Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၂လ နဲ့ ၇ ရက် မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၂လ နဲ့ ၇ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဧပြီ ၇၊ ၂၀၂၁

ယနေ့ကျဆုံးသူပေါင်း - ၂၁
ကလေး - ၁၁၊
တန့်ဆည် - ၇၊
ပဲခူး - ၂၊
မိုးကောင်း - ၁၊
စုစုပေါင်း ကျဆုံးသူ - ၆၄၃

ဒီနေ့ လှိုင်မြို့နယ်ဘက်ရောက်တော့ ရပ်ကွက်ရုံးကို လုံထိန်းတွေ သေနတ်တွေနဲ့ ကားတစီးချထားပြီး ရုံးဖွင့်ထားတယ်။ ဧည့်စာရင်းတိုင်ဖို့ နှိုးဆော်လိုက်အော်တာကြောင့် ရပ်ကွက်ထဲက အိမ်တွေ ဧည့်စာရင်းတိုင်ဖို့ သွားကြတာတွေတွေ့ရတယ်။ ဧည့်စာရင်းတိုင်ဖို့မလိုတဲ့သူတွေတော့ တိုင်စရာ မလိုပေမယ့် အိမ်ထောင်စုစာရင်းမရှိသူတွေ သွားတိုင်ကြရပါတယ်။ မြို့နယ်အလိုက် မတိုင်ရင် ပေးမယ့် ပြစ်ဒဏ်ကို အမျိုးမျိုး ကြေညာတယ်လို့ ဆိုတယ်။ မြောက်ဒဂုံဘက်မှာ ထောင် ၃ နှစ်လို့ ကြေညာတာရှိသလို တချို့နေရာမှာတော့ ဒဏ်ငွေ ၃ သိန်းလို့ဆိုတယ်။ သူ့ဥပဒေမှာတော့ ထောင် ဒဏ် တပတ် သို့မဟုတ် ဒဏ်ငွေပဲ ။ ခုက စစ်အုပ်ချုပ်ရေး အရေးပေါ်ကာလဆိုတာနဲ့ ဖြဲချောက်တော့ ထောင် ၃ နှစ် ဖြစ်လိုဖြစ်၊ ဧည့်စာရင်းမတိုင်လို့ ထောင် ၃ နှစ် ချမှတ်ခံရမယ်ဆိုတဲ့ နိုင်ငံက တော်တော် ရုပ်ဆိုးတဲ့ လူ့အခွင့်အရေး ဆိုးဆိုးရွားရွားချိုးဖောက်တဲ့ နိုင်ငံဆိုတာ ကမ္ဘာမှာ ကျော်ကြားပေဦးတော့မယ်။

ရပ်ကွက်ရုံးတွေလည်း ညတိုင်းမီးလောင်နေတယ် ။ ဟိုနားသည်နား၊ မနေ့ကလည်း မြောက်ဒဂုံမှာ လောင်မလို့ဖြစ်ပြီး ပြန်ငြိမ်းလိုက်နိုင်တယ် ။ ခုညတော့ ရပ်ကွက် တခု ၄၅ ရပ်ကွက် မှာ လောင်တယ်လို့ဆိုတယ်။ မနေ့ညက ကျောက်မြောင်းဘက်မှာ လောင်တယ်။ ရပ်ကွက်ရုံးတွေအပြင် အချို့လူမနေတဲ့ ဂိုထောင်လိုမျိုး ရေစင်လိုမျိုးတွေမှာလည်း ဗုံးပေါက်ကွဲတယ် ၊ ဗုံးလန့်တယ် ပြောတယ်။ စစ်တပ်က ချက်ခြင်းရောက်လာပြီး ပိတ်ဆို့ ရှာဖွေ စစ်ဆေးနေတာတွေ တွေ့ရပါတယ်။ စစ်အုပ်စုနဲ့ အပေါင်းအပါတွေ၏ လူထုကို အကြောက်တရားနဲ့ ဖိနှီပ်ရန် သည်လို ဖောက်ခွဲဖျက်ဆီး ထိတ်လန့်အောင် လုပ်နေတယ်လို့ပဲ လူထုက ယုံကြည်တယ်။ တန်ပြန်သပိတ်နဲ့ ဆန္ဒပြပွဲတွေ ဖြိုခွဲရေး ထောက်လှမ်းရေးနည်းတွေထဲမှာ လူထုကြားထဲမှာ ဖောက်ခွဲမှု ပြုခြင်း၊ သတင်းမှား ဖြန့်ခြင်း၊ မီးရှို့ခြင်း၊ ဖျက်ဆီးခြင်း၊ တရားဥပဒေစိုးမိုးမှု မရှိအောင် လုပ်ကြံမှုများ ဆောင်ရွက်ခြင်းဆိုတာတွေ ပါဝင်ပါတယ်။ လူထုကြားထဲ တဦးနဲ့တဦး မယုံကြည်အောင် သွေးထိုးလှုံဆော်ခြင်းဆိုတာလည်း ကျင့်သုံးရပါတယ်။ အခု အဲသည်သင်ရိုးအတိုင်း စစ်ကောင်စီက ကျင့်သုံးနေတာလို့ ဆိုနီုင်ပါတယ်။

နောက် ဒီနေ့ ထင်ရှားတဲ့ အဖြစ်အပျက်က ကလေးမြို့က တာဟန်းသပိတ်ခံတပ်ကို သိမ်းလိုက်တာ ။ လူထုဘက်က သေဆုံးသူ ၁၁ ဦးရှိတယ်။ ရက်ရက်စက်စက် ဖြိုခွင်းခံရတယ်။ တန့်ဆည်မှာလည်း စစ်အုပ်စုက သပိတ်တပ်ကို အကြမ်းဖက် ဖြိုခွင်းတယ်။ လူထုက လက်နက်နဲ့ ပြန်ခုခံကြတယ်။ ပြည်သူ ၇ ဦး ကျဆုံးတယ်။ သပိတ်အင်အားတွေ ကောင်းလာပြီဆိုတာနဲ့ စစ်တပ်က ချက်ခြင်းကို လက်နက်သုံး ပစ်ခတ် ဖြိုခွင်းလိုက်တာပဲ။ ပဲခူးမှာလည်း သပိတ်ကို ဖြိုခွင်းရာမှာ စစ်အုပ်စုပစ်ခတ်မှုကြောင့် ၂ ဦးသေဆုံးတယ်။ မန္တလေး မုံရွာမြို့ကြီးတွေမှာလည်း စစ်တပ်ဟာ အလစ်ဝင်ပြီး ဖြိုခွဲတာ ဖမ်းဆီးတာတွေ လုပ်နေဆဲ ဖြစ်ပါတယ်။ ပင်လယ်ဘူးကတော့ တိုက်ပွဲဖြစ်တော့မယ့် အရိပ်အရောင်ကြောင့် မြို့ကနေ စွန့်ခွာကြတာ ရာနဲ့ချီ ထောင်နဲ့ချီရှိတယ်ဆိုတဲ့ သတင်းတွေတက်လာနေတယ်။

စစ်အုပ်စုက ပုဂ္ဂလိကဘဏ်တွေကို ပိတ်သိမ်းမယ်၊ ကန့်သတ်မှုတွေ တိုးမယ်ဆိုတဲ့ သတင်းတွေ ထွက်လာတယ်။ စစ်တပ်က မဟုတ်ဘူးလို့ ဖြေရှင်းချက် ထုတ်ပြန်တယ်။ ဝေ့ဗ်မန်းနီး ဝန်ဆောင်မှုကလည်း လူတွေဆီကို SMS ပို့ပြီး အကောင့်တွေကိုဖျက်မယ် အကြောင်းကြားတာ နည်းပညာအမှားအယွင်းဆိုပြီး ဖြေရှင်းချက် ထုတ်ရတယ်။ ဘဏ်တွေရှေ့မှာ လူတန်းစီနေကြဆဲဖြစ်တယ်။ ငွေထုတ်ရ သွင်းရ ပိုပြီး ခက်ခဲလာကြတယ်။ ရန်ကုန်မှာ ကတ်တကတ်ကို ၂ သိန်း၊ မိုဘိုင်းပေး စနစ်က ၂ သိန်း ထုတ်လို့ရပြီး စုစုေပါင်း ၄ သိန်း ၊ တချို့ဘဏ်တွေက ၅ သိန်း ထုတ်လို့ရပေမယ့် နယ်မြို့တွေမှာ ကတ်တကတ်မှ ၂/ ၃ သောင်း ပဲ ထုတ်လို့ရတယ်ဆိုတယ်။ ရန်ကုန် မန္တ လေး နဲ့ နယ်မြို့တွေ ရဲ့ ကွာခြားပုံတွေ ကြည့်လိုက်ရင် မြို့ပြကလူတွေက ဘဏ်တွေအပေါ် ပိုမှီတည်နေရတယ်။ နယ်မြို့တွေကတော့ စာရိတ်အကုန်အကျနည်းတယ်လို့ ဆိုနီုင်ပါတယ်။ လူတွေက ငွေတွေ ထုတ်ပြီး စုဆောင်းနေကြတော့ ဘဏ်ထဲက ငွေကို တန်းစီးထုတ်ပေးတဲ့ ပွဲစားလုပ်ငန်းကလည်း ပေါ်လာတယ်။ ရာခိုင်နှုန်းအားဖြင့် ၂-၃ % ပေးရတယ် ပြောတာပဲ။ ဒီဧပြီတလမှာ လူတွေအားလုံးက အသုံးစာရိတ်ကို အနိမ့်ဆုံးကို လျော့ချပြီး နေထိုင်ကြဖို့ များတယ်။ သင်္ကြန်ပိတ်ရက်တွေရှိတော့ အလုပ်ကိစ္စမရှိကြဘူး။ သင်္ကြန်ကိုလည်း လူတွေက ဆင်နွှဲကြမယ် မဟုတ်ဘူး ဆိုကြတယ်။

CRPH က ဒေါက်တာဆာဆာကတော့ လူထုဟာ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတယ်။ စစ်တပ်က အကြမ်းဖက် ဖြိုခွဲနေတယ်။ သတ်ဖြတ်နေတယ်လို့ CNN အာရှရေးရာ အင်တာဗျူးမှာ ဖြေကြားပါတယ်။ သတင်းထောက်က ပြည်သူတွေထဲမှာ လက်နက်ကိုင်တွေ (Militia) တွေ ရောက်နေတယ်။ သူတို့ ပြန်ခုခံနေကြတယ်။ ဒါကို ဘယ်လို ပြောမလဲလို့ ထောက်ပြပြီး မေးပါတယ်။ ဒေါက်တာဆာဆာကတော့ ဒီမေးခွန်းကို တိုက်ရိုက် မဖြေပါဘူး။ လက်နက်မဲ့ အပြစ်မဲ့ ပြည်သူတွေကို စစ်တပ်က ဆက်သတ်နေရင် တိုင်းပြည်ပျက်လိမ့်မယ်။ နိုင်ငံတကာက အမြန်ဟန့်တားပေးပါလို့ပဲ ပြောသွားပါတယ်။ တရုတ်အစိုးရကလည်း ပြည်တွင်း ရေးကို ပြည်တွင်းမှာပဲ ဖြေရှင်းရမယ်လို့ အကြိမ်ကြိမ် ထပ်ပြောနေပါတယ်။ သူ့ကြည့်ရတာ နယ်စပ်က သူ့စကားနားထောင်မယ့် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ စကားတချို့ ညှိထားပြီးပုံရပါတယ်။ စစ်တပ်က ခေါင်းဆောင်တွေနဲ့လည်း အနေအထားအချို့ ဆွေးနွေးနေပုံပါပဲ။ တရုတ်က အမေရိကန်နဲ့ အနောက်အုပ်စု ဒီမိုကရေစီအင်အားစုတွေကြားထဲ ခြေကုပ်ဦးစွာ ရယူသွားမှာကို ကနဦးက စိုးရိမ်ပုံပါ။ အခုတော့ အနောက်အုပ်စုက ပိတ်ဆို့ဒဏ်ခတ်တာနဲ့တင် ရပ်နေပြီး နောက်ထပ်ပြင်းထန်တဲ့ အရေးယူမှု မပေါ်လာသေးတဲံအပြင် CRPH အပါအဝင် အတိုက်အခံတွေ တိုင်းရင်းသားအုပ်စုတွေအထဲ ချိတ်ဆက်မှုအတိုင်းအတာကို သိပ်ရှေ့မရောက်လာတာကို တွက်ဆနေမိသားမသိပါ။ တရုတ်နဲ့ အာဆီယံက လေသံကျယ်လာတာ သတိထားမိပါတယ်။ လူထုနဲ့ သပိတ်အဖွဲ့တွေကတော့ စစ်အုပ်စုအပြုတ်တိုက်ရေးကိုပဲ ကြံ့ကြံ့ခံတည်မြဲနေတာတွေ့ရပါတယ်။ ပြည်ပက မြန်မာတွေကလည်း အဲသည်တိုက်ပွဲ အောင်မြင်ရေးအတွက် တယောက်တလက် ဝိုင်းပြီး ကူညီထည့်ဝင်အားပေးမှု အလွန်ကြီးမားအားကောင်းနေတာကို တွေ့ရပါတယ်။ နိုင်ငံရေးခေါင်းဆောင်တွေက တသက်မှာ တခါပဲ ရတဲ့ သည်လို ရှားရှားပါးပါး အခွင့်အရေးကို အမိအရဆုပ်ကိုင်ပြီး အနိုင်တိုက်ယူဖို့သာ လိုနေပါတယ်။

စီအာရ်ပီအိချ် ရဲ့ NUG အစိုးရတို့ NUCC ကောင်စီတို့ ဖွဲ့စည်းမှုကို တကမ္ဘာလုံးက မျော်နေကြပါတယ်။ မြန်မာပြည်သူတွေ၏ ကိုယ်ပိုင်ဝင်ငွေနဲ့ ရန်ပုံငွေထည့်ဝင်မှုကဏ္ဍ တခုတည်းကို်ပဲ ကြည့်ရင် တပတ်အတွင်း လူ ၆ သောင်း၊ ဒေါ်လာ ၆ သန်း ရတယ်။ ယခင်ထည့်ဝင်မှုတွေအရဆိုရင် ၁၀သန်း ရှိတယ်။ ဒါတောင် အစိုးရတရပ်ကို တရားဝင်တိုက်ရိုက်ထည့်ဝင်တာ မဟုတ်သေးဘူး။ CRPH ကိုယ်စား လွှဲထားတဲ့ အမေရိကန်လူမှုရေးကူညီမှုအသင်း ပြည်သူ့ဂုဏ်ရည်ကနေ တဆင့် ငွေလှူတာချည်းကို ကြည့်ပြောတာပါ။ စစ်အုပ်စုကို အပြုတ်တိုက်ဖို့ CRPH ကိုယ်စားလှယ် လွင်ကိုလတ်က တလ ဒေါ်လာ သန်း ၂၀ လိုတယ်လို့ ထုတ်ပြန်ဖူးတယ်။ ပြည်ပမှာ မြန်မာတွေ တိုင်းရင်းသားတွေ အနည်းဆုံး ၁သန်း ပဲ ရှိတယ်ထား။ တလကို ဒေါ်လာ ၁၀၀ ထည့်ရင်တောင် သန်း ၁၀၀ ရနိုင်တယ်။ လူထုက ထည့်ဝင် ပေးဆပ်နေတဲ့ အသက်တွေ အိုးအိမ်တွေ စည်းစိမ် ရာထူးတွေဆိုတာ အဲသည်ထက် တန်ဖိုး ဖြတ်လို့မရတာ အများကြီး ကျယ်ပြန့် များပြားလှပါတယ်။ သည်ပွဲ သည်တော်လှန်ရေးကို ပြတ်ပြတ်သားသား အနိုင်တိုက်နိုင်ပါတယ်။ အနိုင်ရသင့်ပါတယ်။ လူထု၏ ညီညွတ်မှု စည်းလုံးမှု စွန့်လွှတ်အနစ်နာခံမှု သီးခံ ဇွဲကြီးမှုတွေ အားလုံးဟာ ရန်သူကို ကြီးမားစွာ ပြင်းထန်စွာ ထိုးနှက် တိုက်ခိုက်နေပါတယ်။ သည်တော်လှန်ရေးမှာ မနိုင်ရင် ဘယ်တော်လှန်ရေးကျမှ အနိုင်တိုက်ကြမယ် စဉ်းစားထားကြသလဲ။

(Photo - CHin World, Blood soaked arm banner from dead protester)

Join Us to MoeMaKa Telegram

#MoeMaKaMedia
#WhatsHappeningInMyanmar