Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၇ လ ၁၅ ရက်မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၇ လ ၁၅ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) စက်တင်ဘာ ၁၅၊ ၂၀၂၁

လူ့အခွင့်အရေး ချိုးဖောက်မှု၊ ရက်စက်မှုနဲ့ အကြောက်တရား
စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေကို စစ်ကောင်စီတပ်တွေက နှိမ်နှင်းရာမှာ လွန်ခဲ့တဲ့ မတ်လဆန်းကစလို့ ကျည်အစစ်တွေကိုပဲ အများစုသုံးလာတာ၊ ဖမ်းဆီးခံရချိန်မှာ ရိုက်နှက်တာ ရိုက်နှက်လို့ အသက်ဆုံးရှုံးသွားတဲ့ ဖြစ်ရပ်တွေအတွက်လည်း ဘယ်လုံခြုံရေးတပ်ဖွဲ့ဝင်မှ တာဝန်ခံစရာမလိုတာ၊ အချို့က စစ်ကြောရေးလို့ခေါ်တဲ့ တပ်နဲ့ ရဲ ထောက်လှမ်းရေးတွေရဲ့ နှိပ်စက်မှုမှာ အသက်ဆုံးရှုံးမှုတွေ မကြာမကြာ သတင်းတွေထဲ ကြားသိနေရတာ၊ လမ်းမတွေပေါ်မှာ လူမြင်ကွင်းမှာ ရက်စက်စွာ ရိုက်နှက် ပစ်ခတ်မှုတွေအတွက် တကြိမ်တခါမျှ တာဝန်ခံခြင်းမရှိတာ၊ ပိုင်ဆိုင်မှုတွေကို ဖျက်ဆီးတာ၊ ဆန္ဒပြမှုနဲ့ နိုင်ငံရေးနဲ့မဆိုင်တဲ့ ပိုင်ဆိုင်မှုကို ဥပဒေမဲ့သိမ်းယူတာ၊ အချို့ကို ငွေကြေးနဲ့ပြန်ရွေးရတာ၊  နယ်တွေက ပီဒီအက်ဖ်အချို့ကို အသက်ရှင်လျက် ဖမ်းမိသည့်တိုင် အစုလိုက် သတ်ဖြတ်ထားခဲ့တာ၊ ကျေးရွာတွေကို မီးရှို့တာတွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှု၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုအဖြစ်နဲ့ မှတ်တမ်းတင်ခဲ့ကြပြီး ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ တာဝန်ရှိသူတွေ၊ အထူးကိုယ်စားလှယ်တွေကလည်း အခု ကုလညီလာခံမှာ တင်ပြနေကြပါတယ်။ 

ဒီလို ရက်စက်မှု၊ သတ်ဖြတ်မှု၊ ပိုင်ဆိုင်မှု လုယူမှုတွေကို စစ်ကောင်စီတပ်တွေက ဘယ်လိုဆင်ခြေနဲ့ ဘယ်လို စည်းရုံးသိမ်းသွင်းမှုမျိုးနဲ့ လုပ်ကိုင်စေတာလဲဆိုတာ သဲသဲကွဲကွဲတော့ မသိရပါဘူး။ 

သို့ပေမယ့် တချက်က လက်နက်ကိုင်တွေကို ဒီလိုလုပ်ဆောင်ခွင့်ပေးထားမှ လူထုဆန္ဒပြမှု၊ စစ်အာဏာသိမ်းဆန့်ကျင်မှုကို နှိမ်နှင်းမှုမှာ လက်နက်ကိုင်အဖွဲ့ဝင်တွေအတွက် မက်လုံးဖြစ်စေနိုင်တယ်။ တဖက်ကသူတွေကို ရွေးကောက်ပွဲမှာ မဲမသမာခဲ့တယ်လို့ စွပ်စွဲထားတဲ့ အန်အယ်လ်ဒီနဲ့ အန်အယ်လ်ဒီထောက်ခံသူလို့ ပုံဖေါ်ထားပြီး အဲဒီလိုအုပ်စုဝင်တွေကိုလုပ်တာ မှန်တယ်လို့ “ဦးနှောက်ဆေးကြောမှု” ဆိုတဲ့ယုတ္တိနဲ့ ကိုက်ညီတယ်၊ ဟိုးအရင် ပဒေသရာဇ်ခေတ်ကလို စစ်တိုက်လို့ နိုင်ရင် ရန်သူပစ္စည်းတွေ လုယူခွင့် သိမ်းယူခွင့်ရှိတယ်ဆိုတာမျိုးနဲ့ တပ်ဖွဲ့ဝင်တွေ မက်လုံးပေးတာမျိုး ဖြစ်နိုင်တယ်လို့ မှန်းဆကြည့်မိပါတယ်။ 

၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်တွေမှာ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း ရိုဟင်ဂျာ ပျောက်ကြားတွေကို နှိမ်နှင်းမှုတွေမှာလည်း အသက်ပေါင်း ထောင်ဂဏန်းကိုကျော်လွန်ပြီး သောင်းဂဏန်းအထိ သတ်ဖြတ်ခဲ့တဲ့ ဖြစ်ရပ်တွေရှိခဲ့ပြီး အဲဒီတုန်းက ကျေးရွာတွေမှာ လူ ၄/၅ ရာကို တပြိုင်နက်ထဲ ပစ်သတ်ပြီးတောင် စုပြီးမြှုပ်နှံခိုင်းခဲ့တဲ့ အဖြစ်အပျက်တွေ မင်းကြီးရွာ (တူလာတိုလီ)၊ ချွတ်ပြင်ရွာနဲ့ မောင်နုကျေးရွာတို့မှာ ဖြစ်ပျက်ခဲ့ဖူးပါတယ်။ အန်အယ်လ်ဒီအစိုးရလက်ထက်မှာ တာဝန်ပေးခဲ့တဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် ICOE ရဲ့ အစီရင်ခံစာမှာ အဲဒီဖြစ်စဥ်တွေမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ အရပ်သားတွေဟာ  စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ မှတ်ချက်ပြုထားပြီး လူမျိုးတုံးသတ်ဖြတ်မှုတွေ မရှိခဲ့ဘူးလို့ အစီရင်ခံစာမှာ ဆိုခဲ့ဖူးပါတယ်။ 

အဲဒီတုန်းကတည်းက မြန်မာစစ်တပ်ရဲ့ အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုတွေကို သက်သေအထောက်အထားနဲ့ ကမ္ဘာက သိရှိခဲ့ပြီးဖြစ်ပါတယ်။ အဲဒီအဖြစ်အပျက်တွေအတွက် အဲဒီတုန်းက စစ်တိုင်းမှုးနဲ့ အထူးစစ်ဆင်ရေးမှူး၊ အခြားတဦးနှစ်ဦးကိုသာ ရာထူးက အနားပေးတာတွေရှိခဲ့ပြီး ဖမ်းဆီးခံရတာက အင်းဒင်အဖြစ်အပျက်အတွက် အောက်ခြေအဆင့်အရာရှိနဲ့ တပ်သားအချို့သာဖြစ်ပြီး လအတန်ကြာမှာပဲ လူမသိခင် စစ်ဦးစီးချုပ်အမိန့်နဲ့ လွှတ်ပေးခဲ့တာဖြစ်ပါတယ်။ ဒီသာဓကတွေက မြန်မာစစ်တပ်က အခုလို လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျူးလွန်ဖူးတဲ့ အတွေ့အကြုံ၊ ဖုံးကွယ်ဖျောက်ဖျက်ပစ်တဲ့ အတွေ့အကြုံ ရှိခဲ့တယ်ဆိုတာကို ထင်ရှားစေချင်တာဖြစ်ပါတယ်။ 


ယခု အာဏာသိမ်းပြီး အဖြစ်အပျက်တွေက အဲဒီတုန်းက ဖြစ်ရပ်နဲ့စာရင် ကိန်းဂဏန်းတွေက နည်းနေသေးတယ်လို့တောင် အာဏာသိမ်းစစ်ကောင်စီဘက်က ယူဆကောင်းယူဆပါလိမ့်မယ်။ ရခိုင်မှာလို လူပေါင်း ၄/၅ ရာကို တနေရာထဲ တရက်ထဲ ပစ်သတ်ခဲ့တဲ့ အတွေ့အကြုံရှိပြီး လက်ရဲ ဇက်ရဲလှတဲ့ စစ်တပ်လိုမျိုးကို စစ်ခေါင်းဆောင်တွေက အထက်ကရေးခဲ့သလို ကာကွယ်ပေးခဲ့ပြီး အခုလို  စစ်အာဏာသိမ်းမှုနောက်မှာ ရက်စက်မှု၊ သတ်ဖြတ်မှုတွေကို ဆက်လက်ကျူးလွန်ကြတာမျိုး ဖြစ်ပါတယ်။ 

အခု စစ်အာဏာသိမ်းပြီးဖြစ်ရပ်တွေက လူသေဆုံးမှုအရေအတွက်အရ ရခိုင်မြောက်ပိုင်းမှာ ကျူးလွန်မှုတွေနဲ့ စာရင် အရေအတွက်အားဖြင့် နည်းကောင်းနည်းနေတာမျိုး ဖြစ်နိုင်ပါတယ်။ သို့ပေမယ့် ရက်စက်မှု၊ သတ်ဖြတ်မှုဆိုတဲ့အရာရဲ့ သက်ရောက်မှုကတော့ အတူတူပဲဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီး ဖြစ်ရပ်တွေကို  မှတ်တမ်းမှတ်ရာတင်ခဲ့ကြတာ၊ အများသိအောင် လုပ်ဆောင်နိုင်ခဲ့ကြတာတွေက ကျူးလွန်သူတွေအနေနဲ့ တာဝန်ခံကို ခံကြရမယ့် သဘောလည်း ဖြစ်ပါတယ်။

ရခိုင်မှာ သတ်ဖြတ်မှုတွေက လူသားမျိုးနွယ်ကို ကျူးလွန်တာလို့ မယူဆပဲ၊  လူမျိုးစုတစုကို ပစ်မှတ်ထားတာ၊ သူတို့ရဲ့ နိုင်ငံသားဖြစ်ခွင့် ရှိခြင်းမရှိခြင်း၊ ရွှေ့ပြောင်းဝင်ရောက်လာတယ်လို့ မှတ်ယူခြင်း သံသယ စတဲ့ ရှုထောင့်တွေ ဝါဒဖြန့်မှုတွေနဲ့  အခြားသော လူမျိုးစု၊ မျိုးနွယ်စု တွေထဲက အချို့က လျစ်လျူရှုခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီအခြေအနေကြောင့်လည်း စစ်တပ်ဟာ အခုသတ်ဖြတ်မှုတွေ ဆက်လက်ကျူးလွန်ဖို့အတွက် ယုံကြည်မှုရစေခဲ့တာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ၇ လတာအတွင်း မြို့တွေရဲ့ လမ်းမတွေပေါ်မှာ လက်နက်မဲ့ ဆန္ဒပြသူတွေရဲ့ ဦးေခါင်းကို ချိန်ရွယ် ပစ်ခတ်မှုမျိုး၊ ဒီနေ့ အိမ်မှာ လာဖမ်းပြီး မနက်ဖြန် အလောင်းလာယူဖို့ အကြောင်းကြားခံရတာမျိုး၊ လမ်းမတွေပေါ် လဲကျနေတဲ့ ဆန္ဒပြသူ လူငယ်တွေကို ဦးခေါင်းကို ချိန်ရွယ် ပစ်သတ်တာမျိုး၊ နေအိမ်တွေအထဲထိ ဝင်ဖမ်းဖို့ ကျူးကျော်ဝင်ရောက်လာပြီး အရွယ်မရောက်သေးတဲ့ ကလေးငယ်အချို့ပါ မိဘမျက်စေ့ရှေ့တင် ပစ်သတ်ခံလိုက်ရတာမျိုး၊ ကျေးရွာတွေမှာ မတိမ်းရှောင်နိုင်တဲ့ သက်ကြီးရွယ်အိုတွေ ကို ရိုက်နှက်တာ ရွာတွေမီးရှို့ရာမှာ သက်ကြီးရွယ်အိုတွေပါ မီးထဲပါပြီး သေဆုံးကြရတာမျိုး၊ ပီဒီအက်ဖ်တွေလို့ ယူဆသူတွေကို ဥပဒေမဲ့ နှိပ်စက် ပစ်သတ်တာမျိုးတွေ နေ့စဥ်ကြုံနေကြရပါတယ်။ ဒါတွေက စစ်တပ်ရဲ့  ကျူးလွန်မှုတွေ ဖြစ်ပါတယ်။ 

အခုနောက်ပိုင်း တဖက်မှာ လက်စားခြေမှုတွေ ဖြစ်ပွားတာတွေလည်း ရှိနေပါတယ်။ သတင်းပေးလို့ယူဆသူ သတင်းပေးသူတွေ၊ အုပ်ချုပ်ရေးမှူးတွေကို တဦးချင်း ပစ်မှတ်ထားတာ၊ တချို့သော အဖြစ်အပျက်တွေမှာ မိသားစုဝင်တွေပါ လုပ်ကြံသတ်ဖြတ်မှုမှာ သေဆုံးရတာတွေ ရှိနေတာတွေ့ရပါတယ်။ 

လုပ်ကြံ သတ်ဖြတ်မှုကို ဘယ်လို ကျူးလွန်မှုမျိုးအတွက် အပြစ်ပေးကြတာလဲ၊ သတ်ဖြတ်ဖို့အတွက် တဖက်က လက်နက်ကိုင် အဖွဲ့ဝင်လား၊ အဖွဲ့ဝင်မဟုတ်သူတွေကို နိုင်ငံရေးအရ သူတို့ိကို ထောက်ခံသူတွေဖြစ်တာနဲ့ သတ်ဖြတ်ဖို့ လုံလောက်သလား၊ ဒီလို လုပ်ကြံသတ်ဖြတ်မှုတွေကလည်း ရေရှည်မှာ ဘာတွေ ဆက်စပ်ဖြစ်လာနိုင်သလဲ စသဖြင့် အကျိုးသက်ရောက်မှုတွေကိုလည်း ထည့်သွင်းစဥ်းစားပြီး သုံးသပ်ပြောဆိုသင့်တယ်လို့ထင်ပါတယ်။ 

ကျနော်တို့အနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု စစ်ရာဇဝတ်မှု၊ ရက်စက်မှုတွေ ကို ဘယ်လို‌ေနာက်ခံအခြေအနေမျိုးမှာမှ အကာအကွယ် မပေးသင့်သလို သဘောလည်း မတူသင့်၊ နှုတ်ဆိတ်လည်းမနေသင့်ပါဘူး။ 

အကြောက်တရားနဲ့ နိုင်ငံရေး အယူအဆတခု၊ စနစ်တခုကို တည်ဆောက်မယ်ဆို အဲဒီနိုင်ငံရေးစနစ်ဟာ လွတ်လပ်သော၊ တရားမျှတသော၊ တာဝန်ခံမှုရှိသော နိုင်ငံရေးစနစ် ဖြစ်မလာနိုင်မယ့်အရေးလည်း မျှော်တွေးထားရမယ်လို့ ယူဆပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar