မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၉ လ ၃ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) နို၀င်ဘာ ၄၊ ၂၀၂၁
ဒီနေ့ သတင်းတွေထဲမှာတော့ မင်းတပ်က စစ်ကောင်စီယာဥ်တန်းကို ကြားဖြတ်တိုက်ခိုက်တဲ့ သတင်း၊ ကလေးမြို့ကိုပြန်ဆင်းလာတဲ့ စစ်ကောင်စီယာဥ်တန်း နတ်ချောင်းကျေးရွာဘက်မှာ ကြားဖြတ်တိုက်ခိုက်ခံရမှုတွေရှိပြီး ကျေးရွာတွေကို ပစ်ခတ်တာ မီးရှို့တာတွေလုပ်ဆောင်နေတဲ့သတင်း၊ မြဝတီမြို့က ABSDF ဆက်ဆံရေးရုံးကို စစ်ကောင်စီတပ်တွေက ဝင်ဖမ်းဆီးတဲ့ သတင်း၊ စစ်ကောင်စီကလုပ်မယ်ဆိုတဲ့ ရွေးကောက်ပွဲမှာ PR စနစ် ကျင့်သုံးဖို့အတွက် လိုအပ်တဲ့ဆွေးနွေးမှုတွေကို ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီတွေဖိတ်ကြားပြီး လုပ်ဆောင်နေတယ်ဆိုတဲ့ သတင်း၊ စစ်ကောင်စီရဲ့လက်အောက်မှာ စီးပွားရေးပိတ်ဆို့မှုတွေ၊ မတည်ငြိမ်မှုတွေကြောင့် စီးပွားရေးမျှော်လင့်ချက်တွေ မှေးမှိန်လာနေပြီး နိုင်ငံခြားရင်းနှီ းမြှုပ်နှံမှုတချို့ ထွက်ခွာဖို့ ဆုံးဖြတ်လိုက်ကြတဲ့သတင်းတွေ အမေရိကန်လွှတ်တော်ကိုယ်စားလှယ်ဟောင်းနဲ့ အုပ်ချုပ်ရေးမှူးဟောင်းဖြစ်သူ အလွတ်တန်း သံတမန်ဘီလ်ရစ်ချတ်ဆန်ရဲ့ ၃ ရက်ကြာ ခရီးစဥ်ပြီးဆုံး၊ နိုင်ငံရေးနဲ့ဆိုင်တဲ့ ထင်ရှားတဲ့ရလဒ်တွေတော့ ထွက်ပေါ်လာတာ မကြားရပေမယ့် ကိုဗစ်ကူညီရေးအတွက်တော့ ပြောဆိုခဲ့ကြတယ်ဆိုတဲ့သတင်းတွေ ဖြစ်ပါတယ်။
ချင်းတောင် ဖလမ်းမြို့ဘက်ကနေ ကလေးမြို့ကိုပြန်ဆင်းလာတဲ့ စစ်ကောင်စီယာဥ်တန်းတွေကို ကလေးပီဒီအက်ဖ်တွေက ကြားဖြတ်တိုက်ခိုက်မှုတွေရှိပြီးနောက်မှာ အနီးအနားကရွာတွေ ကလေးမြို့နီးနားကကျေးရွာတွေကို ပစ်ခတ်မှုတွေရှိပြီး ဒဏ်ရာရတာ သေဆုံးတာတွေ ရှိနေတယ်လို့ သတင်းတွေထဲ ဖေါ်ပြကြပါတယ်။
ပြီးခဲ့တဲ့ သီတင်း ၃/၄ ပတ်ကတည်းက ချင်းတောင်နဲ့စစ်ကိုင်းတိုင်းတို့ကို အနော်ရထာလို့ခေါ်ဆိုတဲ့ စစ်ဆင်ရေးကြီးလုပ်မယ်လို့ စစ်ရေးကျွမ်းကျင်သူ တဦးက အင်္ဂလိပ်ဘာသာနဲ့ ဖေါ်ပြတဲ့ Asia Time သတင်းဌာနမှာရေးသားပြီးနောက် ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းက စစ်ဆင်ရေးတွေကို မီဒီယာတွေက ချေမှုန်းမယ့် စစ်ဆင်ရေးသဖွယ်ဖေါ်ပြခဲ့ကြတာ ဖြစ်ပါတယ်။
သို့ပေမယ့် ပြည်တွင်းက စစ်ရေးလေ့လာဆန်းစစ်သူတဦးကတော့ အခုလို အနော်ရထာလို့နာမည်ပေးထားတဲ့ စစ်ဆင်ရေးဆိုတာဟာ ဆက်သွယ်ရေး ကားလမ်းတလျောက်က မြို့တွေနဲ့လမ်းတွေကို ထိန်းချုပ်ရေးအတွက် လုပ်ဆောင်မှုတခုသာဖြစ်ပြီး ဝိုင်းပတ်ချေမှုန်းရေးလို ရှာဖွေချေမှုန်းရေး လုပ်နိုင်တဲ့ အင်အားမျိုး စစ်ကောင်စီဘက်မှာမရှိတာကြောင့် စစ်ဆင်ရေးကြီးသဖွယ် ရေးသားပြောဆိုနေကြတာဟာ မလိုအပ်တဲ့သက်ရောက်မှုတွေ ခြောက်ခြားအောင် လုပ်တာမျိုးတွေ အကျိုးဆက်ထွက်နိုင်တယ်လို့ ဝေဖန်သုံးသပ်ပါတယ်။
သူ့ရဲ့အကဲဖြတ်မှုအရ စစ်ကောင်စီဟာ နိုင်ငံအနှံ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ ရင်ဆိုင်ထိန်းချုပ်ဖို့ ဖြန့်ကျက်ထားရတဲ့ စစ်အင်အား၊ မြို့အသီးသီးမှာ မြို့ပေါ်လုံခြုံရေးအတွက် ဖြန့်ကျက်ချထားရတဲ့ အင်အားတွေနဲ့ အဓိက ကုန်းလမ်းဆက်သွယ်ရေးလမ်းတွေကို ထိန်းချုပ်ထားဖို့ ဖြန့်ကျက်ထားရတဲ့ အင်အားတွေက ရှိတဲ့စစ်အင်အားအကုန်နီးပါး သုံးထားသလောက်ဖြစ်နေပြီး တစုံတခု တိုက်ပွဲဖြစ်ပွားရင်တောင် တပ်ကူမပေးနိုင်တဲ့ အဖြစ်အပျက်မျိုးပြီးခဲ့တဲ့ လတွေကတည်းက တွေ့မြင်နေရတယ်လို့ ဆိုပါတယ်။ ချုပ်ပြောရရင်တော့ အနော်ရထာစစ်ဆင်ရေး၊ အလောင်းဘုရား စစ်ဆင်ရေးဆိုတာတွေဟာ စိတ်ဓါတ်စစ်ဆင်ရေးအရ သာသာထိုးထိုး ပုံကြီးချဲ့ပြောဆိုတာမျိုးဖြစ်ပြီး တကယ်တန်းတော့ နယ်မြေဒေသတခုလုံးကို ပီဒီအက်ဖ် သို့မဟုတ် EAO တွေကို တိုက်ခိုက်ရှင်းလင်းတဲ့ စစ်ဆင်ရေးမျိုး လုပ်နိုင်တဲ့အခြေအနေမရှိဘူးလို့ဆိုလိုလိုက်တဲ့သဘောလည်း ဖြစ်ပါတယ်။
ချင်းပြည်နယ်တောင်ပိုင်းမှာလည်း မင်းတပ်မြို့ဘက်မှာ မတူပီကလာတဲ့ စစ်ကောင်စီယာဥ်တန်းကို စီဒီအက်ဖ်တွေက ကြားဖြတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးမှုတွေရှိခဲ့သလို စီဒီအက်ဖ်ဘက်က အသက် ၇၃ နှစ်အရွယ်ရှိတဲ့ ဒေသခံ စီဒီအက်ဖ်တဦးသေဆုံးခဲ့တယ်လို့ သတင်းတွေမှာ ဖေါ်ပြကြတာတွေ့ရပါတယ်။
ချင်းတောင်မှာဖွဲ့စည်းတဲ့ ကာကွယ်ရေးတပ်ဖွဲ့ကို ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF လို့ခေါ်ဆိုပြီး ဒေသခံတွေနဲ့ချည်းဖွဲ့စည်းကာ လူငယ်တွေသာမက ဒေသခံထဲက အသက်အရွယ်ကြီးသူတွေပါ သူတို့ရဲ့ဆန္ဒအရ ပါဝင်တိုက်ခိုက်ကြတဲ့သဘောလည်း ဖြစ်ပါတယ်။
နောက်သတင်းတပုဒ်ကတော့ NCA လို့ခေါ်တဲ့ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ် မှာ လက်မှတ်ထိုးထားတဲ့ ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားဒီမိုကရက်တစ်တပ်ဦးရဲ့ မြဝတီဆက်ဆံရေးရုံးကို စစ်ကောင်စီတပ်တွေက ဝင်ရောက်ဖမ်းဆီးပြီး ဆက်ဆံရေးရုံးက တာဝန်ပေးထားသူတွေကို မြဝတီမြို့က စစ်ကောင်စီတပ်ရင်းထဲခေါ်သွားပြီး ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။
ABSDF အဖွဲ့အနေနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်နေ့ အဖွဲ့တည်ထောင်တဲ့ ၃၃ နှစ်မြောက်နေ့ကြေညာချက်မှာ အာဏာသိမ်းစစ်ကောင်စီကို အခြားသော အင်အားစုတွေနဲ့ လက်တွဲတိုက်ခိုက်သွားမယ်ဆိုတဲ့ဖေါ်ပြချက်ကြောင့် အခုလို လက်တုံ့ပြန်အရေးယူတာဖြစ်လိမ့်မယ်လို့ ယူဆကြပါတယ်။ အမှန်တကယ်တော့ ABSDF ဟာ NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ ၁၀ ဖွဲ့ထဲ ပါဝင်နေပြီး စစ်အာဏာသိမ်းပြီးနောက် ခုလက်ရှိအချိန်ထိ စစ်ကောင်စီနဲ့ လက်နက်ကိုင်တိုက်ပွဲ ဖြစ်ပွားတာမရှိသေးပေမယ့် ၃၃ နှစ်မြောက် ထုတ်ပြန်ချက်မှာ လက်တွဲတိုက်ခိုက်မယ်လို့ ကြေညာလိုက်တဲ့အပေါ် အရေးယူလက်တုံ့ပြန်တာလို့ ယူဆစရာ ရှိတာ ဖြစ်ပါတယ်။
နောက်ထပ် သတင်းတပုဒ်ကတော့ အမေရိကန်နိုင်ငံရေးသမားနဲ့ စေ့စပ်ညှိနှိုင်းရာမှာ ကြားဝင်ဆောင်ရွက်ရာမှာ ထင်ရှားသူ ဘီလ်ရစ်ချတ်ဆန်ရဲ့ ၃ ရက်တာ ခရီးစဥ်အတွင်း စစ်ကောင်စီရဲ့ဥက္ကဌ မင်းအောင်လှိုင်နဲ့ နိုဝင်ဘာ ၂ ရက်နေ့မှာ တွေ့ဆုံခဲ့ပြီး ကိုဗစ်ရောဂါကာကွယ်ရေးဆိုင်ရာ အကူအညီကိစ္စရပ်တွေ ဆွေးနွေးခဲ့တယ်လို့ သတင်းတွေမှာ ဖေါ်ပြကြပါတယ်။ အမေရိကန်အစိုးရဘက်ကတော့ ဒီခရီးစဥ်ဟာ အစိုးရနဲ့ ဘာမှမပတ်သက်တဲ့အကြောင်းပြောဆိုထားပြီး တဖက်မှာလည်း ဒီခရီးစဥ်လာရောက်မယ့်အကြောင်း ကုလသမ္မဂအတွင်းရေးမှူးချုပ်ကို အသိပေးခဲ့တယ်ဆိုပြီး သတင်းဖေါ်ပြချက်တွေအရ သိရပါတယ်။
အမေရိကန်နိုင်ငံသား သတင်းအယ်ဒီတာ ဒန်နီဖန်းစတားရဲ့လွတ်မြောက်ရေးကိစ္စတွေ ညှိနှိုင်းလိမ့်မယ်လို့ ယူဆချက်တွေထွက်ပေါ်ပေမယ့် ခုချိန်ထိတော့ ကြားဝင်ဖြေရှင်းတဲ့ရလဒ်တွေ အကျိုးဆက်တွေ ထွက်ပေါ်တာမတွေ့ရသေးပါဘူး။
ဒီခရီးစဥ်ဟာ အမေရိကန်အနေနဲ့ စစ်ကောင်စီကို တရားဝင်အသိအမှတ်မပြုဖို့ သတိကြီးကြီးနဲ့ လုပ်ကိုင်နေတာကိုတွေ့ရပြီး တဖက်မှာလည်း နိုင်ငံရေး အကြပ်အတည်း၊ ပြည်တွင်းစစ်မီးပိုကျယ်ကျယ်ပြန့်ပြန့် တောက်လောင်လာနိုင်တဲ့ မြန်မာ့နိုင်ငံရေးအကြပ်အတည်းကနေ လက်တွေ့ကျတဲ့ ထွက်ပေါက် နည်းလမ်းများရှိမလားဆိုတဲ့ စူးစမ်းတာမျိုးလည်း ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။
နောက်ဆုံးသတင်းတပုဒ်ကတော့ ရွေးကောက်ပွဲမှာ အချိုးကျကိုယ်စားပြုစနစ် (PR စနစ်) ကို ထည့်သွင်းဖို့ စစ်ကောင်စီက အာဏာသိမ်းပြီးကတည်းက ပြောဆို ပြင်ဆင်နေခဲ့ရာမှာ ခုဆိုရင် အဲဒီအကြောင်းအရာနဲ့ပတ်သက်ပြီးနိုင်ငံရေးပါတီတွေကို ဖိတ်ခေါ်တာ ၂ ကြိမ်ထက်မနည်း ရှိနေပါပြီ။ PR စနစ်ကို တစိတ်တပိုင်း ကျင့်သုံးမယ့်သဘောဖြစ်ပြီး အဲလိုကျင့်သုံးဖို့ဆိုရင် အခြေခံဥပဒေဆိုင်ရာပြင်ဆင်မှုတွေလည်း လိုအပ်ဦးမှာ ဖြစ်ပါတယ်။ စစ်ကောင်စီအနေနဲ့ ၂၀၀၈ အောက်က အာဏာဝေစုကို ၂၅ ရာခိုင်နှုန်းရရှိထားပေမယ့် အန်အယ်လ်ဒီလိုမျိုး လူထုက သောင်ပြိုကမ်းပြို ထောက်ခံမဲပေးကြတဲ့အခြေအနေမှာ ၂၅ ရာနှုန်းထက်ပိုတဲ့ အခင်းအကျင်းမျိုးရအောင် အခုလို PR စနစ်ကို ထပ်မံထည့်သွင်းပြီး လူထုကြိုက်တဲ့ နိုင်ငံရေးပါတီတရပ်ရပ်က လွှတ်တော်ရဲ့ ၇၅ ရာနှုန်းကို အားလုံးနီးပါး မလွှမ်းမိုးနိုင်အောင် ရည်ရွယ်လုပ်ဆောင်တာလို့ ယူဆရပါတယ်။
သို့ပေမယ့်လည်း ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲလိုမျိုး တကယ်ဖြစ်လာနိုင်မလား ပြည်တွင်းစစ်မီး ကျယ်ကျယ်ပြန့်ပြန့် တောက်လောင်လာမလးဆိုတာတာ ဘယ်သူမှ တိတိကျကျ မပြောနိုင်တဲ့အနေအထားမှာ မြန်မာနိုင်ငံက ရောက်ရှိနေတယ်လို့သာ ဆိုချင်ပါတော့တယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar