပထမဦးဆုံးပဲ ဖြစ်ပါတယ်။
သမ္မတ ရွေးကောက်ပွဲမှာ တတိယနေရာက လိုက်ခဲ့တဲ့ TPP(Taiwan People’s Party) က အမတ် ၈ နေရာ ရပြီး တတိယနေရာ အများဆုံးရရှိခဲ့ပါတယ်။ အရေအတွက်အားဖြင့် မများလှပေမယ့် ဘယ်ပါတီကြီးကမှ နေရာအများစု မရကြတဲ့အခါ TPP ရဲ့ ထောက်ခံမှုရရှိဖို့ အရေးကြီးသွားပါပြီ။
အခုရလဒ်ကြောင့် အစိုးရအဖွဲ့အနေနဲ့ သူတို့ရဲ့ ပေါ်လစီတွေကို ဖော်ဆောင်ရာမှာ အကျပ်အတည်းတွေ ကြုံလာနိုင်ပါတယ်။ KMT သို့မဟုတ် TPP ရဲ့ ထောက်ခံမှု တခုခု ရပါမှ လွှတ်တော်အတည်ပြုချက် ရနိုင်ပါတော့မယ်။ ဒီအတွက် လိုင်ချင်းဒါ သမ္မတအရွေးခံလိုက် ရတဲ့အကြောင်းနဲ့ပဲ ထိုင်ဝမ် ရွေးကောက်ပွဲအကြောင်းကို အဆုံးသတ်လိုက်ရင် မျက်မှောက်ထိုင်ဝမ် နိုင်ငံရေး အခင်းအကျင်း မပြည့်မစုံ ဖြစ်သွားနိုင်ပါတယ်။
ဒီပါလီမန်သက်တမ်းမှာ တိုင်ပေမြို့တော်ဝန်လည်း ဖြစ်ခဲ့ဖူးပြီး နာမည်ကြီးအင်္ဂါအစားထိုး ခွဲစိတ်ဆရာဝန်တဦးလည်း ဖြစ်တဲ့ TPP ပါတီခေါင်းဆောင် ကိုဝမ်ဂျား (Ko Wen-je) ရဲ့ အခန်းကဏ္ဍက ပိုပြီး အရေးပါလာပါလိမ့်မယ်။ သူဟာ နိုင်ငံရေးနယ်ထဲ ရောက်ခဲ့ပေမယ့် စကားပြောရတာကို သိပ်သဘောကျတဲ့သူ မဟုတ်ဘူးလို့ ဝန်ခံခဲ့ပါတယ်။ ဒါဟာ အထူးကြပ်မတ်ကုသဆောင် (Intensive care unit- ICU) ရဲ့ ဒါရိုက်တာ တာဝန်လည်း သူ ယူခဲ့ဖူးတာနဲ့ ဆက်နွှယ်လို့ပါ၊ ဘာကြောင့်လဲဆိုတော့ သူ့အလုပ်က ICU ထဲက အသည်းအသန် လူနာတွေနဲ့ပဲ ထိတွေ့ရတဲ့အခါ စကားပြောစရာလူမရှိလို့ ဆိုပြီး အင်တာဗျူးတခုမှာ ရယ်စရာအဖြစ် ပြောခဲ့သူပါ။
၂၀၁၉ ခုနှစ်တုန်းကမှ စတင်ထူထောင်ခဲ့တဲ့ သူ့ရဲ့ TPP ပါတီဟာ ထိုင်ဝမ် နိုင်ငံရေးမှာ အချိန်တိုအတွင်းမှာ အောင်မြင်မှုတွေ ရခဲ့ပါပြီ။ သမ္မတရွေးကောက်ပွဲမှာ လိုင်ချင်းဒါ (DPP) – (၄၀.၀၅) ရာခိုင်နှုန်း၊ ဟိုယူအီ (KMT) – (၃၃.၄၉) ရာခိုင်နှုန်းနဲ့ သူတို့နောက်ကနေ (၂၆.၄၆)ရာခိုင်နှုန်းနဲ့ တတိယလိုက်ခဲ့သူလည်း ဖြစ်ပါတယ်။ ထိုင်ဝမ် လူငယ်ထုကြားမှာ ရေပန်းစားခဲ့တာက ပါတီမူဝါဒများနဲ့ သူ့အရည်အချင်းတွေကို ယုံကြည် သဘောကျကြတာလည်း ပါသလို ပါတီကြီး ၂ ခုအပေါ် စိတ်ပျက်သွားမှုတွေကြောင့်လည်း ဖြစ်တယ်လို့ သုံးသပ်ထားကြတာတွေ ရှိပါတယ်။
ဒီလွှတ်တော်သက်တမ်းမှာ အစိုးရသစ်အနေနဲ့ သူ့ပေါ်လစီတွေ အတည်ပြုဖော်ဆောင်နိုင်ဖို့ အတိုက်အခံပါတီများရဲ့ ထောက်ခံမှု လိုအပ်လို့လာပါတယ်။ လိုင်ချင်းဒါကတော့ ရွေးကောက်ပွဲ အနိုင်ရတဲ့ ညကတည်းက ထိုင်ဝမ် ပြည်သူတွေအတွက် အကျိုးရှိမယ်ဆိုရင် အတိုက်အခံများရဲ့ ပေါ်လစီတွေကိုလည်း လေ့လာသုံးသပ်ပြီး ပေါင်းစပ်အသုံးပြုမယ်လို့ ဆိုခဲ့သလို သူတို့ချင်း ညှိနှိုင်းမှုတွေ ပြုလုပ်ဖို့လည်း အသင့်ရှိတယ်လို့ ဆိုထားပါတယ်။
အခုလို သမ္မတရွေးကောက်ပွဲအနိုင်ရ DPP ပါတီအနေနဲ့ ထောက်ခံမှုတွေ လျော့ကျသွားတာကြောင့် ဒီပါတီက ထိုင်ဝမ်ပြည်သူအများစုရဲ့ ဆန္ဒကို ကိုယ်စားမပြုနိုင်ဘူးလို့ တရုတ်အစိုးရရဲ့ ထိုင်ဝမ်ရေးရာရုံး (Taiwan Affairs Office) ပြောရေးဆိုခွင့်ရှိသူ ချန်ဘင်ဟွာ (Chen Binhua)က ကြေညာချက် ထုတ်ခဲ့ပါတယ်။
ဒီဌာနဟာ တရုတ်အစိုးရရဲ့ ထိုင်ဝမ်အရေးအတွက် အရေးပါတဲ့ အဖွဲ့အစည်းပါ။ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ရာထူး မခန့်အပ်ခံရမီက ဝမ်ယိဟာ ဒီရုံးရဲ့ ညွှန်ကြားရေးမှူးတာဝန် ထမ်းဆောင်နေခဲ့တာပါ။ ရွေးကောက်ပွဲမတိုင်မီက ထုတ်ပြန်တဲ့ ကြေညာချက်မှာလည်း အခုရွေးကောက်ခံသမ္မတ လိုင်ချင်းဒါကို အမည်တပ်ပြီး သူဟာ လွတ်လပ်ရေး ဦးတည်တဲ့ အရွေ့ကို ဆက်လျှောက်ပြီး ငြိမ်းချမ်းရေး၊ ပြည့်စုံကြွယ်ဝမှုတို့ကနေ ထိုင်ဝမ်ကို ဝေးကွာစေမယ့်သူ၊ စစ်နဲ့ နိမ့်ဆင်းကျရှုံးမှုတို့နဲ့ ပိုနီးကပ်သွားစေနိုင်တဲ့သူဆိုပြီး DPP ကို မဲမပေးကြဖို့ လှုံ့ဆော်သတိပေးခဲ့ပါတယ်။
ဒီလို အပြုအမူမျိုးက ရွေးကောက်ပွဲနီးမှ မြင်ရတာမျိုး မဟုတ်ပါဘူး။ ပုံသဏ္ဌာန်မျိုးစုံနဲ့ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး စသဖြင့် နယ်ပယ်အသီးသီးမှာ ဖိအားပေးနေခဲ့တာပါ။ ထိုင်ဝမ်ပို့ကုန် (၃၅-၄၀) ရာခိုင်နှုန်းက တရုတ်နိုင်ငံကို တင်သွင်းတာဖြစ်လို့ ထိုင်ဝမ်-တရုတ် စစ်ပွဲမဖြစ်ရင်တောင် ကုန်သွယ်ရေးစစ်က ထိုင်ဝမ်ကို ထိခိုက်စေနိုင်ပါတယ်။ အခုလို တရုတ်အစိုးရဘက်က ခြိမ်းခြောက်မှုတွေကြောင့် အချို့ အစိုးရိမ်ကြီးကြသူတွေရဲ့ မဲတွေက တခြားအတိုက်အခံပါတီများဆီ ရောက်သွားတာလည်း ဖြစ်နိုင်ပါတယ်။
တရုတ်ဘက်က DPP ဟာ နိုင်သာနိုင်တယ်၊ အများစု ထောက်ခံမှု မရခဲ့ဘူး ဆိုတဲ့ လေသံမျိုးပစ်လာပေမယ့် တကယ်တမ်း ပြန်ကြည့်ရင် ထိုင်ဝမ်ပြည်သူတွေက တစ်နိုင်ငံ စနစ် ၂ ခု မကျင့်သုံးဘူးဆိုတဲ့ ပါတီတွေကိုပဲ မဲပေးခဲ့တာလို့လည်း ဆိုနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တရုတ်အစိုးရနဲ့ နီးကပ်လိုတဲ့ ကူမင်တန်ပါတီ အပါအဝင် DPP , KMT, TPP သုံးပါတီလုံးက တရုတ်နိုင်ငံရဲ့ တစ်နိုင်ငံ စနစ် ၂ ခု ကို လက်မခံကြပါဘူး။ ဒါ့ကြောင့် DPP ကို မဲ မပေးခဲ့ကြတဲ့ ၆၀ ရာခိုင်နှုန်းက တရုတ်နဲ့ ပေါင်းစည်းလိုတဲ့ဘက်ကို စိတ်လည်လာသူများလို့ ပြောလို့ မရပါဘူး။
စီးပွားရေး၊ အလုပ်အကိုင်အခွင့်အလမ်း၊ အိမ်ဈေးမြင့်တက်မှုတို့လို ပြည်တွင်းရေး အကြောင်းကိစ္စတွေက မဲဆန္ဒရှင်များရဲ့ ဆုံးဖြတ်ချက်တွေအပေါ် လွှမ်းမိုးမှုရှိခဲ့ပါတယ်။ DPP အပေါ် ထောက်ခံမှုနည်းသွားခဲ့တာက DPP ရှေ့တန်းတင် လှုံ့ဆော်လေ့ရှိတဲ့ ထိုင်ဝမ် ဒီမိုကရေစီအပေါ် အရေးထားမှု နည်းသွားတာ မဟုတ်တာကိုတော့ နားလည်ထားကြရပါလိမ့်မယ်။
ထိုင်ဝမ် ပြည်သူတွေဟာ ဒီမိုကရေစီနဲ့ လွတ်လပ်မှုကို အထူးတန်ဖိုးထားကြသူတွေ ဖြစ်ပြီး သူတို့ရဲ့ ဒီမိုကရေစီနဲ့ လွတ်လပ်မှုဟာ သူတို့အတွက်သာမက ကမ္ဘာကပါ အားကျစရာ ဖြစ်ပါတယ်။ Economist Intelligence Unit က ထုတ်ပြန်တဲ့ ဒီမိုကရေစီ အညွှန်းကိန်း (Democracy Index)ဟာ နိုင်ငံတကာက အရေးတယူ စောင့်ကြည့်ကြရတဲ့ အဆင့်သတ်မှတ်ချက်တခု ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်အတွက် မနှစ်က ထုတ်ပြန်ထားချက်အရဆိုရင် အာရှမှာ ထိုင်ဝမ်က ထိပ်ဆုံးမှာ ရှိပါတယ်။ စုစုပေါင်း ၁၆၇ နိုင်ငံထဲမှာ အဆင့် ၁၀ လိုက်ပါတယ်။
Cato Institute နဲ့ Fraser Institute တို့ရဲ့ ၂၀၂၃ နှစ်အတွက် Human Freedom Index မှာလည်း အာရှမှာ နံပါတ် ၁၊ ကမ္ဘာ့ ၁၆၅ နိုင်ငံထဲမှာ နံပါတ် ၁၂ သတ်မှတ်ခံခဲ့ရပါတယ်။ အဲဒီအဆင့်တွေက Democracy Indexရော Human Freedom Index မှာပါ ထိုင်ဝမ်က ယူအက်စ်၊ ယူကေ၊ ဂျာမနီ၊ ပြင်သစ်တို့လို နိုင်ငံတွေရဲ့ အထက်မှာ ရှိနေတာကို ပြသနေပါတယ်။
သူတို့ကို ပေါင်းစည်းရေးစကား ပြောနေကြသူတွေက သူတို့စံတန်ဖိုးတွေနဲ့ တဖက်စွန်းမှာ ရှိနေကြတဲ့အပြင် တနိုင်ငံ စနစ်နှစ်ခု ဆိုထားတဲ့ ဟောင်ကောင်မှာ မြင်တွေ့နေတာများက ထိုင်ဝမ်ပြည်သူတွေကို မဆွဲဆောင်နိုင်တာ သေချာပါတယ်။ ဒါ့အပြင် IMF (International Monetary Fund)ရဲ့ လက်ရှိကိန်းဂဏန်း (၁၀/၂၀၂၃)အရ ထိုင်ဝမ် တဦးချင်း ဂျီဒီပီ (GDP per capita)က တရုတ်နိုင်ငံထက် ၂ဆခွဲလောက်များပြီး (Purchasing power parity)နဲ့ ဆိုရင် ၃ ဆ ပိုများပါတယ်။ ဖော်ပြပါအချက်တွေကို ကြည့်ရုံနဲ့တင် ဒီမိုကရေစီနဲ့ လွတ်လပ်မှုကို တန်ဖိုးထားတဲ့ ထိုင်ဝမ် ပြည်သူတွေက သူတို့ရဲ့အနာဂတ် သူတို့လက်ထဲမှာပဲ ဘာကြောင့် ဆက်လက်ထားရှိချင်နေကြတယ် ဆိုတာ ပိုပေါ်လွင်သွားပါလိမ့်မယ်။
ဒီနေ့ ဒီအချိန်အခါမှာ အခုလို အားကျစရာ နေရာကို ရောက်ရှိနေပေမယ့် ထိုင်ဝမ်ပြည်သူတွေဟာ ၁၉၄၉ ခုနှစ်ကနေ ၁၉၈၇ ခုနှစ် ဇူလိုင်လအထိ ၃၈ နှစ်ကြာ ကူမင်တန်အစိုးရရဲ့ မာရှယ်လော စစ်အုပ်ချုပ်ရေးအောက်မှာ ခါးစည်းခံ ဖြတ်သန်းခဲ့ကြရတဲ့ သူတွေပါ။ ဒါ့ကြောင့် သူတို့အနေနဲ့ ဒီမိုကရေစီ၊ လွတ်လပ်မှု၊ လူ့အခွင့်အရေးတို့ကို အလွန်အမင်း တန်ဖိုးထားကြတာလည်း ဖြစ်ပါတယ်။
သမိုင်းဝင် အောင်မြင်မှုလို့ လေ့လာသူတွေ သတ်မှတ်ခေါ်ဝေါ်နေကြတဲ့ သမ္မတ တတိယသက်တမ်း အနိုင်ရရှိသူများက လွတ်လပ်ရေး ကြေညာဖို့ထက် အများဆန္ဒအတိုင်း ပိုနေမြဲ ကျားနေမြဲ ဆက်နေကြဖို့ ရှိတဲ့အတွက် တရုတ် အစိုးရအနေနဲ့ အင်အားသုံး ပေါင်းစည်းဖို့ ကြိုးစားရမှာလည်း ခက်နေဦးမှာပါ။ နိုင်ငံတကာကလည်း ကြီးမားတဲ့ စစ်မီးတောက်တွေ ထပ်မြင်ချင်မှာ မဟုတ်တဲ့အချိန်မှာ၊ တကယ်စစ်မှန်တဲ့စိတ်နဲ့ သာတူညီမျှ ပေါင်းစည်းချင်ရင်တော့ ချဥ်းကပ်မှုပုံစံ ပြောင်းရပါလိမ့်မယ်။ ဒါဟာလည်း နေ့ချင်းညချင်း လွယ်ကူတဲ့ကိစ္စ ဖြစ်မလာနိုင်ပါ ဘူး။
ထိုင်ဝမ်မှာ လူဦးရေအားဖြင့် မများပြားလှပေမယ့် အသိအမှတ်ပြုပြီး ဌာနေတိုင်းရင်းသား ၁၆ မျိုး ရှိနေပါသေးတယ်။ ဒတ်ချ်၊ စပိန်၊ တရုတ်တို့ မရောက်မီကတည်းက ဘိုးဘေးစဥ်ဆက် နေထိုင်ခဲ့ကြပြီး တရုတ်နိုင်ငံဘက်က ပေါင်းစည်းရေး စကားပြောကြရင်ဖြင့် လူနည်းစုအပေါ် ဆက်ဆံရေး ပုံသက်သေကောင်းတွေ ပြသနိုင်ဖို့ကလည်း အရေးကြီးပါတယ်။
သက်တမ်းနုနယ်သေးတယ်ပဲ ဆိုရမယ့် ထိုင်ဝမ်ဒီမိုကရေစီရဲ့ ရင့်ကျက်မှုကို ဒီရွေးကောက်ပွဲမှာ ဆက်မြင်တွေ့ခဲ့ကြရပါတယ်။ အနိုင်မရတဲ့ပါတီများရဲ့ အသိအမှတ်ပြု စကားများ၊ မဲပြန်ရေတွက်ဖို့ အငြင်းအခုံ မရှိမှု၊ တရားစွဲဆိုဖို့ စွပ်စွဲပြောဆိုကြတာမျိုး မတွေ့ရမှုများနဲ့ အဆုံးသတ်ခဲ့တဲ့ ရွေးကောက်ပွဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ရွေးကောက်ပွဲညက အကဲဖြတ်သုံးသပ်သူများကိုယ်တိုင် ထိုင်ဝမ်ရဲ့ ဒီမိုကရေစီကျင့်သုံးမှုကို ချီးကျူးကြ၊ ဂုဏ်ယူခဲ့ကြပါတယ်။
ထိုင်ဝမ်ပြည်သူတွေဘက်ကတော့ သူတို့ရဲ့ ဒီမိုကရေစီ ရပိုင်ခွင့်ကိုအပြည့်အဝ ကျင့်သုံးပြီး ဘယ်ဖိအားကိုမှ လက်မခံဘဲ သူတို့ကြမ္မာသူတို့ ဖန်တီးနိုင်ရေးအတွက် အစိုးရနဲ့လွှတ်တော်ကို တာဝန်ကျေစွာ ရွေးချယ်ပေးခဲ့ပြီးပါပြီ။ လာမယ့် ၄ နှစ်သက်တမ်းမှာ ထိုင်ဝမ်ပြည်သူများအတွက် အကောင်းဆုံး အသင့်တော်ဆုံး ပြည်တွင်း ပြည်ပ မူဝါဒတွေကို အကောင်အထည် ဖော်ဆောင်ပေးဖို့ကတော့ ရွေးကောက်ခံ အဓိက နိုင်ငံရေးပါတီကြီး ၃ ခုပေါ်မှာပဲ မူတည်နေပါတယ်။
ဒီမိုကရေစီနဲ့ လွတ်လပ်မှု စံနှုန်း စံထားမြင့်မားတဲ့ ထိုင်ဝမ်အနေနဲ့ တချို့ဒီမိုကရေစီ တိုင်းပြည်ကြီးများမှာ ရံဖန်ရံခါ တွေ့ရသလို၊ တဖက်နဲ့တဖက် ကတ်သပ်ပြီး ခရီးမတွင်ကြတာမျိုးတွေ တွေ့ကြရဦးမှာလား၊ ဒါမှမဟုတ် ထိုင်ဝမ် ပြည်သူများရဲ့ မျက်နှာကို ထောက်ရှုပြီး ဆုံမှတ်တခု မရ ရအောင်ရှာကာ ခရီးပေါက်အောင် ဆက်သွားနိုင်ကြမလား ဆိုတာကိုတော့ ကမ္ဘာက စိတ်ဝင်တစား စောင့်ကြည့်နေကြမှာ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar