ခိုင်ကြည်သစ် - နိုင်ငံရေးစနစ်ပျက်နှင့် ခေတ်ပျက်စီးပွားရေး
ခိုင်ကြည်သစ် - နိုင်ငံရေးစနစ်ပျက်နှင့် ခေတ်ပျက်စီးပွားရေး
သဂတ်စ် ၂၈၊ ၂၀၂၁
တော်လှန်ရေးတွေကို ဖြတ်သန်းပြီး လွတ်မြောက်လာတဲ့ နိုင်ငံတွေအတော်များများ ရှိတဲ့အနက်၊ မြန်မာ့ အိမ်နီးချင်း တရုတ်နိုင်ငံရဲ့ တော်လှန်ရေးသမိုင်းတွေဟာ မြန်မာတို့အဖို့ သင်ခန်းစာ ထုတ်ယူဆင်ခြင်စရာ ပေါကြွယ်ဝဆုံး သမိုင်းစာအုပ်ကောင်းတစ်အုပ် ဖြစ်မယ်လို့ ယူဆမိပါတယ်။ ပထဝီနယ်နိမိတ်ဆက်စပ်မှု၊ သမိုင်းကြောင်းအရ ဆက်စပ်မှုတွေအပြင်၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေအရ ဆက်စပ်မှုပါ ရှိနေတာမို့ တရုတ်ပြည်တော်လှန်ရေးသမိုင်းဟာ အခြားသောဒေသတွေက တော်လှန်ရေးသမိုင်းတွေထက် သင်ယူစရာ ပိုများတာ၊ သင်ယူဖို့ ပိုလွယ်ကူတာလည်း ဖြစ်နိုင်ပါတယ်။
တရုတ်ပြည်မှာ ကူမင်တန်တွေနဲ့ ကွန်မြူနစ်တွေအကြားက ပြည်တွင်းစစ်ကြီးပြီးလုပြီးခင်၊ ကွန်မြူနစ်တွေ အောင်ပွဲခံလုလုမှာ ကြုံတွေ့ခဲ့ရတဲ့ ဖြစ်စဉ်တစ်ခုကလည်း သင်ခန်းစာထုတ်ယူ တွေးဆစရာ သမိုင်းမှန်ကူကွက်တစ်ခုပါ။
တရုတ်ပြည်တွင်းစစ်အတွင်းမှာ မော်စီတုန်း ဦးဆောင်တဲ့ ကွန်မြူနစ်တွေရဲ့ တော်လှန်ရေး တဖြေးဖြေးအောင်ပွဲခံလာတာနဲ့အမျှ အာဏာရှင် ချန်ကေရှိတ်ရဲ့ ကူမင်တန်တွေလည်း တဖြေးဖြေး အင်အားချည့်နဲ့လာပါတယ်။ ဒါပေမယ့် ချန်ကေရှိတ်က အာဏာကိုမက်မက်မောမော ဆက်လက်ဖက်တွယ်ထားဆဲပါ။ ညစ်ပတ်နည်းမျိုးစုံနဲ့ အာဏာကို ဆက်လက်ကိုင်စွဲကျင့်သုံးနေတုန်းပါ။
တိုင်းပြည်တစ်ပြည်မှာ တစ်ဦးတစ်ယောက်၊ တစ်စုတစ်ဖွဲ့က အာဏာကို မတရားသဖြင့် ရယူထားမယ်၊ လက်ထဲမှာ မလွှတ်တမ်း ဆုပ်ကိုင်ထားဖို့ ကြိုးစားနေမယ်ဆိုရင် အဲဒီတိုင်းပြည်ဟာ အဖက်ဖက်က ချွတ်ခြုံကျနေမှာပါပဲ။ အထူးသဖြင့် တိုင်းပြည်ရဲ့ စီးပွားရေးဟာ ကသောင်းကနင်း ဖြစ်နေမှာပါပဲ။ အဲဒီလို အာဏာကို မတရားသဖြင့် ရယူဆုပ်ကိုင်ထားသူရှိရုံမျှမကဘဲ၊ သူတို့ကို တော်လှန်မယ့် တော်လှန်ရေးအင်အားစုတွေ ရှိနေမယ်၊ တိုက်ပွဲတွေဖြစ်နေမယ်ဆိုရင် စီးပွားရေးဟာ ပိုလို့တောင် ကသောင်းကနင်းဖြစ်နေဦးမှာပါ။
ချန်ကေရှိတ်ရဲ့ တရုတ်ပြည်ဟာလည်း ထိုနည်းလည်းကောင်းပါပဲ။
ငွေကြေးဖောင်းပွမှုက အဆမတန်မြင့်မားလာခြင်းက အထင်ရှားဆုံး ကသောင်းကနင်း ဖြစ်မှုပါ။ ကမ္ဘာ့သမိုင်းမှာ အရေအတွက် အနည်းငယ်မျှသာ မှတ်တမ်းတင်ခဲ့ရတဲ့ အဆမတန်ငွေကြေးဖောင်းပွမှု (hyperinflation) ဟာ တစ်ခုအပါအ၀င် ဖြစ်ပါတယ်။ ၁၉၄၇ မှာ ကိန်းဂဏန်းအားဖြင့် တန်ဖိုးအမြင့်ဆုံး ငွေစက္ကူက ယွမ် ၅၀,၀၀၀ တန် (ငါးသောင်း) ငွေပါ။ ၁၉၄၈ နှစ်လယ်လောက်ရောက်တော့ ယွမ် ၁၈၀,၀၀၀,၀၀၀ (သိန်း ၁၈၀၀) တန် ငွေစက္ကူက အမြင့်ဆုံးဖြစ်လာပါတယ်။ ငွေစက္ကူပေါ်က ကဏန်းတွေကများလွန်းတော့ ရွှေယွမ် (gold yuan) ကို ဖန်တီးပြီး တရုတ်ငွေကို တရုတ်ငွေနဲ့ လဲယူတဲ့စနစ်ကို သုံးရပါတယ်။ ရွှေယွမ် ၁ ယွမ် ကို ပုံမှန်ယွမ်ငွေ ၃,၀၀၀,၀၀၀ (သိန်းသုံးဆယ်) နဲ့ ညီမျှတယ်ဆိုပြီး ငွေလဲနှုန်း သတ်မှတ်ယူရပါတယ်။ ပြည်တွင်းစစ်ကြီးပြီးချိန် ၁၉၄၉ မှာ ဒေသန္တရဘဏ်တစ်ခုက ထုတတ်ဝေတဲ့ အကြီးဆုံးငွေစက္ကူရဲ့ ကိန်းဂဏန်းတန်ဖိုးက ၆,၀၀၀,၀၀၀,၀၀၀ ယွမ် (သိန်း ခြောက်သောင်း) ဖြစ်လာတယ်လို့ ဆိုပါတယ်။ ခေါက်ဆွဲဆိုင်ထဲ ခေါက်ဆွဲဝင်စားတဲ့အခါ စားနေရင်း တစ်ပွဲမကုန်ခင် စျေးတက်သွားတဲ့အဖြစ်မျိုးကို ကြုံခဲ့ကြရပါသတဲ့။
ပညာရှင်အများစုရဲ့ သုံးသပ်ချက်ကတော့ အဲဒီလို ငွေကြေးအဆမတန် ဖောင်းပွမှု စတင်ဖြစ်ပေါ်ရတာဟာ ချန်ကေရှိတ်ရဲ့ ကူမင်တန်အစိုးရက ဘဏ်လုပ်ငန်းနဲ့၊ ငွေကြေးအပေါ် ဝင်ရောက်ချုပ်ကိုင်မှု (control) လုပ်တာရယ်၊ လက်ဝါးကြီးအုပ်မှု (monopoly) လုပ်တာရယ်ကြောင့် ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။ လွတ်လပ်တဲ့ငွေကြေးစနစ်ကို အာဏာရှင် ချန်ကေရှိတ်က ထိန်းချုပ်လိုက်တဲ့ နောက်ပိုင်း အဲဒီလို ဖြစ်လာတာဟာ သင်ခန်းစာ ယူစရာပါ။
တစ်ဖက်မှာက ချန်ကေရှိတ်အစိုးရဟာ ပြည်တွင်းစစ်ကို တိုက်နေရတာမို့ စစ်စရိတ် ထောင်းနေပါတယ်။ လူထုရဲ့ ပူးပေါင်းဆောင်ရွက်မှုကလည်း မရပြန်ပါဘူး။ နေ့မှာ လယ်သမား၊ ညမှာ ပျောက်ကျား ဆိုတဲ့ ကွန်မြူနစ်တွေရဲ့ တိုက်ခိုက်မှုကို ကို အလူးအလဲ ခံနေရပါတယ်။ သူအားကိုးရတာဆိုလို့ အမေရိကန်ရဲ့ ချေးငွေပဲ ရှိပါတယ်။ ဒါကလည်း နောက်ပိုင်းမှာ အလုပ်မဖြစ်တော့ပါဘူး။
ထုံးစံအတိုင်း ခေတ်ပျက်မှာ စီးပွားရှာကောင်းကြတဲ့ ဝိသမလောဘသား ခေတ်ပျက်သူဌေးတွေကလည်း နှိပ်စက်ပြန်ပါသေးတယ်။ ကုန်တွေကို မရောင်းဘဲ လှောင်ပြီး၊ ဈေးကွက်ထဲမှာ ရှားအောင်လုပ်၊ ဈေးတက်အောင်စောင့်ပြီး အမြတ်ကြီး တင်ရောင်းတာက အင်မတန် တွင်ကျယ်ခဲ့ပါတယ်။ အဲဒီလို ဈေးနှုန်းကို တမင်သတ်သတ် ခွင်ဆင်ပြီး လိုက်မြှင့်တာကြောင့် ငွေကြေးဖောင်းပွမှုက ဆိုသည်ထက် ဆိုးလာတော့တာပါပဲ။
ဒီအချိန်မှာ စီးပွားရေးကို အလျင်အမြန်ထိန်းသိမ်းနိုင်ဖို့ လိုအပ်တယ်လို့ ကောင်းကောင်းသဘောပေါက်ခဲ့သူကတော့ ချန်ကေရှိတ်ရဲ့သား ချန်ချင်းကူ (Chiang Ching-kuo) ဖြစ်ပါတယ်။ ရှန်ဟိုင်းဟာ တရုတ်ပြည်ရဲ့ စီးပွားရေးဗဟိုချက်ဖြစ်ပြီး ရှန်ဟိုင်းက ဝိသမကုန်သည်တွေကို ထိန်းချုပ်နိုင်ရင် တိုင်းပြည်အတွက် အတော်အဆင်ပြေလာလိမ့်မယ်လို့ သူက ယူဆပါတယ်။ သူ့ယူဆချက်ကလည်း မှန်ပါတယ်။
ဒီလိုနဲ့ ချန်ချင်းကူဟာ ချန်ကေရှိတ်ဆီက ခွင့်ပြုချက်နဲ့ ရှန်ဟိုင်းကို ရောက်လာပြီး အကျင့်ပျက်ခြစားနေတဲ့ စီးပွားရေးအဆောက်အအုံကြီးကို ပြင်ဆင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ အဲဒီမှာ ဇာတ်လမ်းက ကောင်းခန်းကို ရောက်လာတော့တာပါပဲ။
ရှန်ဟိုင်းမှာ စီးပွားရေးကို မတော်မတရားလုပ်ပြီး အကျင့်ပျက်ချစား၊ အမြတ်ကြီးစားလုပ်နေတာက ယန်စီကုမ္ပဏီ (Yangzi Jianye Co., Ltd) ဖြစ်ပါတယ်။ တချို့နေရာတွေမှာ Yangzi Corporation လို့ ရေးတာ တွေ့ရပါတယ်။ ကုန်တွေကို ဂိုထောင်ထဲ လှောင်ထားပြီး စျေးကွက်ထဲမှာရှားအောင်လုပ်၊ စျေးတက်မှ ထုတ်ရောင်းတာမျိုးကို အကြီးအကျယ် လုပ်နေသူပါ။ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ငွေကြေးဖောင်းပွနေရတဲ့အထဲ ယန်စီကုမ္ပဏီလို အကျင့်ပျက်တဲ့ ဝိသမလောဘသားတွေကြောင့် စျေးနှုန်းတွေက အဆမတန်မြင့်တက်လာပြီး ငွေကြေးဖောင်းပွမှုကို ပိုဆိုးစေပါတယ်။
ချန်ချင်းကူ တစ်ယောက် ရှန်ဟိုင်းကို ကျားဖမ်းဖို့လာတာပါ။ ယန်စီကုမ္ပဏီဆိုတဲ့ ကျားဆိုးကို ရှန်ဟိုင်းမှာ ရှာတွေ့ခဲ့ပါပြီ။ ဒါပေမယ့် အဲဒီ ကျားဆိုးကို ဖမ်းမိလိုက်ခါမှ ချန်ချင်းကူ တစ်ယောက် စိတ်ဒုက္ခရောက်ရရှာပါတော့တယ်။
ယန်စီကုမ္ပဏီဆိုတာ တခြားသူပိုင်တာ မဟုတ်ပါဘူး။ သူ့ရဲ့ ဝမ်းကွဲညီအစ်ကိုတော်သူ ဒေးဗစ် ခေါ် ခွန်လင်းကန် (David Kung Ling-kan) ရဲ့ ကုမ္ပဏီ ဖြစ်နေတာပါပဲ။
ချန်ချင်းကူ က ချန်ကေရှိတ်ရဲ့ ပထမအိမ်ထောင် Mao Fumei နဲ့ မွေးတဲ့ သားဖြစ်သလို၊ တစ်ဦးတည်းသော သားလည်း ဖြစ်ပါတယ်။ ချန်ကေရှိတ်ရဲ့ နောက်အိမ်ထောင် မေလင်း (Song Mei-ling) နဲ့၊ ခွန်လင်းကန် ရဲ့ အမေ အိုက်လင် (Soong Ai-ling) က ညီအစ်မ အရင်းပါ။ ခွန်လင်းကန် ရဲ့ အဖေ၊ အိုက်လင် ရဲ့ ခင်ပွန်း ခွန် (H. H. Kung - Kung Hsiang-his) ကလည်း တခြားသူ မဟုတ်ပါဘူး။ ကူမင်တန်အစိုးရရဲ့ ဘဏ္ဍာရေးဝန်ကြီး ဘဏ်သူဌေးကြီး ဖြစ်ပါတယ်။ (ဒီ ဆွေမျိုးတော်စပ်မှုနဲ့ ရာထူးအရှိန်အဝါတွေကို ကြည့်ရင် အထက်မှာ ပြောခဲ့ဖူးသလို ကူမင်တန်အစိုးရက ဘဏ်လုပ်ငန်းနဲ့ ငွေကြေးကို ထိန်းချုပ်တယ်၊ လက်ဝါးကြီးအုပ်တယ်ဆိုတာ သိပ်ပြီး မထူးခြားတဲ့ကိစ္စပဲလို့ နားလည်နိုင်ပါလိမ့်မယ်။)
တရုတ်ပြည်သမိုင်းမှာ ထင်ရှားတဲ့ ဆွန်ညီအစ်မများ (Soong Sisters) သုံးဖော်မှာ အိုက်လင် က အကြီးဆုံး ဖြစ်ပြီး၊ မေလင်းက အငယ်ဆုံး ဖြစ်ပါတယ်။ အလတ်မ ဖြစ်တဲ့ ချင်းလင် (Soong Ching-ling) ကတော့ ချင်မင်းဆက်ကို ဖြုတ်ချပြီး တရုတ်သမ္မတနိုင်ငံကိုထူထောင်ခဲ့တဲ့ ဒေါက်တာဆွန်ယက်ဆင်နဲ့ အိမ်ထောင်ကျပါတယ်။ အကြီးဆုံးနဲ့ အငယ်ဆုံးလိုမဟုတ်ဘဲ တရုတ်ပြည်သမိုင်းမှာ နာမည်ကောင်းနဲ့ ကျော်ကြားသူပါ။ နောက်ပိုင်းမှာ သူတို့ညီအစ်မ သုံးဖော်နဲ့ပတ်သက်ပြီး တရုတ်ပြည်မှာ ဆိုရိုးစကားတစ်ခု ပေါ်လာခဲ့ပါတယ်။ “One loved money, one loved power, one loved her country” ဆိုတဲ့ ဆိုရိုးစကားပါ။ “တစ်ယောက်က အသပြာ၊ တစ်ယောက်က အာဏာ၊ အခြားတစ်ယောက်မှာ ပြည်တော်သာဖို့” လို့ ဘာသာပြန်မိပါတယ်။ ငွေကိုချစ်သူက ဘဏ်သူဌေးကတော် Soong Ai-ling ကို ရည်ညွှန်းပြီး၊ အာဏာကိုချစ်သူကတော့ အာဏာရှင် ချန်ကေရှိတ်ကတော် Soong Mei-ling ကို ရည်ညွှန်းပါတယ်။ တိုင်းပြည်ကို တကယ်ချစ်သူကတော့ ဒေါက်တာဆွန်ယက်ဆင်ကတော် Soong Ching-ling ကို ရည်ညွှန်းပါတယ်။
ဇာတ်လမ်းကို ဆက်ရရင် အာဏာရှင်ရဲ့ သားနဲ့ ဓနရှင်ရဲ့ သားတို့ ဆွေမျိုးတွေဖြစ်နေတာက ချန်ချင်းကူအတွက် အတော်ကို ခွကျစေခဲ့တဲ့ကိစ္စပါပဲ။ သူဟာ ဖခင်ဖြစ်သူရဲ့ အာဏာထောက်တိုင်ကို ကိုင်လှုပ်နေတဲ့ ဝိသမစီးပွားရေးသမားကို ရှာဖွေပြီး အမြစ်ဖြုတ်ဖို့ ကြံစည်ခဲ့ပေမယ့် “ရွှေသမင် ဘယ်ကထွက်၊ မင်းကြီးတာကထွက်” ဆိုသလို ဖြစ်တာမို့ အရူးမီးဝိုင်း ဖြစ်ခဲ့ရတာပါ။ အဲဒီ မှန်းချက်နဲ့ နှမ်းထွက်မကိုက်တဲ့ ကိစ္စကြီးတွေအကြား ဗျာများနေတုန်းမှာပဲ ၁၉၄၉ မှာ ကွန်မြူနစ်တွေက အောင်ပွဲခံသွားရပြီး ချင်ချင်းကူ ကိုယ်တိုင်လည်း ထိုင်ဝမ် ကို ထွက်ပြေးရပါတယ်။ နောက်ပိုင်း ထိုင်ဝမ်ရဲ့ ဝန်ကြီးချုပ်၊ သမ္မတရာထူးတွေ ယူသွားခဲ့ပါတယ်။ ခွန်လင်းကန် ကတော့ သူ့ပိုင်ဆိုင်မှုတွေကို အမေရိကန်ကို ရွှေ့သွားခဲ့ပါတယ်။
ငွေကြေးအဆမတန်ဖောင်းပွမှုဟာလည်း ကွန်မြူနစ်တွေ အောင်ပွဲခံပြီးတဲ့နောက် ဒီနေ့ တရုတ်ပြည်မှာ သုံးစွဲနေတဲ့ RMB နဲ့ အစားထိုးပြီးနောက်မှာမှ ရပ်စဲသွားပါတော့တယ်။ နိုင်ငံရေးပြဿနာကို ဖြေရှင်းလိုက်လို့ စီးပွာရေးပြဿနာ အလိုအလျောက် ပြေလည်သွားတာလို့လည်း ယူဆချင်ရင် ယူဆလို့ ရနိုင်ပါတယ်။
ဒီဇာတ်လမ်းကနေ ထုတ်ယူမိတဲ့ နိုင်ငံရေးစနစ်ပျက်နှင့် ခေတ်ပျက်စီးပွားရေး သင်ခန်းစာတွေကတော့ ဒီလိုပါ။
(၁) အာဏာကလွဲပြီး ဘာမှ မသိတဲ့သူတွေ တိုင်းပြည်ကို အုပ်ချုပ်ဖို့ ကြိုးစားတဲ့အခါ တိုင်းပြည်ရဲ့စီးပွားရေးဟာ ဖရိုဖရဲ ဖြစ်ရပြီး ဝိသမလောဘသားတွေရဲ့ ထပ်ဆင့်နှိပ်စက်မှုကို ပြည်သူတွေ ခံရလေ့ရှိပါတယ်။
(၂) အဲဒီအာဏာရူးတွေဟာ ယိုယွင်းပျက်စီးလာနေတဲ့ စီးပွားရေးကို မှန်မှန်ကန်ကန် ပြန်လည်တည့်မတ်နိုင်စွမ်း မရှိကြပါဘူး။
(၃) ကံကောင်းထောက်မလွန်းလို့ အာဏာပိုင် အသိုင်းအဝိုင်းထဲ စီးပွားရေးကို အဖတ်ဆည်ပေးနိုင်လောက်အောင် နားလည်တတ်ကျွမ်းသူ ပါလာရင်လည်း အဲဒီလူဟာ တကယ်ထိရောက်အောင်မြင်အောင် မဆောင်ရွက်နိုင်ပါဘူး။
(၄) အကြောင်းကတော့ စီးပွားရေး ကသောင်းကနင်းဖြစ်မှုရဲ့ အစဟာ အာဏာအငမ်းမရဖြစ်မှု ဖြစ်နေပြီး အဲဒီအာဏာကို အာဏာရူးတွေက မစွန့်လွှတ်သမျှ ကသောင်းကနင်းဖြစ်မှုကို မထိန်းကျောင်းနိုင်ပါဘူး။ တစ်ဖက်မှာလည်း အခြေအနေကို ပိုဆိုးအောင် လုပ်ဆောင်နေသူတွေဟာ အခြားသူ မဟုတ်ဘဲ မင်းကြီးတာက ထွက်သွားတဲ့ ရွှေသမင်တွေ ဖြစ်နေကြလို့ပါ။
အိမ်နီးချင်း တရုတ်ပြည် တကယ်ဖြတ်သန်းခဲ့တဲ့ သမိုင်းကနေ မြန်မာတွေ သင်ခန်းစာ ဘယ်လောက်ယူနိုင်မလဲ၊ မှားနေရငင် အမှန်ဘယ်လောက်ပြင်နိုင်မလဲ ဆိုတာကတော့ အချိန်ကပဲ အဆုံးအဖြတ်ပေးမှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။
ခိုင်ကြည်သစ်
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar