Breaking News

နီဇူလိုင် - နွေဦးမှတ်တမ်း (၁)




နီဇူလိုင် - နွေဦးမှတ်တမ်း (၁)

(မိုးမခ) ဧပြီ ၁၀၊ ၂၀၂၁

ကြိုက်တာယူ.. ကြိုက်သလောက်လှူ

ကြိုက်တာယူ.. ကြိုက်သလောက်လှူ ဆိုတဲ့စက္ကူဆိုင်းဘုတ်ကလေးထောင်ထားတဲ့ စာအုပ်အရောင်းဆိုင်လေး၊ စာအုပ်အရောင်းဆိုင်လေးဆိုလို့ ဆိုင်ကြီးကနားကြီးမဟုတ်။ တာလပတ်စပေါ်တွင် ဖြန့်ခင်းထားသော သုတရသစာအုပ်စာပေမျိုးစုံ။ အသစ်ချည့်လဲမဟုတ်။ အဖုံးနွမ်းနွမ်းလေးတွေနဲ့ ရှားပါးစာအုပ်ဟောင်းလေးတွေလဲ တွေ့ရတယ်။ စာအုပ်ရောင်းသမားက နှုတ်ခမ်းမွေးစစနဲ့ လူငယ်လေး။ ဈေးနားတဝိုက်မှာ သူစာအုပ်ဆိုင်လေး လာလာခင်းတော့ ကိုယ်လဲ သူ့ဆီကစာအုပ်ကလေးတွေကို အားပေရင်း စကားစမြည်ပြောဖြစ်တယ်။ တကယ်တော့ ဒီစာအုပ်တွေဟာ သူတို့ရဲ့ အသည်းနှလုံးတွေပါတဲ့။ မစားရက် မသောက်ရက်ခြစ်ခြုပ်ပြီး အမြတ်တနိုးဝယ်ဖတ်ပြီးစုဆောင်းထားတဲ့ စာအုပ်ကောင်းတွေကို ဘာလို့ ကြိုက်သလောက်လှူဆိုတဲ့ ဈေးနဲ့ ချရောင်းရတာပါလိမ့်လို့ စစချင်း နားမလည်ဘူး။ သူတို့အသုံးအစွဲလိုလို့ ရောင်းတာမျိုးလားဆိုတော့လည်း မဟုတ်။ စာအုပ်ရောင်းသမားလေးက မနက် စောစော ဈေးထိပ်က သစ်ပင်ရိပ်မှာ စာအုပ်တွေဖြန့်ခင်းပြီး မနက်ပိုင်းဈေးကွဲချိန်လောက်ထိရောင်းတာ။

ဒီစာအုပ်ဆိုင်လေး စဖွင့်ဖို့စိတ်ကူးကို စိတ်တူကိုယ်တူ သူငယ်ချင်းတွေစု တိုင်ပင်ရင်း စိတ်ကူးကို အကောင်အထည်ဖော်ကြပုံကို ပြောပြတယ်။ ပထမဆုံး သူတို့ကိုယ်

ပိုင်ဝယ်ထားတဲ့ စာအုပ်တွေကို ရောင်းဖို့ စခင်းတယ်။ သူတို့ရည်ရွယ်ချက်ကို ပူးပေါင်းပါဝင်ချင်သူတွေက ကိုယ်ပိုင် စာအုပ်တွေကို ရောင်းဖို့ လာလှူကြတာလည်း ရှိတယ်။ဒီစာအုပ်တွေကို စုပေါင်းပြီး ရောင်းလို့ရတဲ့ ပိုက်ဆံတွေကို သူတို့အကုန်လှူကြဖို့ ဆုံးဖြတ်ထားကြတယ်တဲ့။ ပထမဆုံး စာအုပ်စရောင်းတဲ့နေရာက ခုလို ဈေးမှာရောင်းတာမဟုတ်ဘူး။ တကယ့်နေရာ။ သူတို့ မြို့လေးရဲ့ နွေဦးတော်လှန်ရေးအောင်မြေ။ နွေဦးတော်လှန်ရေး သပိတ်တိုက်ပွဲရဲ့စုရပ်နေရာမှာ စရောင်းဖြစ်ကြတာတဲ့။

နွေဦး တော်လှန်ရေးစ ကာစ ရက်တွေမှာ မနက်၈နာရီလောက်ဆိုရင် မြို့လေးထဲက လူတွေဟာ (အထူးသဖြင့် လူငယ်လေးတွေ) လက်ကိုင် ဆိုင်းဘုတ်ဝါဝါလေးတွေကို ကိုင်ပြီး ဒီအောင်မြေစုရပ်ကို ရောက်လာစုဝေးကြပြီ။ တဖြေးဖြေး လူစုမိပြီဆိုရင် တနေရာကနေ ဆောင်းဘောက်အကြီးကြီးနဲ့ ဖွင့်လိုက်တဲ့ သွေးသစ္စာသီချင်းသံဟာ ဟိန်းထွက်လာတာပဲတဲ့။ သွေးသစ္စာသီချင်းသံကြားတာနဲ့ မြို့လေးထဲက သပိတ်တပ်သားတွေဟာ စုရပ်အောင်မြေဆီ အရောက်လာကြတယ်။ သွေးသစ္စာသီချင်းသံအဆုံးမှာ အရှေ့ဘက်ကနေ ချီတက်လာတဲ့ မြိ့နယ်လုံးဆိုင်ရာ ဗကသကျောင်းသားသပိတ်စစ်ကြောင်းကြီးဟာ နီရဲနေတဲအလံတွေ တလူလူနဲ့ ရောက်လာတော့တာပဲ။ ဗကသကျောင်းသားစစ်ကြောင်းရဲ့ နောက်မှာ လူအင်အားအများဆုံးနဲ့ လိုက်ပါလာလေ့ရှိတာက ပညာရေးသပိတ်စစ်ကြောင်း။ အဲဒီနောက်မှာတော့ ရုံးဌာနတွေနဲ့လူထုလူတန်းစားအသီးသီးရဲ့စစ်ကြောင်းတွေ။ မြို့လေးရဲ့ အနီးတဝိုက် ကျေးရွာတွေက ချီတက်လာတဲ့ တောင်သူလယ်သမားသပိတ်စစ်ကြောင်းတွေနဲ့ လူပင်လယ်ကြီးအမြဲဖြစ်ခဲ့တဲ့နေရာပေါ့။ အဲဒီအချိန်မှာ လုံခြုံရေးယူထားတဲ့ စစ်သားတွေ ရဲတွေက သူတို့နဲ့ မျက်နှာချင်းဆိုင် လမ်းတဘက်မှာ အတားအဆီးတွေချပြီး သေနတ်တွေနဲ့ရှိနေတယ်။ သူတို့ သတ်မှတ်နေရာကို ကျော်လာရင် ပစ်မယ်ဆိုတဲ့သဘော။ ဘယ်လိုပဲ သေနတ်တွေနဲ့ ချိန်ချိန် ။ လူထုကြီးဟာ မနက်တိုင်း ဒီနေရာမှာလာ စုဝေးကြ။ စစ်ကောင်စီရဲ့ မတရားအာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ရဲရဲတောက် သပိတ်မှောက် မကြောက်တရားတွေဟောကြတယ်။ ပြီးရင် စစ်သားတွေ စောင့်ပိတ်မထားတဲ့ လမ်းတွေကနေ မြို့လေးထဲကို စီတန်းလှည့်လည်ကြနဲ့ပေါ့။ ဖေဖော်ဝါရီလ ကုန်လောက်မှာတော့ စစ်ကောင်စီက သပိတ်တပ်သားတွေကို အကြမ်းဖက်ဖြိုခွင်းတာတွေ လုပ်လာပြီ။ မြို့လည်သပိတ်အောင်မြေမှာ လူစုခွင့်မရအောင် စစ်ကားတွေ အချုပ်ကားတွေ အင်အားအပြည့်နဲ့ ပိတ်ဆို့ထားလိုက်ကြတယ်။ သပိတ်တပ်သားတွေကတော့ အလျှော့မပေးကြဘူး။ အဲဒီနေရာကို ရှောင်ပြီး မြို့လုံးပတ်လည် လှည့်ပြီးပြောက်ကျားစနစ်နဲ့ ဆန္ဒပြကြတာပဲ။

စာအုပ်ရောင်းသမားလေးနဲ့ သူ့သူငယ်ချင်းတွေက ပညာရေးစစ်ကြောင်းကြီးထဲမှာ အမြဲချီတက်ကြွေးကြော်ဆန္ဒပြကြတဲ့ ကျောင်းဆရာ ဆရာမလေးတွေ။ သူတို့ကြွေးကြော်သံတွေထဲမှာ ရုံးမတက်နဲ့ ရုန်းထွက်ဆိုတဲ့ ကြွေးကြော်သံလည်းပါတယ်။ ဒီကြွေးကြော်သံဟာ နွေဦးတော်လှန်ရေးရဲ့ တပ်ဦးခရာသံပဲ။ နွေဦးတော်လှန်ရေးမှာ ရန်သူစစ်အာဏာရှင်ကို အကြီးအကျယ်အံတုနိုင်တဲ့ သမိုင်းတွင်မယ့် CDM လှုပ်ရှားမှုကြီးမှာ ပါဝင်ကြဖို့ တိုက်တွန်းတဲ့ ကြွေးကြော်သံပဲ။

တနိုင်ငံလုံးမှာ ရှိတဲ့ ဝန်ထမ်းအများစုဟာ CDM လှုပ်ရှားမှုကြီးမှာ ပါဝင်လာကြတယ်။ စာအုပ်ရောင်းသမားလေးနဲ့ သူ့သူငယ်ချင်း လုပ်ဖော်ကိုင်ဖက်တွေကလည်း ပညာရေးဝန်ထမ်း CDM တွေတဲ့။ ဖေဖော်ဝါရီလကုန်လောက်မှာ သပိတ်တွေကို အတင်းဖြိုခွဲသလို CDMဝန်ထမ်းတွေကိုလဲ လစာမပေး တော့ မလိုလို သတင်းတွေ ထွက်လာတယ်။ စာအုပ်ရောင်းသမားလေးနဲ့ သူ့လုပ်ဖော်ကိုင်ဘက်တွေဟာ လခမရလို့အခက်အခဲတွေ့မယ့် CDMဝန်ထမ်းတွေကို ကူညီနိုင်ဖို့နည်းလမ်းရှာကြတယ်။ သူတို့ကိုယ်တိုင်လည်း လစာရမရမသေချာပေမယ့် သူတို့ထက်ပိုအခက်တွေ့မယ့် CDM ဝန်ထမ်းတွေကို သူတို့ကူကြမယ်။ ဘယ်လိုကူနိုင်မလဲ။ သူတို့မှာ အချမ်းသာဆုံးပိုင်ဆိုင်တဲ့ စာအုပ်တွေကို ရောင်းကြမယ်။ရောင်းရသမျှကို CDMဝန်ထမ်းတွေထဲက အခက်အခဲတွေ့သူတွေကို ကူကြမယ်။ ဘယ်လိုရောင်းမလဲ။ ဈေးမသတ်မှတ်ဘူး။ ကြိုက်တဲ့စာအုပ်ယူ။ ကြိုက်သလောက် လှူခဲ့ပါလို့ စက္ကူဆိုင်းဘုတ်ကလေးခြိတ်လိုက်တယ်။ အဲဒီစာတမ်းရဲ့ အပေါ်မှာ CDMဝန်ထမ်းများကို ကူညီဖို့ဆိုတဲ့စာတမ်းလေးကို ရေးလိုက်တယ်။ ဘယ်နေရာမှာရောင်းမလဲ။ သူတို့ရဲ့ နွေဦးတော်လှန်ရေးအောင်မြေနေရာကို သွားရောင်းကြမယ် ။ အဲဒီနေရာမှာ စစ်ကားတွေ ရဲကားတွေ အချုပ်ကားတွေ ရှိနေတယ်လေ။ ဒါပေမယ့် သူတို့ အဲဒီနေရာရဲ့ လမ်းဘေး လူသွားပလက်ဖောင်းလေးနံဘေးမှာ သူတို့ရဲ့စာအုပ်ဆိုင်လေးကို စ ခင်းလိုက်တယ်။ စာအုပ်တွေအပြင် ပန်းချီကားသေးသေးလေးတွေတောင် ပါသေးတယ်။

လမ်းသွားလမ်းလားတွေဟာဖြတ်သွားရင်း သူတို့ဆိုင်ကလေးကို လှည့်ကြည့်ကြတယ်။ CDM ဝန်ထမ်းကူညီဖို့..ဆိုတဲ့စာတမ်းလေးကို မြင်ရင်ပဲ.. ခင်းထားတဲ့စာအုပ်တွေ ပန်းချီကားတွေထဲက ကြိုက်တာတစ်ခုကို ကောက်ယူလိုက်တယ်။ ပြီးတော့ ချထားတဲ့ စက္ကူ အလှူခံပုံးလေးတွေထဲကို ၂၀၀တန် ၅၀၀တန် ၁၀၀၀တန် ၅၀၀၀တန် ၁၀၀၀၀တန် စတဲ့ ငွေစက္ကူတွေ ထည့်သွားကြတယ်။ ၅၀၀ကျပ်တန်စာအုပ်ကလေးကောက်ယူပြီး ၁၀၀၀၀တန်ထည့်ချင်တဲ့သူကလည်းထည့်သွားတယ်။ဒါက CDM ဝန်ထမ်းတွေကို ကူညီဖို့လေ..ဆိုတဲ့ အသိနဲ့ပေါ့။ အဲဒီအချိန်မှာ သေနတ်ကြီးတကားကားနဲ့ ကောင်ကြီးတွေ က လမ်းတဘက်ခြမ်းပလက်ဖောင်းပေါ်မှာ ရိုးရိုး လမ်းဘေးစာအုပ်ဆိုင်လေးလို့ပဲ ထင်ကြပုံရတယ်။ သူတို့ အလုပ်က ဆိုင်းဘု တ်ကိုင်ထားတဲ့ သပိတ်သမားတွေ ဒီနေရာမှာ လာမစုဖို့ပဲ။ ဒီနေရာမှာ သွေးသစ္စာသီချင်းလာမဖွင့်ဖို့ပဲ။ ရုံးမတက်နဲ့ ရုန်းထွက်ဆိုတဲ့ ကြွေးကြော်သံတွေ လာမကြွေးကြော်ဖို့ပဲ။ လမ်းတဘက်ခြမ်း လက်တကမ်းက စာအုပ်ဆိုင်လေးဆီ အာရုံသိပ်ထားပုံမရဘူး။

အဲဒီနေ့က စာအုပ်ရောင်းသမားလေးတို့အဖွဲ့ စာအုပ်တွေရော ပန်းချီကားတွေရော အကုန်ကုန်တယ်။ သူတို့စုရပ်နေရာလေးမှာ ရတဲ့ ပိုက်ဆံတွေ ရေတွက်ကြ စာရင်းလုပ်ကြတယ်။ ၁၀၀၀၀တန်ကနေ ၂၀၀တန် အထိ ငွေစက္ကူလေးတွေဟာ နွမ်းနေပေမယ့် လူထုရဲ့ ချွေးနှဲစာစစ်စစ် အလှူငွေ တွေ။ လူထုက CDM ဝန်ထမ်းတွေကို ထောက်ခံအားပေးလိုက်ကြတဲ့ သက်သေတွေ။ သူတို့ထင်မှတ်မထားပဲ အလှူငွေတော်တော်များများရလို့ ပျော်သွားကြတယ်။ စာရင်းစာရွက်ကလေးနဲ့တကွ CDM ထောက်ပံ့ကူညီရေး အဖွဲ့ဆီ သွားအပ်လိုက်ကြတယ်။ လကုန်လို့ လခမရတဲ့ CDM ဝန်ထမ်းတွေကို တတပ်တအားကူညီနိုင်လို့ သူတို့ကျေနပ်မိကြတယ်။

နောက်ပိုင်းမှာ ဟိုကောင်တွေက CDM ကူတဲ့သူတွေကို ဖမ်းမယ်ဆီးမယ်နဲ့ ခြိမ်းခြောက်တာတွေ လုပ်လာတယ်။ ခုနောက်ပိုင်းတော့ သူတို့အဖွဲ့သားတွေထဲက တချို့သူတွေခမျာ ဖိအားတွေကြောင့် စာအုပ်ရောင်းမလိုက်နိုင်ကြတော့ဘူး။ ဒါပေမယ့် စာအုပ်တွေတွေတော့ လှူကြသေးတယ်။ ခုတော့ စာအုပ်ရောင်းသမားလေးတယောက်ပဲ စာအုပ်ရောင်းထွက်နိုင်တော့တယ်။ သူ့စက္ကူဆိုင်းဘုတ်ကလေးမှာလည်း CDM ဝန်ထမ်းကူညီဖို့.. ဆိုတဲ့စာလေးကို စိတ်မကောင်းစွာနဲ့ ဖုံးထားလိုက်ရတယ် ။ ကြိုက်ရာယူ..ကြိုက်သလောက်လှူ ဆိုတဲ့ ဆိုင်းဘုတ်ကလေးနဲ့ သူစာအုပ်ဆက်ရောင်းတယ်။ CDM ကူညီရေးအဖွဲ့ဆီ အလှူငွေ ရသမျှသွားပေးတယ်။

စာအုပ်ရောင်းသမားလေး ပြောပြတာ နားထောင်ရင်း..မင်းကရော..CDMဆက်လုပ်နေသေးလား။ လခရသေးလား..ဆိုတော့ ကျနော်က အဆုံးထိCDM ပါ။ လခကတော့ ပြည်သူကပေးတဲ့ လခမို့ ရသမျှ ထုတ်ယူနေမှာပဲဗျ။ မေလအထိရရင် လည်း ယူမှာပဲ။ ဇွန်လ ကျောင်းတွေ အတင်းဖွင့်ခိုင်းရင်တော့ စစ်ကောင်စီလက်အောက်မှာ ကျနော် အလုပ်မလုပ်တော့ဘူး။ ကျနော်စာအုပ်ရောင်းလို့ရတယ်။ တစ်ခုခု ရောင်းလို့လည်း ဖြစ်တယ်။ ကျနော် CDM ဝန်ထမ်းတွေကို ကူနိုင်သလောက် ဆက်လှူသွားမယ်.. တဲ့။

Join Us @ MoeMaKa Telegram
#MoeMaKaMedia
#WhatsHappeningInMyanmar