Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၃လ ၃ ရက် မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၃လ ၃ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) မေလ ၃၊ ၂၀၂၁

မေလ ၃ ရက်နေ့ဟာ ကမ္ဘာ့ သတင်းလွတ်လပ်ခွင့်နေ့ တချို့အသုံးအနှုန်းက ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ လို့သုံးနှုန်းကြတာလည်း ရှိပါတယ်။ စစ်ကောင်စိ အာဏာသိမ်းပြီးနောက် ပထမဆုံး ဖြတ်သန်းရတဲ့ ကမ္ဘာ့ သတင်းလွတ်လပ်ခွင့်နေ့မှာ ဆန်းစစ်ကြည့်လိုက်တဲ့အခါ သတင်းသမား ၄၃ ယောက်က ထိန်းသိမ်းခံထားရပြီး ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆိုထားတာ အားလုံးနီးပါးပါ။

သတင်းမီဒီယာ ၆ ခုကို ထုတ်လွှင့်ခွင့် ၊ ဖြန့်ချိခွင့် ပိတ်သိမ်းခံထားရတဲ့ အနေအထား၊ သတင်းမီဒီယာရုံးခန်း ၁ ဒါဇင်လောက်ကို ရဲနဲ့စစ်သားက ရုတ်တရက်ဝင်ရှာဖွေြပီး ပစ္စည်းတချို့ယူသွားတာ၊ ၃ လတာအတွင်း သတင်းထောက် ၈၀ ကျော် ခေတ္တ၊ ဆက်လက်ထိန်းသိမ်းခံခဲ့ရတဲ့ အခြေအနေ၊ ရာနဲ့ချီ နဲ့ သတင်းထောက်တွေ ကိုယ့်အိမ်မှာ၊ ကိုယ်မြို့မှာ မနေနိုင်ပဲ တိမ်းရှောင်နေကြရတဲ့ အနေအထား တွေကို ကြည့်လိုက်ရင် မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့် အခြေအနေက အဆိုးဆုံးအခြေအနေဆီ ဦးတည်နေတယ်လို့ ဆိုရမယ့် သဘောဖြစ်ပါတယ်။

ဒီနေ့ကို ကုလသမဂ္ဂ အဖွဲ့အစည်းတခုဖြစ်တဲ့ ယူနက်စကိုက အထိမ်းအမှတ်ပြုသတ်မှတ်ထားတဲ့နေ့မှာ သတင်းလွတ်လပ်ခွင့်အတွက် စွမ်းစွမ်းတမံ လုပ်ဆောင်တဲ့သူ သတ္တိရှိရှိ ရပ်တည်လုပ်ဆောင်ခဲ့တဲ့ သတင်းသမားကို ဆုပေးတာ၊ သတင်းလွတ်လပ်ခွင့်ကို အလေးထားဖို့ သက်ဆိုင်ရာ အဖွဲ့အစည်း အစိုးရတွေကို နှိုးဆော်တာ တွေလုပ်ကြတဲ့ နေ့လည်း ဖြစ်ပါတယ်။

ဒီနှစ်အတွက် သတင်းလွတ်လပ်ခွင့်နေ့မှာ မြန်မာနိုင်ငံက သတင်းမီဒီယာလောက က ကသောင်းကနင်းဖြစ်နေပြီး သတင်းသမားတိုင်း ဘေးကင်းစွာ သတင်းလုပ်နိုင်ဖို့ကို တနေ့တနေ့ စဥ်းစား အကြံထုတ်လုပ်ဆောင်နေကြရတဲ့ အချိန်၊ တနေ့တနေ့ စစ်ကောင်စီ လက်ထဲ ဖမ်းဆီးခံသွားရတဲ့ သတင်းထောက်တွေရဲ့ အမည်၊ အရေအတွက်ကို စောင့်ကြည့် နားစွင့်နေကြရတဲ့ အနေအထားအောက်မှာ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ကို ဖြတ်သန်းကြရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၁၀နှစ်နီးပါး လုပ်ကိုင်ခွင့်ရခဲ့ကြတဲ့ ပုဂ္ဂလိက သတင်းမီဒီယာတွေ၊ အင်တာနက် ပလက်ဖောင်းတွေ၊ မိုးဘိုင်းအင်တာနက်တွေ ဆက်သွယ်ရေး နည်းပညာတွေနဲ့ သတင်းလွတ်လပ်ခွင့် အတိုင်းအတာတခုအထိ ရှိခဲ့တဲ့ အဆောက်အဦ ကို ၃ လအတွင်း သတင်းသမားတွေ ဝရန်းပြေးဖြစ်အောင် သတင်းမီဒီယာတိုက်ရုံးခန်းတွေက စွန့်ခွာ ရှောင်ပြေးကြရအောင် သတင်းသမား တွေ အပြင်ကို ရဲရဲဝံ့ဝံ့ထွက်ပြီး သတင်းမလိုက်ရဲေအာင် လုပ်ဆောင်လိုက်တဲ့ စစ်ကောင်စီကို အခုလိုနေ့မှာ မြန်မာ့သတင်းလွတ်လပ်ခွင့် အဖျက်သမားဘွဲ့ပဲ ပေးသင့်ပါတော့တယ်။

အရင့်အရင် နှစ်တွေမှာ သတင်းမီဒီယာတိုက်တခု တရားစွဲခံရရင် အမှုဖွင့်ခံရရင်၊ သတင်းသမားတယောက် ထိန်းသိမ်းခံရရင် သတင်းရေးကြ၊ ထုတ်ပြန်ချက်ထုတ်ကြ၊ တောင်းဆိုကြ ပြီး သတင်းလွတ်လပ်ခွင့်ကို လေးစားလိုက်နာအောင် ဖိအားပေး နှိုးဆော်ကြပေမယ့် အခု လို သတင်းသမားမဟုတ်တဲ့ ဆန္ဒပြသူမဟုတ်တဲ့ လမ်းဘေးမှာ ကားစောင့်နေသူ၊ စျေးရောင်းသူ ဖြတ်သန်းသွားလာသူတွေကိုတောင် သေနတ်နဲ့ ပစ်ဖို့ဝန်မလေးသူ ရက်စက်စွာရိုက်နှက်ဖို့ ဝန်မလေးသူတွေ ဆိုတော့ သူတို့ရဲ့ လုပ်ရပ်တွေကို မှတ်တမ်းတင် ပြီး တိုင်းပြည်သိအောင် ၊ နိုင်ငံတကာသိအောင် လုပ်ဆောင်နေတဲ့ သတင်းထောက်တွေကို ပစ်မှတ်ထား ဖမ်းဆီး နှိပ်ကွပ်ချင်တာ မဆန်းပါဘူး။

သတင်းသမားတွေအဖို့လည်း ရတဲ့ နည်းလမ်းနဲ့ သတင်းတွေ ဆက်လက်တင်ပြနေနိုင်အောင် လူထုထဲက သတင်းအချက်အလက် ပေးပို့သူတွေ၊ အရပ်သားသတင်းသမားတွေ နဲ့ ဆက်လက် လုပ်ဆောင်ကြရဦးမှာ ဖြစ်ပါတယ်။

သတင်းလွတ်လပ်ခွင့်အထိမ်းအမှတ် ေန့ အကြောင်းအပြီးမှာ ဒီနေ့ ထူးခြားဆုံးသတင်းတပုဒ်က ကချင်ပြည်နယ် မိုးမောက်မြို့အနီး ဖြစ်ပွားနေတဲ့ တိုက်ပွဲမှာ ကေအိုင်အေ တပ်တွေ၊ အရပ်သားတွေ နေထိုင်တဲ့ ကျေးရွာတွေကို ဗုံးကျဲ ပစ်ခတ်ဖို့သွားတဲ့ စစ်တိုက်ရဟတ်ယာဥ် တစင်းကို ကေအိုင်အေ တပ်ဖွဲ့က ပစ်ချလိုက်တဲ့ သတင်းဖြစ်ပါတယ်။

လေကြောင်းတိုက်ခိုက်မှုနဲ့ အသာစီးယူပြီး လက်နက်ကိုင် အဖွဲ့ရော ဒေသခံ အရပ်သား၊ ကျေးရွာတွေကိုပါ ပစ်ခတ်တိုက်ခိုက်လေ့ရှိတဲ့ စစ် လေယာဥ် စစ်ရဟတ်ယာဥ်တွေကို ပထမဆုံး သင်ခန်းစာပေးနိုင်တဲ့ သတင်းကို လူထု အများစုက ဖေ့စ်ဘွတ်မှာ အားရဝမ်းသာ ဝေမျှနေကြပါတယ်။

ဒီသတင်းနဲ့အတူပဲ လေတပ်စခန်းက စီဒီအမ် အဖြစ်ထွက်ပြေးနေတဲ့ လေတပ်တပ်ဖွဲ့ဝင် ၈၀ ကျော်ရှိတယ် ဆိုတဲ့ သတင်းလည်း သတင်းဌာန ၁ ခုမက ဖေါ်ပြထားတာတွေ့ရပါတယ်။ ဒီသတင်းတွေအရ ခုအဖြစ်အပျက်ဟာ စစ်ကောင်စီတပ်တွေမှာ အမိန့်ကို မနာခံတာ၊ နုိင်ငံရေးအရ ဆန့်ကျင်တာတွေ ရှိလာတဲ့ လက္ခဏာလည်း ဖြစ်လို့ စစ်ကောင်စီအဖို့ အရေးတကြီး ထားရမယ့် အကြောင်းကိစ္စတွေ ဖြစ်မှာ မလွဲပါ။

ရန်ကုန်က နောက်သတင်းတပုဒ်က သာကေတမြို့နယ် ရပ်ကွက်တခုမှာ ရပ်ကွက်ကို နှိပ်စက် စစ်တပ်ကို သတင်းပေးတဲ့ အုပ်ချုပ်ရေးမှူးကို လူသုံးယောက်က ဒါးနဲ့ဝင်ထိုးလို့ သေဆုံးသွားတယ် ဆိုတဲ့သတင်းပါ။ စစ်ကောင်စီရဲ့ အုပ်ချုပ်မှု ယန္တရားကို ဆန့်ကျင်မှု ခုခံမှုတွေက လွယ်လွယ်ကူကူနဲ့ ပျောက်ကွယ်သွားမှာ မဟုတ်ဘူးဆိုတဲ့ လက္ခဏာလို့ ယူဆနိုင်ပါတယ်။

ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့မှာ မြန်မာပြည်အတွက် ဘာအလိုအပ်ဆုံးလဲမေးရင် - အင်တာနက်တွေ တီဗီတွေ သတင်းစာတွေ ဖေ့စ်ဘွတ်တွေ ဆိုတာထက် ဟိုတုန်းကလို လေလှိုင်းက အတားအဆီးမရှိ ရေဒီယိုလေး တလုံးနဲ့ လွတ်လပ်စွာ ဖမ်းယူနိုင်တဲ့ တော်လှန်ရေးဟစ်ကြွေးသံတွေ တော်လှန်ဒေသက ပြည်သူတွေ ရဲဘော်တွေရဲ့ ကြွေးကြော် ထုတ်ပြန်သံတွေ သတင်းစစ်သတင်းမှန်တွေ မိုးလုံးဟိ်န်းနေတာ ကိုပဲ လိုချင်တယ် လို့ ဖြေရပါလိမ့်မယ်။ CRPH NUG တော်လှန်သောအစိုးရနဲ့ လွှတ်တော်ကလည်း စာနယ်ဇင်းသမားတွေ အနုပညာရှင်တွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုရေးသား သတင်းပို့ခွင့်တွေရဲ့ အခမ်းကဏ္ဍနဲ့ အရေးပါပုံ ထုတ်ဖော်အသိအမှတ်ပြုစကား ထုတ်ပြန်လိမ့်မယ်လို့ မျော်လင့်မိပါတယ်။

Visual journalists take cover near the entrance of a monastery where military supporters are gathering as they are attacking the protestors and medias and residents, in Yangon, Myanmar, 18 February 2021. Photo: EPA

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar