Breaking News

အောင်ဝေး - ကမ္ဘာစစ်ကြီးတစ်ခု ငါ့အနားက ဖြတ်သွားတယ် (၂)

အောင်ဝေး - ကမ္ဘာစစ်ကြီးတစ်ခု ငါ့အနားက ဖြတ်သွားတယ် (၂)
(မိုးမခ) အောက်တိုဘာ ၁၅၊ ၂၀၂၁

ဇာတ်စုံကိုခင်းရလျှင် ...
၂၀၀၇၊ အောက်တိုဘာ-၁၄၊ လွတ်မြောက်နယ်မြေ (မဲဆောက်) ရောက်ပြီး၊ ပထမတစ်လကျော်၊ ကျနော့်သူငယ်ချင်း ဒေါက်တာလွဏ်းဆွေ၏အခန်း
တွင် ပုန်းလျှိုးကွယ်လျှိုးနေထိုင်ခဲ့ရပါသည်။

ထိုအချိန်တွင် ပြည်တွင်းကပါလာသော၊ ရွှေဝါရောင်တော်လှန်ရေးကပေးအပ်လိုက်သော နာကျင်ကြေကွဲမှု၊ သွေးစွန်းသောခံစားမှု ကဗျာစိတ်ကူးစိတ်သန်း၊ ကဗျာအတွေး၊ စကားလုံးတွေကို ကျနော် အငမ်းမရချရေးနေခဲ့မိတော့သည်။ လွတ်လပ်စွာရေးသားဖော်ပြခွင့်ကို ကျနော်ရလိုက်ပြီ။

မဲဆောက်ရောက်ပြီး ပုန်းအောင်းနေထိုင်နေရသည့်အချိန်၊ ကိုလွဏ်းဆွေ အခန်းကျဉ်းလေးထဲမှာ ကျနော်တစ်ယောက်တည်း၊ ကျနော့်လာရာလမ်းကိုပြန်သုံးသပ်ရသည်။ ကျနော့်အမှား (များ) ကို ပြန်ဆန်းစစ်ရသည်။ ပထမတစ်ချက်။ သံဃာတွေရက်ရက်စက်စက် အသတ်ခံနေရတဲ့ကြားမှာ၊ ဂမ်ဘာရီကို ယုံကြည်မျှော်ကိုးမိတာက တကယ့်အမှား။ ကျနော်(တို့) ရန်/ငါ မပြတ်တာပဲဖြစ်သည်။

နောက်ထပ် ဒုတိယအမှား။ ကျနော်က ရွှေဝါရောင်တော်လှန်ရေးအကြိုမှာ ၂၀၀၇၊ စက်တင်ဘာ- ၁၂ ရက်စွဲဖြင့် "Three Fs" အမည်ရှိကဗျာကို အင်္ဂလိပ်လိုရေးခဲ့သည်။ (ခရမ်းပြာမြင်းရိုင်း၊ စာ- ၇၈)

Three Fs
we want three Fs
three Fs, we want.
first- we want FREEDOM
we want FREEDOM for our future.
second- we want FRIENDSHIP
we want FRIENDSHIP between our army and our people.
third- we want FOOD
we want FOOD to live peacefully;
(September 12, 2007)

ကျနော် အမှားကြီးမှားသည်။ ထိုစဉ်က ကျနော်က သားသုံးသားပေါင်းစည်းရေးမျှော်လင့်ချက်ကို အလံထိုးတင်နေခဲ့ခြင်းဖြစ်သည်။ ကျောင်းသား- ဘုရားသား- စစ်သား၊ သားသုံးသားပေါင်းစည်းရေး ကျနော်လှုံ့ဆော်နေခဲ့တာဖြစ်သည်။ ကျနော်မှားသည်။ "စစ်သားတွေကအမိန့်ကိုစားတယ်" ဆိုပြီး ရှစ်လေးလုံးအရေးတော်ပုံမှာ ကျနော်ရေးခဲ့သလို၊စစ်သားတွေက စစ်အာဏာရှင် (တွေ) ကို နာခံနေဆဲ၊ ယုံနေဆဲဖြစ်သည်။ပြည်သူအပေါ် ထုံပေပေနေဆဲဖြစ်သည်။

ကျနော်တို့ ရွှေဝါရောင်တော်လှန်ရေး၏ကြွေးကြော်သံကိုယ်နှိုက်ကပင် (၁) ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးပြန်လွှတ်ပေးရေး၊ (၂) စားဝတ်နေရေးပြေလည်ရေးနှင့် (၃) အမျိုးသားပြန်လည်သင့်မြတ်ရေး စသည်တို့ဖြစ်သည်။ နံပါတ် (၃) အချက်မှာလည်း ကျနော်တို့မှားပြန်တာပဲ။ ကျနော်တို့ ရန်/ငါ မပြတ်ပြန်တာပါပဲ။

ဒေါက်တာလွဏ်းဆွေက သူ့အခန်းလေးထဲအောင်းရင်း၊ ကျနော်ရေးဖြစ်သည့်ကဗျာတွေကို သူ့ Lun Swe Blog မှာ တင်ပေးသည်။ အဲဒီ Blog ဆိုတာတွေ မဲဆောက်ရောက်မှ ကြားဖူး တွေ့ဖူးတာဖြစ်သည်။ မဲဆောက်ရောက်စက ကျနော်၏ နည်းပညာအဆင့်မှာ ကွန်ပျူတာ ကကြီး ခခွေး ဖြစ်သည်။ (အခု အမေရိကရောက်လာပြီးမှ ကျနော် ကွန်ပျူတာ စလုံး ဆလိမ် အဆင့်သို့ နည်းနည်းတိုးတက်ရောက်ရှိလာပါသည်။ ကျနော့်ကွန်ပျူတာက Firefox-Zawgyi-1 font အတွဲပျက်နေသဖြင့်၊ ယခု ဖြေရှင်းစာနှောင့်နှေးကြန့်ကြာခဲ့ရပါသည်)

မဲဆောက်ရောက်စ ထိုကွန်ပျူတာ ကကြီး ခခွေးကောင်က Online ပေါ်ကစာတွေ (Blog, Website) ကို ဝင်မဖတ်တတ်သေးပါ။ စာစီစာရိုက်လည်း လုံးလုံးမတတ်သေးပါ။ ယခုကျနော်သုံးနေသည့် Email account သည်ပင်လျှင် AAPP ရုံးမှာ ကိုဇာနည်ဝင်း (ထိုစဉ်က ဆန်ဖရန်စစ္စကိုအခြေစိုက် မိုးမခမီဒီယာ အယ်ဒီတာ၊ ယခု Myanmar Now) ဖွင့်ပေးခဲ့ခြင်းဖြစ်သည်။ ၂၀၀၈။ နောက်တစ်ခါ ကျနော်၏ Aung Way- facebook account လည်း သူပဲလုပ်ပေးတာဖြစ်သည်။ ၂၀၀၉။

ဒေါက်တာလွဏ်းဆွေသည် ပြည်တွင်းမှာတုန်းက မြားနတ်မောင်မဂ္ဂဇင်း တာဝန်ခံအယ်ဒီတာဖြစ်သည်။ သူက ကျနော်၏မဲဆောက်ရေး ကဗျာတွေကို အရင်တည်းဖြတ်ပြီးမှ သူ့ Blog ပေါ်တင်ခြင်းဖြစ်သည်။ သူတည်းဖြတ်မှုနှင့် "ထောင်ဝင်စာ" အမည်ရှိ ကျနော့်ကဗျာတစ်ပုဒ် Lun Swe Blog မှာဖော်ပြပါရှိလာခဲ့ပါသည်။ (ခရမ်းပြာမြင်းရိုင်း၊ စာ ၅၀-၅၃)

ထိုကဗျာ၏နောက်ဆုံးအပိုဒ်တွင် ကျနော်က ယခုလိုရေးခဲ့သည်။
"ဘယ်ကလေး မေးမေး
သွေးကြွေးမှာ ဆွေးနွေးစရာ
အကြောင်းမရှိ
ဒေါင်းအမိ သိပါစေ" (Lun Swe Blog မှာတင်သည့်ရက်စွဲမှာ နိုဝင်ဘာ ၉၊ ၂၀၀၇ ဖြစ်သည်)

ပထမကိစ္စ ကျနော်ပြောပါမည်။ သစ်ကောင်းအိမ်၏ "ရွှေဝါရောင်ဥဒါန်း" ကဗျာကို ကျနော်သတိမပြုမိခဲ့ပါ။ ထိုအချိန်အထိ Bolg တွေ၊ Websiteတွေထဲဝင်ပြီး ကျနော် စာမဖတ်သေးပါ။ မေငြိမ်း Blog ကို ကျနော် မရောက်ရှိနိုင်ခဲ့သလို၊ ခေတ်ပြိုင် Online Magazine ၏ Website ကိုလည်း ကျနော်ထိုစဉ်က လက်လှမ်းမမီခဲ့သေးပါ။

မဲဆောက်မှာ လွတ်မြောက်စွာ၊ ဘယ်သူ့ကဗျာ၊ ဘယ်ဝှာ့ကဗျာ အမှုမထားမိပဲ၊ မဖတ်ဖူးပဲနှင့် ကျနော် ပြည်တွင်းကပါလာတဲ့၊ ရွှေဝါရောင်တော်လှန်ရေးကပေးလိုက်တဲ့ ခံစားချက်တနင့်တပိုးကြီးတွေကို အတိုးချ လွတ်လပ်စွာရေးချနေခဲ့ခြင်းသာဖြစ်သည်။ မဲဆောက်မှာ လွတ်လပ်စွာရေးသားခွင့်ရှိသည်။ ပြည်တွင်းမှာ လွတ်လပ်စွာရေးသားခွင့်မရှိပါ။

ရွှေဝါရောင်တော်လှန်ရေးကြီးအတွင်းတုန်းက၊ ၂၀၀၇၊ စက်တင်ဘာ-၂၅၊ အထွေထွေသပိတ်ကြီး၏ဒုတိယနေ့မှာ ရွှေတိဂုံဘုရားအရှေ့မုခ်၊ ကြေးသွန်းဘုရားသို့လာ၍၊ Time Magazine သတင်းထောက် အင်ဒရူးမာရှယ် ကျနော့်ကို အင်တာဗျူးလုပ်ပါသည်။ အင်တာဗျူးပြီးတော့ ကျနော် သူ့ကိုကျနော်၏ "Three Fs" ကဗျာစာရွက်ပေးလိုက်ပါသည်။ နောင် အမေရိကရောက်လာတော့မှ ကျနော့်အင်တာဗျူးပါသည့် အင်ဒရူးမာရှယ်၏ ရွှေဝါရောင်တော်လှန်ရေးသတင်းဆောင်းပါးကို Time Magazine Website မှာ ကျနော်ဖတ်ရသည်။ ထိုသတင်းဆောင်းပါးထဲတွင် ကျနော်၏ "Three Fs" ကဗျာကို ကိုးကားဖော်ပြထားပါသည်။

ပြည်တွင်းမှာဖော်ပြခွင့်မရသည့်ကဗျာတွေကို ကျနော် (တို့) က ရတဲ့နေရာက ကြိုးစားဖော်ပြရသည့်သဘောဖြစ်သည်။ 

လွတ်လပ်စွာရေးသားခွင့်ရှိတဲ့ မဲဆောက်မှာ သစ်ကောင်းအိမ်ရေးတာက-
"သွေးကြွေးဆိုတော့
ဆွေးနွေးဖို့မလိုတော့ပါ"

ပြည်တွင်းမှာလွတ်လပ်စွာရေးသားခွင့်မရလို့၊ မဲဆောက်ရောက်မှ ကျနော်ရေးတာက-
"ဘယ်ကလေး မေးမေး
သွေးကြွေးမှာ ဆွေးနွေးစရာ
အကြောင်း မရှိ
ဒေါင်းအမိ သိပါစေ"

အထက်ပါ ကဗျာကောင်နုတ်ချက်(၂)ခုကို ယှဉ်ဖတ်ကြည့်ပေးပါ။ "သွေးကြွေး- ဆွေးနွေး" ဆိုသည့် အခြေခံစကားလုံးစုပဲတူပါသည်။ ထိုအခြေခံစကားလုံးစုကို မွမ်းမံရာ၌ ကဗျာဆရာ(၂)ယောက် မတူကြတော့ပါ။ ဖွဲ့နွဲ့ပုံချင်း ကွဲလွဲသွားပါတော့သည်။ အဲဒါကို သစ်ကောင်းအိမ်က သူ့ကဗျာထဲက "သွေးကြွေး- ဆွေးနွေး" ဆိုသည့်စကားလုံးတွေကို ကျနော်က ခိုးချထားတာပါဟု စွပ်စွဲပြောဆိုလာခြင်းသာဖြစ်ပါသည်။

ကောင်းပြီ။ ထိုအခြေခံစကားလုံးစု (သွေးကြွေး- ဆွေးနွေး) သည် ရွှေဝါရောင်တော်လှန်ရေးကြီးဖြစ်တော့မှ၊ ပြီးတော့ မဲဆောက်ဆိုတဲ့မြို့မှာမှ ပေါ်ပေါက်လာ၊ စတင်အသုံးပြုလာတဲ့ စကားလုံးတွေလား။ ဖြေပါ။

သွေးစွန်းခဲ့ရ၊ သွေးချောင်းစီးခဲ့ရတဲ့ ခေတ်အဆက်ဆက် ဒီမိုကရေစီတော်လှန်ရေးတွေ၊ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးတိုက်ပွဲတွေမှာ ဒီစကားလုံးစု(သွေးကြွေး- ဆွေး)က မရှိခဲ့ရှာဘူးလား။ မပေါ်မထွန်းခဲ့ဖူးလား။ဒီစကားလုံးတွေက ကဗျာဆရာဆိုသူတွေဆီကမှ အရင်ကျလာတာလား၊ဘုံရန်သူ စစ်အာဏာရှင်စနစ်ကို တော်လှန်တိုက်ခိုက်နေတဲ့ အဖိနှိပ်ခံပြည်သူလူထုထံက အရင်ကျလာတာလား။ စဉ်းစားပါ။

သွေးကြွေးဆိုတော့၊ ဆွေးနွေးဖို့မလိုတော့ဆိုတဲ့ အယူအဆက ဒီဘက်ခေတ်ရောက်မှ၊ ၂၀၀၇ ကျမှ ပေါ်ပေါက်တွင်ကျယ်လာတာလား။

သတိပြုရမှာက၊ အယူအဆက အရင်ပေါ်ပြီး၊ စကားလုံးက နောက်မှပေါ်တာဖြစ်သည်။ လူက သူ၏အယူအဆကို စကားလုံးနှင့်ဖော်ပြခြင်းဖြစ်သည်။ ဒါကြောင့် စကားလုံး/ဝေါဟာရနောက်မှာ အဘိဓမ္မာရှိသည်ဟုဆိုကြခြင်းဖြစ်သည်။ ဒီအယူအဆ (သွေးကြွေး- ဆွေးနွေး) က ၂၀၀၇ မတိုင်ခင်က ပေါ်ပေါက်ခဲ့တဲ့ ပြည်သူ့တော်လှန်ရေး၊ လူထုတိုက်ပွဲတွေမှာ မရှိခဲ့လို့လား။

ဥပမာ (ဥပမာအဖြစ်သာပြောပါသည်)
၁၉၆၉- ၇၀ ကိုကိုးကျွန်းအကျဉ်းထောင်ဖျက်သိမ်းရေး (၅၃) ရက်ကြာအစာငတ်ခံတိုက်ပွဲကိုကြည့်ပါ။ မြင်းခြံ လေးမောင်၊ ပြည် အောင်ငြိမ်းတို့အပါအဝင် နိုင်ငံရေးအကျဉ်းသားရဲဘော် (၈) ယောက် အသက်ပေးခဲ့ရသည့်တိုက်ပွဲပါ။ ဒီတိုက်ပွဲအရင် ရှေ့မှာ ရက် (၄၀) ငါးပိပုပ်တိုက်ပွဲဆိုပြီး၊ အစာငတ်ခံ ဆန္ဒပြတိုက်ပွဲဝင်ခဲ့တာလည်းရှိသေးသည်။ (၅၃) ရက် တိုက်ပွဲခုလတ်တွင် မဆလစစ်အစိုးရ တာဝန်ရှိသူအာဏာပိုင်များ အပြေးအလွှားရောက်လာပြီး၊ နိုင်ငံရေးအကျဉ်းသားများနှင့် ဆွေးနွေးလိုသည်ဟု အပျော့ဆွဲသည်။ ချော့တလီ ခြောက်တလီလုပ်သည်။ ဒါကို နိုင်ငံရေးအကျဉ်းသားတွေဘက်ကလုံး၀ မဆွေးနွေးနိုင်၊ ကျွန်းဖျက်သိမ်းတဲ့အထိ အဆုံးတိုင်တိုက်မည်ဟု ဆုံးဖြတ်ကြသည်။ ရန်/ငါ ပြတ်သည်။

နောက်ဆုံးမှာ မဆလစစ်အစိုးရက ကိုကိုးကျွန်းအကျဉ်းထောင်ကို ဖျက်သိမ်းပေးလိုက်ရသည်။ ဆရာဗန်းမော်တင်အောင်၊ ဆရာမြသန်းတင့်တို့အပါအဝင် နိုင်ငံရေးအကျဉ်းသားများ ရန်ကုန်ထောင်အသီးသီးသို့ပြန်ရောက်လာကြပြီး၊ ထိုကမှတစ်ဆင့် လွတ်မြောက်သွားကြပါသည်။ (ထိုအထဲတွင် ယနေ့ နွေဦးတော်လှန်ရေးတွင်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတကြီးဦးဝင်းမြင့်တို့၏ရှေ့နေ ဦးခင်မောင်ဇော်လည်း တစ်ဦးအပါအဝင်ဖြစ်သည်)

ကဲ- အဲဒီလိုရာဇဝင်ပြောင်တဲ့၊ သမိုင်းဝင်တဲ့၊ ကိုကိုးကျွန်း နိုင်ငံရေးအကျဉ်းသားတွေ (အများစုက လက်ဝဲသမားတွေ) ရဲ့တိုက်ပွဲမှာ၊ သူတို့ရင်ထဲမှာသွေးကြွေးကို ဆွေးနွေးဖို့မလိုဆိုတဲ့ အယူအဆ မရှိခဲ့ဘူး၊ မကိုင်စွဲခဲ့ဘူးလို့ ယတိပြတ်ပြောနိုင်ပါ့မလား။ စဉ်းစား။

အယူအဆက အရင်လာတာဖြစ်သည်။ စကားလုံးက နောက်မှပေါ်တာဖြစ်သည်။

နောက်ထပ်ဥပမာ(ဥပမာအဖြစ်သာပြောပါသည်)-

ရှစ်လေးလုံးအရေးတော်ပုံ၊ စစ်တပ်က အာဏာသိမ်းလိုက်ပြီးတဲ့နောက်မှာ၊ ခင်ညွန့်က ဗကသ (ဗကသများမဖွဲ့ချုပ်) ကို ဖြိုခွင်းချင်တော့၊ ကျောင်းသားထုကြားထဲ ခင်ညွန့်ထောက်လှမ်းရေးတွေ သပ်ဝင်လျှိုပြီး၊ ကျောင်းသားတချို့ကို ခင်ညွန့်က ခေါ်ယူတွေ့ဆုံဆွေးနွေးခဲ့သည်။

ကျောင်းသားအများစုကြားမှာ ခင်ညွန့်နဲ့တွေ့သင့်- မတွေ့သင့်၊ ဆွေးနွေးသင့်- မဆွေးနွေးသင့်၊ အခြေအတင်တွေဖြစ်ခဲ့ကြသည်။ ခင်ညွန့်နဲ့တွေ့ပြီးပြန်လာတဲ့ကျောင်းသားတစ်စုက ဗကသကိုနာမည်ပြောင်း "မကသ" ဆိုပြီး (ခင်ညွန့်ခွင့်ပြုချက်ဖြင့်) တစ်စင်ထောင်လိုက်ကြပါတော့သည်။

ကဲ- ဒီတိုက်ပွဲ (အကွဲအပြဲ) မှာကော တိုးတက်တော်လှန်တဲ့၊ စစ်မှန်တဲ့ ဗကသကျောင်းသာတွေကြားမှာ "ခင်ညွန့်အစိုးရအပေါ်မှာ ငါတို့သွေးကြွေးရှိတယ်။ ငါတို့ ခင်ညွန့်နဲ့ ဘာအကြောင်းနဲ့မှ ဆွေးနွေးစရာ မရှိဘူး" ဆိုသည့်အတွေးအခေါ်၊ အယူအဆ မရှိနိုင်ခဲ့ပေဘူးလား။

အယူအဆက အရင်ပေါ်တာဖြစ်သည်။ စကားလုံးက နောက်မှလာတာဖြစ်သည်။

သွေးကြွေး- ဆွေးနွေးဆိုသည့် အခြေခံစကားလုံးစုသည် ယခု (၂၀၀၇) ကျမှ ပေါ်လာတာမဟုတ်။ ခေတ်အဆက်ဆက် နိုင်ငံရေးတိုက်ပွဲတိုင်း၊ လူထုတော်လှန်ရေးတိုင်းမှာ ခိုင်ခိုင်မြဲမြဲ အမြစ်တွယ်ရှင်သန်နေသည့် စကားလုံးများသာဖြစ်ပါသည်။ 

ကျနော်တို့အရင်၊  နောင်တော့် နောင်တော် ကဗျာဆရာတွေ (လက်ဝဲကဗျာဆရာတွေ) ထဲကရော၊ သစ်ကောင်းအိမ်ရေးသလို
"သွေးကြွေးဆိုတော့
ဆွေးနွေးဖို့မလိုတော့ပါ" ဆိုတာမျိုး။
ကျနော် (အောင်ဝေး) ရေးသလို- 
"သွေးကြွေးမှာ
ဆွေးနွေးစရာ အကြောင်းမရှိ" ဆိုတာမျိုး။

ဆိုပါတော့။ ဆဲဗင်းဂျူလိုင်ခေတ်၊ မိုးဝေခေတ်ကဗျာဆရာတွေထဲက တစ်ဦးတစ်ယောက်မှ မတွေးခဲ့ဖူးဘူး၊ မရေးခဲ့ဖူးဘူးလို့ သေချာပေါက်ပြောနိုင်မလား။ စဉ်းစား။

ယခုဟာက စကားလုံးပြဿနာသက်သက် မဟုတ်တော့ပါ။ တော်လှန်ရေးပြဿနာဖြစ်လာပါသည်။ စကားလုံးလုပွဲ မဟုတ်ပဲ၊ တော်လှန်ရေးလုပွဲ ဖြစ်လာနေပါသည်။

(ဆက်ရန်)
အောင်ဝေး 
(အောက်တိုဘာ ၁၂၊ ၂၀၂၁)


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar