Breaking News

နေသွင်ညိဏ်း - Covid 19 နောက်ဆုံးတိုက်ပွဲနဲ့ပတ်သက်လို့...

Covid 19 နောက်ဆုံးတိုက်ပွဲနဲ့ပတ်သက်လို့...

နေသွင်ညိဏ်း 

(မိုးမခ) စက်တင်ဘာ ၃၀၊ ၂၀၂၀

မြန်မာပြည်မှာ နေ့စဉ် တိုးပွားနေတဲ့ လူနာတွေထဲမှာ ရန်ကုန်က ရာခိုင်နှုန်း အားဖြင့် အများဆုံး ဖြစ်ပြီး ရန်ကုန်မှာ ဒုတိယလှိုင်းရဲ့ နောက်ဆုံး တိုက်ပွဲကို တိုက်တော့မယ်လို့  ကျန်းမာရေး တာဝန်ရှိသူတွေက ကြေညာထားပါတယ်။ ဒါပေမယ့် နယ်မြို့တွေမှာ အလံတထောင်ထောင်နဲ့အင်အားပြနေတာ အလွန် အန္တရာယ်များပါတယ်။

နောက်ဆုံးတိုက်ပွဲဆိုပေမယ့် ရန်ကုန်က ပြည်သူတွေကို အထူး ပူးပေါင်းပါဝင်ပေးဖို့ တိုက်တွန်း၊ စည်းရုံးမှုလိုပဲ ယူဆပါတယ်။  တကယ်တော့ ကာကွယ်ဆေး မပေါ်သေးသ၍တော့ နောက်ဆုံးရဲ့ နောက်ဆုံး တိုက်ပွဲတွေ ဆက်ပြီး တိုက်နေရဦးမယ်လို့ နားလည်ထားပါတယ်။

ရန်ကုန် တိုက်ပွဲ စပါပြီ။ ကျန်းမာ/အားကစားရဲ့ဖော်ပြချက်အရ မြန်မာပြည်မှာ လူနာရဲ့ ၇၀ ရာခိုင်နှုန်းလောက်က လက္ခဏာမပြသူတွေဖြစ်ပါတယ်။ စမ်းသပ်မှုတွေ များများ လုပ်နိုင်တော့မှာမို့လို့ မကြာခင်မှာ မသိကိန်းကို ပိုပြီး သိလာရတော့မှာ ဖြစ်ပါတယ်။  ကျန်းမာရေးကျွမ်းကျင်သူတွေရဲ့ အဆိုအရ နောက်ဆုံး တိုက်ပွဲဟာ နှစ်ပတ်လောက်ကြာမယ်လို့ ခန့်မှန်းရပါတယ်။ 

တစ်ခုရှိတာက ရန်ကုန်ကို အာရုံစိုက်နေချိန်မှာ နယ်ဘက်တွေကလည်း သတိရှိနေဖို့ လိုပါတယ်။ ရန်ကုန် တိုက်ပွဲမပြီးခင်မှာပဲ နယ်တွေဘက်က အခြေအနေ မဆိုးသွားဖို့ လိုပါတယ်။  ကျန်းမာ/အားကစားရဲ့ စက်တင် ဘာ ၂၉ ရက် ပြည်သူများသို့ အသိပေးချက်မှာ တခြားတိုင်းနဲ့ ပြည်နယ်တွေမှာ ပြင်ဆင်မှုတွေ လုပ်နေတာကို ဖော်ပြထားပါတယ်။  ဒါအလွန် ကောင်းမွန်ပါတယ်။ 

ဘာကြောင့်လဲဆိုရင် တခြား နိုင်ငံတွေရဲ့ အတွေ့အကြုံအရ ကိုဗစ် ၁၉ ကူးစက်မှုဟာ မြို့ကြီးတွေမှာပဲ ဆိုးနေတာ မဟုတ်ပါဘူး။ အခု ကိုဗစ် လူနာ အများဆုံးနဲ့ သေဆုံးသူ အများဆုံး ဖြစ်နေတဲ့ အမေရိကန် ပြည်ထောင်စုကို ကြည့်ရင် စက်တင်ဘာအတွင်း တောမြို့တွေမှာ သေဆုံးတဲ့ လူအရေအတွက်ဟာ တစ်နိုင်ငံလုံး စုစုပေါင်းရဲ့ တစ်ဝက် ဖြစ်လာတယ်လို့ တိုင်းမ် မဂ္ဂဇင်းမှာ ရေးထားပါတယ်။ 

သေဆုံးသူတွေဟာ အရင်က မြို့ကြီးတွေမှာပဲများခဲ့ပေမယ့် အခုတော့ တောဘက်က ရွှေ့လာပါတယ်။  ဧပြီလလောက်က  (မြို့ငယ်တွေ သေနှုန်း အမြင့်ဆုံး အချိန်မှာ) တစ်နိုင်ငံလုံး သေဆုံးသူ စုစုပေါင်းရဲ့ သုံးပုံတစ်ပုံပဲ ရှိခဲ့ရာကနေ စက်တင်ဘာမှာ တဝက်ဖြစ်လာပါတယ်။  ဒီလို ဖြစ်ရတာဟာ လူနေကျဲရင် ကူးတာ နည်းမယ်ဆိုပြီး ခပ်လွယ်လွယ်တွေးတာနဲ့ လွယ်ကူတဲ့ ကြိုတင်ကာကွယ်ရေး ကိစ္စတွေ (လက်ဆေးတာ၊ ပါးစပ်နှားခေါင်းစည်းဝတ်တာမျိုး၊ ခပ်ခွာခွာနေတာမျိုး) ကိုတောင် ဂရုမစိုက်ဘဲ ခပ်ပေါ့ပေါ့ နေကြတာကြောင့်လို့ ဆိုပါတယ်။ နဂိုကတည်းကလည်း တောမြို့ဆေးရုံတွေက မြို့ကြီးတွေမှာလောက် မပြည့်စုံ၊ ကြိုတင်ပြင်ဆင်မှု အပိုင်း အား နည်းတာကြောင့်လည်း ပါပါတယ်။ 

မြန်မာပြည်အခြေအနေကို ကြည့်ရင် ကူးစက်မှုဟာ အကျဘက်ကို ဦးတည်နေတယ်လို့ မဆိုနိုင်သေးပါဘူး။ ရန်ကုန်မှာပဲ ကူးစက်မှုရော၊ သေဆုံးမှုပါ များလို့ ဆိုပြီး နယ်တွေက ပေါ့ရင် တကယ်ဖြစ်တဲ့အခါ မနိုင်မနင်းတွေဖြစ်လာပါလိမ့်မယ်။  ရခိုင်မှာ ကူးတုန်းက ရန်ကုန်မှာ အေးဆေး လုပ်လို့ အခုလိုတွေ ဖြစ်လာတာကို သင်ခန်း စာ ယူဖို့ လိုပါတယ်။ 

တစ်ကမ္ဘာလုံးမှာတော့  သေဆုံးသူ တစ်သန်းကျော်သွားပါပြီ၊ နှစ်သန်းအထိ မဖြစ်နိုင်ဘူးလို့ မပြောနိုင်ဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးနေပါတယ်။  လူသေနှုန်း (နှုန်း) ကိုကြည့်ရင် ကျဆင်းသွားပေမယ့် လူသေစာရင်းက သိသိသာသာ ကျဆင်းသွားတာမျိုး မဟုတ်ပါဘူး။ သေနှုန်းကို ကြည့်ရင် ဇန်နဝါရီလကုန်ပိုင်းမှာ ၃ ရာခိုင်နှုန်းပဲ ရှိခဲ့ရာကနေ ဧပြီလကုန်ပိုင်းမှာ အမြင့်ဆုံး ၇ ရာခိုင်နှုန်းအထိ တက်ခဲ့ပါတယ်။ မေလနောက်ပိုင်း သေနှုန်းက တအိအိနဲ့တော့ ပြန်ကျခဲ့ပေမယ့် သေဆုံးသူ အရေအတွက် သိသိသာသာ ကျဆင်းသွားတာမဟုတ်ပါဘူး။

အခြေအနေကောင်းသွားပြီဆိုတဲ့ ဥရောပ နိုင်ငံတွေမှာလည်း ဒီရက်သတ္တပတ်တွေအတွင်းမှာ ဒုတိယလှိုင်းဒဏ်ကို ပြန်ခံနေရပါတယ်။ ယူကေ၊ ပြင်သစ်၊ စပိန်တို့မှာ ဗိုင်းရပ်စ်က နယ်မြေသစ်တွေ့ပြီး ပျော်ပျော်ကြီး ဆက်ကူးနေပါတယ်။ ဒါကြောင့်ယူကေ အစိုးရက ကန့်သတ်မိန့်ကို ထပ်ထုတ်ထားရပြန်ပါတယ်။ မြန်မာရဲ့ အိမ်နီးချင်း အိန္ဒိယဟာ အမေရိကားကို ကျော်ပြီး  နံပါတ်၁ ဖြစ်ဖို့မဝေးတော့ပါဘူး။ 

သတိထားသင့်တဲ ကိန်းဂဏန်းက ပထမလှိုင်းတုန်းက လူသေစာရင်းက အီတလီ တို့လို ဖွံ့ဖြိုးတဲ့ နိုင်ငံတွေက ဖြစ်ခဲ့ပေမယ့် လက်ရှိမှာတော့  ပထဝီ ဒေသ ပြောင်းသွားပါပြီး။ လက်ရှိ သေဆုံးမှုအများဆုံးဟာ အမေရိကားပဲ ဆက်ဗိုလ်စွဲထားတာ မှန်ပါတယ်။ ဘရာဇီးတို့ မက္ကဆီကို တို့နောက်က လိုက်လာပါတယ်။  မြန်မာပြည်ကို ကြည့်ရင်လည်း ပထမလှိုင်း အစအဆုံးအထိ လူ ၆ ယောက်ပဲသေဆုံးခဲ့ပေမယ့် ဒုတိယလှိုင်းကာလ (စက်တင်ဘာတလ) မှာ သေဆုံးသူ ၂၅၀ ကျော်ရှိသွားပါပြီ၊  

ဘာကြောင့်လဲဆိုရင် နဂိုကတည်းက ကျန်းမာရေး စနစ်ကောင်းပြီးသား ချမ်းသာတဲ့ နိုင်ငံတွေက အခုတော့  ကုသရမယ့် နည်းတွေကိုပါ သိသွားပြီး ဖြစ်လို့ ပထမလှိုင်းတုန်းကလောက် မခံရတော့ပါဘူး။ ပိုပြီး အရေးကြီးတာကတော့ လက်ဆေးတာ၊ မျက်နှာနဲ့ နှာခေါင်းစည်း ဝတ်တာ၊ ခပ်ခွာခွာနေတာ စတဲ့ ဗျူဟာတွေကို ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးလာကြတာကြောင့် ဖြစ်ပါတယ်။ စမ်းသပ်မှုတွေကို မြန်မြန်ဆန်ဆန် လုပ်နိုင်လို့ လူနာကို မြန်မြန်တွေ့ပြီး မြန်မြန်ထိန်းနိုင်တာလည်း ပါပါတယ်။


မြန်မာပြည်လိုမျိုး ကျန်းမာရေး အခြေခံ အဆောက်အအုံတွေ၊ အရင်းအမြစ်တွေ၊ အားနည်းတဲ့ ဆင်းရဲတဲ့ နိုင်ငံတွေအတွက်ကတော့  ကြိုတင်ကာကွယ်တဲ့နည်းကိုပဲ ကြပ်ကြပ်မတ်မတ် လုပ်မှပဲ ခံသာပါလိမ့်မယ်။ အခု လူနာအရေအတွက်နဲ့တောင် အတော်လေး ဝန်ပိနေပါပြီ၊ ကြပ်ကြပ်မတ်မတ်ဆိုတာက ရန်ကုန်တမြို့တည်းကို ပြောတာ မဟုတ်ပါဘူး။ နယ်မြို့တွေမှာလည်း မကြောက်မလန့်် အလံတွေ တထောင်ထောင်၊ ကားတန်းတွေ တဝီဝီ အန္တရယ်နဲ့ ကစားနေတာကို ခဏ (ခဏ) ရပ်ထားကြဖို့ လိုပါတယ်။ 

ကျန်းမာကြပါစေ။

နေသွင်ညိဏ်း 

(စက်တင်ဘာ ၂၉၊ ၂၀၂၀)