Breaking News

မြန်မာပြန်-မောင်သာမည - သောကခေတ်တွင် ရှင်သန်ခြင်း (အပိုင်း ၇)


သောကခေတ်တွင် ရှင်သန်ခြင်း (အပိုင်း ၇)
မူရင်း-စဗက်လာနာ
မြန်မာပြန်-မောင်သာမည 
(မိုးမခ) နို၀င်ဘာ ၄၊ ၂၀၂၁


“ လျူစီယာက အပြင်ကို ခဏထွက်သွားတယ်။ တမိနစ်လောက်ကြာရင် ပြန်လာမှာပါ” လို့ သူနာပြုဆရာမက ချော့ပါတယ်။ သူက သက်ပြင်းတချက်ချပြီး အသက်ကုန်သွားတာတဲ့။ 
ဒီအကြိမ်မှာတော့ ကျွန်မကို ဆွဲမထုတ်ကြတော့ဘူး။ သင်းချိုင်းကိုရောက်တဲ့အထိ ကျွန်မဟာ သူ့အနားမှာ နေခဲ့တယ်။ ဒါပေမဲ့ သူ့အလောင်းကိုထည့်တဲ့ အခေါင်းကိုတော့ မမှတ်မိတော့ဘူး။ ပလတ်စတစ်အိတ်ကြီးတခုဆိုတာလောက်ပဲ သိတော့တယ်။ 
အလောင်းထားတဲ့နေရာကိုရောက်တော့ “မင်းယောက်ျား ဝတ်ထားတာတွေကို ကြည့်ချင်သေးလား” လို့ မေးပါတယ်။ “ကြည့်ချင်တာပေါ့ ” လို့ ပြန်ပြောလိုက်တယ်။ 
သူ့ကို မီးသတ်ဝတ်စုံ ဆင်ပေးထားပါတယ်။ မီးသတ်သမားဦးထုပ်ကိုလည်း သူ့ရင်ပတ်ပေါ်မှာ တင်ထားတယ်။ ဖိနပ်တော့ မပါဘူး။ သူ့ခြေထောက်တွေက ရောင်ကိုင်းနေတာကိုး။ ဖောင်းကားနေတဲ့ခြေထောက်တွေက ပူပေါင်းတွေ ဖြစ်နေပြီ။ ဝတ်စုံက သူ့ကိုယ်နဲ့ မဆန့်ဘူး။ ဒါကြောင့် ဝတ်စုံကို ဆုတ်ဖြဲပစ်လိုက်ရတယ်။ သူ့ခန္ဓာကိုယ်တခုလုံးက သွေးတွေလိမ်းကျံနေတဲ့ အနာတခုလို ဖြစ်နေပြီ။ 
ဆေးရုံပေါ်မှာ နေခဲ့ရတဲ့ နောက်ဆုံးနှစ်ရက်မှာ သူ့လက်မောင်းတွေကို မြှောက်လိုက်တဲ့အခါတိုင်း  တစစီ ဖြစ်မလို ယိုင်နဲ့ပြီး တွဲလောင်းကျနေပြီ။ အသားမျှင်ရယ်လို့ မရှိတော့သလောက် ဖြစ်နေပြီ။ အဆုတ်အပိုင်းအစတွေ၊ အသဲအပိုင်းအစတွေက သူ့ပါးစပ်က တစ်ဆင့် အန်ထွက်လာနေပြီ။ သူ့ရဲ့ အတွင်းကလီစာတွေက သူ့ကို မွန်းကျပ် အောင် ပြန်လုပ်နေပြီ။ သူ့လက်ပေါ်မှာ  ပတ်တီးနဲ့စည်းပြီး သူ့ပါးစပ်ထဲကို သွင်းခိုင်းတယ်။ ပါးစပ်ထဲကအရာတွေကို အပြင်ရောက်အောင် ကော်ထုတ်ခိုင်းတယ်။ ဘာတွေလို့မပြော တတ်နိုင် အောင်ပါပဲ။ ဖော်ပြနိုင်တဲ့ စကားလုံး မရှိဘူး။ အဲဒါတွေက ကော်ခပ်လို့ မနိုင်အောင် များလွန်း လှတယ်။ ဒါပေမဲ့ ဒါက ကျွန်မရဲ့ ချစ်သူပါ။ ကျွန်မရဲ့ အချစ်ပါ။
သူ့ခြေထောက်နဲ့တော်တဲ့ ဖိနပ်က တရံမှ မရှိဘူး။ ဒါကြောင့် အခေါင်းသွင်းတော့ သူ့ခြေထောက်မှာ ဖိနပ်မပါဘူး။  မီးသတ်ဝတ်စုံဆင်ထားတဲ့သူ့ကို ကျွန်မရဲ့ မျက်စေ့အောက်မှာပဲ ပလတ်စတစ်အိတ်ထဲ အတင်းထိုးထည့်ပါတယ်။ ပလတ်စတစ်အိတ်ကိုချည်လိုက်ပြီးအခါ သစ်သားအခေါင်းထဲ ထည့်ပါတယ်။ အဲဒီအခေါင်းကို နောက်ထပ် ပလတ်စတစ်အိတ်ကြီးတခုနဲ့ ထပ်စွပ်ပြီး ချည်ပါတယ်။ ပလတ်စတစ်အိတ်ကြီးက အကြည်။ ဒါပေမဲ့ ဖယောင်း ပုဆိုးလို ထူတယ်။ နောက်ဆုံးမှာတော့ သွပ်အခေါင်းတခုထဲကိုထည့်လိုက်တယ်။ အခေါင်းနဲ့ဆန့်အောင် တော်တော်ခက်ခက်ခဲခဲ သွင်းရတယ်။ မီးသတ် ဦးထုပ်ကိုအခေါင်းထိပ်မှာပဲ တင်ထားပေးတယ်။
သူ့မိဖတွေကော ကျွန်မမိဖတွေပါ မော်စကိုကို ရောက်လာကြပါတယ်။ ဈာပနမှာဝတ်ဖို့ အနက်ရောင်ခေါင်းစည်း ပုဝါတွေကို မော်စကိုမှာ ဝယ်တယ်။ 
ကျွန်မတို့ကို အရေးပေါ်ကော်မရှင်အဖွဲ့က ခေါ်တွေ့ပါတယ်။ 
သေဆုံးသွားတဲ့ ခင်ပွန်းသည်တွေ၊ သားတွေ ရဲ့ရုပ်အလောင်းတွေကို ဘယ်သူ့ကိုမှ မပေးနိုင်တဲ့အကြောင်း၊ ရုပ် အလောင်းတွေက ရေဒီယို ဓာတ်ရောင်ခြည်တွေ ထွက်နေတဲ့အကြောင်း၊ မော်စကိုက သင်းချိုင်းတခုမှာပဲ တနည်းတဖုံမြှုပ်နှံမှာ ဖြစ်တဲ့ အကြောင်း ပြောပါတယ်။ တနည်း တဖုံ ဆိုတာက ရုပ်အလောင်းကို သွပ်အခေါင်း ထဲမှာထည့်ပြီး အဲဒီသွပ်အခေါင်းကိုကွန်ကရစ် ပြားတွေနဲ့အပေါ်က ပိတ်ဖုံးမယ်လို့ ဆိုလိုတာပါ။ ကျွန်မယောက်ျားတို့အဖွဲ့သားတွေရဲ့ရုပ်အလောင်းတွေကို ဒီနည်းနဲ့ပဲ မြှုပ်နှံ သဂြိုဟ်တာဖြစ်တယ်လို့ ပြောပါ တယ်။ ပြောပြီးတဲ့နောက်မှာ ကျွန်မတို့ကို စာရွက်စာတမ်းတွေပေးပြီး လက်မှတ်ရေးထိုးခိုင်းပါတယ်။ 
သဘောတူညီချက် ရဖို့ လိုတယ်လေ။ နေရပ်ဆီကို ရုပ်အလောင်း ပြန်သယ်ယူချင်သူတွေကိုတော့ အတင်း နားချပါတယ်။ 
" ယခုဆိုရင် သေဆုံးသွားသူတွေဟာ အာဇာနည် သူရဲကောင်းတွေ ဖြစ်နေပြီ ဆိုတဲ့အကြောင်း၊ သူတို့ကို မိသားစုတွေက မပိုင်တော့တဲ့ အကြောင်း” ပြောပြီး သဘောတူ လက်မှတ်ထိုးအောင် လုပ်ပါတယ်။ ကျွန်မတို့ရဲ့ ယောက်ျားတွေဟာ ပြည်သူလူထုပိုင်တဲ့သူတွေ ဖြစ်နေကြပြီ တဲ့။ 
နိုင်ငံတော်က ပိုင်တဲ့သူတွေ ဖြစ်နေကြပြီ တဲ့။
သင်းချိုင်းကိုသွားတော့ ကျွန်မတို့ဟာ အသုဘယာဉ်ကို စီးပြီး လိုက်ကြတယ်။ကျွန်မတို့ရဲ့မိဖဆွေမျိုးတွေနဲ့ စစ်ဗိုလ်တချို့လည်း ပါကြတယ်။ ဗိုလ်မှူးကြီးတယောက်လည်း ပါတယ်။ သူက စကားပြောစက်နဲ့ ပြောနေတယ်။ 
" ငါတို့အမိန့်ကို စောင့်ပါ ” လို့ တဖက်က ပြောနေသံကို ကြားရတယ်။ နှစ်နာရီ သုံးနာရီကြာအောင် မြို့ပတ် လမ်းအတိုင်း မော်စကိုမြို့ကို ပတ်နေရတယ်။ ပတ်ရင်းပတ်ရင်း နောက်ဆုံးတော့ မြို့ထဲကို ပြန်ရောက် လာပြန်တယ်။ စကားပြောစက်က အသံတွေကို ကြားနေရတယ်။ 
" သင်းချိုင်းဆီကို သွားလို့မရသေးဘူး ၊ တားမြစ်ထားပါတယ်။ သင်းချိုင်းကို နိုင်ငံခြား သတင်းသမားတွေ ဝိုင်းထားတယ်။ ဆက်ပြီးစောင့်ဆိုင်းနေပါ ” တဲ့။ 
ကျွန်မတို့မိဖတွေကတော့ ငြိမ်လို့ပေါ့။ ကျွန်မအမေက အနက်ရောင် ခေါင်းစည်းပုဝါကို ခေါင်းမှာ ပတ်ထားပါ တယ်။ ကျွန်မကတော့ ခေါင်းနောက်ပြီး မူးမေ့ချင်သလိုလို ဖြစ်လာနေပြီ။ 
နောက်ဆုံးတော့ စိတ်ကို ထိန်းထားလို့မရတော့ဘဲ ဒေါသက ပေါက်ကွဲထွက်လာတယ်။
" ကျွန်မယောက်ျားကို ဘာကြောင့် လူမတွေ့အောင် ဝှက်ထားကြတာလဲ။ ကျွန်မ ယောက်ျားက လူသတ်သမား လား။ ရာဇဝတ်သားလား။ ထောင်ကျတယောက်လား။ ကျွန်မတို့ သဂြိုဟ်မယ့် သူက ဘယ်လိုလူ ဖြစ်နေလို့လဲ" 
" တိတ်တိတ်နေပါ သမီးရယ် " လို့ ကျွန်မအမေက ပြောပါတယ်။ အမေက ကျွန်မရဲ့ ဦးခေါင်းကို အသာပွတ် ပေးတယ်။ ကျွန်မရဲ့လက်ကို ကိုင်ထားတယ်။
ဗိုလ်မှူးကြီးကတော့ စကားပြောစက်နဲ့ လှမ်းပြောနေပါတယ်။ 
"သင်းချိုင်းကို သွားဖို့ ခွင့်ပြုချက် တောင်းခံပါတယ်။ ဇနီးဖြစ်တဲ့သူက ဒေါသထွက်နေပြီ" 
သင်းချိုင်းမှာတော့ ကျွန်မတို့ကို စစ်သားတွေက ဝိုင်းထားပါတယ်။ ကျွန်မတို့ဟာ အစောင့်တွေဝိုင်းရံထားတဲ့ ကြားက လမ်းလျှောက်ရပါတယ်။ အခေါင်းကိုလည်း အစောင့်တွေနဲ့ဝိုင်းရံထားပြီး သယ်ပါတယ်။ ဘယ်သူမှ နှုတ်ဆက် စကားပြောခွင့် မရပါဘူး။ မိဖဆွေမျိုးတွေပဲ ပြောခွင့်ရပါတယ်။ နှုတ်ဆက်စကားပြောလို့ ပြီးတာနဲ့ တပြိုင်နက် ဂူကို အမြန်ပိတ်ပါတယ်။ 
" မြန်မြန်လုပ်ကြ” လို့ အရာရှိတယောက်က အမိန့်ပေးတယ်။ ကျွန်မယောက်ျားရဲ့အခေါင်းကိုပွေ့ဖက်ခွင့်လေးတောင် ကျွန်မကိုမပေးပါဘူး။ ပြီးတာနဲ့ ကျွန်မတို့ကို ဘတ်စ် ကားတွေထဲ အစုလိုက် အပြုံလိုက် အတင်းတွန်းထိုးပြီး တက်ခိုင်းပါတော့တယ်။
နောက်ရက်မှာပဲ အိမ်ပြန်ဖို့ လေယာဉ်လက်မှတ်တွေ ဝယ်ပေးတယ်။ တချိန်လုံး အရပ်ဝတ်နဲ့လူ တယောက်က ကျွန်မတို့ သွားလေရာမှာ တောက်လျောက်လိုက်ပါနေတယ်။ သူ့ကိုယ်သူ စစ်သား တယောက်လို ပုံဖမ်းထား တယ်။ 
အပြန်ခရီးအတွက် စားစရာသောက်စရာ ဝယ်ဖို့ အပြင်ထွက်တာတောင် ခွင့်မပြုဘူး။
အပြင်လူ တယောက်ယောက်ကို စကားသွားပြောမိမှာကိုလည်း စိုးရိမ်နေရတယ်။ အထူးသဖြင့် ကျွန်မပေါ့။ စကားပြောနိုင်လောက်တဲ့ အခြေအနေမျိုး ရှိတယ်လို့ ဟန်ဆောင် နေရပေမဲ့ တကယ်တော့ အဲဒီအချိန်မှာ ကျွန်မက ငိုတောင် မငိုနိုင်တော့ပါဘူး။
ကျွန်မတို့ တည်းခိုဆောင်ကနေ ထွက်လာကြတဲ့အခါ တည်းခိုဆောင်အလုပ်သမားက ကျွန်မတို့ သုံးခဲ့တဲ့ တံဘက် တွေ၊ စောင်တွေကို တခုချင်းရေပြီး ပလတ်စတစ်အိတ်တလုံးထဲကို ထည့်ပါတယ်။ ဒါတွေကို မီးရှို့ပစ်ရမှာပါ။ ကျွန်မ နေခဲ့တဲ့ ၁၄ရက်စာအတွက် တည်းခိုခကို ကျွန်မပဲ ရှင်းပေးခဲ့တယ်။ ဓာတ်ရောင်ခြည်သင့်ရောဂါကုသရေးဌာနမှာ ၁၄ ရက် ကြာခဲ့တယ်။ သေဖို့အတွက် ၁၄ရက် ကြာခဲ့တယ်။
အိမ်ပြန်ရောက်တော့ ကျွန်မ တချိုးတည်း အိပ်ပါတယ်။ အိမ်ထဲကို ဝင်သွားပြီးတာနဲ့ အိပ်ရာပေါ် အရုပ်ကြိုးပြတ် ပစ်လှဲချလိုက်တယ်။ သုံးရက်ဆက်တိုက်ကြာအောင် ကျွန်မ အိပ်မောကျနေခဲ့တယ်။ ကျွန်မကို နှိုးကြည့်ကြတယ်။ ဒါပေမဲ့ နှိုးလို့မရဘူး။ ဒါကြောင့် လူနာတင်ယာဉ်တစင်းခေါ်လိုက်ကြသေးတယ်။ 
" သူ မသေပါဘူး” လို့ ဆရာဝန်က ပြောတယ်။ 
" နိုးလာမှာပါ- ဆိုးဆိုးရွားရွား အိပ်မောကျနေတာ သက်သက်ပါ” လို့ ပြောတယ်။
အဲဒီအချိန်မှာ ကျွန်မအသက်က ၂၃ နှစ် ရှိပါပြီ။
အဲဒီလို အိပ်မောကြီးကျခဲ့တုန်းက မက်ခဲ့တဲ့ အိပ်မက်တခုကို သတိရမိတယ်။ ကွယ်လွန်သွားပြီဖြစ်တဲ့ ကျွန်မရဲ့ အဖွားက အိပ်မက်ထဲမှာ ပေါ်လာတယ်။ သူကို သဂြိုဟ်တုန်းက ဆင်ပေးလိုက် တဲ့ အဝတ်အစားတွေကို ဝတ်ထား တယ်။ အဖွားက နှစ်သစ်ကူးသစ်ပင်ကို အလှဆင်နေပါတယ်။ 
"အဖွား - ဒါက နွေရာသီလေ- ဘာကြောင့် နှစ်သစ်ကူးသစ်ပင်ကို အလှဆင်နေရတာလဲ” 
" ဒါကတော့ ဒီလိုပဲလေ- မင်းယောက်ျား ဗက်စယာလည်း မကြာခင် ငါနဲ့အတူ လာနေလိမ့်မယ် " လို့ အဖွားက ပြန်ပြောပါတယ်။ ဗက်စယာက သစ်တောတွေနားမှာ ကြီးပြင်းလာတဲ့သူပါ။ 
ဒုတိယအိပ်မက်ကိုလည်း သတိရပါသေးတယ်။ ဗက်စယာက တစ်ကိုယ်လုံး အဖြူရောင်တွေ ဝတ်ထားတယ်။ သူက နာတာရှာရဲ့ နာမည်ကို တကြော်ကြော်ခေါ်နေတယ်။ ကျွန်မတို့ သမီးလေးက အဲဒီအချိန်မှာ မွေးတောင် မမွေးသေးပါဘူး။ အိပ်မက်ထဲမှာ နာတာရှာက တော်တော်ကြီးနေပြီ။ သမီးလေးဟာ ဘာကြောင့် ဒီလောက် အကြီးမြန်ရတာလဲ ဆိုတာ ကျွန်မနားမလည်နိုင်အောင် ဖြစ်ခဲ့ရပါတယ်။ 
ဗက်စယာက သမီးလေးကို အပေါ် မျက်နှာကျက်ဆီ ပင့်မြှောက်ပြီးဆော့တယ်။ ဗက်စယာကော သမီးလေးရော ရယ်မောနေကြတယ်။ ကျွန်မက သူတို့ဆော့ကစားတာကို စောင့်ကြည့်ရင်းနဲ့ ပျော်ရွှင်မှုဆိုတာ သိပ်ရိုးစင်းတာပဲ လို့ တွေးနေမိပါတယ်။ တကယ် သိပ်ရိုးစင်းတာပဲ။ 
အဲဒီနောက်မှာ အိပ်မက်တခု ထပ်မက်သေးတယ်။ ဗက်စယာနဲ့ ကျွန်မဟာ ရေထဲမှာ လမ်းလျှောက် နေကြတယ်။ လမ်းလျှောက်လို့ကိုမပြီးနိုင်ဘူး။ နှစ်ယောက်သား လျှောက်နေလိုက်ကြတာ။ နောက်ပြီး ဟိုးအထက်ကနေ ကျွန်မ ကို အမူအရာတခုလည်း လုပ်ပြနေတယ်။ မငိုပါနဲ့လို့ ပြောနေတာဖြစ်ရမယ်။ ( အချိန်တော်တော်ကြာ အောင် အသံတိတ်နေသည်) 
နောက်နှစ်လအကြာမှာ ကျွန်မ မော်စကိုကို ပြန်သွားပါတယ်။ မီးရထားဘူတာရုံကနေ သင်းချိုင်းဆီကို တခါ တည်း ဆက်သွားတယ်။ သူ့ကို ကြည့်ဖို့ပေါ့။ 
သင်းချိုင်းကုန်းထဲမှာပဲ ကိုယ်ဝန်လွယ်ထားတဲ့ ဗိုက်က နာလာပါတယ်။ သူ့ကို စကားစပြောလိုက်တဲ့အချိန်မှာပဲ နာလာတာပါ။ လူနာတင်ယာဉ်တစီးကို လှမ်းခေါ်ပေးကြတယ်။ 
ကျွန်မက သွားမယ့်နေရာကို ပြောလိုက်တယ်။ အဲဒီနေရာကို ရောက်သွားတော့ ကလေးမွေးလိုက်ပါတယ်။ အဲဒီနေရာက ဒေါက်တာမကြီး ဂုစကိုဗာရဲ့ အဆောင်မှာပါ။ “ ကလေးမွေးတဲ့အခါ ငါတို့ဆီကို ပြန်လာမွေးပါ” လို့ ဆရာမကြီးက ပြောခဲ့ တယ်လေ။ တကယ်တော့ တခြားနေရာကိုလည်း ကျွန်မဘယ်သွားတတ်မှာလဲ။ ကလေးကို မွေးရမယ့်အချိန်ထက် နှစ်ပတ်စောပြီး မွေးခဲ့တယ်။ 
မွေးကင်းစ ကလေးကို ကျွန်မကို ပြပါတယ်။ ပိစိကွေးလေးပါ။ " နာတာရှာ "လို့ ကျွန်မက ခေါ်လိုက်တယ်။ မင်းဖေဖေက မင်းကို နာတာရှာလို့ နာမည်ပေးသွားတယ်ကွယ့် ” ။ ကလေးလေးက ကျွန်မကို ပြန်ကြည့်ပါတယ်။ ကျန်းမာရေး ကောင်းတဲ့ပုံပါပဲ။ လက်တွေခြေတွေကတော့ တကယ့်ပိစိကွေးလေးတွေ။ ဒါပေမဲ့ ကလေးက အသဲ ခြောက်တဲ့ဝေဒနာ ပါလာပါတယ်။ 
သူ့အသဲက ဓာတ်ရောင်ခြည်ကြွမှု ၂၈ ရှိနေတယ်။ နောက်ပြီး မွေးရာပါနှလုံးရောဂါ လည်းရှိနေတယ်။မွေးပြီးလို့လေးနာရီကြာတဲ့အချိန်မှာ သူတို့ လာပြောတယ်။ကလေးဆုံးသွားပြီတဲ့။
ဒုတိယအကြိမ်မြောက် ကျွန်မရဲ့ရင်သွေးလေးကို ကျွန်မဆီက ယူဆောင်သွားကြပြန်ပြီပေါ့။ 
ကလေးကို ပိုင်ဆိုင်ခွင့် မရတော့ပြန်ဘူးဆိုတာ ဘာကို ဆိုလိုတာလဲ။ ကလေးကို ကျွန်မက ပေးတာ မဟုတ်ဘူး လေ။ ရှင်တို့ ကသာ ကျွန်မကလေးကို သိပ္ပံပညာအတွက်ဆိုပြီး ရယူချင်နေတာလေ။ ရှင်တို့ရဲ့ သိပ္ပံပညာကို ကျွန်မ ရွံတယ်။ သိပ်ရွံတယ်။ ပထမအကြိမ်မှာ ရှင်တို့ရဲ့သိပ္ပံပညာက ကျွန်မယောက်ျားကို ကျွန်မဆီက ယူ သွားတယ်။ အခု နောက်တကြိမ် ပြန်လာပြန်ပြီ။ 
ကျွန်မသမီးကို ရှင်တို့ကို မပေးဘူး။ ကျွန်မသမီးကို ကျွန်မဖာသာ သဂြိုဟ်မယ်။ 
ကျွန်မယောက်ျားရဲ့ ဂူဘေးမှာ မြှုပ်မယ်။ ( သူ့အသံက လေသံတိုးတိုးအထိ လျော့သွားသည်)။
ရှင့်ကို ကျွန်မပြောပြနေတာတွေက အဲဒီတုန်းက ပြောခဲ့တဲ့အတိုင်း တိတိကျကျတော့ မဟုတ်ဘူး။ - - - စကားလုံးတွေ ဆိုရင် အားလုံးလွဲနေတယ်။ - - လေဖြတ်ပြီးကတည်းက ကျွန်မက အော်လို့ဟစ်လို့ မဖြစ်တော့ဘူး။ ငိုလို့မဖြစ်တော့ဘူး။ ဒါပေမဲ့ ကျွန်မ ဖြစ်စေချင်တာက - - - ။
ကျွန်မဖြစ်စေချင်တာက ဒီအကြောင်းတွေကို လူတွေ သိစေချင်တယ်။ ဒီအကြောင်းကို ကျွန်မဘယ်တုန်းကမှ ထုတ်မပြောခဲ့ဖူးဘူး။ ကျွန်မသမီးလေးကို သူတို့လက်ထဲ မအပ်နိုင်ဘူးလို့ ငြင်းလိုက်တုန်းက။ ကျွန်မ သမီးလေး ကိုလေ။ သူတို့က ကျွန်မဆီကို သစ်သားသေတ္တာတခု ယူလာကြတယ်။ “ ကလေးက အထဲမှာ” လို့ သူတို့ ပြောတယ်။ သေတ္တာထဲကို ကျွန်မကြည့်လိုက်တယ်။ သူတို့က ကျွန်မသမီးလေးကို အနှီးပိတ်စနဲ့ ထွေးပတ်ထား တယ်။ သမီးလေးက သေတ္တာထဲမှာ လှဲရက်သားလေး။ တကိုယ်လုံးက အနှီးပိတ်နဲ့ထွေးပတ်လို့။ သမီးလေးကို မြင်တာနဲ့ ကျွန်မလည်း ငိုချလိုက်မိတော့တယ်။ 
" ကျွန်မသမီးလေးကို သူ့ခြေရင်းမှာ မြှုပ်ပေးကြပါရှင် ၊ ဒါဟာ သူနဲ့ကျွန်မရဲ့သမီးလေး နာတာရှာ ဖြစ်တယ်ဆိုတာ သူ့ကို ပြောပေးကြပါ”
အုတ်ဂူမှာတော့ “ နာတာရှာ အစ်ဂ်နာတင်ဂို" လို့ မရေးထားပါဘူး။ ဗက်စယာရဲ့ အမည်ကိုပဲ ရေးထားပါတယ်။ သမီးလေးကို နာမည်တောင် မပေးရသေးဘူးလေ။ သမီးလေးမှာ ဘာမှ မရှိဘူး။ ဝိညာဉ်ပဲ ရှိတယ်။ ကျွန်မက သမီးလေးရဲ့ ဝိညာဉ်ကို သူ့ခြေရင်းမှာ မြှုပ်နှံပေးခဲ့တာပါ ။ 

( ဆက်ရန် )

{၂၀၁၅ ခုနှစ်၏ စာပေဆိုင်ရာနိုဘယ်ဆုရ ဘဲလာရုစ်လူမျိုး စာရေးဆရာမကြီး စဗက်လာနာ ( Svetlana Alexandrovna Alexievich)ရေးသားသည့် " Chenobyl Prayer " စာအုပ်၏ အခန်းတစ်ခန်း “ A Lone Human Voice" ကို ပြန်ဆိုထားခြင်းဖြစ်ပါသည်။ ရုရှားဘာသာဖြင့် ရေးထားသော မူရင်းစာအုပ်ကို ၁၉၉၇ ခုနှစ်တွင် ထုတ်ဝေသည်။ အင်္ဂလိပ်ဘာသာပြန် ပထမမူ (Voices from Chernobyl ) ကို ၂၀၀၅ ခုနှစ်တွင် ထုတ်ဝေသည်။ အင်္ဂလိပ်ဘာသာပြန် ဒုတိယမူ (Chernobyl Prayer) ကို ၂၀၁၇ တွင် ထုတ်ဝေသည် }

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar