Breaking News

စိုင်းဇင်ဒီဒီဇုံ - အခန်း (၉) အရှုံးထဲက ရုန်းထွက်တဲ့ ၀ါရှင်တန်







စိုင်းဇင်ဒီဒီဇုံ - အခန်း (၉) အရှုံးထဲက ရုန်းထွက်တဲ့ ၀ါရှင်တန်
(မိုးမခ) စက်တင်ဘာ ၁၆၊ ၂၀၂၁

၁၉၅၀ ဆောင်းဦးကာလမှာ သမ္မတ ထရူးမန်း က ဗဟိုထောက်လှမ်းရေး ညွှန်ကြားရေးမှူး ဝေါ်တာ ဘီဒယ် စမစ်ကို လီမီရဲ့ စစ်ဆင်ရေးကို ထောက်ပံ့ဖို့ နိုင်ငံခြားရေးနှင့် ကာကွယ်ရေးဌာနတွေနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ ညွှန်ကြားခဲ့တယ်။ တနှစ်ခွဲကြာပြီးနောက်ပိုင်း ထရူးမန်းက လီမီရဲ့အရှုံးဇာတ်လမ်းထဲက အမေရိကန် ပါဝင်မှုကို ကယ်ထုတ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ၁၉၅၂ မတ် ၃ ရက်နေ့ နိုင်ငံခြားရေးဝန်ကြီး အာချေဆန်နဲ့ တွေ့တဲ့အခါ သမ္မတက မြန်မာနိုင်ငံက တရုတ်ဖြူတပ်တွေ ဖယ်ရှားရေးကို ရှေ့တန်းတင်ဖို့ သူ့ရဲ့ ထိပ်တန်း သံတမန်ကြီး အကြံပြုတာကို လက်ခံ သဘောတူလိုက်တယ်။ နောက်လေးရက်အကြာ အာချေဆန်က ဝါရှင်တန် အနေနဲ့ လီမီတပ်တွေကို နေရာရွှေ့တဲ့ကိစ္စကို စီစဉ်ရာမှာ ကူညီဖို့ ထိုင်ပေကို နားချရန် ဆန္ဒရှိတဲ့ အကြောင်း မြန်မာအစိုးရကို အကြောင်းကြားဖို့ ရန်ကုန် သံရုံးကို လှမ်းညွှန်ကြားလိုက်တယ်။1

သူတပ်တွေ ဆုတ်ခွာဖို့ ချန်ကေရှိတ်ကို နားချရတဲ့အလုပ်က ခက်လည်း ခက်ခဲတဲ့အပြင် လုပ်ခဲ့ရတာလည်း အတော်လေး ကြာပြီဖြစ်ပါတယ်။ ဒီအလုပ်ကို အရှေ့ဖျားနဲ့ ပစိဖိတ် ဒေသ ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး အဖြစ် အသစ်ခန့်အပ်ခံရတဲ့ ဂျွန် အမ်၊ အာလီဆန် က ဆက်လုပ်ရပါတယ်။2 တခြား “အာရှရေးရာ ကျွမ်းကျင်သူ” အတော်များများလိုပဲ အာလီဆန်က ချန်ကေရှိတ် အစိုးရရဲ့ အားနည်းချက်နဲ့ သူရဲ့ ပြည်မကြီးကို ပြန်သိမ်းပိုက်ဖို့ မျှော်လင့်ချက် ဗလာကြီးကို မြင်ပါတယ်။ ဝါရှင်တန် အနေနဲ့ တရုတ်နီတပ်တွေကို ကိုရီးယားမှာ တိုက်နေရုံနဲ့ မလုံလောက်ပဲ နောက်ဆုံးမှာ ပေကျင်းနဲ့ သံတမန် အဆက်အသွယ် လုပ်လာရလိမ့်မယ်ဆိုကို သူနားလည်ထားပါတယ်။ ၁၉၅၃ ခုနှစ် သမ္မတ ဒွိုက် ဒီ၊ အိုင်စင်ဟောင်ဝါ အစိုးရအဖွဲ့မှာ နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာတဲ့ ဂျွန် ဖော်စတာ ဒါးလက်စ် ဟာ အာလီဆန်ကို ကောင်းကောင်းသိတယ်။ ၁၉၅၁ ခုနှစ်က ဂျပန်နဲ့ ချုပ်မယ့် ဆန်ဖရန်စစ္စကို ငြိမ်းချမ်းရေး စာချုပ် အတွက် သူတို့ အလုပ်တွဲလုပ်ခဲ့ဖူးတယ်လေ။ ဒါကြောင့် ဒါးလက်စ်က အာလီဆန်ကို အဓိက ထောက်ခံပေးသူ ဖြစ်လာတယ်။ အာလီဆန် က ထိုင်ပေမှာရှိတဲ့ သံမှူးကြီး ကားလ် အယ်လ်၊ ရန်းကင်နဲ့ လုပ်ငန်းခွင် ဆက်ဆံရေးကောင်းအောင် အရေးတကြီး တည်ဆောက်တယ်။ အင်မတန် တက်ကြွတဲ့ “စစ်အေး စစ်သည်တော်ကြီး” ရန်းကင် ဟာ အမျိုးသားရေးဝါဒီ တရုတ်ပြည်ကို အသည်းအသန် တောက်လျှောက် ထောက်ခံ အားပေးလာသူ ဖြစ်တယ်။ ဒါ့ကြောင့် ချန်ကေရှိတ်ကလည်း သူ့ကို ယုံကြည် အားထားလို့ ရန်းကင် ဟာ “တရုတ်လော်ဘီ” လို့ နာမည်ကြီးလာတယ်။ နောက်ပိုင်းမှာတော့ ရန်းကင် က မြန်မာနိုင်ငံက လီမီရဲ့တပ်တွေကို ဖယ်ရှားဖို့ ချန်ကေရှိတ်ကို နားချရပါတယ်။ ဒါဟာ သူ့အမှုထမ်းသက် တလျှောက် “စိတ်မချမ်းမသာ အဖြစ်ဆုံး” တာဝန် တခုဖြစ်ခဲ့ရကြောင်း ပြောပါတယ်။

အာလီဆန်ရဲ့ မိတ်ဆွေ နောက်တယောက် ကတော့ ၁၉၅၂ ဧပရယ်လမှာ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး အဖြစ် ခန့်အပ်ခံရတဲ့ ဝီလီယမ် ဂျေ၊ ဆက်ဘယ် ဖြစ်တယ်။ ဆက်ဘယ် က သူ့ရဲ့လက်ထောက်ဖြစ်တဲ့ ဟင်နရီ ဘီ၊ ဒေး ကို အတော်လေး အားထားပါတယ်။ ၁၉၅၁ အောက်တိုဘာလမှာ သံအမတ်ကြီး ကီး ပြန်သွားပြီးတဲ့နောက် ဒေးက သံမှူးကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။3 ဒေးကလည်း ကီးလိုပဲ တရုတ်ဖြူ ကျူးကျော်သူတွေကို ဖယ်ရှားနိုင်ဖို့ ဝါရှင်တန် အနေနဲ့ မြန်မာနိုင်ငံကို ကူညီဖို့ အရေးကြီးတယ်လို့ ယုံကြည်သူ ဖြစ်တယ်။ လီမီရဲ့တပ်ကိစ္စမှာ အမေရိကန် အစိုးရက ဘယ်လောက် အတိုင်းအတာအထိ ပတ်သက်နေသလဲဆိုတာကို နိုင်ငံခြားရေးဌာန ဘယ်တုန်းကမှ ရန်ကုန်က သံရုံးကို တရားဝင် အသိမပေးပါဘူး။ ဒါပေမယ့်လည်း သံရုံးက ဝန်ထမ်းတွေဟာ ဒေသတွင်းက ရတဲ့ သတင်းတွေ၊ ဘန်ကောက်နဲ့ ဝါရှင်တန်က လုပ်ဖော်ကိုင်ဖက်တွေနဲ့ အလွတ်သလော ဆက်သွယ်ပြောဆိုရင်း သိရတဲ့ အချက်အလက်တွေအရ အမေရိကန်အစိုးရရဲ့ လှုပ်ရှားမှုကို ကွက်ကွက်ကွင်းကွင်း သိမြင်ထားကြပါတယ်။ ဆီးဆပ္ပလိုင်းနဲ့ လီမီ ဘယ်လို ပတ်သက်သလဲဆိုတာကို ဘန်ကောက်သံရုံးမှာရှိတဲ့ နိုင်ငံခြားရေးဌာန အရာရှိ တချို့လောက်ပဲ တရားဝင် သိခွင့်ရှိခဲ့တယ်။ ဒါပေမယ့် လျှို့ဝှက် ဆက်ဆံရေးရဲ့ ကောက်ကြောင်းဟာ မကြာခင်မှာ ထင်ရှားပေါ်လွင်လာပါတော့တယ်။

မြန်မာနိုင်ငံက တရုတ်ဖြူတပ်တွေကို ကူညီထောက်ပံ့နေတာဟာ မစဉ်းစား မဆင်ခြင်ဘဲ လုပ်နေတဲ့ အလုပ်တွေလို့ မြင်ပြီး စိတ်ပျက်လက်ပျက် ဖြစ်နေတဲ့ ဘန်ကောက်က အရာရှိ အတော်များများဟာ ဆီးဆပ္ပလိုင်းရဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး စိတ်ပူကြောင်း နိုင်ငံခြားရေးဌာနကို အစီရင်ခံကြပါတယ်။ ၁၉၅၁ ခုနှစ်နှောင်းပိုင်းမှာ သံအမတ်ကြီး စတန်းတန် အမေရိကန် ပြည်ထောင်စုကို ရောက်နေတဲ့အချိန် ဝီလီယံ တန်နာက သံမှူးကြီး အဖြစ် တာဝန်ယူပါတယ်။ ဘန်ကောက်သံရုံးက အရာရှိတွေက လက်ထောက်ဝန်ကြီး ဒင်း ရက်စ် ဆီ စာတွေရေးပြီး ဆီးဆပ္ပလိုင်းရဲ့ ဆောင်ရွက်ချက်တွေ အကြောင်း အသေးစိတ် တင်ပြကြတဲ့ အပြင် သူတို့ရဲ့ လုပ်ရပ်တွေဟာ တရားဝင်မှု ရှိမရှိနဲ့ သင့်တော်မှု ရှိ မရှိတွေကို မေးခွန်းထုတ်ကြပါတယ်။ အဲဒီအချိန်တုန်းက ရက်စ် တယောက် ဝါရှင်တန်မှာ မရှိဘဲ သူ့ရာထူးကို ဆက်ခံတော့မယ့် အာလီဆန် ရှိနေတော့ ဘန်ကောက်က အရာရှိတွေရဲ့ ကိုယ်စွမ်းကိုယ်စကို သူ ချီးကျူးလိုက်ပါတယ်။ ဆီးဆပ္ပလိုင်းရဲ့ ဆောင်ရွက်ချက်တွေဟာ ဝါရှင်တန်မှာ စိစစ်ခဲ့ပေးပြီး ဝန်ကြီးချုပ် ဖိဘွန်း ကလည်း အတည်ပြုပေးပြီးသားဖြစ်တယ်လို့ အာမခံထားကြောင်း သူ့ဝန်ထမ်းတွေကို ပြောပြထားကြောင်း သိရပါတယ်။

လီမီနဲ့ ခွာပြဲကြခြင်း

အနည်းဆုံး လီမီရဲ့ အမြဲတမ်းတပ်ဖွဲ့တွေ မြန်မာနိုင်ငံက ဆုတ်ခွာဖို့ ၁၉၅၁ ဩဂုတ်လတုန်းက ဆုံးဖြတ်ခဲ့ပြီးနောက် နိုင်ငံခြားရေးဌာနနဲ့ စီအိုင်အေက ရေးဆွဲထားတဲ့ အဆင့်သုံးဆင့်ပါတဲ့ စီမံချက်ကို ကာကွယ်ရေးဌာနက ထောက်ခံလိုက်တယ်။ အဲဒီအဆင့် သုံးဆင့်ကတော့− (၁) စီအိုင်အေ လီမီရဲ့တပ်ကို ထောက်ပံ့နေတာကို ရပ်ဆိုင်းမယ်၊ (၂) ကာကွယ်ရေးဌာန လီမီဆီကို လစဉ် ငွေသားနဲ့ ထောက်ပံ့ပို့ပေးနေတာကို ရပ်မယ်၊ (၃) မြန်မာနိုင်ငံက သူ့တပ်တွေ ဖယ်ရှားဖို့ နိုင်ငံခြားရေးဌာနက ချန်ကေရှိတ်ကို နားချမယ်။ ဒီအဆင့် သုံးဆင့် အတွက် အချိန်ဇယားတော့ မရှိထားသလို ပြီးဆုံးအောင် လုပ်နိုင်ဖို့ ကြာလိမ့်မယ်၊ ခက်ခဲလိမ့်မယ်။

၁၉၅၁ နိုဝင်ဘာမှာ စီအိုင်အေက လီမီကို ပေးနေတဲ့ ထောက်ပံ့မှုတွေ ရပ်လိုက်တယ်။ ၁၉၅၂ ဇန်နဝါရီမှာ ဝါရှင်တန်မှာ သွားရောက်တိုင်ပင်ဆွေးနွေးခဲ့ပြီး ဘန်ကောက်ကို ပြန်လာပြီးနောက် “တချို့အုပ်စုတွေ [စီအိုင်အေနဲ့ ဆီးဆပ္ပလိုင်း] က လွန်လွန်ကဲကဲ စိတ်ပါဝင်စားနေကြတဲ့ လှုပ်ရှားမှုတွေ” ကို လုံးဝရပ်လိုက်ဖို့ ဝါရှင်တန်က ဆုံးဖြတ်လိုက်ပြီး အမေရိကန်တွေက လီမီရဲ့တပ်နဲ့ ရှေ့လျှောက် ပတ်သက်တော့မှာ မဟုတ်ကြောင်း စတန်းတန် က သူ့ဗြိတိသျှ လုပ်ဖော်ကိုင်ဖက် ဝါလင်ဂါ ကို အတည်ပြုပြောကြားခဲ့တယ်။ ဖေဖော်ဝါရီလ ၂ ရက်နေ့ ဆွေးနွေးပွဲရဲ့ နောက်ဆက်တွဲအဖြစ် လီမီရဲ့တပ်အတွက် ထောက်ပံ့ရေး ပစ္စည်းတွေဟာ အရင် “သုံးလတာ ကာလ” လို ထိုင်းနိုင်ငံ မြေပြင်၊ ဝေဟင်တွေကို ဖြတ်သန်းသွားနိုင်မှာ မဟုတ်တော့ဘူးလို့ ဖိဘွန်း က ဝါလင်ဂါကို ပြောပြတယ်။ လီမီလည်း ထိုင်ပေကို ရောက်နေပြီး ထိုင်းနိုင်ငံကို ပြန်ဝင်ခွင့်ပေးမှာ မဟုတ်ဘူးလို့ ဖိဘွန်း က ဆိုပါတယ်။ တကယ်တမ်းကြတော့ အဲဒီအချိန်တုန်းက လီမီ ဟာ ဇန်နဝါရီလအတွင်း ထိုင်းနိုင်ငံကို ဖြတ်သန်းပြီး မိုင်းဆတ် ရောက်နေတဲ့ အချိန်ဖြစ်ပါတယ်။

စီအိုင်အေက လီမီရဲ့တပ်ကို ထောက်ပံ့မှုတွေ ရပ်ဆိုင်းလိုက်တယ် ဆိုပေမယ့် စီအေတီ လေကြောင်းလိုင်းက ထောက်ပံ့ရေး ပစ္စည်းတွေ ဆက်လက် ပို့ပေးနေတုန်းပဲ။ မကြာသေးခင်က စီအေတီ လေယာဉ်တွေရဲ့ “လျှို့ဝှက်သိုသိပ်တဲ့ ပျံသန်းမှုတွေ” အကြောင်းကို ဖေဖော်ဝါရီလမှာ စတန်းတန်က နိုင်ငံခြားရေး ဝန်ကြီးဌာနက ညှိနှိုင်းရေးမှူးဆီကို တိုင်တန်းပါတယ်။ ထိုင်းနိုင်ငံအပေါ် အခုလို ဖြတ်ကျော်ပျံသန်းနေတာကို ရပ်ဖို့ သူက တောင်းဆိုပါတယ်။ စတန်းတန် စိုးရိမ်နေတဲ့ စီအေတီ လေကြောင်းပျံသန်းမှုတွေဟာ ယူနန် ကွန်မြူနစ်ဆန့်ကျင်ရေးတက္ကသိုလ် အတွက် တရုတ်အမျိုးသားတပ်မတော်က လေ့ကျင့်ရေးကေဒါတွေ ပို့ပေးနေတာ ဖြစ်နိုင်ပါတယ်။ အင်ဂျင်နှစ်လုံးတပ် စီ−၄၇ လေယာဉ်တွေ ထိုင်းနိုင်ငံ မြောက်ပိုင်းကို ဗီယက်နမ်နိုင်ငံ တူရိန်း (ဒါနန်) ဘက်ကနေ ပျံသန်းလာတယ်လို့ ချင်းမိုင်မှာ ရှိတဲ့ ဗြိတိသျှနဲ့ အမေရိကန် ကောင်စစ်ဝန်ရုံးက ဝန်ထမ်းတွေက သတင်းပို့ ပါတယ်။ မေးမြန်းစုံစမ်းကြည့်ကြတော့ “အရပ်ဝတ် တရုတ်လူမျိုး ယောက်ျား ခရီးသည်တွေ အမြဲအပြည့်” ပါတဲ့ စီ−၄၇ လေယာဉ်တွေဟာ ၁၉၅၁ အောက်တိုဘာလ ကတည်းက စပြီး သွားနေတယ် လို့ ဆိုင်ဂုံရှိ ပြင်သစ် အာဏာပိုင်တွေက ဆိုပါတယ်။ ဘယ်ကို ဆက်ပျံသန်းသွားမယ်ဆိုတာ ဖော်ပြရမယ်ဆိုတဲ့ အပြည်ပြည်ဆိုင်ရာ လေကြောင်း စည်းမျဉ်းတွေကို လျစ်လျူရှုပြီး စီအေတီ လေကြောင်းလိုင်းဟာ ပြင်သစ်အရာရှိတွေနဲ့ ပေါင်းပြီးလိမ်ခဲ့တယ်။ ဒါ့ကြောင့် ဒီလို လေကြောင်း စည်းမျဉ်းစည်းကမ်းကို ချိုးဖောက်လို့ရှိရင် ခရီးတထောက်နားခွင့် ဆုံးရှုံးလိမ့်မယ်လို့ ပြင်သစ်အစိုးရ စီအေတီ လေကြောင်းလိုင်းကို သတိပေးခဲ့တယ်။

အဲဒီအတောအတွင်း လီမီက ထိုင်းနိုင်ငံအတွင်း ဥဒဟို ဝင်ထွက်သွားလာနေပါတယ်။ ၁၉၅၁ ဒီဇင်ဘာက ထိုင်ပေကို သွားခဲ့ပြီးမှ ၁၉၅၂ ဇန်နဝါရီမှာ ပြန်လာတာဖြစ်တယ်။4 စီအေတီ လေယာဉ်နဲ့ ချင်းမိုင်ကို တိုက်ရိုက်ဝင်လာတာ ဖြစ်ပြီး ကုန်းကြောင်းကနေ မိုင်းဆတ်ကို ဆက်သွားပါတယ်။ ဘန်ကောက် ထရီဗြွန်း သတင်းစာက “စိတ်ချရတဲ့ သတင်းရင်းမြစ်တွေ” ကို ကိုးကားပြီး လီမီ ဟာ ကျိုင်းတုံနယ်ကို ပြန်ရောက်နေပြီလို့ ရေးတော့ ဖောင် ဆီယာနွန်က ဒီလူဟာ နာမည်လွှဲသုံးပြီး ထိုင်းနိုင်ငံကို ခိုးကြောင်ခိုးဝှက်နဲ့ ဖြတ်သွားတာ ဖြစ်ရမယ်လို့ တုံ့ပြန်ပါတယ်။ မြန်မာနိုင်ငံဘက်က လီမီရဲ့ ဓာတ်ပုံကို ပေးနိုင်တယ်ဆိုရင် လီမီကို ရှာဖွေပေးနိုင်လိမ့်မယ်လို့ သူက ပြန်ပြောလိုက်သေးတယ်။ တရုတ်ဖြူတပ်တွေကို ထောက်ပံ့ကူညီခြင်း မရှိဘဲ မြန်မာနယ်စပ်ကို ပိတ်ဆို့ထားကြောင်း ဖိဘွန်း အစိုးရက အခိုင်အမာ ထပ်လောင်းငြင်းဆိုတယ်။ ဘယ်သူမဆို ထိုင်းနိုင်ငံထဲကို ဝင်လာရင် လက်နက်ဖြုတ်သိမ်းခံရမယ်လို့လည်း ပြောတယ်။ ဖိဘွန်း လူသိရှင်ကြား ပြောဆိုတာနဲ့ သူ့တိတ်တိတ်လေး ပြောဆိုဖူးတာတွေကို နှိုင်းယှဉ်ကြည့်ပြီး “စိတ်ကူးယဉ်စစ်စစ်” တွေလို့ အမေရိကန် သံတမန်တွေက ဆိုကြပါတယ်။ ဖောင်ကတော့ သူ့ရဲတပ်ဖွဲ့အတွက် အကျိုးအမြတ်များတဲ့ မှောင်ခိုလုပ်ငန်း လုပ်ချင်နေတာနဲ့ပဲ နယ်စပ်ကို မပိတ်ချင်လှပါဘူး။ ဒါပေမယ့် အဲဒီအချိန်မှာ ဖောင်က ထိုင်းဘုရင့်ကြည်းတပ် ဦးစီးချုပ် ဆရစ် ထာနရတ်နဲ့ အာဏာလုနေရတဲ့ အချိန်ဖြစ်တာကြောင့် အမေရိကန် အကျိုးတော်ဆောင်တွေနဲ့ အကျိုးနည်းလို့ မဖြစ်ပါဘူး။ ဒါ့ကြောင့် ၁၉၅၂ နှစ်ဦးပိုင်းကစပြီး သူကိုယ်တိုင် လီမီနဲ့ ခွာပါတော့တယ်။

အမေရိကန် ကာကွယ်ရေးဌာနက ဘဏ္ဍာငွေ ထောက်ပံ့မှု ဖြတ်တောက်ခြင်း

စီအိုင်အေက သူ့ပတ်သက်နေတာကို စပြီး ဖြတ်တောက်နေတဲ့အချိန် ၁၉၅၁ ဆောင်းဦးကာလမှာပဲ ကာကွယ်ရေးဌာနကလည်း လီမီကို ငွေကြေးထောက်ပံ့ပေးနေတာကို တစတစ လျှော့ချလာပါတယ်။ ကာကွယ်ရေးဌာနက စတင်ထောက်ပံ့ဖို့ လုပ်တုန်းကတော့ မြန်မြန်ဆန်ဆန် စတင်နိုင်ခဲ့ပေမယ့် သူတို့ ပတ်သက်နေတာကို ရပ်တံ့ဖို့ကြတော့ လအတော်ကြာ အချိန်ယူခဲ့ပါတယ်။ စစ်ဘက်က ရပ်ဖို့ စိတ်မပါတာကြောင့်လည်း ဖြစ်နိုင်သလို ကြီးမားတဲ့ အဖွဲ့အစည်းအတွင်း မူဝါဒ ကွဲပြားမှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အောက်တိုဘာလ ရောက်တော့ သူ့ကိုယ်သူ အမေရိကန် ရေတပ် အရာရှိလို့ ပြောတဲ့ လူတယောက်က ဘန်ကောက်မှာ လီမီနဲ့ တွေ့တယ်။ လီမီရဲ့တပ် မြန်မာနိုင်ငံထဲမှာ နေဖို့ တလကို ငွေဘယ်လောက်လိုမလဲလို့ မေးတယ်။ လီမီက အမေရိကန် ဒေါ်လာ တသိန်းခွဲတောင်းတယ်၊ အမေရိကန်က ငါးသောင်းပဲ ပေးမယ်လို့ ဆိုတယ်။ နောက်ဆုံးတော့ ခုနစ်သောင်းနဲ့ ဈေးတည့်သွားကြတယ်။ အဲဒီလမှာပဲ ပထမဆုံးအသုတ် အတွက် ငွေစပေးတယ်။ ငွေကို လာမယ့်နှစ် ဧပရယ်အထိ ပေးသွားမယ်လို့ ဆိုပါတယ်။

၁၉၅၁ ဒီဇင်ဘာ နှောင်းပိုင်းကနေ ၁၉၅၂ ဇန်နဝါရီ အစောပိုင်း အထိ လီမီက ထိုင်ပေကို သွားပါတယ်။ အမေရိကန် ကြည်းတပ် စစ်သံမှူးက လီမီ ဖိလစ်ပိုင် ကလက် လေတပ်အခြေစိုက် စခန်းကို သွားနိုင်အောင် အမေရိကန် စစ်လေယာဉ် တစီး စီစဉ်ပေးပါတယ်။ ကလက်မှာ လီမီက အငြိမ်းစား အမေရိကန် ကြည်းတပ်က အငြိမ်းစား ဗိုလ်ချုပ် ဖရန့် မယ်ရို နဲ့ ဗိုလ်မှူးချုပ် ဖရန့် ဒွန်း တို့ကို တွေ့ပါတယ်။5 လီမီက ဒီလူကြီးတွေနဲ့ ၁၉၄၄−၄၅ ကာလက သံလွင်မြစ် တိုက်ပွဲစဉ်တွေမှာ အသိအကျွမ်း ဖြစ်ခဲ့ဖူးတယ်။ လီမီရဲ့ မှတ်တမ်းအရဆိုရင် မယ်ရိုနဲ့ ဒွန်း တို့က ရွေးချယ်စရာ လမ်းကြောင်း သုံးခု အကြံပေးတယ်− (၁) ယူနန်ကို နောက်တခေါက် ဝင်တိုက်ရန်၊ (၂) သူ့တပ်ကို ဗီယက်နမ် နိုင်ငံ မြောက်ပိုင်းက မြစ်နက်နဲ့ မြစ်နီကြား ဒေသကို ရွှေ့ရန်၊ ဒါမှမဟုတ် (၃) လက်ရှိထိန်းချုပ်ထားတဲ့ နယ်မြေမှာပဲ ခိုင်ခိုင်မာမာ တပ်စွဲထားရန် တို့ဖြစ်ပါတယ်။ တကယ်လို့ အင်ဒိုချိုင်းနားကို ဝင်မယ်ဆိုရင် ပြင်သစ်တွေ ဘယ်လို့တုံ့ပြန်မလဲလို့ မေးတော့ မယ်ရိုကပြောတယ်၊ ထရူးမန်းနဲ့ တွေ့တုန်းက ပြင်သစ်ဝန်ကြီးချုပ်က ဗီယက်မင်းတွေကို တန်ပြန်နိုင်ဖို့ တရုတ်ဖြူ ယူနန်တပ်တော်ကို စစ်ကူအနေနဲ့ လက်ခံတယ်လို့ ပြောဖူးတယ် ဆိုပဲ။ ဒါပေမယ့် လီမီက သူ့တပ်ကို မြန်မာနိုင်ငံမှာပဲ ဆက်နေဖို့ ရွေးလိုက်တယ်။ ဒါပေမယ့် ပဲရစ်မြို့မှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံ နီးလာလို့ ရုရှားနဲ့ မြန်မာ ကိုယ်စားလှယ်တွေက သူ့တပ်အကြောင်း တင်ပြဆွေးနွေးလာနိုင်တယ်လို့ ထင်ပြီး သူကိုယ်တိုင်ကတော့ မြန်မာနိုင်ငံနဲ့ အဝေးမှာ နေပြတယ်။ အမေရိကန် စစ်လေယာဉ် တစီးကပဲ လီမီကို ထိုင်းနိုင်ငံ ပြန်လိုက်ပို့ပေးတယ်။

၁၉၅၂ မတ်လမှာ လီမီက ထိုင်ဝမ်းကို ပြန်သွားပြီး အမေရိကန် ကြည်းတပ် စစ်သံမှူး ဗိုလ်မှူးကြီး ဒေးဗစ် ဘာရက် နဲ့ တွေ့တယ်။6 မယ်ရို အကြံပေးတဲ့အတိုင်း သူလိုက်လုပ်တော့မယ်လို့ လီမီက ဘားရက်ကို ပြောပါတယ်။ ဒါပေမယ့် အကူအညီတွေ ဆက်မရတော့ဘူးဆိုရင် သူ့တပ်ကို ဖျက်သိမ်းကောင်း ဖျက်သိမ်းပစ်ရလိမ့်မယ်လို့လည်း သတိပေးလိုက်တယ်။ လီမီက လေယာဉ်နဲ့ တိုကျိုကို ဆက်သွားပြီး မယ်ရိုနဲ့ နောက်တခေါက် ထပ်တွေ့တယ်။ လီမီရဲ့မှတ်တမ်းအရဆိုရင် ဝါရှင်တန်က သူလုပ်တာကိုင်တာတွေကို “သိပ်သဘောကျတယ်”၊ ဒါပေမယ့် ကရင်တွေ ကွန်မြူနစ်နဲ့ ပေါင်းမသွားအောင် တားဆီးဖို့ လီမီက ကြိုးစားရမယ်လို့ မယ်ရိုက ပြောတယ်လို့ ဆိုပါတယ်။ အရင်တခါတွေ့တုန်းက သူ့အနေနဲ့ ကေအဲန်ဒီအို ဆက်ဆံရေးရုံးနဲ့ ဒေါက်တာ ထင်းကျိုရှောက် တို့ကနေ တဆင့် ကွန်မြူနစ် မလိုလားတဲ့ ကရင်တွေနဲ့ ဆက်သွယ်ထားနိုင်တယ်လို့ ပြောပြလိုက်ဖူးတယ်။ ဒါကြောင့် အခုလို မယ်ရိုနဲ့ ဒုတိယအကြိမ် တွေ့ကြတော့လည်း ကရင်တွေ ကွန်မြူနစ်နဲ့ ပေါင်းမသွားဖို့ သူဆက်ကြိုးစားနေကြောင်း လီမီက ထပ်ပြောတယ်။ လီမီရဲ့ မှတ်တမ်းအရဆိုရင် သူ့တပ်တွေကို ထိုင်ဝမ်းကို ဆုတ်ခွာဖို့ ဒါမှမဟုတ် အဲဒီတပ်တွေနဲ့ ဟိုင်နန်ကျွန်းကို တိုက်ဖို့ မယ်ရိုက ပြောတယ်လို့ ဆိုပါတယ်။7 ဒီလိုကိစ္စမျိုးကို ချန်ကေရှိတ် သာ ဆုံးဖြတ်နိုင်တယ်ဆိုပြီး နှစ်ယောက်သား ထိုင်ပေကို လေယာဉ်နဲ့ သွားကြတယ်။ ချန်ကေရှိတ် က လီမီရဲ့တပ်တွေ ယူနန်−မြန်မာ နယ်စပ်မှာပဲ ဆက်နေသင့်တယ်လို့ ဆုံးဖြတ်ပေးလိုက်တယ်။

နောက်တလ၊ ၁၉၅၂ ဧပရယ်ရောက်တော့ အမေရိကန် စစ်အရာရှိ တယောက် လီမီကို ဘန်ကောက်က သူ့အိမ်မှာ လာတွေ့ပြီး ဒေါ်လာနှစ်သောင်းခွဲပေးသွားတယ်။ ဒါဟာ ကာကွယ်ရေးဌာနက နောက်ဆုံးပေးတဲ့ ငွေသားလို့ ဆိုပါတယ်။ တရုတ်ဖြူရဲ့ ကျူးကျော်မှုကြောင့် မြန်မာ့လုံခြုံရေးတပ်ဖွဲ့တွေလည်း အမြင့်ဆုံး အနေအထားကို ရောက်သွားတယ်။ လီမီရဲ့တပ်ဟာ သိုသိုသိပ်သိပ်နေထိုင်မယ်လို့ ကတိထားတဲ့အတိုင်း မနေနိုင်လို့ မယ်ရိုက လီမီဆီ စာရေးပြီး အပြစ်တင်တယ်။ ဖုရှင်း လေကြောင်းလိုင်းက ပီဘီဝိုင် ထောက်ပံ့ရေး လေယာဉ်တွေ ထိုင်းနိုင်ငံပေါ် ပျံသန်းသွားလာနေကြလို့ အမေရိကန် သံတမန်တွေကို အခက်တွေ့စေခဲ့တာကြောင့် မယ်ရိုက မကြိုက်ဘူး။ တကယ်လို့ ဒီလိုသာ လေယာဉ်တွေ ကူးချည်သန်းချည် ပျံနေဦးမယ်ဆိုရင် အမေရိကန် အစိုးရက ဆက်လက်ထောက်ပံ့ပေးနေတာကို သူဖြတ်တောက်ပစ်မယ်လို့ ကြိမ်းပါတယ်။ သူ့တပ်တွေ အတွက် ထောက်ပံ့ရေးပစ္စည်း ပြတ်လပ်နေလို့ ဖုရှင်း လေယာဉ်တွေ ဆက်လက်ပျံသန်းဖို့ လိုနေတယ်လို့ လီမီက ကြေးနန်းရိုက်ပြီး အကြောင်းပြန်တယ်။ ထိုင်းလေပိုင်နက်ကို ဖြတ်သန်းပြီး လီမီရဲ့ ထောက်ပံ့ရေး လေယာဉ်တွေ ဆက်လက်ပျံသန်းနေတာကြောင့် အမေရိကန် ငွေကြေးထောက်ပံ့မှုကို ရပ်ဆိုင်းနေပြီလို့ ဂျူလိုင် ၁ ရက်နေ့မှာ မယ်ရိုက လီမီကို အကြောင်းကြားတယ်။

သူ့တပ်တွေ ဖယ်ရှားဖို့ ချန်ကေရှိတ်ကို ဖိအားပေးခြင်း

စီအိုင်အေနဲ့ ကာကွယ်ရေးဌာနတွေကတော့ သူတို့အပိုင်းအလိုက် လီမီနဲ့ ခွာနေပြီဖြစ်ပေမယ့် နိုင်ငံခြားရေးဌာနက တတိယအဆင့်အနေနဲ့ လိုက်တယ်။ အခက်အခဲဆုံးအပိုင်းကတော့ မြန်မာနိုင်ငံက သူ့တပ်တွေ ဖယ်ရှားဖို့ ချန်ကေရှိတ် ကို နားချရတာပဲ ဖြစ်ပါတယ်။ ၁၉၅၁ အောက်တိုဘာလ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး အာလီဆန် အရှေ့အာရှ ဒေသကို တခေါက်ရောက်တော့ ထိုင်ပေမှာ ချန်ကေရှိတ်နဲ့ တွေ့ပါတယ်။ အဲဒီတုန်းက ထိုင်ပေ ဆွေးနွေးပွဲမှတ်တမ်း အသေးစိတ်ကို စာရေးသူတို့ မရခဲ့ပါဘူး။ ဒါပေမယ့် နောက်လအတော်ကြာမှ ရေးတဲ့ အစီရင်ခံစာ တစောင်အရ ဆိုရင်တော့ လီမီရဲ့တပ်ကို အမေရိကန်က ထောက်ပံ့မှုတွေ ပြန်ပေးဖို့ ချန်ကေရှိတ်က အာလီဆန် ကို တောင်းဆိုတယ်။ လီမီရဲ့တပ်တွေဟာ ကွန်မြူနစ် ဆန့်ကျင်ရေး အရေးတော်ပုံကို ထိခိုက်စေတယ်လို့ ဝါရှင်တန်က မြင်ပြီး မြန်မာနိုင်ငံက ထွက်သွားစေချင်တယ်လို့ ပြောပြီး အာလီဆန်က ငြင်းလိုက်တယ်။ အခုလို လာသတိပေးတာဟာ ၁၉၅၂ အမေရိကန် သမ္မတ ရွေးကောက်ပွဲ မတိုင်မီကာလ ဖြစ်တယ်။ ချန်ကေရှိတ်က ရီပါဘလင်ကင်ပါတီ နိုင်မယ်လို့ မျှော်လင့်ထားတယ်။ ဒါ့ကြောင့် ဘယ်သူနိုင်သလဲဆိုတာ သေသေချာချာ မသိရသေးခင်မှာ တောင်းဆိုတဲ့အတိုင်း လိုက်လို့ဖို့ ငြင်းဆန်လိုက်တယ်။

အမေရိကန် ဒုတိယ ကာကွယ်ရေး ဝန်ကြီး ဝီလီယမ် စီ၊ ဖော်စတာ က ရန်ကုန်မှာ ဆိုရှယ်လစ်ပါတီ ခေါင်းဆောင်ဖြစ်တဲ့ ကာကွယ်ရေးဝန်ကြီး ဦးဗဆွေ နဲ့တွေ့တယ်။ မြန်မာအစိုးရကတော့ ကွန်မြူနစ် အစရှိတဲ့ အဓိက သူပုန်တွေကို တိုက်ခိုက်ရာမှာသုံးတဲ့ အရင်းအမြစ်တွေကို တခြားနေရာမှာ မသုံးချင်ဘူး။ ဖြစ်နိုင်ရန် လီမီရဲ့တပ် ပြဿနာကို အေးအေးဆေးဆေး ဖြေရှင်းချင်တယ်။ လီမီရဲ့ အမြဲတမ်းတပ်ဖွဲ့တွေ လက်နက်နဲ့တကွ ရန်ကုန်ကနေ သင်္ဘောနဲ့ ထွက်ခွာသွားချင်ရင် ခွင့်ပြုမယ်လို့ ဦးဗဆွေက ကမ်းလှမ်းတယ်။ အမြဲတမ်းတပ်ဖွဲ့တွေ ထွက်သွားပြီးရင် ဦးဗဆွေနဲ့ သူ့နိုင်ငံရေး မဟာမိတ်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးနေဝင်း က ကျန်တဲ့ အမြဲတမ်းမဟုတ်တဲ့ တပ်ဖွဲ့တွေကို ကိုင်တွယ်နိုင်မယ်လို့ ယုံကြည်ထားကြတယ်။ ဝါရှန်တန်မှာတော့ အာလီဆန် က ဦးဗဆွေက ကမ်းလှမ်းလာတာကို သဘောတူပြီး ရန်ကုန်နဲ့ ထိုင်ပေအကြား အမေရိကန်က ဝင်ညှိပေးဖို့ အကြံပေးတယ်။ ဒါပေမယ့် ဦးနုကတော့ မြန်မာအစိုးရရဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်လို့ ပေကျင်းကို အမြင်ရှင်းအောင် လီမီရဲ့တပ်ကို စစ်ရေးနဲ့ပဲ ဖြေရှင်းချင်တယ်။

အမေရိကန် ကိုယ်စားလှယ်တွေ အာရှတိုက်မှာ သွားရောက် ညှိနှိုင်းနေသလို နိုင်ငံမှာရှိတဲ့ အမေရိကန် အရာရှိတွေကလည်း လီမီရဲ့တပ် အရှုပ်အယှက်ထဲမှာ ပတ်သက်နေတဲ့ အမေရိကန် အစိုးရကို ဆွဲထုတ်လိုအပ်တာကို ဆောင်ရွက်နေကြတယ်။ ၁၉၅၂ နိုဝင်ဘာ အတွင်း ကျင်းပတဲ့ စိတ်ဓာတ်စစ်ဆင်ရေး မဟာဗျူဟာ ဘုတ်အဖွဲ့ (ပီအက်စ်ဘီ)8 အစည်းအဝေးမှာ စီအိုင်အေ ညွှန်ကြားရေးမျူး စမစ် က မြန်မာနိုင်ငံ လီမီရဲ့တပ်တွေကို ပြောင်းရွှေ့ဖို့ အဆိုပြုတယ်။ နိုင်ငံခြားရေးနဲ့ ကာကွယ်ရေးဌာနတွေ အပါအဝင် ပီအက်စ်ဘီ ဘုတ်အဖွဲ့ တခုလုံးက စမစ်ရဲ့ အဆိုပြုချက်ကို ချက်ခြင်း မဆိုင်းမတွ သဘောတူလိုက်ကြတယ်။

တရုတ်ဖြူတပ်ဖွဲ့တွေ မြန်မာနိုင်ငံမှာ ဆက်လက် ရှိနေဖို့ကို အိုင်စင်ဟောင်ဝါ အစိုးရအဖွဲ့က လက်ခံလိုက်မယ်လို့ ချန်ကေရှိတ်က မျှော်လင့်နေကြောင်း ထိုင်ပေမှာရှိနေတဲ့ ရန်းကင် က သတိပေးပါတယ်။ တရုတ်ဖြူတပ်ဖွဲ့တွေကို ပြောင်းရွှေ့တာဟာ အတော်လေး ခက်ခဲတဲ့ ကိစ္စမို့လို့ အစိုးရအဖွဲ့သစ် အနေနဲ့ ဇန်နဝါရီလမှာ တာဝန်စယူတဲ့အခါ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း ပြောထားဖို့ လိုအပ်ကြောင်း ရန်းကင်က ပြောပါတယ်။ ကွန်မြူနစ်တွေကို ဆန့်ကျင်တဲ့ အမေရိကန်ရဲ့ အရှေ့ဖျားဒေသ မူဝါဒ ကို “အားဖြည့်ရမယ်” ဆိုတဲ့ စာနယ်ဇင်းတွေမှာ အမေရိကန်က ဝါဒဖြန့်နေတာနဲ့ ဒီမူဝါဒက ဆန့်ကျင်နေတယ် ဆိုတာကို သူသိပါတယ်။ ထိုင်ပေကနေ ထိန်းချုပ်နေတဲ့ လီမီရဲ့တပ်မှာ အမြဲတမ်း တပ်ဖွဲ့ဝင် ၂,၀၀၀ ကနေ ၃,၀၀၀ လောက်ပဲရှိတာမို့လို့ အမြဲတမ်း တပ်ဖွဲ့တွေ ဆုတ်ခွာသွားပြီးရင်တောင် အမြဲတမ်း မဟုတ်တဲ့ တပ်ဖွဲ့တွေ ထောင်ပေါင်းများစွာ ကျန်နေဦးမှာဖြစ်ကြောင်း ရန်းကင် က ဝါရှင်တန်ကို သတိပေးပါတယ်။
ပြီးခဲ့တဲ့နှစ် ဧပရယ်လ ကတည်းက လီမီဟာ အမေရိကန်တွေ ဆီက ငွေတပြားတချပ်မှ မရခဲ့တာကြောင့် ၁၉၅၃ ခုနှစ် အစောပိုင်းမှာ ထိုင်ဝမ်းက အတော်အတန် ပို့ပေးနေတဲ့ ထောက်ပံ့ရေးပစ္စည်းတွေကိုလည်း လီမီ ကိုယ်တိုင် တိုက်ရိုက် ကွပ်ကဲထိန်းချုပ်နိုင်တဲ့ တပ်ဖွဲ့တွေကိုပေး ဖြန့်ဝေပေးတော့တယ်။ အမြဲတမ်း မဟုတ်တဲ့ တပ်ဖွဲ့တွေကို မထောက်ပံ့ပေးနိုင်တော့တာရယ်၊ ဆက်သွယ်ရေး ကောင်းကောင်း မရှိတာရယ်ကြောင့် လီမီက တကွဲတပြား ရှိနေကြတဲ့ အဲဒီတပ်ဖွဲ့တွေအပေါ် ဩဇာကျဆင်းလာပါတော့တယ်။ ဒီတပ်ဖွဲ့တွေကလည်း သူတို့ဘာသာ ဘိန်းကုန်ကူးခြင်းနဲ့ လွတ်လွတ်လပ်လပ်ကြီး ငွေရှာပြီး ကိုယ့်ဘာသာ ရပ်တည်ကြရပါတယ်။ အကျိုးဆက်အားဖြင့် အမြဲတမ်းတပ် မဟုတ်တဲ့ တရုတ်ဖြူတပ်တွေက အင်အားများတယ်၊ လီမီရဲ့ထိန်းချုပ်မှုအောက်မှုမှာရှိတယ်လို့ ယုံကြည်လို့ မရဘူး၊ ငွေမရရင် ဘာမှ ပူးပေါင်းဆောင်ရွက်မှု မရှိဘူးလို့ ရန်းကင်က ပြောပါတယ်။ မြန်မာနိုင်ငံက ထွက်ခွာဖို့ အမြဲတမ်း မဟုတ်တဲ့ တပ်ဖွဲ့တွေကို ငွေတလုံးတခဲ ပေးပြီး ဆွဲဆောင်ဖို့ စတန်းတန်ရဲ့ အကြံပြုချက်ကို ရန်းကင် က ထောက်ခံတယ်။

လီမီရဲ့တပ်ကို ထိုင်ဝမ်းမှာ ပြန်ခေါ်ထားတာဟာ မြန်မာနိုင်ငံမှာ ထားတာလောက် စစ်ရေးအရ အသုံးမဝင်ဘူးလို့ ချန်ကေရှိတ် က မရမက တောင်းဆိုပါတယ်။ ဒါကြောင့် တရုတ်ဖြူတပ်တွေ ဆုတ်ခွာရေးအတွက် အဟန့်အတား တခု ထပ်ဖြစ်လာပါတယ်။ လီမီရဲ့တပ်က အင်ဒိုချိုင်းနားနဲ့ မြန်မာနိုင်ငံကို ကွန်မြူနစ်တွေ ဝင်မလာနိုင်အောင် တားဆီးထားနိုင်တဲ့အပြင် ကိုရီးယားကို သွားတိုက်နိုင်တဲ့ တရုတ်နီ တပ်တော် နှစ်ခုလောက်ကို ဆွဲထားနိုင်တယ်လို့ ချန်ကေရှိတ် က ဆိုပါတယ်။ ချန်ကေရှိတ် ကို နားချဖို့ကတော့ သူ့တပ်တွေ ပြောင်းရွှေ့ထွက်ခွာဖို့အတွက် ကုန်ကျစရိတ်ကို အမေရိကန် အစိုးရကနေ အကုန်အကျခံမှသာ ဖြစ်နိုင်လိမ့်မယ်လို့ ရန်းကင် က ဟောကိန်းထုတ်ပါတယ်။ လီမီရဲ့တပ်နဲ့ အမေရိကန် အစိုးရက ပတ်သက်ခဲ့ဖူးတာနဲ့ ပတ်သက်ပြီး ရန်းကင်က “ဒီကိစ္စမှာ အမေရိကန်ရဲ့ အနေအထားက တရုတ်တွေ သူတို့ဘာသာ အသေအချာ စဉ်းစား ဆုံးဖြတ်ထားတာကို ဆန့်ကျင်ဘက်လုပ်ဖို့ တရုတ်တွေကို ကျွန်ုပ်တို့က ဖိအား အများကြီးပေးနိုင်ဖို့ အတော်လေး ခက်ခဲပါတယ်” လို့ သတိပေးပါတယ်။

  1. ဒီတွေ့ဆုံမှုနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းဆိုလို့ စာရေးသူတွေ အနေနဲ့ အာချေဆန် ဆီကလာတဲ့ နားလည်ရခက်တဲ့ မှတ်တမ်း တစောင်ပဲ တွေ့ရပါတယ်။ အဲဒီမှာ “အကြောင်းအရာ အမှတ် (၄)။ မြန်မာနိုင်ငံက တရုတ်တပ်ဖွဲ့များ။ လက်ရှိအခြေအနေကို ကျနော် တင်ပြလိုက်တယ်။ သမ္မတကြီးက ကျနော်ပြောတဲ့အတိုင်း အတည်ပြုလိုက်တယ်။” လို့ပဲ ရေးထားပါတယ်။
  2. အာလီဆန် က ဒင်းရက်စ်ရဲ့ရာထူးကို ဖေဖော်ဝါရီ ၁ ရက်နေ့က ဆက်ခံပြီး ၁၉၅၃ ဧပရယ်လ အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး တိုကျိုကို သံအမတ်ကြီးအဖြစ် ပြောင်းသွားခဲ့တယ်။
  3. ပဲရစ်မှာ ကျင်းပတဲ့ ကုလသမဂ္ဂ ဆဋ္ဌမအကြိမ် အထွေထွေညီလာခံကို တက်ရောက်ပြီး ၁၉၅၂ ဖေဖော်ဝါရီလ အရောက်မှာ မမျှော်လင့်ဘဲ ကီး တယောက် အငြိမ်းစားယူသွားတော့တယ်။
  4. လီမီရဲ့ အသက် ၁၅ နှစ်အရွယ် သားလေး အယ်လင်လီ ဟာ ဇန်နဝါရီ ၃၁ ရက်နေ့မှာ ကျောင်းတက်ခွင့်ဗီဇာရပြီး ဖေဖော်ဝါရီ လလယ်ပိုင်းမှာ နယူးယောက်ကို သွားတယ်။
  5. မယ်ရို ဟာ ၁၉၄၈ ကတည်းက အမေရိကန် ကြည်းတပ်ကနေ အငြိမ်းစားယူခဲ့ပြီး နယူးဟမ်းရှိုင်းယား ပြည်နယ် ဆောက်လုပ်ရေးဌာန မင်းကြီး အဖြစ် သူကွယ်လွန်တဲ့ ၁၉၅၅ အထိ လုပ်ခဲ့တယ်။ ဖရန့် ဒွန်း ကတော့ အမေရိကန် ကြည်းတပ် ပြန်ကြားရေးဌာန ဒုတိယ အကြီးအကဲ အဖြစ် နယ်လှည့် ထမ်းဆောင်ပြီးနောက် ၁၉၅၃ မှာ ကြည်းတပ်က အငြိမ်းစားယူတယ်။
  6. လီမီ ယူနန်မှာ စစ်ရှုံးပြီးနောက် အမေရိကန်က သူ့ကို ဘယ်လိုဆက်ပြီး ကူညီရမလဲဆိုတာ ဖြေရှင်းဖို့ အဲဒီနှစ် ဆောင်းတွင်းမှာ ဗိုလ်မှူးကြီး ဒေးဗစ် ဘားရက် ကို ဘန်ကောက်ဆီ လွှတ်လိုက်တယ်။
  7. ၃/၂/၁၉၅၃ တုန်းက ရန်းကင် နဲ့ ထိုင်ပေမှာတွေ့ လီမီ က ပြောတယ်။ သူနဲ့ မြန်မာအစိုးရ ဆက်ဆံရေး လမ်းကြောင်း ကောင်းကောင်း ရှာထားနိုင်တယ်။ ဒါပေမယ့် ဦးနုက သူ့ကမ်းလှမ်းချက်ကို ငြင်းပယ်လိုက်တယ်။ သူ့အနေနဲ့ ကရင်နဲ့ မြန်မာတွေအကြား နားလည်မှု ပိုရလာအောင် ကြားဝင်ဆောင်ရွက်ပေးနိုင်တဲ့ အနေအထားမှာ ရှိတယ်လို့ လီမီက ပြောတယ်။
  8. ပီအက်စ်ဘီ ဆိုတာဟာ လျှို့ဝှက် စိတ်ဓာတ် စစ်ဆင်ရေး အစီအစဉ်တွေကို ပူးပေါင်း စီမံ အကောင်အထည် ဖော်နိုင်အောင် အမေရိကန် အစိုးရ လက်အောက်ခံ အဖွဲ့အစည်းတွေ အကြား စုပေါင်းပြီး ၁၉၅၁ ဧပရယ်လတုန်းက ဖွဲ့တားတာဖြစ်တယ်။ သမ္မတ ထရူးမန်း လက်ထက်တုန်းက၊ ဘုတ်အဖွဲ့မှာ ပါဝင်တဲ့ အဖွဲ့အစည်းတွေက ဆောင်ရွက်တဲ့ လျှို့ဝှက် စစ်ဆင်ရေးတွေကို စိစစ်ပေးတဲ့ အဓိက အဖွဲ့ဖြစ်တယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar