Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၆လ ၁ ရက် မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၆လ ၁ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဩဂုတ် ၁၊ ၂၀၂၁

နာမကျန်းဖြစ်နေတဲ့ နိုင်ငံ

မြန်မာနိုင်ငံက ဖေဖေါ်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း မြန်မာနိုင်ငံဟာ ရုတ်တရက် နာဖျားမကျန်းဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အန်အယ်လ်ဒီ ပါတီက ပထမဆုံး လွှတ်တော်ခေါ်မယ့်နေ့ ဖြစ်တဲ့ ဖေဖေါ်ဝါရီ ၁ ရက်နေ့မှာ လွှတ်တော်မခေါ်နိုင်အောင် စစ်တပ်က အာဏာသိမ်းခဲ့တဲ့နောက် နိုင်ငံက ရုတ်တရက် နိုင်ငံရေးနာမကျန်းဖြစ်တဲ့ အခြေအနေရောက်ခဲ့တာ ဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲရဲ့ မဲစာရင်းတွေမှာ မှတ်ပုံတင် မပါရှိတာ၊ နာမည်စာရင်း ၂ နေရာပါနေတာ စသဖြင့် မဲစာရင်းပြုစုတဲ့ ထည့်သွင်းမှုဆိုင်ရာနည်းနာ ပြဿနာ၊ လူအင်အား မလုံလောက်ခြင်း ၊ ကျွမ်းကျင်မှုနည်းခြင်း စတဲ့ လုပ်ထုံးလုပ်နည်းဆိုင်ရာ အားနည်းချက်တွေကို အကြောင်းပြပြီး မဲဆန္ဒရှင်စာရင်း ၁၁ သန်းကျော်မှာ မှားယွင်းမှုတွေ ရှိနေတယ်ဆိုတဲ့ မလုံလောက်တဲ့ ဆင်ခြေနဲ့ အာဏာသိမ်းခဲ့တဲ့ သဘောဖြစ်တယ်ဆိုတာ တနိုင်ငံလုံးနီးနီး သိရှိကြပါတယ်။

နိုင်ငံတကာနဲ့ ပြည်သူလူထုက ဘာကြောင့် ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို လေးစားဖို့ စစ်တပ်ကို ပြောနေကြတာပါလဲ။ ၂၀၀၈ အခြေခံဥပဒေဆိုတာကို တန်ဖိုးထားလို့ဆိုတာမျိုးမဟုတ်ပဲ ရွေးကောက်ပွဲနဲ့ နိုင်ငံကို အုပ်ချုပ်ခွင့်အာဏာကို ဆုံးဖြတ်တာဟာ အာဏာသိမ်းတာ၊ လက်နက်နဲ့ အကြမ်းဖက် အာဏာရယူတာထက် အပုံကြီးသာတယ်ဆိုတာကို ထင်ရှားအောင် တိုက်တွန်းနေကြတာ ဖြစ်ပါတယ်။

ဖေဖေါ်ဝါရီ ၁ ရက်နေ့ကတည်းက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်တဲ့ လူထုတွေ နိုင်ငံရေးအင်အားစုတွေက အကြမ်းမဖက်ပဲ ဆန္ဒပြခဲ့ကြ၊ အမြို့မြို့ အနယ်နယ်မှာ လူ ရာနဲ့ချီ သေနတ်နဲ့ ပစ်သတ်ခံရ၊ နှိပ်စက်ညှင်းပန်းခံရပြီး အသက်ပေးခဲ့ကြရ၊ ထောင်ထဲ ဖမ်းဆီးထိန်းသိမ်းခံခဲ့ကြရ၊ အဲဒီနောက် မြို့တွေ လမ်းတွေကို ပိတ်ဆို့ပြီး ခုခံရင်း အသက်တွေရာနဲ့ချီပေးခဲ့ကြရ၊ အချို့လည်း တိုင်းရင်းသားလက်နက်ကိုင် ဒေသတွေဆီ ထွက်ခွာပြီး လက်နက်ကိုင် တိုက်ပွဲလမ်းစဥ်ကို အကောင်အထည်ဖေါ်ဖို့ ဆုံးဖြတ်ကြ ၊ အန်အယ်လ်ဒီနဲ့ အခြားတိုင်းရင်းသား နိုင်ငံရေးသမားတွေ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့က ကိုယ်စားလှယ်တွေပါဝင်တဲ့ အမျိုးသားညီညွတ်ရေး အစိုးရ ဖွဲ့စည်းခဲ့ကြ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ဖွဲ့ခဲ့ကြ ပြီး လက်နက်နဲ့ တုံ့ပြန်တိုက်ခိုက်နေကြတာ ပြီးခဲ့တဲ့ ၆ လတာ နိုင်ငံရဲ့ ကျန်းမာရေး အခြေအနေပဲ ဖြစ်ပါတယ်။

အဲဒီအချိန်မှာ မြန်ဆန်စွာကူးစက်ပြီး ပြင်းထန်တဲ့လက္ခဏာတွေရှိတဲ့ ဒယ်လ်တာမျိုးကွဲ ကိုဗစ်ဗိုင်းရပ်စ်ပိုးကူးစက်မှု က အိမ်နီးချင်းနိုင်ငံကတဆင့် တစတစနဲ့ ဝင်ရောက်လာခဲ့ရာက တမြို့ပြီးတမြို့ ကူးစက်ခံရကာနိုင်ငံဟာ နိုင်ငံရေး အရ နာဖျားမကျန်းဖြစ်နေရာက ကျန်းမာရေးနာမကျန်းမှု က ထပ်ဆင့်လာခဲ့တာပါ။

နိုင်ငံရေးနာမကျန်း ဖြစ်နေချိန် ဖြစ်တာကတကြောင်း မျိုးကွဲကိုဗစ်ဗိုင်းရပ်စ်က မြန်ဆန်စွာကူးစက်ပြီး ရောဂါလက္ခဏာ ပြင်းထန်တာကြောင့် ယခင် ပထမ၊ ဒုတိယလှိုင်းတို့လို ဟိုနားသည်နား တယောက်စ ကူးစက်ခံကြရတာမျိုးမဟုတ်တော့ပဲ လျင်မြန် ကျယ်ပြန့်စွာ ကူးစက်ခံရ၊ တအိမ်မှာ တယောက်ကူးစက်ခံရတာနဲ့ မိသားစု တစုလုံးထံ ထပ်ဆင့်ကူးစက်ခံကြရပြီး နိုင်ငံရေး အခြေအနေအောက်မှာ ဆေးရုံတက်ရောက်ကုသခွင့်လည်းမရကြ၊ ဝယ်အားတပြိုင်နက်ထဲ ဖြစ်ပေါ်လာတဲ့ ကိုဗစ်ကူးစက်မှုအတွက် လိုအပ်တဲ့ဆေးဝါးအမျိုးအမည်တွေကို ဝယ်ဖို့ခက်ခဲမှုနဲ့ ကြုံတွေ့ရသလို၊ အောက်စီဂျင်ကျဆင်းလာတဲ့အခါ အသက်ဆက်ဖို့၊ အောက်စီဂျင် မလုံလောက်တာ၊ ညဘက်မှာ သေရေးရှင်ရေး ကြုံရတဲ့အခါ ည၁၀နာရီ မနက် ၄ နာရီ ညမထွက်ရ အမိန့်ကြောင့် အခက်အခဲဖြစ်ကြရတာတွေ ပေါင်းဆုံတဲ့နောက် ဇူလိုင်လလယ်ကနေ လကုန်အထိ ရန်ကုန်မြို့မှာ တရက်ကို သေဆုံးမှု လူတထောင်ကျော်ရှိတဲ့ ရက်တွေဖြစ်ခဲ့ပါတော့တယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကိန်းဂဏန်းတွေက ကိုဗစ်ကူးစက်မှုကြီးတခုလုံးကို ကိုယ်စားမပြုတော့ပဲ အဖြစ်အပျက်ရဲ့ ၇ ပုံတပုံ ၁၀ ပုံ၁ပုံလောက်ကိုသာကိုယ်စားပြုတဲ့ သဘော ဖြစ်နေပြီး ရန်ကုန်မြို့နေလူထုတွေဟာ ကိုဗစ်ကူးစက်မှုနဲ့ သေဆုံးမှုကြောင့် မြို့နေလူထုအများစု ခြောက်ခြား ထိတ်လန့်လာတဲ့ အခြေအနေမျိုး ဖြစ်လာပါတော့တယ်။

ရန်ကုန်မြို့လို အလားတူ ကိုဗစ်ကူးစက်မှုကို ပြင်းထန်စွာ ခံရတဲ့ မြို့တွေ အများအပြားရှိနေပြီး မကြခင် ရက်တွေ သီတင်းပတ်တွေမှာ တိုးပွားလာနိုင်ခြေလည်းရှိနေပါတယ်။ လောလောဆယ်မှာတင် ကိုဗစ်ကြောင့် အသက်ဆုံးရှုံးရမှုတွေဟာ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်၊ ပြည်၊ တောင်ကြီး၊ ကလေး၊ တီးတိန်၊ ဖလမ်း၊ မုံရွာ၊ မိတ္ထီလာ၊ မကွေး စသဖြင့် တစတစ ပျံ့နှံ့ များပြားလာနေတဲ့သဘောလည်း တွေ့နေရပါတယ်။

နိုင်ငံတခုလုံး နိုင်ငံရေးအရရော ကျန်းမာရေး အရပါ နာမကျန်းဖြစ်နေချိန်မှာ စစ်ကောင်စီကတော့ အာဏာကို ထိန်းချုပ်နိုင်ရေးအတွက် မြန်မာနိုင်ငံအထက်ပိုင်း မြို့တွေ၊ ချင်းပြည်နယ် မြို့တွေမှာ တိုက်ခိုက် သတ်ဖြတ်နေဆဲ ပဲဖြစ်ပါတယ်။

ကိုဗစ်တိုက်ဖျက်ရေးအတွက် ထိရောက်တဲ့ ကာကွယ်ရေး ပညာပေးရေး၊ ကုသရေးတွေကို စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ကျန်းမာရေးဝန်ကြီးဌာနက လုပ်ဆောင်နိုင်စွမ်းမရှိသလို ထိရောက်တဲ့ မူဝါဒလည်း မရှိတဲ့သဘောပါ။

အုပ်ချုပ်ရေးကို ခုချိန်ထိ မဆောင်ရွက်နိုင်သေးတာကြောင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်တဲ့အမိန့်တွေကို လက်တွေ့မှာ အများစု အကောင်အထည် မဖေါ်နိုင်ပါဘူး။ ရန်ကုန်မြို့အခြေအနေဟာ စစ်ကောင်စီရဲ့ ထုတ်ပြန်တဲ့အမိန့်တွေနဲ့ ကျန်းမာရေး ဌာနက လုပ်ဆောင်မှုတွေကြောင့် ကူးစက်မှုနဲ့ သေဆုံးမှု အရှိန်လျော့ကျတာ သေဆုံးမှု လျော့ကျသွားတာ မမြင်တွေ့ရပဲ ကူးစက်မှုက လူဦးရေ အများစုကို ပြန့်နှံ့ပြီးသွားတာ၊ လူထုက ထိတ်လန့်ခြောက်ခြားမှုကြောင့် အိမ်ထဲက အပြင်မထွက်ရဲ သူတွေ များလာတာကြောင့်သာ အထက်က ကူးစက်မှု ကိန်းဂဏန်းနဲ့ သေဆုံးမှု ကိန်းဂဏန်းလျော့ကျလာတာ လို့ ယူဆမိပါတယ်။ ရန်ကုန်၊ ကလေး၊ မော်လမြိုင်၊ ပုသိမ်တို့လိုမြို့တွေမှာ အသက်အရွယ်ကြီးရင့်သူ တွေနဲ့ ရောဂါအခံရှိသူ အတော်များများ ကွယ်လွန်ကြကုန်တာကိုလည်း စိတ်မကောင်းစွာ မြင်တွေ့နေရပါတယ်။

နိုင်ငံက နာမကျန်းဖြစ်နေတဲ့အထဲ စိတ်ပိုင်းဆိုင်ရာ၊ စည်းလုံးညီညွတ်မှုအပိုင်းလည်း အပါအဝင်ဖြစ်ပါတယ်။ နာကျည်းမှုနဲ့ စိတ်နာကျင်မှု၊ အုပ်စုခွဲခြားသတ်မှတ်ကာ သတ်ဖြတ်မှုတွေက စစ်၊ ရဲ နဲ့ အရပ်သားအကြား၊ စစ်၊ ရဲ ကို ထောက်ခံတဲ့ ပါတီဝင်အရပ်သားအချင်းချင်းအကြားလည်း လူသားအချင်းချင်း ဆိုတဲ့ စာနာမှု မထားရှိနိုင်ကြတော့တဲ့ အခြေအနေမျိုး၊ ကူးစက်ကပ်ရောဂါ အခြေအနေအောက်မှာတင် နိုင်ငံရေးကွဲပြားမှု အရိပ်က ထပ်မံလွှမ်းမိုး နေခဲ့တာလည်း သတိပြုမိပါတယ်။

၆ လအကြာမှာ စစ်ကောင်စီကို ၅၈ ခုနှစ် အိမ်စောင့်အစိုးရ အသွင်ပြောင်း

ခုလို နိုင်ငံက နာမကျန်းဖြစ်နေချိန်မှာ အာဏာသိမ်းထားတဲ့ စစ်ကောင်စီဟာ သူ့ရဲ့ အမည်နာမ၊ အသွင်သဏ္ဍာန်အချို့ကို ပြောင်းလဲဖို့ လုပ်ဆောင်တာတွေ့ရပါတယ်။ စစ်ကောင်စီဆိုတဲ့ နဝတနဲ့ နအဖ လို စစ်တပ်က ဗိုလ်ချုပ်တွေနဲ့အများစုဖွဲ့ထားတဲ့ ကောင်စီလို၊ အာဏာသိမ်းအစိုးရလို ပုံစံကနေ အခြေခံဥပဒေဘောင်ထဲက အာဏာအပ်လို့ လက်ခံယူရတဲ့ အိမ်စောင့်အစိုးရ အသွင်ယူဖို့ အမည်ပြောင်းဖွဲ့စည်းလိုက်တယ်ဆိုတဲ့ ထုတ်ပြန်ချက်ကို ဒီနေ့ ၆ လပြည့်တဲ့နေ့မှာ ကြေငြာလိုက်ပါတယ်။ ဒီနေ့မှာပဲ စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်က အရပ်ဝတ်ဝတ်စုံ ၊ ရွေးကောက်ခံအစိုးရ ခေါင်းဆောင်တွေ ဝတ်လေ့ရှိကြတဲ့ တိုက်ပုံလိုမျိုးနဲ့ တိုင်းပြည်ကို မိန့်ခွန်းပြောခဲ့ပါတယ်။

နောက် ၂နှစ်ဝန်းကျင်အကြာမှာ ရွေးကောက်ပွဲလုပ်မယ်ဆိုတာ၊ အန်အယ်လ်ဒီပါတီက မဲမသမာမှုဆိုတဲ့ ဖွင့်နေကျ ဓါတ်ပြားဟောင်း၊ အမျုိးသားညီညွတ်ရေး အစိုးရ ကို အကြမ်းဖက်လုပ်ရပ်တွေလုပ်တယ်ဆိုတဲ့ တန်ပြန်စွပ်စွဲချက်တွေ နဲ့ တနာရီနီးပါး မိန့်ခွန်းပြောသွားခဲ့ပါတယ်။

ခုလို အိမ်စောင့်အစိုးရ အသွင်ကို ယူတာဟာ သံတမန်ရေးအရ အမြင်ပြောင်းလဲအောင် ဝါဒဖြန့်မှုအနေနဲ့ ကြိုးစားချက် ဖြစ်နိုင်တယ်လို့ အချို့က သုံးသပ်နေကြသလို ၊ အချိန်ပိုဆွဲလို့ရအောင် စစ်အစိုးရဟာ ရွေးကောက်ပွဲ ကျင်းပမယ့် တာဝန်တခုထဲ မဟုတ်တော့ပဲ တိုင်းပြည်အတွက် တည်ငြိမ်အောင် လုပ်ဖို့တာဝန်ရှိတယ်ဆိုတဲ့ ဆင်ခြေလိုမျိုး ၊ တိုင်းရင်းသား လက်နက်ကိုင် တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ အသင့်ရှိတယ်ဆိုတာမျိုးတွေနဲ့ အချိန်ဆွဲတဲ့ နည်းဗျူဟာကို သုံးမယ့် အနေအထားမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ကျနော်တို့ နိုင်ငံ နိုင်ငံရေး၊ ကျန်းမာရေး နာမကျန်းဖြစ်တဲ့အခြေအနေကနေ လွတ်မြောက်ဖို့ရာ နည်းလမ်းတွေ မျှော်လင့်ချက်တွေ မရှိတော့ဘူးလား ဆိုတဲ့ မေးခွန်းက လတ်တလော လူတိုင်းရဲ့ အတွေးထဲ ပေါ်ထွက်နေတဲ့ မေးခွန်းဖြစ်ပါတယ်။

ရေဗူးပေါက်တာ မလိုချင် ရေပါတာပဲ လိုချင်တာကနေ ဖောက်ထွက်ဖို့

စစ်ကောင်စီက ရွေးကောက်ပွဲကို ဖျက်သိမ်း၊ အာဏာသိမ်း၊ အိမ်စောင့်အစိုးရထောင် စတဲ့ ရက်စက်ယုတ်မာမှု ကမ်းကုန်တဲ့ လုပ်ရပ်တွေ၊ ပြည်သူလူထုကို လက်နက်နဲ့ ပစ်သတ်၊ ပြည်သူလူထုကို ကိုဗစ်ကူးစက်မှုထဲမှာ ပစ်ပယ်ထားတဲ့ လူသားချင်းမျိုးတုံးအောင် ကျုးလွန်မှုတွေဟာ စစ်အာဏာရှင် အာဏာတည်မြဲဖို့ ပြည်သူတွေကို ဖိနင်းထားဖို့အတွက်ပဲ တခုတည်းသော အဓမ္မလမ်းကို လျောက်နေတာ ထင်ရှားပါတယ်။ ရေဗူးပေါက်တာမလိုချင်ဘူး၊ ရေပါတာပဲ လိုချင်တယ်ဆိုတဲ့ စစ်တပ်သုံးစကားအတိုင်း ပြည်သူ့အလောင်းတွေ တောင်လိုပုံသွားပါစေ၊ အာဏာကို ဆုပ်ကိုင်ထားဖို့ပဲ အရေးကြီးတယ်ဆိုတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ သည်အထဲကနေ ဖောက်ထွက်ဖို့က မိမိတို့ပြည်သူတွေ တော်လှန်ရေးအင်အားစုတွေကလည်း စစ်အာဏာရှင်တွေ မပါဝင်တဲ့ စစ်အာဏာရှင်လုပ်ထုံးလုပ်နည်းတွေကို ကန့်သတ်ထားတဲ့ အဖြေနဲ့ နည်းလမ်းကို ရှာပြီး ဆက်ချီတက်ရမှာ ဖြစ်ပါတယ်။ သူတို့တွေကို ထည့်သွင်းစဉ်းစားတာ အဖြေမဟုတ်ဘူး၊ ပြဿနာကို ဆက်မီးမွှေးနေတာပဲလို့ ရှုမြင်ပြီး သူတို့မပါဝင်တဲ့ အဖြေတွေ နည်းလမ်းတွေကို ဆက်ဖော်ထုတ်ရမှာ ဖြစ်ပါတယ်။ အခုချိန်မှာ စစ်ကောင်စီက အချိန်ဆွဲတာ သွေးခွဲတာတွေ လုပ်နေတယ်ဆိုရင် သူတို့တွေအတွက် အချိန်မရှိတော့အောင် အကျဉ်းအကြပ်ထဲရောက်သွားအောင် တော်လှန်ရေးအင်အားတွေက ဆက်ပြီး ဖိအားပေးဖို့ တိုက်ပွဲဖော်ကြဖို့ ပိုလိုအပ်နေပြီဆိုတဲ့ လက္ခဏာဆိုတာ ထင်ရှားနေပါပြီ။
(ဒီနေ့အတွက် ကာတွန်း - ဘီရုမာ)

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar