Breaking News

ငလျင်ဘေး ကျရောက်ပြီးနောက် တလပြည့်ခါနီးအခြေအနေ

မြန်မာနွေဦးခရိုနီကယ် - ဧပြီလ ၂၅ မြင်ကွင်း

မိုးမခ၊ ဧပြီ ၂၆၊ ၂၀၂၅

ငလျင်ဘေး ကျရောက်ပြီးနောက် တလပြည့်ခါနီးအခြေအနေ

မတ်လ ၂၈ ရက်နေ့မှာ မဂ္ဂနီကျု့ ၇.၇ နဲ့ မိနစ်ပိုင်းအတွင်း နောက်ဆက်တွဲ ၆.၈ ပြင်းအားရှိတဲ့ ငလျင် လှုပ်ခတ်သွားတာ တလတင်းတင်းပြည့်ဖို့ ရက်အနည်းငယ်သာ လိုပါတော့တယ်။ ၁ လ တင်းတင်းပြည့်ဖို့ ၃ ရက်အလိုမှာ ငလျင်ဘေးဒဏ်နဲ့ပတ်သက်လို့ အကျဥ်းချုပ် ကောက်ချက်ချရရင် ငလျင်ဘေးကျရောက်မှုရဲ့ ဒဏ်ရာ ဒဏ်ချက်တွေက အစိမ်းအတိုင်း ရှိနေသေးတယ်လို့ ဆိုရမယ့် အနေအထားနဲ့  အပျက်အစီးအောက်က ပိတ်မိနေသူတွေကို ၇၂ နာရီအတွင်း အရေးပေါ် အသက်ကယ်ဆယ်ရေးကို နိုင်ငံတကာက ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ပြည်တွင်းက မီးသတ်အဖွဲ့၊ ပရဟိတကယ်ဆယ်ရေးအဖွဲ့တွေနဲ့ အတိုင်းအတာတခုထိ ကူညီကယ်ဆယ်ရေးနိုင်ခဲ့ပေမယ့် လုံလောက်တဲ့အဆင့်မျိုးတော့မရှိခဲ့ဘူးလို့ ကောက်ချက်ချရမှာဖြစ်ပါတယ်။ 

အခုလို ပြင်းထန်တဲ့ငလျင်ဘေးကျရောက်နိုင်ခြေအတွက် ကြိုတင်ပြင်ဆင်ထားမှုမရှိခြင်း၊ ၂၀၂၁ ခုနှစ် စစ်အာ ဏာသိမ်းပြီးနောက် ပြည်တွင်းစစ်ဖြစ်ပွားနေပြီး လူထုအကြား စိတ်ဝမ်းကွဲပြားမှုတွေ၊ စစ်ဘေးတိမ်းရှောင်ကြရသူ သန်းနဲ့ချီရှိပြီး အုပ်ချုပ်တဲ့ အစိုးရကိုယ်၌က စစ်ပွဲအသုံးစရိတ်တွေကို ပထမဦးစားပေး သုံးစွဲနေချိန်၊ လူထုအနေနဲ့ အသက်မွေးဝမ်းကျောင်း စီးပွားရေး အလုပ်တွေကို ကောင်းမွန်စွာ မလုပ်ဆောင်နိုင်တဲ့ အခြေအနေမျိုးမှာ နှစ် ၈၀ နဲ့ ၁၀၀ ဝန်းကျင်လောက်မှာ တကြိမ်ကြုံရလေ့ရှိတဲ့ ပြင်းထန်တဲ့ ငလျင်ဘေးကို ကြုံတွေ့ကြရခြင်းက ကူညီရေး၊ ကယ်ဆယ်ရေး နဲ့ ပြန်လည်ထူထောင်ရေး တို့ကို အားနည်းစေတာ ဖြစ်ပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ခေါင်းဆောင်တချို့အဆိုအရ အာဏာသိမ်း စစ်ကောင်စီဟာ နိုင်ငံရဲ့ နယ်မြေ  ၂၀ ရာနှုန်းကျော်ကိုသာထိန်းချုပ်ထားနိုင်တယ်လို့ဆိုပေမယ့် အခုငလျင်ဘေး ဆိုးရွားစွာကျရောက်တဲ့ ဒေသအများစုက စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြို့ကြီးတွေဖြစ်နေပါတယ်။ မန္တလေး၊ စစ်ကိုင်း၊ ကျောက်ဆည်၊ နေ ပြည်တော်၊ ပျဥ်းမနား၊ အင်းလေး၊ ရမည်းသင်း၊ ပျော်ဘွယ်၊ ဝမ်းတွင်း၊ မြစ်ငယ်၊ ပလိပ် စတဲ့ ငလျင်ဒဏ် အဆိုးရွားဆုံးခံရတဲ့မြို့တွေက စစ်ကောင်စီထိန်းချုပ်ထားတဲ့ဒေသတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ တောင် မြောက်တလျှောက် ဧရာဝတီမြစ်နဲ့ တောင်မြောက်ကားလမ်းတွေမှာ ငလျင်ကြောကတည်ရှိသလို မြို့တွေကလည်း မြစ်တလျှောက်နဲ့ ကားလမ်းတလျှောက်တည်ရှိကြတာဖြစ်လို့ အထိအခိုက်အများဆုံး မြို့တွေက စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြန်မာနိုင်ငံအလယ်ပိုင်း တောင်မြောက်တကြောက မြို့တွေနဲ့ ၄င်းတို့ ရုံးစိုက်တဲ့ နေပြည်တော်တို့ဖြစ်ပါတယ်။ 

အာဏာသိမ်း စစ်ခေါင်းဆောင် အနေနဲ့ ငလျင်ဘေးကျရောက်ပြီးနောက် နိုင်ငံတကာ အကူအညီကို တောင်းခံခဲ့တဲ့ အဖြစ်တခုကလွဲရင် အရေးပေါ် အသက်ကယ်ဆယ်ရေးတွေမှာ လက်နက်ကိုင် တပ်တွေကို ထုတ်သုံးတာ မတွေ့ရသလို ငွေကြေးအားဖြင့်လည်း များများစားစား ဘတ်ဂျက်ထုတ်သုံးတာ မတွေ့ရှိရပါဘူး။ 

နိုင်ငံတကာ အစိုးရတွေ (အထူးသဖြင့် အိမ်နီးချင်းနိုင်ငံတွေ) ရဲ့ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တွေ၊ အရေးပေါ် ဆေးရုံဆေးခန်းတွေကြောင့် ငလျင်ဘေးကျရောက်ပြီးရက်ပိုင်းအတွင်း ကယ်ဆယ်ရေးက အတိုင်း အတာတခုထိ ကယ်ဆယ်နိုင်ခဲ့တာတွေ့ရမှာပါ။ အာဏာသိမ်း စစ်ကောင်စီအနေနဲ့ ၄င်းတို့ရဲ့အရပ်ဘက်ဌာနဆိုင်ရာဝန်ကြီးရုံးတွေအထိ ဆိုးဆိုးရွားရွားထိခိုက်ပျက်စီးခဲ့ပြီး တလကြာသည့်တိုင် ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ၄င်းတို့ရဲ့မိသားစုတွေနေထိုင်ရေးကို လုံလောက်တဲ့အကူအညီမပေးနိုင်သေးတာတွေ့ရမှာပါ။ စစ်ကောင် စီဟာ စစ်ဘက်ရုံးတွေ၊ စစ်ဌာနချုပ်တွေရဲ့ လုံခြုံရေး ထိခိုက်ပျက်စီးမှုတွေကို ပထမဆုံး ဦးစားပေးပြင်ဆင်နေပြီး ငလျင် ဘေး ကျရောက်ခါစ ရက်တွေမှာပင်လျင် လေကြောင်းတိုက်ခိုက်မှုတွေက ရပ်နားခြင်းမရှိဘဲ အမိန့်ပေးစနစ် စီမံခန့်ခွဲမှုစနစ်က ပုံမှန်လည်ပတ်နေတဲ့ အနေအထားတွေ့ကြရမှာပါ။

ငလျင်ဘေးကျရောက်နေတဲ့ အရေးပေါ် ကာလလိုမျိုးမှာတောင် လေကြောင်းစစ်ဆင်ရေးတွေ တိုက်ခိုက်မှုတွေကို ဆက်တိုက်လုပ်နေဖို့ အားစိုက်နေခဲ့တာ ထင်ရှားပါတယ်။ 

စစ်ဘက်မဟုတ်တဲ့ အခြားသော ဌာနတွေအနေနဲ့သာ ဝန်ထမ်းတွေ ရုံးပြန်တက်ရောက်နိုင်ဖို့ ၄င်းတို့ရဲ့ မိသားစုတွေ နေထိုင်စရာ၊ သန့်ရှင်းတဲ့ သောက်သုံးရေ၊ အညစ်အကြေး စွန့်ခြင်း စတာတွေကို လုံလောက်အောင် စီစဥ်နိုင်ခြင်း မရှိသေးပါဘူး။ ၄င်းတို့ အုပ်ချုပ်ရေးယန္တရားထဲမှာ ပါဝင်လုပ်ကိုင်နေတဲ့ ဝန်ထမ်းမိသားစုတွေ အစောပိုင်းရက်တွေက ဘူတာရုံလို၊ လမ်းနဘေး သစ်ပင်ရိပ်တွေလိုမျိုးမှာ ဖြစ်သလို နေထိုင်နေကြရပြီး အခု တလခန့်ကြာလာချိန်မှာ ကွင်းပြင်တွေမှာ မိုးကာတဲတွေနဲ့ နေထိုင်နေကြရဆဲ ဖြစ်ပါတယ်။ ရာသီဥတု အပူပြင်းဆုံး နွေရာသီ အလယ်မှာ ကွင်းပြင်ထဲ မိုးကာတဲတွေနဲ့ နေထိုင်ကြရတဲ့ အဖြစ်ဟာ ရက်ပိုင်း သီတင်းပတ် အနည်းငယ်ဆိုရင်တောင်မှ ကျန်းမာရေး ထိခိုက်နိုင်ခြေ အသက်အန္တရာယ်ထိခိုက်နိုင်ခြေထိရှိနေတာ ဖြစ်ပါတယ်။ 

၄င်းတို့ အုပ်ချုပ်ရေးယန္တရားထဲမှာ ပါဝင်နေတဲ့ ဝန်ထမ်းတွေနဲ့ မိသားစုတွေအတွက်တောင် လုံလောက်အောင် မကူညီနိုင်တဲ့အနေအထားမှာ သာမန် အရပ်သားတွေအဖို့ နေစရာမရှိတဲ့ ပြဿနာကို စစ်ကောင်စီ အနေနဲ့ ထိရောက်တဲ့ အကူအညီပေးနိုင်တာ မတွေ့ရပါဘူး။ 

မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော် ပျော်ဘွယ် စတဲ့မြို့တွေက လက်လုပ်လက်စား လူထုအဖို့ နေအိမ် မပျက်စီးခဲ့ဘူးဆိုရင်တောင်မှ အလုပ်အကိုင်တွေ ဆုံးရှုံးသွားကြတဲ့သူ အများအပြားရှိနေတဲ့ အနေအထားပါ။ အိမ်ဖျက်တာ၊ အပျက်အစီးတွေ သိမ်းတာ စတဲ့ ကျပန်းအလုပ်အကိုင်မျိုးက ငလျင်ဘေးနဲ့ တွဲလျှက်ပေါ်ထွက်လာပေမယ့် လူတိုင်းအဖို့တော့ အဲလို အပျက်အစီး ရှင်းလင်းရေး အလုပ်အကိုင်တွေ လုပ်ကိုင် နိုင်ခြင်း မရှိကြပါဘူး။ 

မန္တလေး၊ နေပြည်တော်၊ စစ်ကိုင်းလိုမြို့ကြီးတွေမှာ လမ်းနဘေးမှာ ယာယီတဲတွေနဲ့ နေထိုင်နေကြရသူတွေ အများအပြားရှိနေသေးပြီး ကုလသမဂ္ဂ ရဲ့ ထုတ်ပြန်ချက်အရ လူ ၄သောင်းကျော်၏ ယာယီတဲတွေမှာ နေထိုင်နေကြရဆဲ လို့ဆိုပါတယ်။ မကြာခင် သီတင်းပတ် အနည်းငယ်အတွင်း မုတ်သုန်မိုးရာသီ ဝင်ရောက်လာကြတော့မှာ ဖြစ်ပြီး အခုလက်ရှိ အပူချိန် ၄၀ ကျော်ဝန်းကျင်မှာ ယာယီတဲတွေမှာ နေထိုင်ကြရပြီး မိုးရာသီဝင်ရောက်လာတဲ့အခါ ရေမြုပ်မယ့် အန္တရာယ်နဲ့ ထပ်မံရင်ဆိုင်ကြုံတွေ့ကြရဦးမှာ ဖြစ်ပါတယ်။ 

မန္တလေး၊ စစ်ကိုင်း၊ ကျောက်ဆည်၊ ပျော်ဘွယ်၊ အင်းလေး၊ ပျဥ်မနား စတဲ့မြို့တွေမှာ နေအိမ် အဆောက်အဦး ပိုင်ဆိုင်သူတွေအဖို့ ပြန်လည် ရုန်းထဖို့ စုဆောင်းထားတဲ့ငွေကြေးရှိကောင်းရှိကြပေမယ့် သာမန်အောက်ခြေ လူတန်းစားအလွှာတွေအဖို့ ငလျင်ဘေးကနေ ပြန်လည်ရုန်းထရေးမှာ ကြီးမားတဲ့အခက်အခဲ၊ အတားအဆီးတွေနဲ့ ရင်ဆိုင်နေကြရတဲ့ အနေအထားဖြစ်ပါတယ်။ 

ငလျင်ဒဏ်ပြင်းပြင်းထန်ထန်ခံစားခဲ့ကြရတဲ့ အထက်ဖေါ်ပြပါ မြို့တွေက ဟိုတယ်၊ တည်းခိုခန်း၊ စားသောက် ဆိုင်နဲ့ အခြားသောအိမ်တွင်းမှုလုပ်ငန်းတွေ အနေနဲ့ လုပ်ငန်းနဲ့ ပတ်သက်တဲ့ အဆောက်အဦထုတ်လုပ်မှုပစ္စည်းတွေ ဆုံးရှုံးသွားကြတာကြောင့် ပြန်လည်ထူထောင်ရေးမှာ အစိုးရထံက အတိုးနည်းတဲ့ ချေးငွေလိုမျိုး လို အပ်ကြမှာဖြစ်ပါတယ်။ ဒါပေမယ့် အာဏာသိမ်းစစ်တပ်အနေနဲ့အရေးပေါ် ကယ်ဆယ်ရေးအတွက်လိုအပ်တဲ့ငွေကြေးကိုပင်လျင် ပြည်တွင်းအလှူရှင်တွေအပေါ် မှီခိုနေရပြီး ဘတ်ဂျက်သတ်သတ်မှတ်မှတ်သုံးစွဲမယ့် အစီအစဥ်တွေရှိတယ်လို့ အခုချိန်ထိမကြားသိကြရသေးပါဘူး။ နိုင်ငံတကာအစိုးရတွေနဲ့ ကူညီရေးအဖွဲ့အစည်းတချို့က ကယ်ဆယ်ရေးပစ္စည်းအကူအညီတွေ စစ်ကောင်စီကတဆင့် ပေးအပ်ပေမယ့် လိုအပ်နေသူတွေထံ မြန်မြန်ဆန်ဆန် ဝေငှပေးတာမျိုး တွေ့မနေရပါဘူး။

နိုင်ငံတကာအစိုးရတွေအနက် အိမ်နီးချင်း တရုတ်နိုင်ငံက ယွမ်ငွေ ၁ ဘီလျံ (ကန်ဒေါ်လာ သန်း ၁၃၀ ကျော်) လူသားချင်းစာနာမှု အကူအညီပေးအပ်မယ်လို့ ကြေညာထားပြီး ဘယ်လို ကဏ္ဍတွေမှာ ဘယ်လောက် သုံးမလဲဆိုတာတော့ တိတိပပ မသိရှိကြရသေးပါဘူး။  

အခုလိုတလပြည့်ဖို့ ရက်အနည်းငယ်ကာလမှာ ငလျင်ဘေးမှာ အသက်ဆုံးရှုံးသွားကြရသူ ၄၀၀၀ နီးပါးအတွက် ကြေကွဲဝမ်းနည်းနေကြရသလို ကျန်ရစ်တဲ့ဒဏ်ရာရရှိသူတွေ၊ ထိခိုက်ဒဏ်ရာ မရပေမယ့်လည်း ပိုင်ဆိုင်မှုဆုံးရှုံး၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းဆုံးရှုံးခဲ့ရသူတွေအဖို့ အာဏာသိမ်းစစ်ကောင်စီအနေနဲ့ ဘယ်လို စဥ်းစားပြင်ဆင်ထားသလဲဆိုတဲ့ အရေးကြီးတဲ့မေးခွန်းလည်း ပေါ်ထွက်လာနေတာ ဖြစ်ပါတယ်။ တဖက်မှာ စစ်ပွဲတွေကြောင့် ဆုံးရှုံးပျက်စီးမှုတွေ ကြုံတွေ့နေကြရတဲ့မြန်မာလူထုအဖို့ ငလျင်ဘေးကနေ ထပ်မံရုန်းကန်ထရမယ့် အရေးက ကြီးမားတဲ့အခက်အခဲ စိမ်ခေါ်မှုတွေ ဖြစ်နေမယ်ဆိုတာ အသေအချာဖြစ်ပါတယ်။

-

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar