Breaking News

ရလဒ် ထူးထူးခြားခြား မရခဲ့တဲ့ တရုတ်နိုင်ငံက MNDAA နဲ့ စစ်ကောင်စီ ဆွေးနွေးပွဲ

မြန်မာနွေဦးခရိုနီကယ် - ဒီဇင်ဘာ ၁၇ မြင်ကွင်း

မိုးမခ၊ ဒီဇင်ဘာ ၁၈၊ ၂၀၂၄


ရလဒ် ထူးထူးခြားခြား မရခဲ့တဲ့ တရုတ်နိုင်ငံက MNDAA နဲ့ စစ်ကောင်စီ ဆွေးနွေးပွဲ 

မကြာသေးခင် သီတင်းပတ်က KIO ဥက္ကဌဖြစ်သူ ဗိုလ်ချုပ်ကြီးအင်ဘန်လ ကို တရုတ်နိုင်ငံက ယူနန်ပြည်နယ်ကို ဖိတ်ကြားခဲ့တဲ့ ခရီးစဥ်ပြီး မကြာခင်မှာ MNDAA အဖွဲ့ခေါင်းဆောင်ရဲ့ သားဖြစ်သူအပါအဝင် MNDAA ကိုယ်စားလှယ်တွေနဲ့ စစ်ကောင်စီဘက်က ကစထမှူး ဒုဗိုလ်ချုပ်ကြီး ကိုကိုဦးခေါင်းဆောင်တဲ့ အပစ်ရပ်ရေး အပါအဝင် နှစ်ဖက်ဆွေးနွေးမှုကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲမှာ ဒီဇင်ဘာ ၁၅နဲ့ ၁၆ ရက်တွေမှာ ကျင်းပခဲ့ပါတယ်။ 

KIO ကို စစ်ကောင်စီနဲ့ ဆွေးနွေးဖို့ ဖိအားပေးတိုက်တွန်းတဲ့အနေအထားထက် တရုတ်နိုင်ငံက ပါတီ ဗဟိုကော်မတီဝင် တဦးပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့က ဧည့်သည်အဖြစ် ဖိတ်ကြားဆွေးနွေးတဲ့ အနေအထားမျိုး ဖြစ်ပါတယ်။ MNDAA ကိုတော့ စစ်ကောင်စီဘက်က ကိုယ်စားလှယ်နဲ့ လက်နက်ကိုင် တိုက်ခိုက်မှုတွေ၊ သိမ်းယူထားတဲ့ နယ်မြေနဲ့ မြို့တွေ အရေးကို စစ်ရေးအရရန်ဘက်ဖြစ်တဲ့ စစ်ကောင်စီနဲ့ ဆွေးနွေးဖို့ တရုတ်နိုင်ငံက ဖိအားပေး တိုက်တွန်းခဲ့တယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ တရုတ်နိုင်ငံက ဒီလို ကွဲပြားတဲ့ ဆက်ဆံပုံကို ကြည့်ရင် တရုတ်နိုင်ငံအနေနဲ့ ရှမ်းမြောက်နဲ့ ကချင်ပြည်နယ် နယ်နိမိတ်တလျှောက်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအကြား မတူတဲ့ အကဲဖြတ်ချက်တွေ ထားရှိတဲ့ သဘော၊ တနည်းအားဖြင့် အဆင့်အတန်း ခွဲခြားသတ်မှတ်တဲ့ သဘောကို ထင်ရှားစွာ တွေ့နိုင်ပါတယ်။ 

KIO/KIA အဖွဲ့ကိုတော့ တရုတ်နိုင်ငံအနေနဲ့ သြဇာကြီးကြီးမားမား မရှိတဲ့ အနေအထားကြောင့် တမျိုးဆက်ဆံသလို MNDAA အဖွဲ့ကိုတော့ ၄င်းတို့ အနေနဲ့ ပိုပြီးပြောဆို ဖိအားပေးနိုင်တဲ့ အဖွဲ့လို့ မှတ်ယူပြီး အပစ်ရပ်ဖို့၊ သိမ်းယူထားတဲ့ နယ်မြေနဲ့ မြို့အချို့ ပြန်လည် ဆုတ်ပေးစေချင်တဲ့ ဆန္ဒသဘောထား ထင်ရှားစွာ တွေ့မြင်နိုင်တဲ့ သဘောလည်း ဖြစ်ပါတယ်။ 

ယခု ၂ ရက်တာ ဆွေးနွေးပွဲမှာ ဘာတွေ ဆွေးနွေးပြီး ဘယ်လို ရလဒ်တွေ ထွက်ပေါ်သလဲ ဆိုတာကိုတော့ နှစ်ဖက် အဖွဲ့အစည်းတွေက တရားဝင် ထုတ်ပြန်တာ၊ သတင်းမီဒီယာကို ပြောဆိုတာမရှိသော်လည်း၊ ဆွေးနွေးပွဲ တက်ရောက်သူတွေနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက အမည်မဖော်သူ တချို့ရဲ့ ပြောဆိုမှုတွေကို ကိုးကားပြီး သတင်းဌာန အချို့က ဖော်ပြထားကြတာ တွေ့ရပါတယ်။  

အဆိုပါ ဖေါ်ပြချက်တွေအရ အခုဆွေးနွေးပွဲမှာ စစ်ကောင်စီဘက်က ၄င်းတို့ လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ လားရှိုးမြို့ကနေ ပြန်ဆုတ်ခွာဖို့ ရှမ်းပြည်နယ်မြောက်ပိုင်း နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကို ပြန်ဖွင့်ဖို့ နဲ့ ဖမ်းဆီးထားတဲ့ စစ်ကောင်စီတပ်က အရာရှိကြီးတွေအပါအဝင် စစ်သုံ့ပန်းတွေကို ပြန်လွှတ်ဖို့  တောင်းဆိုခဲ့သလို MNDAA ဘက်ကလည်း ၄င်းတို့ ပြင်းပြင်းထန်ထန် တိုက်ခိုက် သိမ်းယူရရှိထားတဲ့ လားရှိုးမြို့ အပါအဝင် မြို့နဲ့ နယ်မြေတွေကို ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တနည်း ၁၉၉၀ ခုနှစ်တွေက စတင်ခေါ်ဝေါ် သုံးနှုန်းလာတဲ့ အထူးဒေသ (၁) အဖြစ် အသိအမှတ်ပြု ပေးဖို့ တောင်းဆိုတယ်လို့လည်း ဘီဘီစီ မြန်မာပိုင်းသတင်းမှာ ဖေါ်ပြထားတာပါ။ အဲဒီလို နှစ်ဖက်အဖွဲ့အနေနဲ့ လိုလားချက်တွေကို တောင်းဆိုခဲ့ကြရာမှာ စစ်ကောင်စီဘက်က MNDAA အနေနဲ့ လားရှိုးကနေ ဆုတ်ခွာမှသာ အခြားသောကိစ္စရပ်တွေကို ဆက်လက်ဆွေးနွေးမယ်လို့ ပြောဆိုခဲ့ပြီး နောက်လာမယ့် ဇန်နဝါရီလထဲ နောက်တကြိမ် ဆွေးနွေးဖို့ သဘောတူကာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယအကျော့ နောက်ပိုင်း ပထမဆုံးအနေနဲ့ ဆွေးနွေးမှုကို ရပ်နားခဲ့ကြတာ ဖြစ်ပါတယ်။ 

လားရှိုးမြို့ကို MNDAA က တိုက်ခိုက်သိမ်းယူခြင်းအပေါ် တရုတ်နိုင်ငံအနေနဲ့ ဘဝင်မကျခဲ့တဲ့ အကြောင်း လားရှိုးမြို့ သိမ်းယူပြီးတဲ့ သြဂုတ်လ နှောင်းပိုင်းမှာ UWSA က ခေါင်းဆောင်အချို့နဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် တိန့်ရွှီကျင်းတို့ ယူနန်ပြည်နယ် ပူအယ်အစည်းအဝေး မှတ်တမ်းမှာ တွေ့ရတာ ဖြစ်ပါတယ်။ အဆိုပါ အစည်းအဝေးမှတ်တမ်းကို လေ့လာကြည့်ရင် ၁၀၂၇ စစ်ဆင်ရေးရဲ့ အကျိုးဆက်ရလဒ် တွေကို ယခုနှစ်ဆန်းပိုင်း ရှမ်းပြည်နယ် မြောက်ပိုင်းစစ်ရေး ချိန်ခွင်လျှာ အပြောင်းအလဲအပေါ် တရုတ်နိုင်ငံရဲ့  သဘောထား ရှုမြင်ပုံကို အကဲခတ်နိုင်မှာ ဖြစ်ပါတယ်။ 

ရှမ်းမြောက်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ နယ်မြေအများအပြားသိမ်းယူ နိုင်လာတဲ့ အပေါ် တရုတ်နိုင်ငံအနေနဲ့ စိုးရိမ်မှု ရှိသလို အဆိုပါ လက်နက်ကိုင် အဖွဲ့တွေနဲ့ အနောက်နိုင်ငံတွေရဲ့ ဆက်ဆံရေး ကိုလည်း တရုတ်နိုင်ငံက မျက်ခြေမပြတ်စောင့်ကြည့်နေတာ ဖြစ်ပါတယ်။ ဒီအကဲဖြတ်ချက် စိုးရိမ်ချက်တွေက ယခုနှစ် သြဂုတ်လနောက်ပိုင်း မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ တရုတ်ရဲ့ မူဝါဒ ပြောင်းလဲမှုတွေကို ဖြစ်ပေါ်စေတာလည်း ဖြစ်ပါတယ်။ နယ်စပ်ဂိတ်တွေပိတ်တာ၊ စစ်ဆင်ရေးတွေ မဆင်နွှဲနိုင်အောင် ဒေသတွင်းက လက်နက်ကိုင် တပ်တွေသာမက ဒေသခံတွေပါ အခက်အခဲအကြပ်အတည်း ကြုံတွေ့လာနိုင်တဲ့ တရုတ်နိုင်ငံဘက်က ကုန်စည်တွေ မြန်မာနိုင်ငံထဲ တင်သွင်းမှုကို ပိတ်ဆို့တာတွေ လုပ်ဆောင်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို ဖိအားပေးလာတာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေ၊ နိုင်ငံရေး စစ်ရေး အပြောင်းအလဲတွေနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့ မူဝါဒက ဘယ်အပေါ်မှာ အခြေခံသလဲဆို တရုတ်နိုင်ငံအကျိုးစီးပွား ပထမဖြစ်ပါတယ်။ အဲဒီလို တရုတ်နိုင်ငံ အကျိုးစီးပွားလို့ဆိုရာမှာ အင်အားကြီးနိုင်ငံတွေရဲ့ သဘာဝအတိုင်း အိမ်နီးချင်းနိုင်ငံက ရန်ဖက်ဖြစ်တဲ့နိုင်ငံရဲ့ အသုံးချခံ သို့မဟုတ် ကြားခံနယ်မြေ မဖြစ်ဖို့ အရေးတကြီးထား လုပ်ဆောင်မှာဖြစ်ပါတယ်။ အဲဒီနောက် တရုတ်နိုင်ငံ အနေနဲ့ ၄င်းရဲ့အကျိုးစီးပွား မထိခိုက်ဖို့ရာ မြန်မာနိုင်ငံက တည်ငြိမ်မှုရှိဖို့လည်းလိုအပ်ပါတယ်။ တည်ငြိမ်မှုရှိဖို့အတွက် စစ်အစိုးရဖြစ်စေ၊ ဒီမိုကရက်တစ်အစိုးရဖြစ်စေ ၄င်းတို့နဲ့ ဆက်ဆံရေးကောင်းမွန်ဖို့ က အဓိကဖြစ်ပါတယ်။ 

ယခင်နှစ်ကုန်ပိုင်းက စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးတွေက တရုတ်နိုင်ငံရဲ့ ပိုက်လိုင်း တလျှောက်နဲ့ ရေနက်ဆိပ်ကမ်း၊ အထူးစီးပွားရေးဇုန်၊ ယူနန် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းကို ဆက်သွယ်မယ့် ရထားလမ်းစီမံကိန်းတွေကို ထိပါးနိုင်ခြေ ရှိတယ်လို့ တရုတ်က ရှုမြင်လာတာဖြစ်ပြီး အခုလို ၁၀၂၇ စစ်ဆင်ရေးရဲ့ အရှိန်အဟုန်ကို ရပ်ဆိုင်းသွားအောင် လုပ်ဖို့ မူဝါဒချမှတ်ကြိုးစားလာတာ ဖြစ်ပါတယ်။ 

ဒီလို အကျိုးစီးပွား၊ မူဝါဒ၊ ရပ်တည်ချက် နဲ့ နယ်စပ်ဒေသက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ကောင်စီ ဆွေးနွေးဖို့ တရုတ်နိုင်ငံက ကြိုးစားလုပ်ဆောင်နေတယ်လို့ ကောက်ချက်ချရမှာပါ။ ဒီဆွေးနွေးပွဲတွေ ရလဒ်ထွက်မလား သက်ရောက်မှု ရှိမလားဆိုတာတော့ ခုလောလောဆယ်မှာ ပြောဖို့စောနေသေးပြီး နောက်ထပ် လအနည်းငယ်အတွင်း အဖြေပေါ်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar