Breaking News

ခွန်ဆိုင်း - ကိုဗစ် ဒိုင်ယာရီ-၁၃



ခွန်ဆိုင်း - ကိုဗစ် ဒိုင်ယာရီ-၁၃

(မိုးမခ) မတ် ၃၁၊ ၂၀၂၀

အလုပ်တွေ အခုပဲ ပိတ်လိုက်ပြီ အိမ်ပြန်ကြပါ တော့ ဆိုတော့ တချက်တည်းနဲ့ ဘဝလဲပျက် -ကမ္ဘာ လဲ ပျက်ကြပြီပေါ့။ ၂၅ ရက်နေ့တုန်းက သော့ခတ်ချလိုက်တဲ့ အိန္ဒိယမှာ ဖြစ်ပျက်နေတာတွေ ကို ပြန်ကြည့်နေတာ ။ ခုထိ လူတန်းရှည်ကြီးတွေ အိမ်ပြန်နေကြတာမပြီးသေးပါလား ။ ဘယ်ပြီးမလဲ ။ ပြန်ရမှာက ကီလိုမီတာ ၄၀၀- ၅၀၀- ၆၀၀ ။ ကားမရှိဘူး။ ရထားမရှိတော့ ဘူး။ အိမ်ကိုကော ပြန်ရောက်ကြမှာလား ။လမ်းလျှောက်နေကြရတာ။ ၂၁ရက် အိမ်မှာနေကြရမယ်တဲ့ ။ အလုပ်လဲ မသွားရတော့ဘူး၊ ဝင်ငွေလဲ မရှိတော့ဘူး။ အိမ်ကလဲရောက်အောင် ပြန်ကြရမယ် ။

သမတကြီး နရိန္ဒါ မိုဒီ က သူ့ တိုင်းပြည်ကို ပန်ကြား တောင်းပန်နေတဲ့ မိန့်ခွန်းကို ကြည့်မိတော့လဲ စိတ်မကောင်းဖြစ်ရပြန်တာပဲ အိန္ဒိယရေ ။ ခုလိုကြေငြာလိုက်ရလို့ သူ့ကို စိတ်ဆိုးကြမယ်ဆိုတာ သူသိပါတယ်။ တိုင်းပြည်မှာ အများစု ဆင်းရဲတယ်ဆိုတာလဲသူသိပါတယ်။ ကျုပ်တို့တိုင်းပြည်က လူ ၁.၃ ဘီလီယံ ရှိတယ်လေ၊ အခုဒီကပ်ရောဂါကြောင့် မလုပ်မဖြစ်လို့ လုပ်ရတာပါ။ အသေနဲအောင်လုပ်ရတာပါ ။ တိုင်းပြည်ရဲ့ အရှင်အသေကိစ္စဖြစ်နေတာမို့( Life and death matter ) ပိတ်လိုက်ရတာပါ လို့ တောင်းပန်ရှာတယ်။

လူအုပ် လူတန်းကြီးတွေဟာ ရရာ အထုတ်တွေကို သိမ်းပြီး သူတို့ ဇာတိဒေသတွေကိုတရွေ့ရွေ့ ပြန်နေကြရတုန်း ။ သန်းပေါင်းများစွာ အိန္ဒိယ ပြည်သူတွေဟာသူတို့ မွေးရပ်မြေတွေနဲ့ ကီလိုမီတာ ၄၀၀-၅၀၀-၆၀၀ အကွာ က သူတို့ကို ထမင်းကျွေးရာ အလုပ်နေရာတွေအထိ သွားကြ နေထိုင် ကြ အလုပ်လုပ်နေခဲ့ကြ တာ ။ အခုလို ၄နာရီ ပဲ ကြို အသိပေး ပိတ်သိမ်း၊ တိုင်းပြည်ကိုသော့ခတ် ချလိုက်တဲ့အခါ သူတို့ မှာ ပြန်စရာ ကားတွေ ရထားတွေ မရှိတော့ အထုတ်အပိုးတွေ ကိုယ်စီနဲ့ ခြေလျင်ခရီး နှင်နေခဲ့ကြရရှာတာပေါ့ ။ ကူးစက်တွေ့ရှိလူနာ ၁၀၀၀ ဆိုတာ မနည်းဘူး။ နောက် ၁၄ ရက်ကြာတာနဲ့ တသောင်းလဲ ဖြစ်တယ်။ တသိန်းလဲ ဖြစ်နိုင်တယ်။ တသန်းက မဝေးတော့ဘူး ။ဘယ်လိုလုပ် လူတိုင်းကို စစ်ပေးနေနိုင်မှာလဲ ။ နောက် ၁၄ရက် ကျရင်လူတွေ ကိုယ်အိမ်ကိုယ် ပြန် ရောက်နေကြပြီ ။ အဲဒီမှာပဲ ဖျားကြနာကြ အများစု ကံကောင်းကြပါစေပေါ့။

စေတနာရှိသူတွေ က ထမင်းဝေနေတဲ့ နေရာတွေ မှာ တန်းစီနေတဲ့ လူတန်းကြီးကလဲ မဆုံးဘူး။ အားလုံးကိုမေးရင် အလုပ်မရှိဘူး။ စားစရာမရှိဘူးပဲ ပြောနေကြတာတွေ့မယ်။ အစိုးရက ပိုက်ဆံဘယ်လောက်ထုတ်ပေးလို့ ကုသိုလ်ရှင်တွေက ဘယ်လောက်ကျွေးထားနိုင်ကြမှာလဲ ။ ဘယ်သူမှ မပြောနိုင်ဘူး။ ဘယ်သူမှ မကယ်နိုင်ဘူး။ လမ်းတွေ ရပ်ကွက် တွေမှာ ရဲတွေက အုပ်စုလိုက် ပိတ်ပြီး လာသမျှ အငှါးကားကိုယ်ပိုင်ကား တွေကို တားတယ်။ ကားပေါ်က လူတွေကို ဆင်းခိုင်းတယ် ။ ရပ်ကွက်ကလူတွေဆို ရပ်ကွက်ကို ဝင်ခိုင်း။တခြားကလူဆိုရင် ပြန်မောင်းထုတ် ။ ရိုက်ထုတ်။ အပြင်မှာ လမ်းမှာရောက်နေတဲ့သူမှန်သမျှ မေးတယ်။ ရိုက်တယ် ။ အိမ်ပြန်လွှတ်တယ်။ ဘာအကြောင်းမှ မပြနဲ့ ။ အိမ်ပဲ ပြန်ကြ။

တောင် ကိုရီးယား တိုင်းပြည်ကို သော့ခတ်သိမ်းဆည်းထားပုံက စနစ်ကျတယ်။ သူက တတ်နိုင်သူ ၊နည်းပညာကလဲ မြင့်တော့ လူတွေကို သေချာ ထိန်းချုပ်ထားနိုင်တယ်။ လေဆိပ်က ဝင်လာတဲ့ လူမှန်သမျှ ဆေးစစ်ပြီးတာနဲ့ ပါလာတဲ့ သူတို့ လက်ကိုင်ဖုန်းတွေ မှာ ခြေရာခံ အပလီကေးရှင်းတခု ထည့်ပေးတယ်။ သူ ဘယ်ရောက်နေတယ်။ ဘယ်သွားမယ်ဆိုတာကို သိအောင် ခြေရာခံထားလိုက်တယ်။ သွားရမယ့်နေရာကလွဲရင် တခြားမသွားနိုင် တော့ဘူး။ တခုခုဖြစ်လာရင်လဲ အကုန်လိုက်လို့ရတာပေါ့ ။ မလိုက်နာရင် နိုင်ငံခြားသားဆိုရင်ပြန်မောင်းထုတ်။ နိုင်ငံသားဆိုရင် ဒဏ်ငွေဆောင်။

အင်္ဂလန်မှာ ကျန်းမာရေးတာဝန်ခံ ဒေါက်တာ Jenny Harries က ထွက်ပြောပါပြီ ။ အခြေအနေ မဟန်ရင် တိုင်းပြည်ကို ခုလိုသော့ခတ်ထားရမယ့်ကိစ္စ ၆လလောက်အထိ ကြာသွားနိုင်တယ်။ နောက်ထပ် ၃ပတ် စောင့်ကြည့်ပြီး ရင် ဆုံးဖြတ်ရမှာပဲ ။ တကယ်လို့ ကူးစက်နိုင်ချေရှိသေးတယ်ဆိုရင်တော့ ဆက်ပိတ်ထားရမယ်တဲ့ ။ ၆ လ စကားရိပ် ပါလာပါပြီ ။တရက်လူသေတဲ့ နှုန်းကလဲ မြင့်လာပြီ ။ ၂၀၀ ကို ကျော်လာပြီ။ လက်စတာမြို့မှာ စေတနာ့ဝန်ထမ်း လုပ်တဲ့ နားနှာခေါင်းဆရာဝန်ကြီး တယောက် ဒီနေ့ ကျသွားပြီ ။
အီတလီမှာတော့ သမတ ထွက်ပြောတာကတော့ အကောင်းကို ကြိုးစားမြင်ထားသလိုပါပဲ ။ သေတဲ့ နှုန်းက အမြင့်ဆုံးရောက်နေခဲ့တာမို့ နောက်ရက်တွေမှာ ပြန်ကျမှာပါလို့ တိုင်းသူပြည်သားတွေ စိတ် သက်သာရာရအောင် ပြောတယ်။တကယ်ပဲ ကံကောင်းပါစေ အီတလီ ရေ။

အမေရိကန်သမတ ဒီနေ့ သူရှင်းလင်းတဲ့ မိန့်ခွန်းမှာ တခါ ဧပြီလ အထိ ပိတ်မယ်လို့ ပြောပြန်ပြီ။ သူလဲ တရက်တမျိုးပြောနေရပုံပါပဲ ။ သူကျတော့ သူတို့ဆီမှာ သေနေတာ အမြင့်ဆုံးကို အရင်တက်ဦးမယ်၊ အခုက အမြင့်ဆုံး ( peak )ကို မရောက်သေးဘူးလို့ ပြောတယ်။ သတင်းထောက်မ က မေးတာတွေကို သူ့ဖက်က အကြောက်အကန်ပြန်မေးတဲ့ မေးခွန်းတွေနဲ့ စကားဖြတ်တယ်။ အသက်ရှူစက်တွေ အကြောင်းပါတယ် ။ မျက်နှာဖုံး အကာအကွယ်တွေအကြောင်းပါတယ် ။ မျက်နှာဖုံး အကာအကွယ်တွေက ရှိတာလောလောဆယ် ၁၀ သန်း ဆိုရင် နောက်ထပ် လိုနေတာ သန်း၃၀၀ ဆိုတာမျိုး ကို ချက်ချင်း လုပ်လို့မရဘူး။ တိုင်းပြည်ကို အထိတ်တလန့်ဖြစ်စေမယ့် မေးခွန်းတွေ မမေးပါနဲ့ ။ သူတို့ အားလုံး ကြိုးစားလုပ်နေတာပဲလို့ တုံးတိတိ ဖြေတယ်. ဖြတ်တယ်။

မြန်မာမှာလဲ ပိုးရှိသူတွေ ကို စတွေ့တာ ၄ရက်ရှိလာပြီဆိုတော့ စိတ်ပူစပြုလာပါပြီ။ ထိုင်း မှာ အလုပ်သွားလုပ်သူတဲ့ သူတွေ ထိုင်းဘက်က စက်ရုံတွေ အကုန်ပိတ်သိမ်းလိုက်တဲ့ အခါ သန်းပေါင်းများစွာ ပြန်လာကြရတာဆိုတော့ ဘယ်လိုမှ စိစစ်လို့ မရနိုင်ပါဘူး။ ရောဂါပိုးပါလာခဲ့ရင်လဲ နယ်တကာ အနှံ့ အကုန်ဖြန့်ပြီးဖြစ်ပါလိမ့်မယ်၊ ဒါကို မြင်မိတဲ့ ကျန်းမာရေးဝန်ကြီးဟာ အခု ထူးထူးခြားခြား စကားပါလာပြီ ။ ကူးစက်ပျံ့နှံ့မှု ဟာ အရမ်းကို ဖြစ်နိုင်ချေများနေပြီလို့ ထုတ်ဖေါ်ဝန်ခံတာတွေ့တယ်။

ထိုင်းမှာ ထောင်ဖေါက်တာဒီနေ့ ဖြစ်သွား တယ်။ ကြိုးသမားတွေက ကျန်တဲ့ အကျဥ်းသားတွေကို ကိုဗစ်နဲ့ ခြိမ်းခြောက်ပြီး ထောင်ကို မီးရှို့ကြတာပေါ့။ဒါထုံးစံပါပဲ ။ အကျဥ်းသား က ၂၀၀၀လောက်ရှိတယ်။ အားလုံးက ခြောက်ရင်ကြောက်တယ် ။ လွတ်ချင်တဲ့စိတ်ရှိတယ်။ အသာ မီးထိုးပေးရုံလိုက်ရုံ ။ အဆောင်တွေမီးလောင်နေတာတွေ့တယ်။ ငါတို့ဆီလဲ ၈၈ အရေးအခင်းတုန်းက အင်းစိန်ထောင်မှာ အဲဒီလိုပဲ အဆောင်တွေ မီးရှို့ပြီး ပြေးဖို့ ကြိုးစားကြတာပဲ ။ အုတ်ရိုးကျော်တုန်း ပစ်ချလို့ သေကုန်တာ အဲဒီတုန်းက မဆလ အစိုးရ ကြေငြာသွား တာတင် အကျဥ်းသား ၆၀ ကျော်သေတယ်ထင်တယ်။

စိတ်ချမ်းသာစရာသတင်းသေးသေးလေးက အင်္ဂလန်ကနေ အီရန်မှာ စပိုင်သွားလုပ်လို့ ဆိုပြီး အီရန်အစိုးရက ထောင်နှစ်ရှည်ချထားတဲ့ သမီးလေးတယောက်အမေ နာဇနင် (Nazanin Zaghari-Ratcliffe ) ကို မတ်လ ၁၇ ရက်နေ့က ထောင်ကနေ ယာယီလွှတ်ပေးထားတာ အခု ရက်ထပ်တိုးပေးပါ သတဲ့ ။ အီရန်ထောင်ထဲမှာလဲ ကိုဗစ်ကိုက်နေတာ လား။ ကိုဗစ်တစ္ဆေ ကိုက်နေသလား မသိဘူး။ နာဇနင် ရဲ့ ခြေထောက်မှာ ခြေရာခံ ခြေကျင်းဝတ်ပေးလိုက်ပြီး တဟီရန်မှာ ရှိတဲ့ သူ့အမေအိမ်ပြန်နေခိုင်းထားတယ်။ ကိုဗစ် ကျေးဇူးပြောရမလား။

ခွန်ဆိုင်း ( ၃၀.၀၃.၂၀၂၀)