Breaking News

သုတအောင် - ပြည်သူနဲ့အာဏာ



သုတအောင် - ပြည်သူနဲ့အာဏာ

(မိုးမခ) ဖေဖော်ဝါရီ ၂၄၊ ၂၀၂၁

ဒီနေ့မြန်မာနိုင်ငံမှာ မကြုံစဖူးကြီးမားတဲ့အထွေထွေသပိတ်ကြီးဖြစ်ပေါ်နေပါတယ်။ ကြီးလည်းကြီးမား၊ကျယ်လည်းကျယ်ပြန့်၊ ပုံသဏ္ဍာန်လည်းစုံလင်တဲ့ အထွေထွေသပိတ်ကြီးဖြစ်နေတာပါ။ ဒီအထွေထွေသပိတ်ကြီးပေါ်ပေါက်လာရတဲ့အကြောင်းအရင်းကတော့ အာဏာပြဿနာပဲဖြစ်ပါတယ်။ ပြည်သူ့ကိုယ်စားလှယ်တွေဆီအပ်နှင်းထားတဲ့ပြည်သူ့အာဏာကို စစ်တပ်ကလုယူသွားလို့ပါပဲ။

အဲဒါကြောင့်
အာဏာသိမ်းစစ်အစိုးရ အလိုမရှိ
စစ်အာဏာရှင်ဆန့်ကျင်ရေး တို့အရေး
ပြည်သူ့အာဏာ ပြည်သူ့ပြန်ပေး
စတဲ့ကြွေးကြော်သံတွေ မြည်ဟီးနေတာပေါ့။

ပြည်သူ့အာဏာကို ပြည်သူ့ဆီပြန်ပေးရပါမယ်။ ပြည်သူ့ဆန္ဒနဲ့အညီရွေးချယ်ထားတဲ့သူတွေဆီပြန်ပေးရပါမယ်။အဲဒီမှာတွေးစရာတွေပေါ်လာပါတယ်။ ပြည်သူ့ဆီ၊ ပြည်သူရွေးချယ်ထားတဲ့ကိုယ်စားလှယ်တွေဆီ အာဏာက ဘယ်လိုနည်းနဲ့ ပြန်ရောက်နိုင်မလဲပေါ့။ တဆက်တည်း Legitimacy (တရားဝင်ဖြစ်ခြင်း)နဲ့ Mandate(အများထောက်ခံမှုနဲ့ရထားတဲ့လုပ်ပိုင်ခွင့်၊အာဏာ) အကြောင်းတွေပါ စဉ်းစားမိတော့တယ်။

တချို့သဘောထားထုတ်ပြန်ချက်တွေမှာ စစ်အစိုးရကမတရားဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးကိုချက်ချင်းလွှတ်ပေးပြီး ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ထားတဲ့အစိုးရကို အာဏာပြန်လွှဲပေးဖို့၊ ဥပ‌ဒေနဲ့အညီတင်မြှောက်ထားတဲ့ အစိုးရလုပ်ငန်းတာဝန်တွေစတင်နိုင်ဖို့အတွက် အာဏာသိမ်းစစ်အစိုးရရဲ့လက်ရှိအနေအထားကနေ ချက်ချင်းဖယ်ရှား‌ပေးဖို့ စသဖြင့်တွေ့ရပါတယ်။ ဆိုလိုရင်းကတော့ ပိုနေမြဲ ကျားမြဲနေဖို့ပေါ့။ ဒီနည်းကိုလက်တွေ့မကျတဲ့ စိတ်ကူးယဉ်မှုတခုလို့မြင်မိတယ်။ ပိုနေမြဲကျားမြဲ အခြေအနေကကို စစ်အစိုးရကဖျက်ဆီးခဲ့ပြီးပါပြီ၊ စစ်အစိုးရရော လူထုပါ အဲဒီအခြေအနေကိုကျော်လွန်ခဲ့ပြီးပါပြီ။

နောက်တနည်းကတော့ ကြားဝင်စေ့စပ်မှုနဲ့ ဆောင်ရွက်ကြဖို့ပေါ့။ အပေးအယူ(Bargain) လုပ်ခိုင်းတာပါပဲ။ စစ်အစိုးရက အပေးထက်အယူပိုများမယ့်သူပါ။ ဒီနည်းကို လူထုကပြတ်ပြတ်သားသားငြင်းပါတယ်။ စစ်အစိုးရနဲ့အပေးအယူကိုလက်မခံပါဘူး။

လက်ရှိဖြစ်ပေါ်နေတဲ့လမ်းကြောင်းကတော့ တရားဝင်ဖြစ်ခြင်း (Legitimacy) ကို လက်တွေ့ကျင့်သုံးနေတာပါ။

၂၀၂၀ ခုနှစ် ရွေးကောက်တင်မြှောက်ခံပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)တွေရဲ့ အရေးပေါ်အစည်းအဝေးကနေပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကိုဖွဲ့စည်းလိုက်တယ်။ သူတို့က ပြည်ထောင်စုလွှတ်တော်ရဲ့အခွင့်အာဏာနဲ့ဖွဲ့စည်းထားတဲ့ သမ္မတဦးဝင်းမြင့်နဲ့နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့အစိုးရအဖွဲ့သာလျှင်တရားဝင်အစိုးရဖြစ်တယ်လို့ မှတ်ယူပါတယ်။ ဒါကတော့ လွှတ်တော်နဲ့အစိုးရရဲ့တရားဝင်ဖြစ်ခြင်း (Legitimacy) ကိုဖေါ်ပြလိုက်တာပါ။ အဲဒီနောက်မှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေကို ထုတ်ပြန်ပါတယ်။ အဲဒီဥပဒေအရ ၂၀၂၁ ခုနှစ်ဧပြီလ ၁ ရက်နေ့ကနေ နောက်ငါးနှစ်အထိ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ခွင့်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် သမ္မတဦးဝင်းမြင့်ရဲ့ အစိုးရသက်တမ်းကတော့ ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိပဲဖြစ်ပါတယ်။ ဒါကြောင့် ၂၀၂၁ ခုနှစ် မတ်လအလွန်မှာ ပြည်သူ့အစိုးရသစ်တရပ် မဖြစ်မနေပေါ်ပေါက်ရမှာပါ။ ဘာပဲဖြစ်ဖြစ် လွှတ်တော်သစ်၊ လွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) နဲ့ အစိုးရအဖွဲ့သစ်အားလုံးဟာ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကိုကျောထောက်နောက်ခံပြုပြီး တရားဝင်ဖြစ်ခြင်း(Legitimacy)ကို ရယူထားရတာဖြစ်နေပါလိမ့်မယ်။ အဲဒါကြောင့် အစိုးရနဲ့လွှတ်တော်ရဲ့ ဆောင်ရွက်မှုတွေဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ကန့်သတ်မှုအောက်ရောက်နေပါမယ်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ လွှတ်တော်ထဲက တမတ်သားလို့ခေါ်ကြတဲ့ စစ်တပ်ကိုယ်စားလှယ်၂၅%နဲ့ဆိုင်တဲ့ ဥပဒေ၊ ကာလုံလို့ခေါ်တဲ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနဲ့ဆိုင်တဲ့ဥပဒေတွေကစလို့ ပြည်သူတွေလက်မခံနိုင်တဲ့ ဥပဒေအများအပြား ပါဝင်နေပါတယ်။ ကြီးမားတဲ့စိန်ခေါ်မှုတွေပါ။

အဲဒီမှာ တရားဝင်ဖြစ်ခြင်း(Legitimacy)နဲ့ပတ်သက်ပြီး ပြောစရာတခုရှိနေပါသေးတယ်။ အဲဒါကတော့ စစ်တပ်ကလည်း ဥပဒေစကားတွင်တွင်ပြောပြီး အာဏာသိမ်းခဲ့တာပါပဲ။ ပြောရရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာလွှဲယူထားတာဖြစ်တယ်။ သူတို့လည်း တရားဝင်မှုရှိတယ်ပေါ့။ ဒါပေမယ့် စစ်အစိုးရကို နိုင်ငံတကာမှာ ဘယ်သူကမှ အသိအမှတ်မပြုကြပါဘူး။

Mandate ဆိုတဲ့အများရဲ့ထောက်ခံမှုနဲ့ ရထားတဲ့ လုပ်ပိုင်ခွင့်အာဏာ ကိုလည်းစဉ်းစားမိပြန်ပါတယ်။ ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲ ရလဒ်အရရော၊ ၂၀၂၁ ခုနှစ် အထွေထွေသပိတ်ကြီးအရရော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဟာ Mandate ရ အဖွဲ့အစည်းတခုဖြစ်နေပါပြီ။

CRPH ရဲ့ (၇၄)နှစ်မြောက်ပြည်ထောင်စုနေ့သဝဏ်လွှာမှာ 
" ၇။ မည်သို့သော စိန်ခေါ်မှုများရှိနေလင့်ကစား ကျွန်ုပ်တို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အနေဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံအစည်းအဝေးများက ချမှတ်လိုက်သော ပြည်ထောင်စုသဘောတူညီချက်များ (Union Accords) ကို ဆက်ခံလျက် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဆက်လက်ဆောင်ရွက်ခြင်းအားဖြင့် စစ်အာဏာရှင်ဝါဒချုပ်ငြိမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနှင့် လျော်ညီသည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်ရေးတို့အတွက် ညီနောင်တိုင်းရင်းသားနိုင်ငံရေးအင်အားစုများနှင့်လက်တွဲကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ကတိပြုအပ်ပါသည်။"
လို့ဖေါ်ပြထားတာတွေ့ရပါတယ်။ 

CRPH အဖွဲ့ဝင်တဦးကလည်း သူ့ရဲ့အင်တာဗျူးမှာ လိုအပ်ရင် အစိုးရဖွဲ့မယ်လို့ ပြောတာကိုလည်း ကြားလိုက်ရပါတယ်။ တကယ်လို့ CRPH ကသာ ကြားဖြတ်အစိုးရကို ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရလက္ခဏာနဲ့အညီ ဖွဲ့မယ်ဆိုရင် အထွေထွေသပိတ်တိုက်ပွဲဝင်ပြည်သူတွေနဲ့အတူတိုင်းရင်းသားအင်အားစုတွေပါ တညီတညွတ်တည်းထောက်ခံကြမှာ မလွဲပါဘူး။

ဘာပဲဖြစ်ဖြစ် နိုင်ငံသစ်တခုတည်ဆောက်ဖို့ဆိုတာ ခက်ခဲကြမ်းတမ်းတဲ့စိန်ခေါ်မှုတွေ၊ တိုက်ပွဲတွေကိုကျော်ဖြတ်ကြရမှာပါပဲ။ ကျွန်တော်တို့အားလုံးစည်းလုံးညီညွတ်ကြရင် အောင်မြင်မှုရကိုရပါလိမ့်မယ်။

သုတအောင်
၂၄-၂-၂၀၂၁