Breaking News

လှကျော်ဇော - ကုလသမဂ္ဂငြိမ်းချမ်းရေးစောင့်လုပ်ငန်းများ - ၂



လှကျော်ဇော - ကုလသမဂ္ဂ ငြိမ်းချမ်းရေးစောင့်လုပ်ငန်းများ - ၂

(မိုးမခ) အောက်တိုဘာ ၃၀၊ ၂၀၂၀

တရုတ်တပ်များပါဝင်တဲ့ လုပ်ငန်းများ


၁၉၆၀ ခုနှစ်များက အမေရိကန်စာရေးဆရာအဂ္ဂါစနိုး ရေးတဲ့( On the other side of the river)ကို လူထုဒေါ်အမာက (ဘဝချင်းမတူသည့်တရုတ်ပြည်) ဆိုတဲ့နာမည်နဲ့ ဘာသာပြန်ပြီး လူထုသတင်းစာမှ ာနေ့စဉ်ဖော်ပြခဲ့ပါတယ်။ နောက်ပိုင်း လုံးချင်းအဖြစ်လည်း ထွက်ပါသေးတယ်။ အဲဒီထဲကအခန်းတခုမှာ စနိုးရေးထားတဲ့အကြောင်းအရာတခု ရှိပါတယ်။

စကားလုံးအတိအကျတွေ မမှတ်မိပေမယ့် သဘောအနှစ်ချုပ်ကတော့ ...
 
အခုအချိန် ဥက္ကဋ္ဌမော်ကို ခင်ဗျားဘာအကြောက်ဆုံးလဲလို့ မေးရင် ဆိုဗိယက်လို့လည်း ဖြေမှာမဟုတ်သလို၊ အမေရိကန်လို့လည်း ဖြေမှာမဟုတ်ဘူး ။ သူကြောက်တာက သူ့နောက်မျိုးဆက်(၂)ဆက်လောက်ကျရင် ပြန်လည်ပြင်ဆင်ရေးသမားတွေ ဖြစ်ကုန်မယ့်အရေး ပါပဲ ... လို့ရေးထားတာတွေ့ဖူးပါတယ်။

ဟုတ်ပါတယ်။ တရုတ်တွေဟာ မျိုးဆက်မွေးမြူရေးကို အတော်အလေးထားဟန်ရှိပါတယ်။

ကုလသမဂ္ဂဖွဲ့စည်းစဉ်က ချမှတ်ခဲ့တဲ့ ပဋိညာဉ်စာချုပ်က နိုင်ငံအားလုံးတန်းတူညီမျှမှုရှိရေး၊ နိုင်ငံတကာပဋိပက္ခများကို ငြိမ်းချမ်းသောနည်းလမ်းများနဲ့ ဖြေရှင်းရေးလို့ ဆိုထားပေမယ့် အစောပိုင်းကာလများကတော့ အမေရိကန်အမှူးပြုတဲ့ အနောက်အရင်းရှင်နိုင်ငံကြီးများရဲ့ သဘောကျလုပ်ဆောင်ရတာတွေ ရှိပါတယ်။ ဥပမာ - ၁၉၅၀ခုနှစ် ကိုးရီးယားစစ်ပွဲအတွင်း ကုလတပ်များအဖြစ် အမေရိကန်ဦးစီးတဲ့ (၁၇)နိုင်ငံပါ တပ်များ ပါဝင်ခဲ့မှုမျိုး။ ဒါကြောင့် တရုတ်ကွန်မြူနစ်အချို့က ကုလသမဂ္ဂဝင်ရေးကို သိပ်မတက်ကြွကြတာပါ။

ဒါပေမဲ့ ၁၉၆၀ခုနှစ်များမှာ ကိုလိုနီနိုင်ငံများအဖြစ်က လွတ်မြောက်လာတဲ့နိုင်ငံအများအပြား ကုလသမဂ္ဂဝင်နိုင်ငံများဖြစ်လာပါတယ်။ ဥက္ကဋ္ဌမော်တို့၊ ချူအင်လိုင်းတို့က ဒါကို အခွင့်ကောင်းအဖြစ်ရှုမြင်ပြီး ဖမ်းဆုပ်လိုက်နိုင်ခဲ့ပါတယ်။

ဒီနေရာမှာကြုံကြိုက်လို့ မော်တို့ရဲ့ ပြဿနာတွေကြည့်မြင်နည်းတခုကို ပြောပြပါဦးမယ်။
 
၂၀၁၉ တရုတ်ပြည်ထူထောင်တာ အနှစ်(၇၀)ပြည့် အထိမ်းအမှတ်အဖြစ် ရိုက်ကူးထားတဲ့ (သံခင်းတမန်ခင်း - Diplomacy ) ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲထဲက ဇာတ်လမ်းတပုဒ်ပါ။ တကယ့်အဖြစ်အပျက် သတင်းကားများအခြေခံပြီး အခုခေတ်အနုပညာရှင်များနဲ့ ပြန်လည်ရိုက်ကူးထားတာပါ။

၁၉၆၀ခုနှစ်များမှာ လွတ်လပ်ရေးရလာတဲ့ အာဖရိကမှ တန်ဇံနီးယားသမ္မတ ဂျိုးဇက်ညီရေးရေးတို့ ဇမ်ဘီယာကသမ္မတ ကက်နက်ကာအွန်ဒါတို့ တရုတ်ပြည်ကို လာရောက်လည်ပတ်ကြပါတယ်။ သူတို့က သူတို့အာဖရိကနိုင်ငံများ နိုင်ငံရေးအရ လွတ်လပ်ရေးရပြီးနောက် စီးပွားရေးအရလည်း အမှီအခိုကင်းစွာ လွတ်လပ်ဖွံ့ဖြိုးချင်ကြပါတယ်။ ကိုလိုနီအရှင်ဟောင်းတွေက ဘက်စုံကနည်းပေါင်းစုံသုံးပြီး ဟန့်တားမှုတွေ လုပ်လာပါတယ်။   အထူးသဖြင့် ကုန်းတွင်းပိတ်နိုင်ငံဖြစ်တဲ့ ဇမ်ဘီယာက သူနိုင်ငံထွက်ကြေးနီတွေ တင်ပို့ဖို့ ပင်လယ်ထွက်ပေါက် လိုပါတယ်။ ညီရေးရေးဟာ အာဖရိကတတိုက်လုံး ညီညွတ်ရေးကို ကြိုးပမ်းလိုတဲ့ နယ်ချဲ့ကိုလိုနီစနစ် ဆန့်ကျင်ရေးသမားပါ။

ဒါကြောင့်ဇမ်ဘီယာကနေ  တန်ဇံနီးယားဖြတ်ပီး ပင်လယ်ဆိပ်ကမ်းအရောက် ရထားလမ်းဖောက်ရေးကို ပထမဆုံး ကမ္ဘာ့ဘဏ်အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများကို ချဉ်းကပ်ပါတယ်။ မရပါဘူး။ ဒီနောက် အမေရိကန်၊ ဆိုဗီယက်ရုရှား၊ အင်္ဂလန်စတဲ့ အင်အားကြီးနိုင်ငံများကို (အတတ်ပညာပိုင်းဆိုင်ရာတွေမှာလည်း အဆင့်မြင့်လို့) တင်ပြအကူအညီတောင်းပါတယ်။ အလွန်ခက်ခဲရှုပ်ထွေးလှတဲ့ မြေအနေအထားကြောင့် (အကျိူးအမြတ်ကလည်း သိပ်မရှိတာ ပါတယ်။) အကုန်လုံးက ငြင်းလွှတ်ထားပါတယ်။

တရုတ်ပြည်က ဆိုရှယ်လစ်စနစ်အပေါ်လည်း တိမ်းညွှတ်မှုရှိတဲ့ ညီရေးရေးဟာ မော်နဲ့တွေ့စဉ်မှာ ဒီရထားလမ်းကိစ္စ စကား စပါတယ်။ အဲဒီအချိန်က တရုတ်က ဆင်းလည်းဆင်းရဲနေသေးတာရော ၊ အတတ်ပညာပိုင်းမှာလည်း အားရစရာမရှိသေးတာကြောင့် ညီရေးရေးက သိပ်မျှော်လင့်ချက်ထားပုံ မရပါဘူး။ ဒါပေမဲ့ မော်တို့၊ ချူအင်လိုင်းတို့က ဒါကိုအခွင့်ကောင်းလို့ သဘောထားပြီး သူတို့ကူညီမယ်လို့ ကတိပေးလိုက်ပါတယ်။

ဒီနောက် ချူအင်လိုင်းက မီးရထားလမ်းဆိုင်ရာဝန်ကြီးရုံးကို အဲဒီကိစ္စလေ့လာဖို့ တာဝန်ပေးလိုက်ပြီးနောက်အတတ်ပညာရှင်အင်ဂျင်နီယာတွေပါ အများအပြားပါဝင်တဲ့ အလုပ်ရုံအစည်းအဝေးကြီး ခေါ်ပြီး၊ သူတို့တတွေလေ့လာထားသမျှတွေကို တင်ပြစေပါတယ်။ အဓိကတာဝန်ခံမီးရထားဝန်ကြီး၊ အင်ဂျင်နီယာချုပ်တို့ကအစ သက်ဆိုင်ရာဌာနအသီးသီး၊ အတတ်ပညာပိုင်းဆိုင်ရာ  ပုဂ္ဂိုလ်အမျိုးမျိုးတို့ တင်ပြသမျှတွေကို ဝန်ကြီးချူအင်လိုင်းက အစအဆုံး တလုံးမကျန် နားထောင်ပါတယ်။ အခက်အခဲပြသာနာအမျိုးမျိုး ငွေကြေးကုန်ကျမှုစရိတ်စက တွက်ချက်မှု... တချက်မှ အားရစရာမရှိပါ။ အားလုံးလောက်နီးနီးက မဖြစ်နိုင်ဘူးဆိုတဲ့ ကောက်ချက်ပါပဲ။

ကဲပြောစရာရှိသေးလား ... လို့ ချူအင်လိုင်းက မေးလိုက်ပြီးနောက် ဆက်ပြောတာကတော့ အစကတည်းက ဒီလိုအခက်အခဲတွေမရှိရင် တို့ဆီတောင် ရောက်လာမှာမဟုတ်ဘူး။ တို့အနေနဲ့ ဒီကိစ္စကို ရထားလမ်းတည်ဆောက်ရေးသက်သက်လို့ ကြည့်လို့မဖြစ်ဘူး။ တို့များ တရုတ်ပြည်ကို အနောက်အရင်းရှင်နိုင်ငံများက အထီးကျန်ဖြစ်အောင် ဝိုင်းလုပ်နေတာ။ အဲဒါကို တို့တတွေက ချိုးဖောက်ဝင်ရောက်ရမှာ၊ ဒီကိစ္စကို တို့များက ကမ္ဘာ့သံခင်းတမန်ခင်း လမ်းကြောင်းထဲ ထိုးဖောက်ဝင်ရောက်ရေးအတွက် အချက်တချက်အဖြစ် သဘောထားပြီး၊ မဖြစ်ဖြစ်အောင် ကြိုးစားရအောင် လို့ တိုက်တွန်းပြောဆိုတဲ့အခါမှာတော့ အားလုံးက တသံတည်း လုပ်ပါ့မယ် ဆိုလာပါတယ်။ ဒါပေမဲ့ ကုန်ကျစရိတ်တွေ တွက်ကြည့်တဲ့အခါမှာတော့ ကြောက်ခမန်းလိလိ စရိတ်ကို ကြည့်ပြီးအကုန်ကြက်သေသေ ကုန်ပါတယ်။ ဒီနေရာမှာလည်း ချူအင်လိုင်းကပဲ ထွက်ပေါက်ရှာပေးပါတယ်။ ရထားလမ်းတည်ဆောက်ရေးစီမံကိန်းကြီးကို အဆင့်တွေ နှစ်အလိုက်ခွဲပစ်လိုက်ပြီး ကုန်ကျစရိတ်ကိုလည်း အဆင့်လိုက်တွက်ချက်တော့ ခြေနိုင်လက်နိုင် ကုန်ကျစရိတ်ပေါ်လာပါတယ်။ ဒီလိုနဲ့ တန်ဇံနီးယား-ဇမ်ဘီယာ  ရထားလမ်းကြီး ပေါ်လာပါတော့တယ်။

ဒီဇာတ်လမ်းမှာ နောက်စိတ်ဝင်စားဖွယ် အခန်းတခန်းရှိပါသေးတယ်။

ဇမ်ဘီယာသမ္မတ ကက်နက်ကာအွန်ဒါနဲ့ မော်တို့ တွေ့တဲ့အခန်းပါ။ တရုတ်နိုင်ငံအပေါ် ညီရေးရေးကသာ လေးစားအားကိုးပေမယ့် ကာအွန်ဒါက အထင်မကြီးပါဘူး။ ဒါကြောင့် ဒီစီမံကိန်းကို တရုတ်လက်အပ်ရေးအင်တင်တင် ဖြစ်နေပါတယ်။ ဒီတော့ တရုတ်ပြည်လာလည်ဖို့ ဖိတ်ပြီး တရုတ်ပြည်ရဲ့ ဆိုရှယ်လစ်တည်ဆောက်ရေးလုပ်ငန်းတွေကို လေ့လာစေပါတယ်။ ပြီးတော့မှ (ပြန်ခါနီးမှ) မော်က တွေ့တာပါ။ မော်က ဒီလိုပြောပါတယ်။

ကျွန်တော်တို့တတွေဟာ ဆင်းရဲသားတွေချည်းပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့က ခင်ဗျားတို့ထက် နှစ်အနည်းငယ်စောပြီး လွတ်မြောက်တာဖြစ်လို့ ကျွန်တော်တို့အနေနဲ့ ခင်ဗျားတို့ကို ကူညီရမယ့်ဝတ္တရားရှိပါတယ်။ တကယ်လို့ဒီစီမံကိန်းကို ကျွန်တော်တို့နဲ့ မလုပ်ဖြစ်ရင်လည်း အားမနာပါနဲ့။ ကျွန်တော်တို့နိုင်ငံက ခင်ဗျားတို့ကို ကမ်းလှမ်းထားတဲ့အကြောင်း ခင်ဗျားတို့အနေနဲ့ တခြားနိုင်ငံများနဲ့ဖြစ်ဖြစ်၊ တခြားအဖွဲ့အစည်းများနဲ့ဖြစ်ဖြစ် ဒီရထားလမ်းကိစ္စဆွေးနွေးညှိနှိုင်းတဲ့အခါ ဈေးဆစ်တဲ့အချက်အနေနဲ့ သုံးနိုင်ပါတယ် တဲ့။

တဘက်လူ ဘဝင်ကျသွားအောင် ပြောလိုက်နိုင်တာပါ။

ဒါတွေကြောင့် တရုတ်နဲ့အာဖရိကဆက်ဆံရေးဟာ ကြားကဘယ်လိုဖျက်ဖျက် မပျက်နိုင်အောင် ခိုင်မာအားကောင်းခဲ့တာပါ။ (အဲဒီအရှိန်အဆက်နဲ့ပဲ အာဖရိကနိုင်ငံအများစုရဲ့ ထောက်ခံမှုနဲ့ ၁၉၇၁ခုနှစ်မှာ တရုတ် ကုလ ထဲ ရောက်တာပါ။)

အခုလည်း ကုလရဲ့ငြိမ်းချမ်းရေးစောင့်လုပ်ငန်းများဟာ တရုတ်အတွက် အခွင့်ကောင်းတွေပဲ။ တရုတ်ပြည်ရဲ့ငြိမ်းချမ်းတဲ့ကာလအတွင်း မွေးဖွားလာကြတဲ့တရုတ်လူငယ်များအတွက်လည်း စစ်ပညာများသာမက၊သံခင်းတမန်ခင်းလုပ်ငန်းများ၊ မတူညီတဲ့စနစ်အမျိုးမျိုးအကြား တွေ့ဆုံဆွေးနွေးအဖြေရှာနည်းများ၊ စတာ စတာတွေ အတွက် လေ့ကျင့်ရာသင်တန်းကျောင်းကြီးလိုလည်း ဖြစ်လာတာပါ။ ဒီကျောင်းကြီးကနေ (သို့မဟုတ်) ဒီကုလငြိမ်းချမ်းရေးစောင့်လုပ်ငန်းများကနေ တရုတ်တပ်သားတွေ ဘာတွေသင်ယူနိုင်ခဲ့သလဲ။

အခုထုတ်ပြန်လိုက်တဲ့ စက္ကူဖြူစာတမ်းမှာ ရေးသား ဖော်ပြထားတာတွေကတော့ ...

၁။ ကုလသမဂွပဋိညာဉ်ပါ မူများနဲ့ ရည်မှန်းချက်များကို စောင့်ထိန်းခြင်း။

ကုလရဲ့ အခြေခံမူများအတိုင်း တခြားနိုင်ငံများရဲ့ လူမှုစနစ်များနဲ့ ဖွဲ့ဖြိုးတိုးတက်ရေးလမ်းကြောင်းများကို လေးစားပြီး သက်ဆိုင်ရာအဖွဲ့အားလုံးရဲ့ တရားမျှတတဲ့ လုံခြုံရေးဆိုင်ရာပူပန်မှုများအပေါ် လိုက်လျောမှုရှိစွာကူညီဆောင်ကြဉ်းပေးနိုင်အောင် ကြိုးစား လုပ်ဆောင်ပါတယ်။

၂။ ကုလငြိမ်းချမ်းရေးစောင့်လုပ်ငန်းများရဲ့ အခြေခံမူများကို လိုက်နာခြင်း။

အခြေခံမူများဖြစ်တဲ့ အိမ်ရှင်နိုင်ငံရဲ့ ခွင့်ပြုချက်ရှိခြင်း။ ဘက်လိုက်မှုမရှိ - သမာသမတ် ကျခြင်း။ မိမိကိုယ်ကို ကာကွယ်မှုမှတပါး အင်အားမသုံးခြင်းနဲ့ လုံခြုံရေးကောင်စီက ချမှတ်ပေးလိုက်တဲ့ လုပ်ပိုင်ခွင့်ကိုကာကွယ်ခြင်း။ စတာတွေကို ခိုင်ခိုင်မာမာကိုင်စွဲပြီး အဲဒီကတဆင့် ပေးအပ်ထားတဲ့ လုပ်ငန်းတာဝန်တွေကို အောင်မြင်အောင် ထမ်းဆောင်ရပါတယ်။

၃။ အကျယ်အပြန့်ဆွေးနွေးခြင်း၊ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ခြင်းနဲ့ အကျိုးကျေးဇူးများကို မျှဝေခြင်းများအပေါ် အခြေခံတဲ့ကမ္ဘာအုပ်ချုပ်မှု (global governance) အမြင်ကို ရပ်တည်ကာကွယ်ပေးခြင်း။

ရေရှည်တည်မြဲတဲ့ ကမ္ဘာငြိမ်းချမ်းရေးကို တည်ဆောက်ဖို့ဆိုရင် နိုင်ငံအားလုံး အပြန်အလှန်တိုင်ပင်လေ့လာအတုယူ မျှဝေဆွေးနွေးအဖြေရှာကြပြီးဘက်ပေါင်းစုံက(ဘုံcommon) လုံခြုံမှုရှိတဲ့ ဖွံ့ဖြိုးတိုးတက်တဲ့အားလုံး ချမ်းသာဝပြောတဲ့ သာယာလှပတဲ့ သန့်ရှင်းတဲ့ကမ္ဘာကြီးကို တကမ္ဘာလုံး စိတ်တူကိုယ်တူ တည်ဆောက်ရမှာပါ။ဒီအတွက် တရုတ်တပ်များအနေနဲ့ ရတဲ့နေရာကဝင်ပြီး လုပ်ဆောင်နေကြတာပါ။

၄။ ရေရှည် တည်တံ့ခိုင်မြဲတဲ့ လုံခြုံရေး ရရှိရေး။

နိုင်ငံတိုင်းအတွက် လုံခြုံရေးဟာ အရေးကြီးပါတယ်။ သမရိုးကျနယ်ပယ်များမှာသာမက သမရိုးကျမဟုတ်တဲ့နယ်ပယ်များမှာပါ လုံခြုံဖို့လိုအပ်ပါတယ်။ တနိုင်ငံချင်းစီအတွက်သာမက ပိုမိုကျယ်ပြန့်တဲ့ ဒေသဆိုင်ရာလုံခြုံရေးပြသာနာများကို ဖွံ့ဖြိုးတိုးတက်ရေး အပေါ်အလေးထားပြီး အပြန်အလှန်ဆွေးနွေး တိုင်ပင်နှီးနှော ဖလှယ်ခြင်းဖြင့် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်ပါတယ်။ ဒီနည်းနဲ့သာ လုံခြုံရေးကို ရေရှည်တည်တံ့ခိုင်မြဲအောင် လုပ်နိုင် မှာ ဖြစ်ပါတယ်။

၅။ ပြဿနာများကိုဖြေရှင်းရာမှာ ငြိမ်းချမ်းတဲ့နည်းများကိုသာ အသုံးပြုရေး။

တိုင်းပြည်အချင်းချင်းအကြားမှာဖြစ်ဖြစ် တိုင်းပြည်တပြည်အတွင်းပိုင်းမှာဖြစ်ဖြစ် ပြဿနာပဋိပက္ခတွေပေါ်ပေါက်လာရင် ငြိမ်းချမ်းတဲ့နည်းလမ်းများနဲ့သာ ဖြေရှင်းဖို့ တိုက်တွန်းပြောဆိုရပါလိမ့်မယ်။ ဒီအတွက် တဘက်နဲ့တဘက် ယုံကြည်မှုတည်ဆောက်ပြီး အပြန်အလှန်ဆွေးနွေးအဖြေရှာတဲ့နည်းနဲ့ ပဋိပက္ခများကို ဖြေရှင်းနိုင်အောင် ကြိုးစားလုပ်ဆောင်ရပါမယ်။ ဒီလိုနည်းနဲ့ လုံခြုံတည်ငြိမ်ရေးကို ရအောင်ကြိုးစားသင့်ပါတယ်။ ခြိမ်းခြောက်ခြင်း၊ အင်အားသုံးခြင်းများကို ပယ်ချရမယ်။ ရှုတ်ချရမယ်။ ဘယ်ဘက်ကမှ မသုံးသင့်ပါ။

၆။ ငြိမ်းချမ်းရေးစောင့်လုပ်ငန်းများ ပိုမိုအားကောင်းလာရေး။

ကုလရဲ့ငြိမ်းချမ်းရေးစောင့်လုပ်ငန်းများကို တာဝန်အရ သက်ဆိုင်ရာနိုင်ငံများမှာ လုပ်ဆောင်ရာမှာ ဘက်အသီးသီးက ပိုမိုပါဝင်လာရေးကို ကြိုးပမ်းရမှာပါ။ ဒါမှသာ ဒေသဆိုင်ရာ အဖွဲ့အစည်းများရဲ့အခန်းကို မြှင့်တင်ပေးနိုင်ပြီး ဒီအဖွဲ့အစည်းများအနေနဲ့ အပြန်အလှန်အားဖြင့် ငြိမ်းချမ်းရေးစောင့်လုပ်ငန်းတွေမှာ ပိုမိုထဲထဲဝင်ဝင်ပါဝင်လာနိုင်ပါလိမ့်မယ်။ ဒါဟာ အဲဒီဒေသတွင်း တည်ငြိမ်အေးချမ်းရေးအတွက် အကျိုးရှိပါတယ်။

ဒါတွေကတော့ စက္ကူဖြူစာတမ်းထဲက ဖော်ပြချက်များပါ။

တကယ်လည်း ဒီလုပ်ငန်းအရပ်ရပ်မှာ တရုတ်တပ်များက ပါဝင်လုပ်ဆောင်နေခြင်းအားဖြင့် တရုတ်တပ်များရဲ့စွမ်းရည်တွေကို မြှင့်တင်ပေးရာလည်း ရောက်စေပါတယ်။

ဒါ့ပြင် တရုတ်တွေက တဆင့်တက်ပြီး ငြိမ်းချမ်းရေးစောင့်တပ်သားများကို မွေးမြူပေးတဲ့သင်တန်းကျောင်းများ ဖွင့်ပြီး ကျန်နိုင်ငံအသီးသီးက (အာဖရိကနိုင်ငံများ၊ အာရှ-အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ မြန်မာ၊ စသဖြင့်) စစ်သည်များကို လက်ခံသင်ကြားပေးနေပါတယ်။

ဒီလိုနည်းနဲ့ ကုလသမဂ္ဂရဲ့ အခန်းကိုလည်း မြှင့်တင်ပေးနေတယ်လို့ ဆိုပါတယ်။

တရုတ်တွေပြောနေကျ (win-win)ပေါ့။

ဆောင်းပါးအမှတ်(၃)မှာတော့ တရုတ်တပ်တွေပါဝင်တဲ့ အခိုင်အမာလုပ်ငန်းတွေအကြောင်း ရေးပါ့မယ်။

လှကျော်ဇော
၂၄-၁၀-၂၀၂၀