မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး ၁လ နဲ့ ၂၁ ရက် မြောက်နေ့ မြင်ကွင်း
မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး ၁လ နဲ့ ၂၁ ရက် မြောက်နေ့ မြင်ကွင်း
(မိုးမခ) မတ် ၂၃၊ ၂၀၂၁ခုခံမှုမျက်နှာစာတွေ ခုခံနေကြဆဲ
ဒီနေ့ဟာ ပြီးခဲ့တဲ့ ၂၀၂၀ မတ် ၂၃ ရက်နေ့က မြန်မာနိုင်ငံအနေနဲ့ ပထမဆုံးသော ကိုဗစ်အတည်ပြုလူနာ တွေ့ရှိခဲ့တဲ့ နေ့ဖြစ်ပြီး အဲဒီတုန်းက မြို့ကြီးအချို့မှာ စျေးအလုအယက်ဝယ်ခဲ့ကြ စိုးရိမ်ကြောက်လန့်ပြီး အပြင်ထွက်ဖို့ စိုးရွံ့ခဲ့ကြတဲ့ နေ့လည်းဖြစ်ပါတယ်။
တနှစ်တိတိအကြာမှာတော့ ကိုဗစ်ဆိုတာကို လူအများက စိုးရိမ်မှုထက် ကိုဗစ်ထက်ဆိုးတဲ့ စစ်အာဏာသိမ်းမှုကို အသက်နဲ့ သွေးနဲ့ လဲပြီး အံတုနေကြရတဲ့ အချိန်ဖြစ်နေပါတယ်။
အာဏာသိမ်း စစ်တပ်က CRPH ကို မတရားအသင်းကြေညာပြီး အဲဒီကော်မတီနဲ့ အဆက်အသွယ်ရှိမယ်ထင်တဲ့ သူတွေကို သဲသဲမဲမဲ ရက်ရက်စက်စက် လိုက်လံ ရှာဖွေဖမ်းဆီးနေချိန် ရန်ကုန်မြို့၊ မန္တလေးမြို့၊ မုံရွာ၊ တောင်ကြီး၊ လားရှိုး၊ မော်လမြိုင်၊ ကလေးမြို့တွေမှာ ဆန္ဒပြမှုတွေ အာခံမှုတွေ အရှိန်အဟုန် ရှိနေဆဲပါ။ ရန်ကုန်မြို့ရဲ့ မြို့နယ် အချို့ကို စစ်အုပ်ချုပ်ရေးကြေညာထားလို့ လှိုင်သာယာ၊ ဒဂုံ တောင်၊ မြောက်နဲ့ အရှေ့၊ ရွှေပြည်သာတို့မှာ ဆန္ဒပြမှု လျော့နည်းသွားပေမယ့် ရန်ကုန်ရဲ့ အခြားသော နေရာတွေဖြစ်တဲ့ သာကေတ၊ ဒေါပုံ၊ ကျောက်မြောင်း ၊ စမ်းချောင်းတို့မှာတော့ နေ့စဥ် ရှိနေဆဲပါ။
မန္တလေးမြို့ အောင်ပင်လယ်၊ မြရည်နန္ဒာအိမ်ယာ စတဲ့နေရာတွေမှာ နေ့နေ့ ညည ပစ်ခတ်သံတွေ သေဆုံးမှုတွေ ဖြစ်နေဆဲပါ။ ဒီနေ့ညနေမှာ ၇ နှစ် အရွယ်မိန်းကလေးငယ် အိမ်ထဲဝင်ပစ်ခံရလို့ သေဆုံးသွားတဲ့ သတင်းလည်း တက်လာတာတွေ့ရပါတယ်။
စစ်တပ်ရဲ့ ရက်စက်တဲ့ ဖြိုခွင်းမှုက လူသားတွေအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု အဖြစ်ပေါ်လွင်ထင်ရှား လာနေပါတယ်။ ဆန္ဒပြမှုကို ဖြိုခွဲဖို့ဆို လက်နက်ကိုင်စစ်တပ်နဲ့ လုံထိန်းရဲတို့က ဘယ်လို လွန်လွန်ကျူးကျူး လုပ်ရပ်မျိုးမဆို ခွင့်ပြုထားတဲ့ အဓိပ္ပါယ်လည်း ဖြစ်ပါတယ်။
ဒီအဖြစ်အပျက်တွေက ခံစားရတဲ့ လူထုတွေဘက်က နှစ်ဆယ်စုနှစ်နဲ့ချီ မေ့နိုင်ဖွယ်မရှိ၊ ကြေအေးနိုင်ဖွယ် မရှိတဲ့ ဖြစ်ရပ်တွေ ဒဏ်ရာတွေ အဖြစ်ကျန်ရစ်မှာ သေချာနေပါတယ်။
အခုလို စစ်တပ်၊ လုံထိန်း ရဲတို့က ရက်ရက်စက်စက် ဖြိုခွဲမှုတွေကို ဖုံးကွယ်ဖို့ ကြိုးစားတဲ့ ဆင်သေကို ဆိတ်သားရေနဲ့ ဖုံးဖို့ကြိုးစားတဲ့ သတင်းစာရှင်းလင်းပွဲကိုလည်း ဒီနေ့ပဲ နေပြည်တော်မှာ လုပ်သွားပါသေးတယ်။
ဆန္ဒပြသူတွေကို မင်းမဲ့စရိုက်အသက်သွင်းသူတွေ အဖြစ် စွပ်စွဲပြီး ဆန္ဒပြသူအချို့ရိုက်ထားတဲ့ ဗီဒီယိုကလစ်ပါ ဓါတ်ဆီပုလင်းနဲ့ ပစ်ပေါက်နေပုံတွေပြတာမျိုး၊ ဒဏ်ရာရ၊ သေဆုံးရတဲ့ ရဲနဲ့ စစ်သားတွေရဲ့ အဖြစ်အပျက်တွေ ပြပြီး ဆန္ဒပြသူတွေကို မင်းမဲ့စရိုက် လူစု အဖြစ်စွပ်စွဲပြီး တနိုင်ငံလုံးအနှံ့ လူ ၂၅၀ ကျော်သေဆုံးခဲ့ရတဲ့ အရေအတွက်တွေကိုတော့ တခုမှ ထုတ်ပြောသွားတာမရှိပါဘူး။
ည အိမ်မှာ လာဖမ်းပြီးမနက် အလောင်းလာထုတ်ခိုင်းတာမျိုး၊ သေနတ်နဲ့ ပစ်လို့ ဒဏ်ရာရသူကို ဆွဲတင်သွားပြီးနောက်ရက်မှာ အလောင်းလာထုတ်ခိုင်းတဲ့ အဖြစ်တွေကိုတော့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာ မရှိပါဘူး။
ယခင်တကြိမ်တွေလို professional သတင်းသမားအချို့ က တုံ့ပြန်မေးခွန်းမေးတာ၊ ထောက်တဲ့ မေးခွန်းမေးခြင်းဖြင့် ပရိသတ်ရှေ့ စစ်တပ်ရဲ့ မျက်နှာဖုံးခွာချတာမျိုး ခုတပတ်မှာ မတွေ့ရတော့ပါ။ ပွဲကို professional သတင်းသမားတွေ တက်ရောက်တာ မရှိသလောက်ဖြစ်သွားပြီး တပ်ကို ထောက်ခံတဲ့ သတင်းမီဒီယာအချို့နဲ့ အစိုးရမီဒီယာတွေပဲ တက်တာတွေ့ရပါတော့တယ်။
ဒီနေ့ရန်ကုန်မြို့မှာတော့ ပုဂ္ဂလိကဘဏ်ခွဲ အချို့ ပြန်ဖွင့်တာတွေ့ရပါတယ်။ တံခါးကို အားလုံးဖွင့်တာမဟုတ်ပဲ မှန်တံခါး တချပ်ဖွင့်ထားပြီး ဘဏ်ထဲမှာ အေတီအမ်မှာ လုပ်ဆောင်မရတဲ့ ငွေထုတ်တာ ငွေလွှဲတာတွေ လုပ်ဆောင်တာ တွေ့ရပါတယ်။
နောက်မြင်ကွင်းတခုကတော့ မနက်ဖြန် မှာလုပ်ဖို့ ဆော်သြထားတဲ့ Silent Strike မှာတော့ အိမ်ပြင်မထွက်ကြဖို့ ၊ ဘာအကြောင်းနဲ့မှ မထွက်ကြဖို့ ဆော်သြထားပါတယ်။ မနက်ဖြန်အတွက် အစားအစာ စျေးကြိုဝယ်တဲ့ သူတွေလည်း ကြိုဝယ်ထားကြပါတယ်။
အများပြည်သူ ဝန်ဆောင်မှု လုပ်ငန်းတချို့ဖြစ်တဲ့ အမှိုက်သိမ်းတာမျိုးတော့ ရှိနိုင်ပါတယ်။ ဘတ်စကားတွေ ထွက်မထွက်တော့ မသိနိုင်သေးပါဘူး။
CRPH က လူကယ်ပြန်ဝန်ကြီးအဖြစ် ဦးဝင်းမြတ်အေးကို ထုတ်လာပြီး သူ၏ ထုတ်ပြန်ချက်ကို ဖြန့်ဝေပါတယ်။ ဖယ်ဒရယ်ပြည်ထောင်စု အနှစ်သာရကို ဖော်ဆောင်သွားမယ်လို့ ထပ်လောင်းကတိပြုပြောဆိုတာ ဖြစ်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီက သူတို့မီဒီယာတွေ သတင်းစာရှင်းလင်းပွဲတွေကနေ CRPH ကို တိုးမြှင့်တိုက်ခိုက်တဲ့ဆီမှာ သူတို့အကြမ်းဖက်ဖမ်းဆီးထားတဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဖြိုးမင်းသိန်း ရုပ်သံကို ထုတ်လွှင့်ပြပါတယ်။ ဦးဖြိုးမင်းသိန်းက ဒေါ်အောင်ဆန်းစုကြည်ကို လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း အဆောက်အအုံငှားရမ်းခကို စျေးချိုသက်သာအောင် စီမံပေးခဲ့ကြောင်း ပြောာကားသွားပါတယ်။ ဦးဖြိုးမင်းသိန်း၏ ပြောကြားချက်တွေဟာ လုပ်ကြံဖန်တီးထားတာဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ်ကို နှိပ်စက်ဖိအားပေးပြီး ထွက်ဆိုခိုင်းတာဖြစ်ကြောင်း လူထုက တုန့်ပြန်ပါတယ်။ အကြမ်းဖက်ကောင်စီ၏ ဝါဒဖြန့်ချိရေး အောင်မြင်တယ်လို့ မဆိုနိုင်ပါဘူး။
#MoeMaKaMedia
#WhatsHappeningInMyanmar