အောင်ဝေး - ကေဇဝင်းရက်ပ်ဆိုဒီ
အောင်ဝေး - ကေဇဝင်းရက်ပ်ဆိုဒီ*
(မိုးမခ) မတ် ၂၁ ၊ ၂၀၂၃
ဒီနေ့ ကမ္ဘာ့ကဗျာနေ့။
(World Poetry Day)
မတ်လ (၂၁) ရက်နေ့သည် အီကွေတာပေါ်သို့ နေရောင်တည့်တည့်ကျသည့်နေ့ ဖြစ်သည်။ ထိုနေ့ကို ယူနက်စကိုက ကမ္ဘာ့ကဗျာနေ့အဖြစ် သတ်မှတ်ခဲ့သည်။
ကမ္ဘာ့ကဗျာနေ့မှာ ကွယ်လွန်သွားတဲ့ ကဗျာဆရာတွေကို အမှတ်ရတယ်။ မကွယ်လွန်သေးတဲ့ကဗျာဆရာတွေကိုလည်း သတိရပါတယ်။ အထူးသဖြင့် နွေဦးတော်လှန်ရေးမှာ အသက်စွန့်တိုက်ပွဲဝင်သွားကြတဲ့ ကဗျာဆရာတွေအတွက် ကြေကွဲအောက်မေ့မိပါတယ်။
၁။ ကဗျာဆရာကေဇဝင်း(မတ် ၃၊ ၂၀၂၁၊ မုံရွာတွင် ကျဆုံး)
၂။ ကဗျာဆရာမကြည်လင်အေး(မတ် ၃၊ ၂၀၂၁၊ မုံရွာတွင် ကျဆုံး)
၃။ ကဗျာဆရာခက်သီ(မေ ၉၊ ၂၀၂၁၊ ရွှေဘိုတွင် အဖမ်းခံရပြီး မုံရွာမှာ ကျဆုံး)
၄။ ကဗျာဆရာAစိုင်းကေ(ခရစ္စမတ်နေ့ ၂၀၂၁၊ လေးကေ့ကော်တွင် ကျဆုံး)
၅။ ကဗျာဆရာမောင်ပို(PDF ၊ ၂၀၂၂၊ ကရင်ပြည်နယ်အတွင်း ကျဆုံး)
၆။ ကဗျာဆရာရိုးရာ(PDF ၊ ၂၀၂၂၊ အထက်မြန်မာပြည်မှာ ကျဆုံး)
ကျဆုံးသူတို့ရဲ့ သွေးနဲ့ ဒီစာကို ရေးပါတယ်။ ဒီစာကို ဆက်ရေးမယ်ကြံတော့ စိတ်က ဒေါ်အောင်ဆန်းစုကြည်ထံ ပျံသန်းသွားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ကဗျာဆရာမတစ်ယောက် မဟုတ်ပါဘူး။ စာရေးဆရာမ ဖြစ်ပါတယ်။
သူက ကဗျာဆရာတွေကို အလွန်လေးစားတန်ဖိုးထားပါတယ်။
ဆရာဦးတင်မိုးဟာ သူ့ရဲ့အရင်းချာဆုံး လက်ရုံးကဗျာဆရာပါ။ မန္တလေးက ဆရာဦးကြည်အောင်၊ ဆရာဦးကိုလေး(အင်းဝဂုဏ်ရည်)တို့ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်စွဲ (တစ်နည်း NLD လက်စွဲ)ကဗျာဆရာတွေပါ။
ဆရာကြီးမင်းသုဝဏ်တို့၊ ဗန်းမော်ညိုနွဲ့တို့ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၉၀ ရွေးကောက်ပွဲအနိုင်ရကဗျာဆရာတွေပေါ့။ မုံရွာအောင်ရှင်၊ ဖျာပုံနီလုံဦးတို့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD အမာခံကဗျာဆရာတွေပဲ။
(ဒေါ်အောင်ဆန်းစုကြည်အနားမှာ ကဗျာဆရာတွေ အများကြီးပဲ။ စစ်အာဏာရှင်ဘေးမှာ ကဗျာဆရာ မရှိပါဘူး။ ရှိရင်လည်း ကဗြောင်ဆရာတွေပါ။ ကဗျာဆရာ မဟုတ်)
ဒေါ်အောင်ဆန်းစုကြည် ပြောဖူးတဲ့စကား ရှိပါတယ်။
"နိုင်ငံမှာအရေးရယ်လို့ ကြုံလာရင်၊ ကဗျာဆရာတွေဟာ ဘယ်တော့မဆို ရှေ့က ရောက်လာပြီး၊ ပါဝင်ဆင်နွှဲကြလေ့ရှိပါတယ်။ အဲဒါဟာ ကဗျာဆရာတွေရဲ့ ထူးခြားမှုလို့ ကျမတော့ ထင်မိတယ်"တဲ့။
ဒေါ်အောင်ဆန်းစုကြည်က စာရေးဆရာမမို့ ကဗျာဆရာတွေအပေါ် ဒီလို နားလည်နိုင်တာထားပါတော့။ ကဗျာနဲ့ဝေးတဲ့ ပီဘိစစ်သားကြီးတစ်ယောက်ရဲ့ စကားကကော။
"ကဗျာဆရာ စတဲ့ အနုပညာရှင်တွေဟာ အမှန်တရားကို ရှာဖွေသူတွေ၊ အမှန်တရား သစ္စာတရားကို ယုံကြည်ကိုးကွယ်သူတွေ ဖြစ်ကြပါတယ်။ နိုင်ငံ တနိုင်ငံမှာ အရေးအခင်းတစ်ခု ကြုံရရင် အမှားဘက်၊ အမှန်ဘက်ဆိုတာ ရှိစမြဲပါပဲ။ ဒီအခါမှာ အမှန်တရားဘက်ကနေပြီး ကဗျာဆရာတွေကရှေ့ဆုံးက ပါဝင်လာကြတယ်လို့ ကျနော် ထင်ပါတယ်"(သူရဦးတင်ဦး)
မိုးကုပ်စက်ဝိုင်းမှာ မုန်တိုင်းမိုးတိမ်တွေမဆင်သေးခင်တုန်းက၊ ကဗျာဆရာ၊ ဒါရိုက်တာမင်းထင်ကိုကိုကြီး တောင်အမေရိက၊ ကိုလံဘီယာကဗျာပွဲတော်မှာ ရွတ်ဖို့ ဒေါ်အောင်ဆန်းစုကြည်ထံက ကဗျာတစ်ပုဒ် ရေးပေးဖို့ တောင်းခံတဲ့အခါ-
"ကဗျာဆိုတာ
ကဗျာဆိုတာ...
လူ့စဥ်းစားဉာဏ်ရဲ့ ပဲ့တင်သံ
လူ့နှလုံးသားရဲ့ တုန်လှုပ်သံ
လူ့စိတ်ဓာတ်ရဲ့ မြည်ဟည်းသံ
လူ့မျှော်လင့်ချက်ရဲ့ ချီးကျူးသံ
ကဗျာဆိုတာ...
ကျွန်မတို့ရဲ့ ရုန်းကန်သံပါပဲ"
လို့ ရေးသားပေးခဲ့ပါတယ်။
အခု နွေဦးတော်လှန်ရေးမှာတော့ ဒေါ်အောင်ဆန်းစုကြည်က-
"ကဗျာဆိုတာ...
ကျွန်မတို့ရဲ့သေနတ်သံပါပဲ"
လို့များပြောနေတော့မလား။
တိုက်ပွဲပုံသဏ္ဌာန်ဆိုတာ ကိုယ်ကရွေးချယ်ရတာမဟုတ်။ ရန်သူကရွေးချယ်ပေးတာမဟုတ်လား။ (The form of the struggle is not chosen by the ruled, but by the ruler.)
အခုအချိန်ဟာ တိုင်းပြည်မှာ စစ်ဖြစ်နေတယ်။ ကဗျာဆရာတွေလည်း စစ်ထဲမှာ ပါဝင်ပြီးတိုက်ခိုက်နေကြပါတယ်။ PDF ကဗျာဆရာတွေပေါ့။ လက်နက်ကိုင် ကဗျာဆရာတွေပေါ့။ (တချို့က CDM ကဗျာဆရာတွေပါ) သေနတ်ကိုင်စွဲ ကဗျာရေးနေတဲ့၊ အာဏာဖီဆန်ပြီး ကဗျာရေးနေတဲ့ တိုက်ပွဲဝင်ကဗျာဆရာအပေါင်းရဲ့ အမည်နာမတွေကို ကျနော်ပြည့်စုံအောင် အကုန်အစင် ဖော်ကျူးနိုင်စွမ်းမရှိပါဘူး။
သူတို့ဟာ သူရဲကောင်းတွေပါ။ နွေဦးက သူရဲကောင်းတွေကို မမေ့ပါဘူး။
သမ္မတကြီးဟိုချီမင်းဟာ အကျဥ်းထောင်ထဲမှာ ပိုက်ဆံ (၆) ယွမ် ပေးရတဲ့ အလင်းရောင်နဲ့ကဗျာတွေရေးခဲ့တယ်။
ရဲဘော်ချေဂွေဗားရားဟာ ကျူးဘားကမ်းခြေနဲ့ ဘိုလီးဗီးယားတောင်တန်းတွေပေါ်မှာ ရိုင်ဖယ်တစ်လက်နဲ့ ကဗျာတွေ ရေးခဲ့တယ်။
ဆရာတင်မိုးဟာ ပြည်ပြေးဘဝမှာ အိမ်လွမ်းစိတ်နဲ့ ကဗျာတွေ ရေးခဲ့တယ်။
နွေဦးတော်လှန်ရေးမှာ တိုက်ပွဲဝင်ရင်း ကျဆုံးသွားတဲ့ ကဗျာဆရာတွေအပေါ်မှာ ကျနော်တို့ သစ္စာစောင့်သိရမယ်။ ကျနော်တို့ ခန္ဓာကိုယ်ထဲမှာ သူတို့ရဲ့ဝိညာဥ်ကို သိမ်းဆည်းထားရမယ်။ နွေဦးအရေးတော်ပုံရဲ့ ဗုံသံဟာ ပိုပိုကျယ်လောင်လာပါပြီ။ ရန်သူရဲ့တောင်ကုန်းကို တက်သိမ်းကြတော့မယ်။ ကျနော်တို့လူထုရဲ့ ခုခံစစ်က သေနင်္ဂဗျူဟာ တန်းတူရည်တူအဆင့်ကနေ၊ သေနင်္ဂဗျူဟာထိုးစစ်အဆင့်ကို တက်လှမ်းနေပါပြီ။
ကျနော်တို့ ကဗျာဆရာတွေဟာ နွေဦးကို ထမ်းရမယ်။ ကျနော်တို့ကဗျာတွေဟာ ထိုးစစ်ကို ထမ်းရမယ်။ ကိုယ့်ဘဝကိုယ် လွမ်းရင် ကျနော်တို့ဟာ တော်လှန်ရေးနဲ့ အောင်ပွဲရဲ့ အနာဂတ်ကို လွမ်းရမယ်။ အလွမ်းတွေဟာ အင်အားဖြစ်လာမယ်။
နွေဦးထိုးစစ်နဲ့ တစ်မိုးသစ်တော့မယ်။
သေနတ်ကိုင်သည် ဖြစ်စေ၊ မကိုင်သည် ဖြစ်စေ။ အဖမ်းခံရသည် ဖြစ်စေ၊ အဖမ်းမခံရသည် ဖြစ်စေ။ သူများတကာတွေ သူတို့အသက်သူတို့စိုက်ပြီး၊ သူတို့ဘဝသူတို့စိုက်ပြီး တော်လှန်ရေးကြီးထဲအရင်းအနှီးတွေ ထည့်ဝင်နေကြချိန်။ ကျနော်တို့ ကဗျာရေးသူတွေက အနည်းဆုံးတော့ ကိုယ်ချင်းစားတရားလေးလောက်ဖြစ်ဖြစ် စိုက်ပြီး ကဗျာတွေ မထည့်ဝင်သင့်ကြပေဘူးလား။ ကဗျာတေးနဲ့ တော်လှန်ရေးကို သွေးပူနွေးအောင် မဖေးကူသင့်ကြပေဘူးလားဗျာ။
စကားအဆုံးသတ်ပါမယ်။
"စစ်တိုက်တယ်ဆိုတာ
နိုင်ငံရေးကို
ကျည်ဆန်ထဲ ထည့်တိုက်တာပဲ"
ဒါ ကျနော့်အမြင်။ ကိုယ်ပိုင်အမြင်။ တော်လှန်ရေးကာလကြီးမှာ၊ လက်နက်ကိုင်တိုက်ပွဲအတွင်းမှာ နိုင်ငံရေးနဲ့ စာပေအနုပညာတို့ဟာခွဲခြားလို့မရတဲ့ တစ်စည်းတည်း၊ တစ်သားတည်းကျတဲ့အရာတွေပဲ။
ဒီတော့၊ တော်လှန်တဲ့ ကဗျာဆရာတစ်ယောက်အဖို့ "စစ်တိုက်တယ်ဆိုတာ ကဗျာကို ကျည်ဆန်ထဲထည့်တိုက်တာပဲ" လို့ ပြောရနိုင်ပါတယ်။
ကဗျာဆရာတွေ စည်းကမ်းရှိကြပါ။
ကဗျာဆရာတွေ ညီညွတ်ကြပါ။
စည်းကမ်းရှိညီညွတ်ပြီး
အမှန်တရားနဲ့ကိုက်ညီတဲ့
ကဗျာတွေ မွေးဖွားပေးကြပါ။
နွေဦးဂါထာကို ရွတ်ဆိုကြပါ။
တပ်ဦးရဲ့အလံတော်အောက်ကနေ၊
တပ်ပေါင်းစုတေးညီညီ သံပြိုင်သီကြပါ။
အရေးတော်ပုံအောင်နေပါပြီ။
ကမ္ဘာ့ကဗျာနေ့မှာ မြန်မာ့ကဗျာတွေ ရှင်သန်ကြပါစေ။
ဒီစာကို "ကေဇဝင်းရက်ပ်ဆိုဒီ" လို့ ကမ္ပည်းထိုးလိုက်တယ်။ ။
ရဲဘော်အောင်ဝေး
(မတ် ၂၁၊ ၂၀၂၃)
* Rhapsody