ဒေါက်တာသိန်းလွင် - နယ်စပ်ဒေသမှ မြန်မာပြည်တွင်းသို့
ဒေါက်တာသိန်းလွင် - နယ်စပ်ဒေသမှ မြန်မာပြည်တွင်းသို့
(မိုးမခ) အောက်တိုဘာ ၂၊ ၂၀၂၀မိတ်ဆွေ သူငယ်ချင်းများအတွက် ရေးသောစာ အပိုင်း (၁၅)
ဤအပိုင်းတွင် ၂၀၀၁ မှ ၂၀၁၁ အတွင်း (၁၀ နှစ်တာကာလ) အတွေ့အကြုံ၊ အဖြစ်အပျက်များနှင့် ၂၀၁၂ တွင် မြန်မာနိုင်ငံသို့ ပြန်ရောက်သည့်အကြောင်း ရေးသားထားပါသည်။ အလုပ်အကြောင်း ရေးတာများသွားသည့်အတွက် ပျင်းစရာကောင်းမည်ဟု ထင်ပါသည်။
ဒေါက်တာသိန်းလွင်
၂၀၂၀ အောက်တိုဘာလ ၂ ရက်။
၂၀၂၀ အောက်တိုဘာလ ၂ ရက်။
နယ်စပ်ဒေသမှ မြန်မာပြည်တွင်းသို့
ဘူခါရက်လေဆိပ်ရောက်ပြီးမှ ဝင်ခွင့်မရပဲ ကျွန်တော် ထိုင်းကို ပြန်သွားရတဲ့သတင်းကို RWCT Conference တက်ရောက်တဲ့သူအားလုံး သိသွားကြပါတယ်။ ညီလာခံအပြီးမှာ ပါမောက္ခ ၂ ဦး၊ ကျွန်တော့်ဆီကို လိုက်လာကြပါတယ်။ အမေရိကန်က Prof. Karin Dahl နဲ့ ကနေဒါက Prof. Terry McEachern တို့ဖြစ်ပါတယ်။ ဝေဖန်ပိုင်းခြားစဉ်းစားရန် စာရေးခြင်းနဲ့ စာဖတ်ခြင်း RWCT Workshops များကို ချင်းမိုင်မှာလုပ်ဖို့ တိုင်ပင်ဆွေးနွေးကြပါတယ်။
၂၀၀၁ ခုနှစ်ထဲမှာ RWCT Workshop လေးကြိမ် လုပ်ကြပါတယ်။ ပထမအကြိမ်နဲ့ တတိယအကြိမ်မှာ အမေရိကန်် Northern Iowa တက္ကသိုလ်မှ Prof. Jeannie Steele နဲ့ Prof. Kurt Meredith တို့ ဦးဆောင်ပါတယ်။ ဒုတိယနဲ့ စတုတ္တအကြိမ်တွေမှာ Karin နဲ့ Terry တို့ဦးဆောင်ပါတယ်။ တက်ရောက်သူတွေကတော့ ကျွန်တော်နှင့်တကွ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ပညာရေးဋ္ဌာနတွေက သင်ကြားရေးတာဝန်ယူထားသူတွေ ဖြစ်ကြပါတယ်။
Workshop ကုန်ကျစရိတ်တွေနဲ့ စာအုပ်စာတမ်းတွေကို OSI က ပံ့ပိုးပေးပါတယ်။ Workshop တွေအပြီးမှာ မြန်မာနိုင်ငံသား ဆရာ၊ ဆရာမများအတွက် RWCT သင်တန်းများ ပို့ချခွင့်နဲ့ RWCT နိုင်ငံတကာအသင်းကိုယ်စား သင်တန်းဆင်းလက်မှတ် ချီးမြှင့်ခွင့်အတွက် ကျွန်တော့်ကိုအသိအမှတ်ပြုပေးပါတယ်။
၂၀၀၁ ခုနှစ် RWCT တက်ရောက်ကြသူတွေထဲမှာ ကရင်ဆရာဆရာမများအဖွဲ့ (KTWG) ကို ဦးဆောင်တဲ့ဆရာမနော်လာထူးနဲ့ မဲဆောက်၊ ရွှေ့ပြောင်း ဆရာဆရာမများကော်မတီ (BMWEC) ကို ဦးဆောင်တဲ့ဆရာမနော်ဖေါရေတို့က ပညာရေးလုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်နေကြပါတယ်။ ကျန်ပုဂ္ဂိုလ်များထဲက တချို့က တတိယနိုင်ငံထွက်ခွာသွားကြပါပြီ။ တချို့ကိုတော့ အဆက်အသွယ်မရတော့ပါဘူး။
နယ်စပ်ဒေသ ဆရာအတတ််ပညာသင်တန်းများ
၂၀၀၁ ခုနှစ် နှစ်ကုန်ပိုင်းမှာ NHEC ရဲ့ ပညာရေးအစီအစဉ်အနေနဲ့ ဆရာအတတ်ပညာ ၃လ သင်တန်း တစ်ခုကို ချင်းမိုင်မြို့မှာ ပြုလုပ််ပါတယ်။ NHEC အဖွဲ့ဝင် တော်လှန်ရေးအဖွဲ့ အသီးသီးက ဖွင့်လှစ်တဲ့ကျောင်းတွေက ဆရာ၊ ဆရာမ ၃၀ ခန့် တက်ရောက်ပါတယ်။ သင်ကြားပေးသူတွေကတော့ NHEC ဥက္ကဋ္ဌ စောဝင်းဂိတ်၊ KNU ပညာရေးဋ္ဌာနတာဝန်ခံ စောလားစေး၊ မွန်ပညာရေးဋ္ဌာနမှ ဆရာဇေနဲ့ ကျွန်တော်တို့ ဖြစ်ပါတယ်။
ဧည့်သည်ဆရာများအဖြစ် အင်္ဂလန်မှ Marry & Steve Wootten, ကနေဒါမှ Scott O’Brien နဲ့ အမေရိကန်မှ Rose Metro တို့ဖြစ်ပါတယ်။ Rose က အဲ့ဒီအချိန်က မြန်မာနိုင်ငံသမိုင်းကို လေ့လာနေသူဖြစ်ပါတယ်။
၂၀၀၁ ခုနှစ် နှစ်ကုန်ပိုင်းမှာ NHEC ကော်မတီအသစ် ဖြစ်လာပါတယ်။ ယခင်ဥက္ကဋ္ဌ စောဝင်းဂိတ်က KNU ကို ပြန်သွားပြီး မကြာခင်မှာပဲ တတိယနိုင်ငံကို ထွက်ခွါသွားပါတယ်။ NHEC ကော်မတီအသစ်က ပညာရေးထက် နိုင်ငံရေးရည်မှန်းချက်ကို ပိုပြီးအာရုံစိုက်ပါတယ်။ ပညာရေးကို နိုင်ငံရေးရဲ့လက်အောက်ခံဖြစ်တယ်လို့ ယူဆတဲ့အတွက် ပညာရေးအလုပ်တွေကို အားပေးတာ နည်းလာပါတယ်။ ဒါနဲ့ ကျွန်တော်လည်း NHEC က ထွက်ပြီး ဆရာအတတ်ပညာသင်တန်းတွေကို အဖွဲ့အစည်းတွေက ပညာရေးတာဝန်ခံတွေနဲ့ တိုက်ရိုက်ဆက်သွယ်ဆောင်ရွက်ခဲ့ပါတယ်။
၂၀၀၂-၂၀၀၃ ခုနှစ်တွေမှာ ဒုက္ခသည်စခန်းတွေနဲ့ မဲဆောက်က ရွှေ့ပြောင်းအလုပ်သမားကလေးတွေအတွက် ဖွင့်တဲ့ကျောင်းတွေမှာ RWCT သင်တန်းတွေလုပ်ပေးပါတယ်။ မွန် ဆရာ၊ ဆရာမတွေအတွက် စံခရဘူရီနဲ့ ကချင် ဆရာ၊ ဆရာမများအတွက် မိုင်ဂျာယန်မှာလည်း RWCT သင်တန်းတွေပေးပါတယ်။
ဆရာ၊ ဆရာမအသစ်တွေကိုလည်း ချင်းမိုင်ကိုခေါ်ပြီး ၃လ သင်တန်းပေးပါတယ်။ ဆရာမ ဒေါက်တာစင်သီယာမောင်နဲ့ Ms. Pippa Curwen တို့ကို ကျေးဇူးတင်ပါတယ်။ သင်တန်းသားတွေရဲ့ ကုန်ကျစရိတ်ကို ကူညီပေးကြပါတယ်။ နောက်ပိုင်းနှစ်တွေမှာတော့ Prospect Burma နဲ့ OSI တို့က ကူညီပါတယ်။
၂၀၀၄ ခု နှစ်မှာတော့ ဆရာ၊ ဆရာမအသစ်တွေအတွက် ၆လ သင်တန်းကို ချင်းမိုင်မှာလုပ်ပါတယ်။ နယ်စပ်က ကျောင်းတွေမှာ တစ်လသွားပြီး လက်တွေ့သင််ကြားမှုလည်း လုပ်ရပါတယ်။ ချင်းမိုင်မှာ သင်တန်းမရှိတဲ့ အချိန်ကာလတွေမှာတော့ နယ်စပ်က ကျောင်းတွေမှာ RWCT နာရီ ၆၀ သင်တန်းတွေလုပ်ပါတယ်။
မန္တလေး၊ ဖောင်တော်ဦးကျောင်းမှ ဆရာ၊ ဆရာမများ
၂၀၀၅ ခုနှစ်မှာ မန္တလေး၊ ဖောင်တော်ဦးဘုန်းတော်ကြီးသင်ကျောင်းမှ ဆရာတော် ဦးနာယက က ကျွန်တော့်ဆီ ဖုန်းဆက်ပြီး သူ့ကျောင်းက ဆရာ၊ ဆရာမတွေကို သင်တန်းပေးဖို့ ပြောပါတယ်။ ဆရာတော်က ကျွန်တော်ရဲ့သင်တန်းအကြောင်းကို ဘန်ကောက် AIT တက္ကသိုလ်မှာ ကျောင်းတက်နေကြတဲ့ ကိုကျော်ငြိမ်းအေးနဲ့ ကိုအောင်မျိုးသိုက်တို့ဆီက သိရပြီး ဆက်သွယ်လာတာ ဖြစ်ပါတယ်။
၂၀၀၅ ခု နှစ်လယ်လောက်မှာ ဖောင်တော်ဦးကျောင်းက ဦးဝင်းညွန့်နဲ့ တကွ ဆရာ၊ ဆရာမ ၂၀ ခန့်ကို ချင်းမိုင်ကို ဖိတ်ခေါ်ပြီး ၃လ သင်တန်းတစ်ခု ပြုလုပ်ပေးခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်မှာလည်း ပြည်တွင်းက ဆရာ၊ ဆရာမတွေအတွက် ချင်းမိုင်မှာ သင်တန်းတစ်ခု လုပ်ပေးပါတယ်။ မန္တလေးနဲ့ သန်လျင် ဘ.က ကျောင်းက ဆရာ၊ ဆရာမတွေအပြင် စာရေးဆရာ ကိုတာရဲ့ လုမ္ဗိနီကျောင်းက ဆရာမတွေလည်း ပါဝင်ပါတယ်။
ဖောင်တော်ဦးဆရာတော်ကတဆင့် သတင်းရပြီး ၂၀၀၅ နှစ်ကုန်ပိုင်းလောက်မှာ ဆရာကိုတာ ချင်းမိုင်ကို လာပါတယ်။ သူ့ကျောင်းက ဆရာ၊ ဆရာမတွေကို သင်တန်းခေါ်ပေးဖို့ လာပြောပါတယ်။ ကျွန်တော်က စရိတ်နည်းနည်းနဲ့ သင်တန်းလုပ်ရတာမို့ ပရဟိတကျောင်းတွေအတွက်သာ ကုန်ကျခံနိုင်ကြောင်း၊ ပုဂ္ဂလိကကျောင်းအတွက် စရိတ် အခက်အခဲရှိကြောင်း ပြောတော့ သူ့စရိတ်နဲ့ လွှတ်မယ်လို့ ပြောပါတယ်။ ဒါနဲ့ လုမ္ပဏီကျောင်းက ဆရာမ ၄ ဦး ၂၀၀၆ ခုနှစ် သင်တန်းမှာ ပါဝင်လာပါတယ်။ ဆရာကိုတာက သူ့ကျောင်းက ဆရာမ ၄ ဦး အတွက် လေယာဉ်စရိတ်ကျခံပေးပါတယ်။ သင်တန်းသား ဆရာ၊ ဆရာမ အားလုံးအတွက် နေစရိတ်၊ စားစရိတ်ကိုတော့ ကျွန်တော့်သင်တန်းက တာဝန်ယူပါတယ်။
သင်တန်းနေရာကတော့ ချင်းမိုင်မြို့ပြင်က အိမ်ငယ်လေးတွေပါဝင်တဲ့ တည်းခိုရိပ်သာ တစ်ခုကို ငှါးပြီးလုပ်တာပါ။ တစ်အိမ်ကို ၂ ယောက်စီ နေရာချပေးပါတယ်။ မန္တလေးက ဆရာမ ၈ ယောက်ကတော့ သရဲကြောက်လို့ဆိုပြီး ၈ ယောက်စလုံး တစ်အိမ်ထဲမှာပဲ စုအိပ်ကြပါတယ်။ ဒါတောင်ကြောက်နေသေးလို့ သင်တန်းသားတွေအတွက် နေရေး၊ စားရေး တာဝန်ယူပေးတဲ့ ဆရာမအစိုင်းပါ သူတို့နဲ့ သွားနေပေးရပါတယ်။ ဆရာတော် ဦးထေရိန္ဒကလည်း အပ်ချည်ကြိုးကို မန်းမှုတ်ပြီး လက်တွေမှာ ချည်ပေးရပါသေးတယ်။
သရဲချောက်တာလည်းမပြောနဲ့၊ သူတို့အုပ်စုကလည်းလွန်တယ်။ တည်းခိုရိပ်သာပိုင်ရှင်က ထိုင်းရိုးရာ နတ်တင်ဖို့ ပြုတ်ထားတဲ့ ဝက်ခေါင်းတစ်လုံးနဲ့ ကြက်တစ်ကောင်ကို နတ်တင်ပြီးပြီအထင်နဲ့ (မမေးမစမ်း) ယူပြီးသုတ်စားကြတာကိုး။
ဦးထေရိန္ဒက မန္တလေး၊ ဘုရားကြီးတိုက်၊ မဲဖလန် ဘ.က ကျောင်းက ဆရာတော် ဖြစ်ပါတယ်။ သင်တန်းဆင်းပွဲမှာ ဆရာတော်က RWCT နည်းစနစ်တွေဟာ ဗုဒ္ဓရဲ့ သင်ကြားနည်းစနစ်နဲ့ တူနေကြောင်းနဲ့ Critical Thinking ဟာလည်း ဗုဒ္ဓဟောကြားတဲ့ ကာလာမသုတ်နဲ့ ထပ်တူပင်ဖြစ်ကြောင်း မှတ်ချက်ပြု ပြောကြားပါတယ်။ ရန်ကုန်ကနေ သင်တန်းလာတက်တဲ့ ကိုကောင်းညွန့်က သင်တန်းဆင်းပွဲမှာ သူစပ်ထားတဲ့ သံချပ်ကိုရွတ်ပါတယ်။
“ချင်းမိုင်ကိုတဲ့ ရောက်လို့လာ ... ကျုပ်တို့ကိုဗျာ တောထဲပို့ထား”
ကျွန်တော့်သင်တန်းက ချင်းမိုင်မြို့နဲ့ အတော်အလှမ်းဝေးတဲ့ ရွာငယ်လေးတရွာမှာ လုပ်တာမို့ သူတို့ခမျာ ချင်းမိုင်မြို့ကို မလည်ရလို့ စိတ်နာနာနဲ့ စကားနာထိုးပုံရပါတယ်။
သင်တန်းကို တိတ်တိတ် ဆိတ်ဆိတ် လုပ်တာတောင်မှ မြန်မာအစိုးရ ထောက်လှမ်းရေးက သတင်းရသွားပါတယ်။ ချင်းမိုင်ကပြန်သွားတဲ့ ဆရာ၊ ဆရာမတွေ ရန်ကုန်လေဆိပ်ရောက်တော့ ထောက်လှမ်းရေးက ခေါ်စစ်ပါတယ်။ ချင်းမိုင်မှာ ဘာသင်တန်း သွားတက်လည်းလို့ မေးပါတယ်။ စစ်သင်တန်းသွားတက်တယ်လို့ သတင်းရလို့ စစ်မေးတာလို့ပြောပါတယ်။
ရွှေ့ပြောင်းအလုပ်သမား လူငယ်များအတွက် သင်တန်းများ (Migrant Learning Center)
ချင်းမိုင်ကိုရောက်လာကြတဲ့ မြန်မာပြည်သား လူငယ်တွေအတွက်လည်း ၂၀၀၅ ခုနှစ်မှာ သင်တန်းကျောင်းတစ်ခု လုပ်ပါတယ်။ ထိုင်းစာ၊ အင်္ဂလိပ်စာ၊ ကွန်ပျူတာတွေ သင်ပေးပါတယ်။ ထိုင်းနိုင်ငံရဲ့ ဥပဒေတွေ၊ ယဉ်ကျေးမှုတွေလည်း သင်ပေးပါတယ်။ စာလည်းသင်ပေးရင်း မိဝေး၊ ဖဝေး ရောက်လာကြတဲ့ လူငယ်တွေကို ကူညီစောင့်လျှောက်မှုပေးဖို့ ရည်ရွယ်ပြီး ဖွင့်တာဖြစ်ပါတယ်။
မနက်တစ်ချိန်၊ ညနေတစ်ချိန် သင်ပေးပါတယ်။ နေ့ဘက်အလုပ်လုပ်တဲ့သူတွေက ညနေသင်တန်းတက်ကြပါတယ်။ ညဘက်အလုပ်လုပ်သူတွေက မနက်သင်တန်းတက်ကြပါတယ်။ သုံးလတစ်ကြိမ် ဖွင့်တဲ့ သင်တန်းတစ်သုတ်မှာ သင်တန်းသား ရာချီ တက်ရောက်ကြပါတယ်။ အခမဲ့သင်တန်းပါ။ ကုန်ကျစရိတ်ကိုတော့ အမေရိကန်သူဋ္ဌေးတစ်ဦးဖြစ်တဲ့ Mr. Bill Harrison က ကူညီပါတယ်။ ဒီသင်တန်းကို ဆရာစိုင်း(စိုင်းဆိုင်လိန်ခမ်း)၊ ဦးစိုင်းလင်း၊ ဆရာစွမ်ပေါင်း၊ ဆရာခါလွမ်း၊ ဦးသိန်းဝင်း၊ ကိုကျော်ကျော်မင်းထွဋ်နဲ့ နန်းဗိုးကိန် တို့က ဦးဆောင်သင်ကြားပေးပါတယ်။
မြန်မာပြည်သား၊ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကလေးတွေအတွက်လည်း မူကြိုနဲ့ မူလတန်းကျောင်းတစ်ခု ဖွင့်ပေးပါတယ်။ မိဘတွေရဲ့တရားဝင်နေထိုင်ခွင့်မရှိခြင်း၊ ထိုင်းစကားမတတ်ခြင်းတို့ကြောင့် ထိုင်းကျောင်းတွေ မသွားနိုင်တဲ့ ကလေးတွေအတွက် ရည်ရွယ်ဖွင့်ပေးခဲ့ပါတယ်။ မြန်မာပြည်သားအလုပ်သမားတွေက စိုက်ပျိုးရေးခြံတွေ၊ ဆောက်လုပ်ရေးဝင်းတွေထဲမှာ နေကြတာမို့ ကျွန်တော်တို့အဖွဲ့သားတွေ အဲ့ဒီမိသားစုတွေဆီသွားပြီး ကျောင်းဖွင့်တဲ့ သတင်းကို သွားပြောပါတယ်။ ဘုရားကျောင်းတွေမှာလည်း သွားပြောပါတယ်။ ကျွန်တော်တို့နဲ့ သိပြီးသားမိသားစုတွေက ဝမ်းသာအားရ ကလေးတွေကို အပ်ကြပါတယ်။
မြို့ပြင်စိုက်ခင်းတစ်ခုမှာ အလုပ်လုပ်တဲ့ ရှမ်းမိသားစု တစ်ခုဆိုရင် သွားပြောတဲ့ ဆရာမတွေကို မသိတဲ့အတွက် သူ့ကလေးတွေကို မလွှတ်ဘူးလို့ ငြင်းပါတယ်။ သွားပြောတဲ့ ဆရာမတွေက ဗမာစကားနဲ့ ပြောတာမို့ ရှမ်းမိသားစုက နားမလည်ဘူးထင်ပြီး နောက်တစ်ခေါက် ရှမ်းလူမျိုးဆရာမတစ်ယောက်ကိုခေါ်ပြီး ရှမ်းစကားနဲ့ သွားရှင်းပြပါတယ်။ ကလေးတွေရဲ့ အဖေရှမ်းကြီးက စိတ်ဆိုးမာန်ဆိုးဖြစ်ပြီး
“ငါ့ကလေးတွေကို မလွှတ်ပါဘူးဆိုတာ လာကြပြန်ပြီလား။ ငါ ဓါးနဲ့ခုတ်လွှတ်ရမလား”
သူ့အနားမှာလည်း ဓါးတစ်လက်ရှိတော့ ဆရာမသုံးယောက်တစ်ချိုးတည်းလစ်ကြပါတယ်။
ကျောင်းစဖွင့်တဲ့နေ့မှာ ကလေး ၃၀ လောက် ကျောင်းလာအပ်ပါတယ်။ တစ်ရက်၊ နှစ်ရက်နေတော့ ၆၀ လောက် ဖြစ်လာပါတယ်။ နောက်တစ်ပတ်မှာ ကျောင်းသား ၁၀၀ ကျော် ဖြစ်လာပါတယ်။ ဒုတိယတစ်ပတ်ရောက်တော့ ဓါးနဲ့ ခုတ်လွှတ်မယ်လို့ ပြောတဲ့ ရှမ်းကြီး သူ့ကလေး ၂ ယောက်ကို လက်ဆွဲပြီး ကျောင်းလာအပ်ပါတယ်။ ဆရာမတွေ ဝမ်းသာပြီး မျက်ရည်တောင်ဝဲကြပါတယ်။
ကျွန်တော်တို့က ဘတ်စ်ကားအငယ်လေးတစ်စီး ဝယ်ပြီး ဝေးတဲ့ကျောင်းသားတွေကို အကြိုအပို့ လုပ်ပေးပါတယ်။ နေ့လည်စာလည်း ကျွေးပါတယ်။ ကျောင်းလည်ပတ်စရိတ်ကို နိုင်ငံခြားရောက်နေတဲ့ ကျွန်တော့်မိတ်ဆွေတွေ ကူညီကြပါတယ်။ ကျောင်းကို လာလည်ကြသူတစ်ချို့ကလည်း ဘတ် ၅၀၀၊ဘတ် ၁၀၀၀ စသဖြင့် အလှုဒါနပြုကြပါတယ်။ ဒုတိယနှစ်မှာ ဘန်ကောက်က British Embassy ကလည်းစရိတ်တစ်ချို့ထောက်ပံ့ပါတယ်။
ပညာရေးနှင့် ဒီမိုကရေစီ
၂၀၀၇ ခုနှစ်မှာ ချင်းမိုင်မှာပြုလုပ်တဲ့ ဆရာအတတ်ပညာသင်တန်းတွေကို ခဏနားရပါတယ်။ ကျွန်တော်က အမေရိကန်၊ ဝါရှင်တန်ဒီစီမြို့မှာရှိတဲ့ National Endowment for Democracy (NED) အဖွဲ့ကစီစဉ်တဲ့ Fellowship Program သွားလုပ်ပါတယ်။ ခြောက်လကြာပါတယ်။ ဆရာမ မနန်းလုံကလည်း အင်္ဂလန်၊ နယူးကာဆယ်တက္ကသိုလ်မှာ ကျောင်းဆက်တက်၊ ဆရာမ အစိုင်းကလည်း ဖိလစ်ပိုင်မှာကျောင်းသွားတက်ကြတာမို့ သင်တန်းတွေခဏနားထားတာပါ။ ရွှေ့ပြောင်းအလုပ်သမား လူငယ်များအတွက် သင်တန်းများနဲ့ ကလေးငယ်များအတွက်မူလတန်းကျောင်းကို ဆက်ဖွင့်ထားပါတယ်။
NED Fellowship အစီအစဉ်နဲ့ ဝါရှင်တန်ဒီစီနဲ့ နယူးယောက်တစ်ဝိုက်က တက္ကသိုလ်တွေ၊ ကျောင်းတွေနဲ့ အစိုးရ ပညာရေးဋ္ဌာနတွေကို သွားရောက်လေ့လာပါတယ်။ အမေရိကန်ရဲ့ ဖက်ဒရယ်စနစ်အပေါ်အခြေခံတည်ဆောက်ထားတဲ့ ပညာရေးစနစ်ကို လေ့လာပြီး Education and Democracy in Myanmar စာတမ်းကို ရေးသားခဲ့ပါတယ်။ မြန်မာနိုင်ငံကို ဖယ်ဒရယ် ဒီမိုကရေစီစနစ်နဲ့ ကိုက်ညီတဲ့ ပညာရေးစနစ်တစ်ခုကို အကြံပြုတဲ့ စာတမ်းဖြစ်ပါတယ်။
၂၀၀၇ ခု နှစ်ကုန်ပိုင်းမှာ ထိုင်းမြန်မာနယ်စပ်ကို ပြန်ရောက်ပါတယ်။ ဆရာအတတ်ပညာ ၃လ သင်တန်းများနဲ့ နာရီ ၆၀ RWCT သင်တန်းများကို ပုံမှန် ဆက်လုပ်ပါတယ်။ ထပ်တိုးလာတာကတော့ ပညာရေးနှင့် ဒီမိုကရေစီ ဆွေးနွေးပွဲတွေ ဖြစ်ပါတယ်။
KNU အပါအဝင် တော်လှန်ရေးအဖွဲ့များနဲ့ အခြား ဒီမိုကရေစီ အင်အားစုများ အခြေစိုက်ရာ မဲဆောက်မြို့၊ KIA ထိန်းချုပ်ရာ မိုင်ဂျာယန်၊ KNPP အခြေစိုက်ရာ နန်းဆွယ်၊ မွန်ပြည်သစ်ပါတီ အခြေစိုက်ရာ စံခလဘူရီ၊ အိန္ဒိယရောက် ဒီမိုကရေစီအင်အားစုများရှိရာ ဒေလီမြို့၊ ချင်းမိုင်တက္ကသိုလ်နဲ့ မန္တလေးဖောင်တော်ဦးကျောင်းတွေမှာ ဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့ပါတယ်။ မန္တလေးကိုတော့ ကျွန်တော်ကိုယ်တိုက်မသွားနိုင်ပါဘူး။ Prof. Kurt နဲ့ သင်တန်းဆင်း ဆရာ၊ ဆရာမတွေသွားကြပါတယ်။
၂၀၀၈ ခုနှစ်မှာ ကျွန်တော်ရဲ့ ပညာရေးလုပ်ငန်းတွေကို Thinking Classroom Foundation အမည်နဲ့ ထိုင်းအစိုးရက တရားဝင် အသိအမှတ်ပြုပေးပါတယ်။ ၂၀၀၈ ခုနှစ်ထဲမှာ ပညာရေးအကူအညီတွေလည်းတိုးပြီး ရရှိပါတယ်။ အမေရိကန်နိုင်ငံမှ အလှူရှင်များ၊ စကော့တလန်မှ အလှူရှင်များနဲ့ ဟောင်ကောင်အခြေစိုက် အလှူရှင်အဖွဲ့တစ်ခုတို့မှ ငွေကြေးထောက်ပံ့ ကူညီကြပါတယ်။ Prospect Burma နဲ့ OSI တို့ကလည်း ဆက်လက်ကူညီပါတယ်။
ထိုင်းအစိုးရက တရားဝင်အသိအမှတ်ပြုခြင်း၊ အကူအညီများ တိုးတက်ရရှိခြင်းတို့ကြောင့် ကျွန်တော်တို့ရဲ့သင်တန်းတွေကို တိုးချဲ့နိုင်ပါတယ်။ ၂၀၀၉ မှ ၂၀၁၁ အတွင်း RWCT နည်းစနစ်များကို ဆင့်ပွားပို့ချမည့် နည်းပြဆရာသင်တန်းများ ပြုလုပ်ပါတယ်။ နည်းပြသင်တန်းဆင်းများက မြန်မာနိုင်ငံအနှံ့အပြားရှိ ဘုန်းတော်ကြီးသင်ကျောင်းများ၊ ခရစ်ယာန်ဘုရားကျောင်းအခြေပြု စာသင်ကျောင်းများမှ ဆရာ၊ ဆရာမများကို RWCT နာရီ ၆၀ သင်တန်းများ ပြုလုပ်ပေးနိုင်ပါတယ်။
လူငယ်များအတွက်လည်း ဝေဖန်ပိုင်းခြားစဉ််းစားခြင်း (Critical Thinking) နည်းစနစ်များကို ပို့ချပေးခဲ့ပါတယ်။ ကချင်၊ ကရင်နှင့် မွန်ပညာရေးဋ္ဌာနတွေရဲ့ ဖိတ်ကြားချက်အရ ပညာရေးမူဝါဒနဲ့ သင်ရိုးညွှန်းတမ်း ရေးဆွဲရေး ဆွေးနွေးပွဲများမှာလည်း ပါဝင်တက်ရောက်ခဲ့ပါတယ်။
အိမ်ပြန်ခရီး
၂၀၁၀-၂၀၁၁ ခုနှစ်တွေမှာ ပြည်တွင်း NLD က လုပ်ဖော်ကိုင်ဖက်တွေနဲ့လည်း အဆက်အသွယ် ပြန်ရပါတယ်။ ပဲခူးတိုင်းစည်းရုံးရေးအတွက် အတူတကွ ခရီးသွားခဲ့ကြတဲ့ သတင်းစာဆရာ မောင်ဝံသ ချင်းမိုင်ကို ရောက်လာပါတယ်။ ဦးဟံသာမြင့်နဲ့လည်း အီးမေးနဲ့ အဆက်အသွယ်ရပါတယ်။ ဦးစိုးဝင်း (၉၀ ပဲခူးအမတ်) လည်း ချင်းမိုင်ကို လာပါတယ်။ သူတို့က ကျွန်တော့်ကို ပြည်တွင်းကို ပြန်လာဖို့နဲ့ NLD မှာပြန်လုပ်ဖို့ တိုက်တွန်းကြပါတယ်။
၂၀၁၂ ဧပြီလမှာ ကျွန်တော် ရန်ကုန်ကို ပြန်ပါတယ်။ ၁၉ နှစ်ကြာမှ ရန်ကုန်ကို ပြန်ရောက်တာပါ။ ရန်ကုန် ရောက်ရောက်ချင်း အမေရှိရာ ရွာကို ပြန်ပါတယ်။ ပဲခူးအရှေ့ဘက်က ကျွန်တော့်ဇာတိ ကမာနတ်ရွာပါ။ ကျွန်တော့်ကို စောင့်မျှော်နေရှာတဲ့ အမေ့ကို သွားရောက်တွေ့ဆုံ ကန်တော့ခဲ့ပါတယ်။ အမေက အသက် ၉၀ ရှိပါပြီ။ လေသင်တုန်းဖြတ်ထားလို့ အိပ်ယာထဲမှာ လဲနေပါတယ်။ သတိတော့ရှိပါတယ်။ စကားတော့မပြောနိုင်တော့ပါဘူး။ ကျွန်တော့်ကိုမြင်တော့ ဝမ်းသာတဲ့အရိပ်အယောင်ပြပြီး အမေ မျက်ရည်ကျပါတယ်။
ဒေါက်တာသိန်းလွင်
၂၀၂၀ အောက်တိုဘာလ ၂ ရက်။
၂၀၂၀ အောက်တိုဘာလ ၂ ရက်။
ဓါတ်ပုံများမှာ
၁။ ၂၀၀၅ ခုနှစ်၊ မြန်မာနိုင်ငံတွင်းမှ ချင်းမိုင်သင်တန်းသို့ လာရောက်ကြသော ဆရာ၊ ဆရာမများ။ ပြည်တွင်းမှ တိတ်တဆိတ် လာကြသူများဖြစ်၍ ဓါတ်ပုံရိုက်စဉ် မျက်နှာဖုံးတပ်ထားခြင်းဖြစ်သည်။
၂။ ကချင်ပြည်နယ်၊ မိုင်ဂျာယန်၊ ဆရာအတတ်သင် ကောလိပ်၌ ပြုလုပ်သည့် RWCT သင်တန်း။
၃။ ၂၀၀၇ ခုနှစ်တွင် ရေးသားသည့် ပညာရေးနှင့် ဒီမိုကရေစီ စာတမ်းကို အမေရိကန်နိုင်ငံ၊ ဝါရှင်တန် ဒီစီမြို့ရှိ NED ရုံးတွင် ရှင်းလင်းတင်ပြစဉ်။
၄။ နိုင်ငံတကာ RWCT အသင်းမှ ကျွန်တော့်အား အသိအမှတ်ပြုသည့် လက်မှတ်။