သြဂုတ်လ ၁ ရက်နေ့နောက်ပိုင်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခင်းအကျင်းအပြောင်းအလဲ ဖြစ်နိုင်ခြေ
မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၂၆ မြင်ကွင်း
(မိုးမခ) ဇူလိုင် ၂၇၊ ၂၀၂၃
သြဂုတ်လ ၁ ရက်နေ့နောက်ပိုင်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခင်းအကျင်းအပြောင်းအလဲ ဖြစ်နိုင်ခြေ
ယခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မတိုင်ခင်တရက်အလိုမှာကျင်းပတဲ့ ကာ/လုံအစည်းအဝေးမှာ စစ်ကောင်စီက ၂၀၀၈ ခုနှစ်အခြေခံဥပဒေကို ကိုးကားပြီး အာဏာလွှဲယူထားတာ ၂နှစ်ပြည့်တဲ့နောက် သာမန်မဟုတ်တဲ့အခြေအနေ ဆိုတဲ့ စာသားကို အဓိပ္ပါယ်ဖွင့်ဆိုကာ နောက်ထပ် ၆ လသက်တမ်းတိုးခဲ့တာ ဖြစ်ပါတယ်။ သက်တမ်းတိုးပြီး နောက်တရက်မှာပဲ မြို့နယ်ပေါင်း ၃၀ ကျော်ကို စစ်အုပ်ချုပ်ရေး ကြေညာပြီး တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ လက်နက်ကိုင် ခုခံတိုက်ခိုက်မှုကို နှိမ်နှင်းမယ်ဆိုတဲ့ ပြင်ဆင်မှုတွေ လုပ်ဆောင်ခဲ့ပြီး ယခုနှစ် ဖေဖေါ်ဝါရီ ၁ ရက်နေ့နောက်ပိုင်း တိုက်ပွဲနဲ့ ကျေးရွာတွေကို စစ်ကြောင်းတွေ ဝင်ရောက်ပြီး သံသယရှိသူတွေကို သတ်ဖြတ်တာ၊ နေအိမ်တွေ မီးရှို့တာ၊ စစ်ကောင်စီ တပ်စခန်း၊ ရဲစခန်း၊ ယာဥ်တန်းတွေကို တိုက်ခိုက်ခံရတဲ့အခါ လေကြောင်းပစ်ကူတွေ ပိုမို အသုံးပြုပြီး တိုက်ပွဲအရှိန် မြင့်တက်ခဲ့တာ တွေ့ရမှာဖြစ်ပါတယ်။
ယမန်နှစ်ကတော့ စစ်ကောင်စီက ရွေးကောက်ပွဲ ပြင်ဆင်မှုနဲ့ မဲစာရင်းကိစ္စတွေကို ပြောဆိုခဲ့ပေမယ့် အခုကုန်လွန်ခဲ့တဲ့ ၆ လကာလမှာတော့ ရွေးကောက်ပွဲအကြောင်းထက် လက်နက်ကိုင် ခုခံတိုက်ခိုက်မှုကို နှိမ်နှင်းမယ့် အကြောင်းကိုသာ ဦးစားပေးနေခဲ့တာ တွေ့ရမှာဖြစ်ပါတယ်။ စစ်ကောင်စီဘက်က လက်နက်ကိုင်ခုခံ တိုက်ခိုက်မှုတွေကို နှိမ်နှင်းမယ်လို့ ပြောဆိုနေချိန်မှာပဲ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေလည်း ပိုမိုအရှိန်မြင့်လာတာ ဖြစ်ပါတယ်။ စစ်ကောင်စီဆန့်ကျင်ရေး လက်နက်ကိုင်အင်အားစုတွေရဲ့ လှုပ်ရှားတဲ့ နယ်မြေ တိုက်ပွဲဖြစ်ပွားရာဒေသ၊ တိုက်ပွဲဖြစ်ပွားတဲ့ အကြိမ်ရေ စတာတွေပိုမို ကျယ်ပြန့်များပြားလာခဲ့တာတွေ့ရမှာ ဖြစ်ပါတယ်။ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းတို့မှာတော့ ကေအန်အယ်လ်အေနဲ့ PDF အဖွဲ့တွေက တံတားတွေ လမ်းတွေကို ပစ်မှတ်ထား ဖျက်ဆီးလာပြီး စစ်ကောင်စီတပ်တွေရဲ့ ထောက်ပံ့ရေး လမ်းကြောင်းတွေကို ဖြတ်တောက်မယ်၊ ခက်ခဲအောင် လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်ကို အောင်မြင်ဖို့ကြိုးစားလာကြတာ ဖြစ်ပါတယ်။
ဒီကာလတွေထဲမှာ စစ်ကောင်စီတပ်ဖွဲ့တွေထဲက လက်နက်ချတာ စီဒီအမ်လုပ် ဘက်ပြောင်းလာတာတွေ သိသိသာသာ တိုးလာတာ မတွေ့ရသော်လည်း အချို့သော တိုက်ပွဲတွေမှာ စခန်းကို မစွန့်ခွာဖို့ အမိန့်ကို မနာခံတာ၊ ထိုးစစ်ဆင် တိုက်ခိုက်ဖို့ အမိန့်ပေးတာကို မနာခံတဲ့ အဖြစ်အပျက်တွေ သတင်းတွေထဲ ယခင်ထက်ပိုများလာတာ တွေ့ရမှာဖြစ်ပါတယ်။ နောက်တချက်က နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းထားတဲ့ ကရင်နီ လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) ရဲ့ တပ်ရင်း ၂ ရင်းက နယ်ခြားစောင့်တပ် အနေအထားကနေ စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ ကရင်နီပြည်နယ်က အခြားသော လက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းလိုက်ပြီး ကရင်နီပြည်နယ် မယ်စဲ့ မြို့နယ်ထဲက စစ်အခြေကုပ်စခန်း၊ မယ်စဲ့ ရဲစခန်းစတာတွေကို သိမ်းယူတဲ့ တိုက်ပွဲတွေမှာ ပါဝင်ခဲ့တဲ့ အဖြစ်အပျက်ဖြစ်ပါတယ်။
စစ်ကောင်စီ အနေနဲ့ ပြီးခဲ့တဲ့ ၆ လတာ ကာလအတွင်း စစ်ရေးအရ တိုးတက်မှုတွေ မရခဲ့တဲ့ အပြင် ရှိနေတဲ့နယ်မြေတွေကို အပြင်းအထန် ထိန်းသိမ်းနေရတဲ့အနေအထား အချို့သော ပြည်နယ်တွေမှာ စစ်ရေးအရ ခြေကုပ်ယူထားတဲ့ စခန်းတွေကို ယာယီဖြစ်စေ အမြဲတမ်းဖြစ်စေ လက်လွှတ်လိုက်ရတဲ့ အဖြစ်တွေရှိခဲ့တာ တွေ့ရပါလိမ့်မယ်။
ဒီစစ်ရေး အခြေအနေတွေ လက်နက်ကိုင် အဖွဲ့တွေကို စစ်ကောင်စီတပ်တွေ အနေနဲ့ အင်အားလျော့သွားအောင် မလုပ်နိုင်တဲ့အပြင် ပြည်နယ်တခုနဲ့တခု တိုင်းတခုနဲ့တခု ဆက်သွယ်ထားတဲ့ ကားလမ်းတွေကို လုံခြုံရေးချနိုင်တဲ့ အနေအထားတွေတောင် လျော့ကျလာတာတွေ့ရမှာ ဖြစ်ပါတယ်။ ရန်ကုန်-မန္တလေးကားလမ်းဟောင်း၊ ရန်ကုန်၊ သထုံ၊ မော်လမြိုင်နဲ့ ထားဝယ်အထိကားလမ်းတွေ တလျှောက် စစ်ကောင်စီကို ခုခံတိုက်ခိုက်နေတဲ့ လက်နက်ကိုင် တပ်တွေက ပိုမိုလှုပ်ရှား စိုးမိုးလာနိုင်ကြတာတွေ့ရပါလိမ့်မယ်။
ဒီအထက်က အခြေအနေတွေက စစ်ကောင်စီအနေနဲ့ ကုန်ခဲ့တဲ့ ၆ လ သက်တမ်းအပြီးမှာ နိုင်ငံရေး နည်းအရ အဖြေရှာဖို့ ကြိုးပမ်းမှာလားဆိုတဲ့ မှန်းဆချက်တွေ ထွက်ပေါ်လာနေတာ ဖြစ်ပါတယ်။ ဒီမှန်းဆချက်တွေ ထွက်ပေါ်လာခြင်းကလည်း အချို့သော ဖြစ်ပေါ်ပြောင်းလဲတဲ့ လက္ခဏာတွေ အပေါ်မူတည်ပြီး မှန်းဆကြတာ ဖြစ်ပါတယ်။ ဇူလိုင် ၉ ရက်နေ့မှာ ထိုင်းဒုဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေး ဝန်ကြီးတာဝန်ယူထားသူ ဒွန်ပရာမွတ်ဝီနိုင်းကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေးလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ဘက်က ကြိုတင်သတ်မှတ်ချက် မထားသော တွေ့ဆုံဆွေးနွေးမှုတွေကို ထောက်ခံတယ်ဆိုတဲ့ သတင်းစကားကို အာဆီယံ နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးမှာ ထိုင်းဝန်ကြီးက ထုတ်ဖေါ်ပြောဆိုခဲ့ပါတယ်။
တဖန် အခုရက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် အချုပ်ထောင်ကနေ ဒုဝန်ကြီးတွေနေထိုင်တဲ့ အိမ်ယာဝင်းတခုဆီ ပြောင်းရွှေ့ လိုက်တယ်ဆိုတဲ့ သတင်းထပ်မံထွက်ပေါ်လာတာကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်ကောင်စီအကြား ဆွေးနွေးမှုတွေ ပေါ်ထွက်လာမလားဆိုတဲ့ မှန်းဆချက်တွေ ဆက်လက်ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ လွယ်လွယ်ပြောရရင်တော့ စစ်ကောင်စီ အနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အကြပ်အတည်းကို စစ်ရေးနည်းနဲ့ပဲ ဖြေရှင်းမယ်ဆိုတဲ့ အနေအထားကနေ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်မှုကျူးလွန်လို့ တရားရင်ဆိုင် ပြစ်ဒဏ်ကျခံနေရပါတယ်ဆိုတဲ့ သူတယောက် အနေအထားကနေ ပြည်သူလူထုကို ကိုယ်စားပြုမှုရှိတဲ့ နိုင်ငံရေး ခေါင်းဆောင် တယောက်အဖြစ် ပြန်လည်နေရာပေးပြီး လက်ရှိအကြပ်အတည်းကနေ ထွက်ပေါက်ရဖို့ အကူအညီတောင်းခံလာပြီလား ဆိုတဲ့ အနေအထားဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က လက်နက်ကိုင် လမ်းစဥ်ကို အားပေးခြင်းမပြုပဲ နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာဖို့ကို တိုက်တွန်းပြောဆိုလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက် သို့မဟုတ် မှန်းဆချက်နဲ့ လက်ရှိ အကြပ်အတည်းကနေ ထွက်ပေါက်ရဖို့ ကြိုးပမ်းတာ ဖြစ်နိုင်ပါတယ်။
တော်လှန်ရေး အင်အားစုတွေ အနေနဲ့တော့ စစ်ကောင်စီကို စစ်ရေးအရ အနိုင်ယူဖို့ အဆုံးတိုင် ဆုံးဖြတ်ထားတယ်ဆိုတဲ့ အင်အားစုတွေ ရှိနိုင်သလို ၊ နိုင်ငံရေးပြဿနာကို နောက်ဆုံးတော့ စားပွဲဝိုင်းမှာ ဖြေရှင်းကြရတယ်ဆိုတဲ့ အယူအဆ၊ မြန်မာ့နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍက အဓိကကျတဲ့ အခန်းကဏ္ဍမှာ ရှိနေဆဲပဲဆိုတာကို လက်ခံထားသူတဲ့သူတွေလည်း ရှိနိုင်တာကြောင့် တွေ့ဆုံဆွေးနွေးရေး ကမ်းလှမ်းလာမလားဆိုတဲ့ အလားအလာ၊ ကမ်းလှမ်းလာရင် ကိုယ့်ဘက်က အင်အားစုတွေ အချင်းချင်းအကြားမှာ စည်းရုံးရေးကို မထိခိုက်အောင် လုပ်ဆောင်ကြမလဲဆိုတာ လတ်တလော စဥ်းစားပြင်ဆင်ထားရမယ့် အနေအထားရောက်နေပြီလို့ ဆိုချင်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar