Breaking News

လူ့အသက်၊ ဂုဏ်သိက္ခာနဲ့ လူ့အခွင့်အရေး စံနှုန်းများ


မြန်မာ့နွေဦးခရိုနီကယ် - စက်တင်ဘာ ၁၅ မြင်ကွင်း

မိုးမခ - စက်တင်ဘာ ၁၆၊ ၂၀၂၂ 


လူ့အသက်၊ ဂုဏ်သိက္ခာနဲ့ လူ့အခွင့်အရေး စံနှုန်းများ

ပြီးခဲ့တဲ့ တနှစ်ကျော်ကာလအတွင်းမှာ လက်နက်ကိုင်အဖွဲ့ဝင် မဟုတ်တဲ့ အရပ်သားပေါင်း ထောင်နှင့်ချီပြီး အသက်ဆုံးရှုံးခဲ့ကြရပြီး ဖြစ်ပါတယ်။ စစ်ကောင်စီက အရပ်သားတွေ နိုင်ငံရေးအရ ဆန့်ကျင်တဲ့ ရပ်တည်ချက်ရှိသူတွေ၊ ကျေးရွာက အရပ်သားတွေကို လက်နက်ကိုင် အဖွဲ့ဝင်အဖြစ် စွပ်စွဲ သတ်ဖြတ်ခံရသူ ရာထောင်ချီရှိနိုင်သလို အခြားတဖက်မှာလည်း သတင်းပေးသူ လက်နက်ကိုင် အဖွဲ့ဝင်တွေကို ထောက်ပံ့သူလို့ စွပ်စွဲပြီး သတ်ဖြတ်ခံရသူလည်း ရာဂဏန်းမှ ထောင်ဂဏန်းထိ ရောက်ရှိနေပြီဖြစ်ပါတယ်။ 

အရပ်သားတွေကို ညှဉ်းဆဲသတ်ဖြတ်မှု အများစုကို စစ်ကောင်စီတပ်သား၊  ရဲ၊ စစ်ကောင်စီရဲ့ စစ်ကြောရေးလုပ်သူ တပ်ဖွဲ့ဝင်တွေ ၊ စစ်ကောင်စီနောက်ခံထားတဲ့ ပြည်သူ့စစ် အဖွဲ့တွေက ကျူးလွန်ကြတာ ဖြစ်ပြီး တစုံတရာသော အရေအတွက်ကတော့ စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ လက်နက်ကိုင် အဖွဲ့တွေက ကျူးလွန်ကြတာတွေလည်း ရှိနေတာဖြစ်ပါတယ်။ စစ်ကောင်စီ တပ်က၊ စစ်ကောင်စီထောက်ခံအားပေးထားတဲ့ ပြည်သူ့စစ်က ကျူးလွန်မှုတွေက သတင်းတွေထဲ နေ့စဥ်လိုလိုပါရှိနေပြီး မှတ်တမ်းတင်နေတဲ့ အဖွဲ့အစည်းတွေလည်း တခုမကရှိနေလို့ လအတန်ကြာတိုင်း ကိန်းဂဏန်းတွေကို သတင်းမီဒီယာတွေမှာ ထုတ်ပြန်ဖေါ်ပြနေကြတာတွေ့ရပါတယ်။ 

အခြားတဖက်မှာလည်း လက်နက်ကိုင် အဖွဲ့တွေက စစ်ကောင်စီ သတင်းပေးသူလို့ စွပ်စွဲကာ သတ်ဖြတ်မှုတွေ ကြိုကြားကြိုကြား ပေါ်ထွက်လာနေတာတွေ့ရပါတယ်။  လတ်တလော သတင်းတွေထဲ ပြန်ပါလာနေတဲ့ ယင်းမာပင်မြို့နယ် သပြေအေးရွာက ဗိုလ်သံမဏိ ဦးဆောင်တဲ့ အဖွဲ့က လက်နက်ကိုင် အဖွဲ့ဝင် တချို့နဲ့ အရပ်သား စုစုပေါင်း ၁၁ ဦးကို သတ်ဖြတ်ခဲ့တယ် ဆိုတဲ့ ယင်းမာပင်မြို့နယ် လာပို့ရွာသားတွေ အသတ်ခံရတဲ့ အဖြစ်အပျက်နဲ့ပတ်သက်တဲ့ ထုတ်ပြန်ချက်တွေ ၊ စွပ်စွဲချက်၊ NUG ရဲ့ ခုံရုံးဖွဲ့ စစ်ဆေးမှု ၊စီရင်ဆုံးဖြတ်မှုတွေ မပြီးပြတ်သေးတဲ့ သတင်းဖြစ်ပါတယ်။ 

မကြာသေးခင်က ဆောမြို့နယ်မှာ ဖြစ်ပျက်ခဲ့တဲ့ စွပ်စွဲ သတ်ဖြတ်ပြီး ပိုင်ဆိုင်တဲ့ ပစ္စည်း ငွေကြေး ကားတွေ ယူဆောင်သွားတဲ့ အဖြစ်အပျက်မှာလည်း သတ်ဖြတ်တဲ့အဖွဲ့က အသတ်ခံရတဲ့ သူတွေဟာ သတင်းပေးတွေလို့ တိုင်ကြားမှုရှိလို့ သွားရောက်မေးမြန်းစဥ် လက်နက်လုယူတာကြောင့် ပစ်သတ်လိုက်ရတာလို့ ဆင်ခြေပေးခဲ့တာ တွေ့ရပါတယ်။ 

ကျေးရွာတွေသာမကပဲ ယမန်နှစ်က ရန်ကုန်မြို့ လှိုင်မြို့နယ်မှာ တက်စီမောင်းသူတဦးကို ကားပေါ်မှာ ထိုင်နေစဥ် ပစ်သတ်ခဲ့ပြီး သတင်းပေးလို့ စွပ်စွဲပြောဆိုခဲ့တဲ့ ဖြစ်ရပ်မျိုးလည်း ရှိခဲ့ပါတယ်။ 

စစ်ကောင်စီဘက်က အရပ်သားတွေ အတိုက်အခံလုပ်တဲ့ နိုင်ငံရေးအရ ဆန့်ကျင်တဲ့ နိုင်ငံရေးသမားတွေကို လက်နက်ကိုင်နည်းနဲ့ ဆန့်ကျင်တာမဟုတ်လည်း အသက်ဆုံးရှုံးသည်အထိ သတ်ဖြတ်နေကြတာကြောင့် စစ်ကောင်စီကို အကြမ်းဖက် စစ်တပ် ဖက်ဆစ်စစ်တပ် မိစ္ဆာ စစ်တပ်လို့ ခေါ်ဆိုနေကြချိန်မှာ စစ်ကောင်စီကို ဆန့်ကျင်တဲ့ လက်နက်ကိုင် အဖွဲ့တွေ လုပ်ကြံသတ်ဖြတ်ရေးပြောက်ကျားအဖွဲ့တွေ အနေနဲ့ မှားယွင်းတဲ့ စွပ်စွဲမှုတွေ နဲ့ အရပ်သားတွေကို မျက်ကွယ်မှာ သေဒဏ်စီရင်ပြီး လုပ်ကြံသတ်ဖြတ်နေမှုတွေ ပိုပြီးများလာခဲ့မယ်ဆိုရင် စစ်အာဏာရှင်ဖြုတ်ချရေး လက်နက်ကိုင် တော်လှန်မှုရဲ့ ဂုဏ်သိက္ခာ ပျက်ယွင်းလာစရာ ရှိနေတာလည်း ဖြစ်ပါတယ်။ အသက်ဆုံးရှုံးရသူတွေကို သတ်ဖြတ်ပြီးနောက် သတ်ဖြတ်တဲ့ လုပ်ရပ်ကို မှန်ကန်ကြောင်း သက်သေပြဖို့  အတွက် တဖက်သတ် စွပ်စွဲပြောဆိုတာ သတင်းမီဒီယာတွေကို တဖက်သတ် သတင်းအချက်အလက်တွေပေးပြီး ပုံဖေါ် ရေးသားဖို့ စည်းရုံးတာမျိုးတွေလည်း ရှိလာနေတာ ဖြစ်ပါတယ်။ လက်နက်ကိုင် အဖွဲ့အစည်းက အဆိုပါနယ်မြေမှာ စိုးမိုးထားချိန် အန္တရာယ်ပေးနိုင်ချိန်မှာ နစ်နာသူ ၊ မျက်မြင်သက်သေ စတဲ့သာမန် လူထုအနေနဲ့ သတင်းမီဒီယာပါ အချက်အလက်တွေမှားယွင်းနေသည့်တိုင် ထုတ်ဖေါ် မပြောဆိုရဲတဲ့ အခြေအနေမျိုးလည်း ရှိလို့ သတင်းမီဒီယာတွေမှာ ပါတဲ့ အချက်အလက်တိုင်းဟာ စိစစ်အတည်ပြုပြီးသား အချက်အလက်တွေလို့ ယူဆလို့မရပါဘူး။ သတင်းမီဒီယာတွေ အနေနဲ့ သတင်းဖြစ်ပျက်တဲ့ ဒေသက နောက်ခံအခြေအနေ မတူတဲ့ သတင်းရင်းမြစ်တွေကို ရနိုင်သလောက် မေးမြန်းစုစည်းပြီးမှ အချက်အလက်ကို ပရိသတ်ထံ တင်ပြတာမျိုးထက် အဖြစ်အပျက်မှာ ကိုယ်တိုင်ပါဝင်နေသူ တချို့သော အခြေအနေမှာ အဆိုပါ သတ်ဖြတ်မှုကို ကျူးလွန်ထားတဲ့ အဖွဲ့အစည်းရဲ့ အသံတခုထည်းနဲ့တင် ဖေါ်ပြနေကြတဲ့ သတင်းမျိုးတွေလည်း တွေ့နေရတာကြောင့် နစ်နာသူတွေရဲ့ မိသားစုတွေ သို့မဟုတ် အဖြစ်အပျက်ကို သေချာသိရှိတဲ့ ဒေသခံတွေအနေနဲ့ အန္တရာယ်ရှိတာကြောင့် နှုတ်ဆိတ်နေကြရတဲ့အခြေအနေမျိုးတွေလည်း ရှိနေတာ ဖြစ်ပါတယ်။ 

ဒီလို အဖြစ်အပျက်တွေက လူ့အခွင့်အရေး လူသားတယောက်ရဲ့ အသက်ရှင်သန်ခွင့်ကို စွပ်စွဲချက် တချက်တည်းနဲ့ ဆုံးဖြတ်ပြီး သုတ်သင်သတ်ဖြတ်ကြတဲ့ အစဥ်အလာက မြန်မာ့နိုင်ငံရေး ဖြစ်စဥ်တွေမှာ အမည်းကွက် စွန်းထင်းကျန်ရစ်စေမှာ ဖြစ်ပါတယ်။ အသက်သေဆုံးကြရသူတွေ အနေနဲ့ မှားယွင်း သတင်းပေးမှုကြောင့် သတ်ဖြတ်ခံရသည့်နောက်မှာ ဂုဏ်သိက္ခာပါ ထပ်မံဖျက်ဆီးခံရပြီး ကျန်ရစ်တဲ့ မိသားစုဝင်တွေကိုပါ  စစ်ကောင်စီ သတင်းပေး ရဲ့ မိသားစု အဖြစ်နဲ့ နာမည်ဖျက်ခံရတာမျိုးလည်း ရှိနေတာဖြစ်ပါတယ်။  ဒီလို အသက်ဆုံးရှုံးရတဲ့ အပြင် ဂုဏ်သိက္ခာပါ အမည်းကွက်စွန်းထင်း ကျန်ရစ်တဲ့ အဖြစ်ဟာ ဘယ်လိုမှ တရားမျှတမှု ရှိတယ်လို့ ဆိုနိုင်မှာ မဟုတ်ပါဘူး။ လက်နက်ကိုင် အဖွဲ့တဖွဲ့နဲ့ တဖွဲ့ တိုက်ခိုက်ကြတာဟာ နိုင်ငံရေး ရည်ရွယ်ချက် စစ်ရေး ရည်ရွယ်ချက်ဖြစ်လို့ လူ့အခွင့်အရေး စံနှုန်းနဲ့ တိုင်းတာစရာမလိုပေမယ့် အရပ်သားတယောက်ကို လက်နက်ကိုင် တိုက်ခိုက်မှုတွေအထဲ အတင်းဆွဲစပ်ပြီး အကာအကွယ်မဲ့တဲ့ အနေအထားမှာ လုပ်ကြံသတ်ဖြတ်တာ၊ ဖမ်းဆီးသတ်ဖြတ်တာတွေက အစဥ်အလာအားဖြင့် ပဒေသရာဇစ်စနစ် ၊ စစ်အာဏာရှင်စနစ်နဲ့ အလားသဏ္ဍာန်တူတူပဲ လို့ဆိုရမှာ ဖြစ်ပါတယ်။ 

သတင်းပေးလို့ ယူဆရုံနဲ့ သံသယနဲ့ စွပ်စွဲမှုသက်သက်နဲ့  သတ်ဖြတ်ခွင့်ရှိတယ်ဆိုတဲ့ လူ့အခွင့်အရေး စံနှုန်းတွေကို ယဥ်ကျေးတဲ့ ဘယ်နိုင်ငံရေးဝါဒမှာမှ ခွင့်ပြုထားမှာ မဟုတ်ပါဘူး။ အရပ်သားတွေ အပေါ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှု၊ လူသတ်မှုလို့သာ ခေါ်ဆိုသတ်မှတ်ရမယ့် အနေအထားမျိုးဖြစ်ပါတယ်။ 

ဒီမိုကရေစီ လူ့အဖွဲ့အစည်း ဒီမိုကရေစီ နိုင်ငံရေးစနစ်ကို တည်ဆောက်ဖို့ ရည်မှန်းချက်ထားရှိတဲ့ အဖွဲ့တွေ အနေနဲ့ အခုလို သမိုင်းမှာ အမည်းစက်စွန်းထင်းစေတဲ့ စစ်အာဏာရှင်တွေ ၊ အရပ်သားအာဏာရှင်တွေရဲ့ လုပ်ရပ်မျိုးတွေ အတိုင်း အတုယူ မလုပ်ဆောင်သင့်ဘူးလို့ ထင်မြင်မိပါတယ်။ အရပ်သား ပစ်မှတ်နဲ့ စစ်ရေးပစ်မှတ်ဆိုတဲ့ စကားလုံးအသုံးအနှုန်းတွေရဲ့ အဓိပ္ပါယ်ကိုလည်း ကွဲကွဲပြားပြား သတ်မှတ်ဖို့ လိုအပ်သလို အသိပေးထားဖို့ လည်းလိုအပ်ပါတယ်။ သေဒဏ်ဆိုတဲ့ ပြစ်ဒဏ်ဟာ အမြင့်ဆုံးသော အပြစ်ပေးမှုဖြစ်ပြီး နောက်ကြောင်းပြန် အလျော်အစားလုပ်လို့မရတဲ့ ပြစ်ဒဏ်မို့လို့ လူ့အခွင့်အရေးကို လေးစားတန်ဖိုးထားတဲ့ နိုင်ငံတွေမှာ ပယ်ဖျက်ထားကြတာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ သေဒဏ် ပယ်ဖျက်မထားသည့်တိုင် သေဒဏ်နဲ့ ထိုက်သင့်တဲ့ ပြစ်မှု ဥပဒေကြောင်းအရ ခုခံကာကွယ်ခွင့် လုံလောက်တဲ့ သက်သေ အတည်ပြုနိုင်မှုတွေ နဲ့ သေဒဏ် အပြစ်ပေးကြတဲ့ အနေအထားကိုတောင် ရက်စက်တဲ့ ပြစ်ဒဏ်လို့ ယူဆနိုင်စရာ ရှိနေပြီး အခုလို လူတယောက်ကို လုပ်ကြံသတ်ဖြတ်ဖို့ သေဒဏ်ပေးဖို့ကိစ္စမှာ လူတယောက် သို့မဟုတ် လူတစုက ရရှိတဲ့ အချက်အလက်ပေါ် အခြေခံပြီး နောက်ကွယ်မှာ ဆုံးဖြတ်ကာ ပြစ်ဒဏ်ပေးသတ်ဖြတ်နေကြတဲ့ အဖြစ်ဟာ တနေ့မှာ သမိုင်းအမည်းစက်တွေ လူ့အခွင့်အရေးဆိုင်ရာ ရက်စက်တဲ့ ကျူးလွန်မှုတွေ ဖြစ်လာနိုင်တာ အထူးသတိပြုဖို့ လိုအပ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar