Breaking News

သီအိုဇော် - “မဖြစ်သေးတာလား၊ မဖြစ်နိုင်တာလား”



သီအိုဇော် - “မဖြစ်သေးတာလား၊ မဖြစ်နိုင်တာလား”

(မိုးမခ) မေ ၁၁၊ ၂၀၂၁

သူဟာ ကာချုပ်လို့ပဲခေါ်ခေါ်၊ တပ်ချုပ်လို့ပဲဆိုဆို နိုင်ငံရဲ့လက်နက်ကိုင်တပ်ဖွဲ့အားလုံးရဲ့ အကြီးအကဲဖြစ်ပြီး၊ စစ်ဦးစီးချုပ်ရာထူး၊ ကာကွယ်ရေးဝန်ကြီးရာထူးတို့ကို မိမိစိတ်ကြိုက်ရွေးချယ်ခန့်အပ်နိုင်သူ။ ငယ်စဥ်အခါက ဥပဒေပညာ သင်ယူလေ့လာခွင့်ရခဲ့သော်လည်း ဥပဒေမဲ့လုပ်ရပ်များကိုလုပ်ဖို့ စိုးစဥ်းမျှဝန်မလေးသူ။ ရယူ ထားတဲ့ရာထူး သက်တမ်းကုန်ခါနီးတော့ မိမိအာဏာဆက်တည်တံ့ရေးအတွက် စစ်အုပ်ချုပ်ရေးထုတ်ပြန်ကာ နိုင်ငံကိုအဓမ္မ အုပ်ချုပ်ခဲ့သူ။ မိမိနှင့်နီးစပ်သူ မိမိအပေါ်သစ္စာခံမည်ဟုယူဆရသူများကို ရာထူးတိုးမြှင့်ပေးပြီး စစ်တပ်ကိုခါးပိုက်ဆောင်တပ်သဖွယ်အသုံးချခဲ့သူ။ နိုင်ငံရေးသမားများနှင့်တက်ကြွလှုပ်ရှားသူများ၊အလွှာ ပေါင်းစုံမှ သူ့ကို ဆန့်ကျင်သူပြည်သူများကို တရားလက်လွတ်ဖမ်းဆီးနှိပ်စက် လုပ်ကြံသတ်ဖြတ်သည်အထိ ဆင်ခြင်တုံတရား ကင်းမဲ့ခဲ့သူ။ ပြည်သူ့ဘဏ္ဏာကို အမေရိကန်ဒေါ်လာဘီလျံ နဲ့ချီပြီးမတရားသဖြင့်ရယူခဲ့သူ။ နံမည်ကြီး တန်ဖိုးလွန် ဒီဇိုင်နာပစ္စည်းများကို ခုံမင်မက်မောတတ်သော ဇနီးမယားကိုပိုင်ဆိုင်ထားသောသူ။ ပြည်သူများရဲ့ဆန္ဒကိုဆန့်ကျင်ပြီးရွေးကောက်ပွဲကိုခိုးယူဖို့ ကြိုးစားခဲ့တဲ့သူ။ သူ့ရဲ့ အဓမ္မအာဏာရယူဖို့ကြိုးစား ခဲ့မှုကို လှည်းနေလှေအောင်း၊မြင်းဇောင်းမကျန် လက်သင့်မခံ အုံကြွဆန္ဒပြခဲ့ကြလို့ အရှေ့တောင်အာရှနိုင်ငံ လေးမှ ပြည်သူများရဲ့ ညီညွတ်မှု၊ရဲရင့် သတ္တိရှိမှုတို့ကို ကမ္ဘာကအသိအမှတ်ပြုမိရလောက်အောင် မထင်မှတ်ပဲ ဖန်တီးပေးသလိုဖြစ်စေခဲ့သူ။အဆုံးမှာတော့ သူဟာမိသားစုနဲ့အတူ တိုင်းပြည်ကကိုယ်လွတ်ရုန်းထွက်ပြေးခဲ့ရ ပြီး ဘဝဇာတ်သိမ်းမလှခဲ့လေသူတစ်ဦးဖြစ်ခဲ့ရပါတယ်။

အင်တာနက်အဖြတ်ခံထားရချိန်မို့မသိလိုက်တာလား၊ အိပ်ပျော်နေချိန်တုန်းကလား၊ အလုပ်လုပ်နေချိန်ကများလား၊ ဘယ်အချိန်ကဖြစ်သွားတာလဲ၊ ဒီလိုသတင်းကောင်းမျိုး ချက်ချင်းမသိလိုက်ရလေခြင်း ဆိုပြီးတော့၊ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မစောကြစေလိုပါ။ အာဏာရှင်ဖိလစ်ပိုင် သမ္မတဟောင်း Ferdinand Marcos နဲ့ သမိုင်းဝင် People Power Revolution အကြောင်းရေးဖို့ အစပျိုးနေခြင်းသာဖြစ်ပါတယ်။

အရပ်သား‌ရှေ့နေ နိုင်ငံရေးသမားကနေ သမ္မတဖြစ်လာတဲ့ မားကိုစ့်ဟာ ဒုတိယ ကမ္ဘာစစ်အတွင်းကစစ်မှုထမ်း ခဲ့သူတစ်ဦးပါ။သူပြောခဲ့တဲ့ ရရှိတဲ့ဆုတံဆိပ်များ၊ စစ်မြေပြင်အတွေ့အကြုံများကတော့ အငြင်းပွါးစရာဖြစ် တယ်လို့ပြောကြပါတယ်။ သမ္မတဖြစ်လာပြီးတော့ ကာကွယ်ရေးဝန်ကြီးရာထူးကို တွဲဖက်ဆောင်ရွက်ခဲ့ပါ သေးတယ်။ ဖိလစ်ပိုင်နိုင်ငံရဲ့အခြေခံဥပဒေအရ သမ္မတဖြစ်သူဟာနိုင်ငံတော်ရဲ့ အထွဋ်အထိပ်ရာထူးဖြစ်ပြီး လက်နက်ကိုင်တပ်ဖွဲ့အားလုံးရဲ့အကြီးအကဲလည်းဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရဲ့ဖွဲ့စည်းပုံလိုမျိုးပါပဲ။ ဖိလစ် ပိုင်လက်နက်ကိုင်လုံခြုံရေးတပ်ဖွဲ့ (ကြည်း၊ရေ၊လေ၊ရဲ) အားလုံးရဲ့ စစ်ဦးစီးချူ ပ်ဟာသမ္မတရဲ့အမိန့်ကို နာခံရပါတယ်။ ဗိုလ်ချုပ်ကြီး Fabian Ver ကအဲ့ဒီရာထူးကို ပိုင်ဆိုင်သူဖြစ်ပြီး သူ့လက်အောက်မှာ ဒုဗိုလ်ချုပ် ကြီး Fidel Ramos က ဒုစစ်ဦးစီးချုပ် အနေနဲ့တာဝန်ယူရပါတယ်။ ကာကွယ်ရေးဝန်ကြီး Juan Ponca Enrile ကတော့နိုင်ငံရေးသမား အစိုးရအဖွဲ့ဝင်ဝန်ကြီးပေါ့။ ” People Power Revolution” အချိန် ကာလတဝိုက်က အဓိကပါဝင်သူများရဲ့ နောက်ခံအကျဥ်းကိုဆက်စပ်ဖတ်ရှု့လို့အဆင်ပြေအောင် အနည်းငယ်ရေးလိုက်ခြင်းပါ။

မားကိုစ့်ဟာ စစ်တပ်ကိုထိန်းချုပ်နိုင်အောင် နည်းမျိုးစုံနဲ့ကြိုးစားခဲ့သူ တစ်ဦးလည်းဖြစ်ပြီး စစ်အသုံးစားရိတ် များကိုတိုးမြှင့်သုံးစွဲပေးခြင်း၊ အရေးပါတဲ့စစ်ဖက်နေရာများကို မွေးရပ် ဇာတိဒေသတဝိုက်မှ အရာရှိများကိုခန့် အပ်ခြင်း၊ သူ့အပေါ်သစ္စာစောင့်သိသူများကို ရာထူးနှင့်ခံစားခွင့်များပေးအပ်ခြင်း၊ စတဲ့နည်းလမ်းများကိုသုံး လေ့ရှိပါတယ်။ လက်နက်ကိုင်တပ်ဖွဲ့များရဲ့ နံပါတ်(၁) ဖြစ်သူ Fabian Ver က မားကိုစ့်နဲ့ တနယ်တည်းသားပါ။ မားကိုစ့်အပေါ် နောက်ဆုံးအချိန်အထိသစ္စာစောင့်ခဲတဲ့သူဟာ ဖိလစ်ပိုင်က မားကိုစ့် ထွက်ပြေးရတဲ့အချိန်မှာ လည်းအတူလိုက်ပါသွားခဲ့သူဖြစ်ပါတယ်။နံပါတ်(၂) ဖြစ်သူ Ramos ရဲ့ အမေဘက်က အဖွား Crispina Marcos နဲ့ မားကိုစ့် ရဲ့ အဖေဘက်က အဖိုးဖြစ်သူ Fabian Marcos က မောင်နှမအရင်းဖြစ်လို့ Ramos နဲ့ မားကိုစ့်ဟာညီအစ်ကိုနှစ်ဝမ်းကွဲတော်စပ်ပါတယ်။ အရင်ဆောင်းပါးတစ်ပုဒ်မှာဖေါ်ပြခဲ့ဘူးသလိုပါပဲ၊ ကာ ကွယ်ရေးဝန်ကြီး Enrileကို မားကိုစ့်ကိုယ်တိုင် မြေတောင်မြှောက်ပေးခဲ့တဲ့၊ နီးနီးကပ်ကပ်ဆက်ဆံ ရေးရှိသူ တစ်ဦးလို့လူတွေကသိထားကြပါတယ်။ သမ္မတလုံခြုံရေးတပ်ဖွဲ့ရဲ့ခေါင်းဆောင်ကတော့ ဗိုလ်မှူးကြီး Irwin Ver ဖြစ်ပြီး ဗိုလ်ချုပ်ကြီး Fabian Ver ရဲ့ သားပါ။ဒီအချက်အလက်တွေကိုကြည့်ရင် မားကိုစ့်ဟာ သူ့ရဲ့အတွင်း စည်းကို ကျစ်လစ်ခိုင်မာအောင်၊ ဖိလစ်ပိုင်တပ်မတော်အပေါ် မှာလည်းသူ့ရဲ့ဩဇာငြောင်းအောင်၊ စံနစ်တကျ ပြင်ဆင်ခဲ့သူဖြစ်တယ်ဆိုတာလည်းတွေ့မြင်နိုင်ပါတယ်။

၁၉၆၅ ခုနှစ်မှာ သမ္မတစတင်ဖြစ်လာခဲ့ပြီး ၁၉၆၉ ခုနှစ် ရွေးကောက်ပွဲမှာဒုတိယသက်တမ်း ထပ်မံရွေးကောက် ခံရပြန်ပါတယ်။ သမ္မတသက်တမ်းအစောပိုင်းကာလများမှာတော့ မားကိုစ့်ကို အာဏာရှင်တစ်ယောက် အဖြစ် သတ်မှတ်ဖို့ခက်ခဲပါလိမ့်မယ်။ သူဟာပါးနပ်တဲ့နိုင်ငံရေးသမားတစ်ယောက်အဖြစ်စတင်ခဲ့ပြီး သူ့ရဲ့ ဒုတိယ ကမ္ဘာစစ်အတွင်းစစ်မှုထမ်းခဲ့တဲ့ဖြစ်ရပ်ကိုလည်း အချက်အလက်မှန်တာရော၊မှားတာတွေပါပေါင်းစပ်ပြီး စစ် ပြန်သူရဲကောင်း တစ်ယောက်အဖြစ် လူထုကြား ပုံဖေါ်ခဲ့ပါတယ်။ ဒါပေမယ့်တတိယသက်တမ်းအတွက်အ ခြေခံဥပဌေက ခွင့်ပြုမထားတော့ ကွန်ဂရက်ကိုအသုံးပြုပြီး အခြေခံဥပဒေ ပြင်ဆင်ချက်ကို မရရအောင်အ တည်ပြုဖို့ကြိုးစားခဲ့တဲ့အတွက် နိုင်ငံနဲ့အဝှမ်းဆန့်ကျင်ဆန္ဒပြမှုတွေဖြစ်ခဲ့ရတယ်။ ဒါ့အပြင် ကွန်မြူနစ်လက် နက်ကိုင်နဲ့အခြားအစိုးရဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့အစည်းများရဲ့ လှုပ်ရှားတိုက်ခိုက်မှု့၊ မားကိုစ့်ဘက် တော်သားများကိုယ်တိုင် ကြံစည်ဖန်တီးတဲ့ မငြိမ်မသက်ဖြစ်စေမှု့ များကို အကြောင်းပြပြီး ၁၉၇၂ ခုနှစ်စက် တင်ဘာ (၂၃) ရက် မှာ စစ်အုပ်ချုပ်ရေးကိုစတင်ခဲ့ပါတယ်။ တကယ်တော့ ၁၉၃၅ ခုနှစ် အခြေခံဥပဌေဟာ အရေးပေါ်အုပ်ချုပ်ရေးအာဏာကိုပဲ လွှဲအပ်တာပါ၊ ဒါ့ကြောင့် မားကိုစ့်က သမ္မတလက်ဝယ် အုပ်ချုပ်ရေးအာဏာပိုမိုရှိစေမယ့် ၁၉၇၃ခုနှစ် အခြေခံဥပဒေသစ် နဲ့ ၁၉၃၅ ခုနှစ် အခြေခံဥပဒေကို အစားထိုးကျင့်သုံးပါတော့ တယ်။ ၁၉၇၂ ခုနှစ်ကနေစတင်ခဲ့တဲ့ မာရှယ်လောဟာ ၁၉၈၁ ခုနှစ်မှာ အဆုံးသတ်ခဲ့ပေမယ့် ဖိလစ်ပိုင်ပြည်သူ တွေအတွက် အာဏာရှင်စနစ်အောက်မှာဆက်လက်နေထိုင်ရဆဲ၊ ဒီမိုကရေစီစနစ်နဲ့ ဝေးကွာနေဆဲပါ။ နိုင်ငံမှာ ငွေကြေး ဖေါင်းပွမှုကြီးမားပြီး အလုပ်လက်မဲ့နှုန်း အလွန်မြင့်မားနေချိန်မှာ မားကိုစ့်နဲ့သူနဲ့နီးစပ်သူများကတော့ အဆမတန်ချမ်းသာနေကြပါတယ်။ အတိအကျခန့်မှန်းဖို့မလွယ်ကူလောက်အောင် များပြားလှတဲ့ မတော်မတ ရားရယူထားတဲ့ မားကိုစ့်ရဲ့ ငွေကြေးပမာဏကို Transparency International က အမေရိကန်ဒေါ်လာ ၅ ဘီလျံ မှ ၁၀ ဘီလျံ အတွင်းရှိမယ်လို့ခန့်မှန်းခဲ့ပါတယ်။ ဆွစ်ဇာလန်ဘဏ်မှ ဖိလစ်ပိုင်အစိုးရထံ ပြန်လည်လွှဲ ပြောင်းပေးငွေ အတိုးအရင်းစုစုပေါင်း အမေရိကန်ဒေါ်လာ ၆၅၈သန်းရှိတာကို ကြည့်ရုံနဲ့တင် ပိုင်ဆိုင်မှုပမာဏ အတော်ကြီးမားမယ်ဆိုတာ ခန့်မှန်းနိုင်ပါတယ်။

၁၉၈၃ ခုနှစ် ဩဂုတ် (၂၁) ရက်နေ့ Benigno Ninoy Aquino, Jr. လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့နောက်ပိုင်း ပြည်သူလူထု ရဲ့ မကျေနပ်မှု၊ဆန့်ကျင်ဆန္ဒပြမှုများ ပိုမိုကြီးထွားလာခဲ့ပါတယ်။ ဒါ့ကြောင့် မားကိုစ့်ဟာ ၁၉၈၇ ခုနှစ်မှာ ပြုလုပ်ဖို့ရှိတဲ့ ရွေးကောက်ပွဲကို ၁၉၈၆ခုနှစ် ဖေဖေါ်ဝါရီလ (၇)ရက်နေ့ကိုရွှေ့ပြီးလုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီကြေငြာချက်ကလည်း ၁၉၈၅ နိုဝင်ဘာ(၄)ရက်နေ့ အမေရိကန် တယ်လီဗီးရှင်းအစီအစဥ် ABC ရဲ့ “ This Week with David Brinkley” နဲ့အင်တာဗျူးလုပ်နေတုန်း ရုတ်တရက်ပြောကြားလိုက်တာပါ။ အစဥ်အဆက် ကောင်းမွန်ခဲ့တဲ့ အမေရိကန်နဲ့ဆက်ဆံရေးဟာ Ninoy Aquino လုပ်ကြံခံခဲ့ရပြီးနောက်မှာ ပြောင်းလဲလာခဲ့တာကို ပြန်လည်ပြုပြင်ချင်တဲ့ မားကိုစ့်ဟာ သူ့ရဲ့တရားဝင်မှုကိုရွေးကောက်ပွဲ ကနေပြသမယ် ဆိုတဲ့အကြောင်း Reagan အစိုးရနဲ့ အမေရိကန်ပြည်သူတွေကို အသိပေးလိုက်ခြင်းလည်းဖြစ်ဟန်တူပါတယ်။ အစိုးရတစ်ရပ်က ကောက်ခါငင်ကာ ရွေးကောက်ပွဲခေါ်ယူတယ်ဆိုတာက အတိုက်အခံပါတီကို အငိုက်ဖမ်း ချင်တာလည်း ဖြစ်နိုင်ပါတယ်။အတိုက်အခံတို့အတွက် ရွေးကောက်ပွဲကြိုတင်ပြင်ဆင်ဖို့ ၊မဲဆွယ်စည်းရုံးဖို့ ကသီလင်တဖြစ် သွားတတ်ပါတယ်။ Ninoy Aquino ရဲ့ဇနီး အတိုက်အခံခေါင်းဆောင် Corazon Aquino နဲ့ ဖိလစ်ပိုင်ပြည်သူတွေကို လျှော့တွက်သလိုလည်း ဖြစ်သွားခဲ့ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်မားကိုစ့်ကတော့မနိုင် နိုင်အောင်နည်းမျိုးစုံသုံးပြီးလုပ်မယ်ဆိုတဲ့အကြံရှိပုံရပါတယ်။ ခြိမ်းခြောက်မှု၊အကြမ်းဖက်မှု၊မဲဝယ်မှု၊မဲလိမ်မှုများကိုမားကိုစ့်နဲ့သူ့ရဲ့ဘက်တော်သားများက ပြုလုပ်ခဲ့ပြီး ရွေးကောက်ပွဲအပြီးမှာ သူသာအနိုင်ရရှိကြောင်း ကြေငြာခဲ့ပါတယ်။

နိုင်ငံတကာမှရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများက ရွေးကောက်ပွဲဟာ တရားမျှတမှုမရှိ၊ မဲမသမာမှု များရှိကြောင်း ထုတ်ဖေါ် ပြောကြားခဲ့ပါတယ်။ မဲရေတွက်မှုများကို ကြီးကြပ်လုပ်ဆောင်ပေးနေတဲ့ကွန်ပြူတာ ကျွမ်းကျင်သူ ၃၅ ယောက်ဟာ မားကိုစ့်ရဲ့မဲမသမာမှုများကို တွေ့ရှိခဲ့လို့ အလုပ်ဆက်မလုပ်တော့ပဲ ဖေဖေါ်ဝါ ရီ(၉) ရက်နေ့မှာ အလုပ်ကထွက်ခွါသွားခဲ့ပါတယ်။ တရားမျှတမှုအတွက်အန္တရယ်ကို မကြောက်မရွံ့ ရင်ဆိုင်ခဲ့ တဲ့ သူတို့ဟာဖိလစ်ပိုင်သမိုင်းမှာ COMELEC35 (The Commission for Elections 35) အဖြစ် နံမည်ထင်ကျန် ရစ်ခဲ့ပါတယ်။ ပြည်သူ့ဆန္ဒကိုဆန့်ကျင်ပြီး ရွေးကောက်ပွဲကို ခိုးယူဖို့ကြိုးစားခဲ့တဲ့ မားကိုစ့်ကို အမေရိကန် သမ္မတ ရော်နယ်ရီဂင်ကလည်း နောက်ပိုင်းမှာ ပြင်းထန်တဲ့စကားလုံးများသုံးပြီး ဝေဖန်ခဲ့ပါတယ်။ဒီလိုနဲ့ ပြည်သူလူထုကြီးရဲ့ဆန္ဒပြပွဲများဟာပိုမိုကြီးထွားလာပြီး People Power Revolution ဟာအရှိန်အဟုန်မြင့် မားလာပါတယ်။ ယေဘူယျအားဖြင့် Enrile နဲ့Ramosတို့ရဲ့တပ်ဖွဲ့ဝင်များခွဲထွက်လာမှု၊ ကက်သလစ်သာသနာ ပိုင်ချုပ် Cardinal Jaime Sin ရဲ့ ထိရောက်သောစည်းရုံးလှုံ့ဆော်မှုတို့ဟာပြည်သူများရဲ့ People Power Revolution ကိုပို၍ အရှိန်အဟုန်မြင့်တက်စေခဲ့ပြီး အောင်မြင်မှုလမ်းကြောင်းပေါ်ပို့ဆောင်ခဲ့နိုင်ကြတယ်လို့ ကောက်ချက်ချလေ့ရှိကြပါတယ်။

လူထုအရေးတော်ပုံတိုင်းမှာ မတူညီတဲ့အင်အားစုတွေရဲ့ စုဆုံမှတ်ဟာ အခရာကျလှတယ်ဆိုတာ ငြင်းပယ်လို့ မရနိုင်ပါဘူး။ ဖိလစ်ပိုင် People Power Revolution ဟာကမ္ဘာ့သမိုင်းဝင် လူထုလှုပ်ရှားမှုကြီးပါ။ အနုစိတ် ဆန်းစစ် လေ့လာမှု့များစွာရှိခဲ့၊ရှိနေ၊ ရှိအုံးမယ့်ဖြစ်ရပ်တစ်ခုလည်းဖြစ်ပါတယ်။ ဆောင်းပါးတစ်ပုဒ်နဲ့ပြည့်စုံ အောင်ခြုံ ငုံသုံးသပ်ဖို့ဆိုတာ အင်မတန်မှခဲယဥ်းလှပါတယ်။ ဒီဆောင်းပါးမှာ လက်နက်ကိုင်အင်အားစုများ ဒီ ဆုံမှတ်ဆီရောက်ရှိလာတဲ့ ခရီးလမ်းကြောင်းကို အဓိကထားလေ့လာလိုပါတယ်။ တော်လှန်ရေးဖြစ်စဥ်တစ်ရပ်မှာ ကြုံတွေ့ရမယ့် အကြပ်အတည်းပြဿနာများအတွက် ပြဌာန်းစာအုပ်ထဲကလို ပုံသေကားချပ် စံနမူနာပြ အဖြေများအတိုင်း ဖြေရှင်းနိုင်ခွင့်ရဖို့ဆိုတာ မလွယ်ကူလှပေမယ့် ဒီနေ့ မြန်မာ့နိုင်ငံရေးအနေအထား အတွက် အထောက်အကူပြုနိုင်တဲ့အချက်တွေလည်း တွေ့ကောင်းတွေ့နိုင်ပါတယ်။ တဆက်တည်းအသိပေးချင်တာ တစ်ခုက လက်နက်ကိုင်တပ်ဖွဲ့များနှင့် ဦးဆောင်သူများရဲ့ ယုံကြည်ခံယူချက် ၊ပါဝင်ပတ်သက်မှုတို့ကိုPeople Power Revolution ကာလအထိသာ ဒီဆောင်းပါးမှာလေ့လာမယ်ဆိုတာကိုပါ။ နောက်ပိုင်းကာလ ဖိလစ်ပိုင် နိုင်ငံရေး အခင်းအကျင်း အထိ ဆက်နွယ်စဥ်းစားမယ်ဆိုရင် ဝိရောဓိဖြစ်စရာအချို့ ပါလာနိုင်တဲ့အတွက်ပါ။

Enrile နဲ့ Ramos တို့ မားကိုစ့်အပေါ်ဆက်လက် မထောက်ခံနိုင်တော့ဘူးလို့ကြေငြာခဲ့ခြင်းကိုPeople Power Revolution ရဲ့ သမိုင်းဝင်အချိုးအကွေ့တစ်ခုအနေနဲ့ မှတ်တမ်းတင် လက်ခံကြရပါတယ်။ ဒီဖြစ်ရပ်မတိုင်မီ Enrile နဲ့ အခြားစစ်တပ်အရာရှိများကြံစည်ခဲ့တဲ့၊ အောင်အောင်မြင်မြင်အကောင်အထည်မဖေါ်ဖြစ်ခဲ့တဲ့ အာဏာသိမ်းအစီအစဥ်လည်းရှိခဲ့ပါတယ်။ ဒီနေရာမှာ အဲဒီစစ်တပ်အရာရှိတွေအကြောင်းထည့်ပြောမှဖြစ်ပါ လိမ့်မယ်။ “လက်နက်ကိုင်တပ်ဖွဲ့များပြုပြင်ပြောင်းလဲရေးလှုပ်ရှားမှု” (Reform the Armed Forces Movement – RAM) ဆိုတဲ့အဖွဲ့ ကို ဖိလစ်ပိုင်တပ်မတော်ပုံရိပ်မြှင့်တင်ချင်တဲ့ စစ်တပ်အရာရှိများကဖွဲ့စည်း ထားပါတယ်။သူတို့ဟာ အကျင့်ပျက်လာဘ်စားမှုကို မကြိုက်ကြသလို၊အရည်အချင်း၊လုပ်သက်တို့အပေါ် မမူ တည်ပဲ ပုဂ္ဂိုလ်ရေးသစ္စာစောင့်သိမှု၊ဆွေမျိုးတော်စပ်မှု၊ရင်းနှီးမှုတို့ကိုအခြေခံပြီး ရာထူးတိုးတက်စေမှု၊စတာ တွေကို ပြောင်းလဲစေချင်တဲ့သူတွေလည်းဖြစ်ပါတယ်။ ခေါင်းဆောင်သူအများစုဟာ အလယ်အလတ်အဆင့် ဗိုလ်မှူးကြီး၊ ဒုဗိုလ်မှူးကြီး များဖြစ်ကြပါတယ်။ ဗိုလ်မှူးကြီး Gregorio Honasan II ကို RAMရဲ့ခေါင်းဆောင်အ ဖြစ်နဲ့လူသိများကြပြီး၊ လက်ရှိမှာ Senator Honasan အနေနဲ့ ဖိလစ်ပိုင်လွှတ်တော်မှာတာဝန်ထမ်းဆောင်နေ ပါတယ်။ နောက်ထပ်ထင်ရှားတဲ့ RAM ခေါင်းဆောင်တစ်ယောက်က လေတပ်က ဒုဗိုလ်မှူးကြီး Eduardo E. Kapunan, Jr. ဖြစ်ပြီး လက်ရှိမြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင် သံအမတ်ကြီးဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ဖိလစ်ပိုင် စစ်တက္ကသိုလ် တစ်ပတ်တည်းဆင်းတွေလည်း ဖြစ်ကြပါတယ်။ RAM ကို ၁၉၈၂ခုနှစ် နားတစ်ဝိုက်က စတင်ဖွဲ့စည်းခဲ့ဟန်ရှိပြီး ကာကွယ်ရေးဝန်ကြီး Enrileနဲ့ နီးကပ်တဲ့ဆက်ဆံမှုတွေရှိတယ်လို့ ဆိုကြပါတယ်။

RAM အဖွဲ့ ရဲ့ ကြိုတင်စဥ်းစားခဲ့တဲ့ အာဏာသိမ်းအစီအစဥ်မှာ အရပ်ဖက်-စစ်ဖက် ပူးတွဲ အမျိုးသားပြန်လည် သင့်မြတ်ရေးကောင်စီ (Council for National Reconciliation) ဆိုတာမျိုးလည်း ပါရှိပြီး Corazon Aquino ကို နေရာတစ်နေရာပေးမယ်လို့ ကမ်းလှမ်းခဲ့ဖူးကြောင်း၊ ဒါပေမယ့် သူမ လက်မခံခဲ့ကြောင်း Aquino က ပြောကြားခဲ့ဖူးပါတယ်။ RAM အဖွဲ့ ဟာ သူတို့ရဲ့ အာဏာသိမ်းမယ့်အစီအစဥ်ကို ဖျက်သိမ်းခဲ့ရပါတယ်၊ ဘာ့ ကြောင့်လဲဆိုတော့ မားကိုစ့်တို့ဘက်က ဒီသတင်းကိုရရှိသွားတဲ့အတွက်ပါ။ အဲဒီနောက်Enrile နဲ့Ramosတို့ရဲ့ မားကိုစ့်အပေါ်ထောက်ခံမှုရုပ်သိမ်းလိုက်ကြောင်း ကြေငြာချက်ကိုထုတ်ပြန်လိုက်ကြပါတယ်။ ဒါဟာမူလအစီ အစဥ်အတိုင်းမဟုတ်တော့ပါဘူး။ မားကိုစ့်လည်းမျှော်လင့်မထားခဲ့သလို၊ ပြည်သူလူထုဖက်ကလည်း မားကိုစ့် ရဲ့ အနီးစပ်ဆုံး အတွင်းစည်းက နှစ်ယောက်ရဲ့ သဘောထားပြောင်းလဲလာမှုကို အံ့အားသင့်ခဲ့မှာပါ။ သူတို့နှစ် ယောက်ဟာ ပြည်သူတွေဆန့်ကျင်ခဲ့တဲ့ မာရှယ်လောစစ်အုပ်ချုပ်ရေးကို ဆယ်စုနှစ်ကြာ အသက်ဝင်စေခဲ့သူ များဖြစ်သော်ငြားလည်း ကက်သလစ်သာသနာ ပိုင်ချုပ် Cardinal Jaime Sin ရဲ့ ခွဲထွက်လာတဲ့တပ်ဖွဲ့များကို အားပေးထောက်ခံ၊ဝန်းရံကာကွယ်ပေးကြဖို့ တိုက်တွန်းနှိုးဆော်ချက်ကို လိုက်နာခဲ့ကြပါတယ်။ ဧရာမလူအုပ် ကြီးနဲ့အတူ ကက်သလစ်ဘုန်းတော်ကြီးများ၊ သီလရှင်များကလည်းခွဲထွက်တပ်ဖွဲ့တွေရဲ့ စစ်စခန်းကိုဝန်းရံ ပြီးအကာအကွယ်ပေးခဲ့ကြပါတယ်။ ကွဲပြားတဲ့အင်အားစုများ ပေါင်းစည်းခဲ့ကြပါပြီ။ ဒီအတွက် မားကိုစ့် နဲ့ Ver တို့ရဲ့ အင်အားသုံးချေမှုန်းမယ့်အစီအစဥ်ဟာ မအောင်မြင်ခဲ့ပါဘူး။ စေလွှတ်လိုက်တဲ့ တိုက်ခိုက်ရေးတပ်၊ မရင်းတပ်ဖွဲ့၊တင့်ကားတပ်ဖွဲ့၊လေတပ်၊အင်အားစုအားလုံးက ရှေ့ဆက်မတိုးပဲပြန်ဆုတ်ခဲ့၊ အမိန့်မနာခံတော့ပဲ ပူးပေါင်းခဲ့ကြပါတယ်။ မြန်မာဆန်ဆန်ရေးရင် ရဟန်းရှင်လူ ပြည်သူများနဲ့ စစ်သားကောင်းပီသလိုတဲ့ တပ်မ တော်သားများရဲ့ စုစည်းမှု့အင်အားဟာ အာဏာရှင်စနစ်ကိုချုပ်ငြိမ်းစေနိုင်ခဲ့ပါတယ်။

ဒီလိုဖြစ်ရပ်မျိုးမြန်မာနိုင်ငံမှာရော“မဖြစ်သေးတာလား၊မဖြစ်နိုင်တာလား” ဆိုတဲ့ မေးခွန်းရဲ့ အဖြေကိုတော့ သမိုင်းစာမျက်နှာများပေါ်မှာ ဆက်လက်စောင့်ကြည့်ရမှာဖြစ်သလို၊ တပ်မတော်ရဲ့ပုံရိပ်ကို ပြောင်းလဲမြှင့် တင်လိုသောဆန္ဒပြင်းပြလှတဲ့၊စစ်သား ကောင်းပီသချင်တဲ့ Professional soldier တွေ၊ မြန်မာနိုင်ငံမှာဘယ် လောက်ကျန်ရှိနေသေးတယ်ဆိုတာကိုလည်း တစ်ခါတည်း ဖြေဆိုပြီးသား ဖြစ်သွားပါလိမ့်မယ်။ ဗြိတိန်နိုင်ငံရဲ့ ဝန်ကြီးချုပ်နှစ်ကြိမ်ဖြစ်ခဲ့ဘူးသူ Harold Wilson (1964-1970, 1974-1976)ရဲ့ နံမည်ကျော် စကားတစ်ခွန်းနဲ့ အဆုံးသတ်လိုပါတယ်။ “ A week is a long time in politics” လို့ဆိုခဲ့ပါတယ်။ တိုတောင်းတဲ့ရက်သတ္တပတ် အတွင်းမှာ မဖြစ်သေးတာတွေရော၊ မဖြစ်နိုင်တာတွေရော မယုံကြည်နိုင်လောက်အောင် မြန်မြန်ဆန်ဆန် ပြောင်းလဲသွားတတ်တဲ့ နိုင်ငံရေးရဲ့ သဘောသဘာဝကို မီးမောင်းထိုးပြခဲ့တာပါ။

(စကားချပ် - အခြားနိုင်ငံတစ်ခု၏ကမ္ဘာ့သမိုင်းဝင်လူထုတော်လှန်ရေးအား ဆောင်းပါးတစ်ပုဒ်ဖြင့်ဆန်းစစ် လေ့လာရာတွင် အချက်အလက်များစွာစုဆောင်းကိုးကားရသော်လည်း၊ ဆောင်းပါးတိုတစ်ပုဒ်မျှရှည်လျား သွားစေနိုင်မည်ဖြစ်သည့်အတွက် ထိုရည်ညွှန်းစာရင်းကို ရည်ရွယ်ချက်ရှိရှိ ချန်လှပ်ခဲ့ပါသည်။)

(သီအိုဇော်)

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar