Breaking News

မောင်မောင်စိုး - ချင်းပြည်နယ်မှတ်စု

မောင်မောင်စိုး - ချင်းပြည်နယ်မှတ်စု 
(မိုးမခ) နို၀င်ဘာ ၈၊ ၂၀၂၁

ချင်းပြည်နယ် သည် မြန်မာနိုင်ငံ၏ အနောက်ဘက်အကျဆုံး ပြည်နယ်တစ်ခု ဖြစ်သည်။ ချင်းပြည်နယ်သည် အကျယ်အဝန်း ၃၆,၀၁၉-စတုရန်း-ကီလိုမီတာ (၁၃,၉၀၇-စတုရန်းမိုင်) ရှိပြီး တောင်ဘက်တွင် ရခိုင်ပြည်နယ်၊ အနောက်တောင်ဘက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အရှေ့ဘက်တွင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး၊ မြောက်ဘက်တွင် အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်နှင့် အနောက်ဘက်တွင် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တို့ဖြင့် ဝန်းရံထားသည်။ ပြည်နယ်၏ မြို့တော်မှာ ဟားခါးမြို့ ဖြစ်သည်။ ၂၀၁၄ သန်းခေါင် စာရင်းအရ လူဦးရေ ၄၇၀၀၀၀ ခန့်ရှိပြီး ယခုအခါ လူဦးရေ ၅ သိန်းခန့်ရှိသည်။ အစိုးရ ၏စာရင်းအရ ချင်းမျိုးနွယ်စု ၅၃ စုရှိသည်ဟုဆိုသော်လည်း ချင်းခေါင်းဆောင်တဦးကတော့ ဤမျှလောက်မများဟုဆိုသည်။ ချင်းပြည်နယ်သည် တောင်တန်းထူထပ်မှုကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲကာ မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးမှု အနည်းဆုံးနေရာ ဖြစ်သည်။ သို့ဖြစ်ရာ ချင်းပြည်နယ် ချင်းမျိုးနွယ်စုများ ဒေသလိုက်၍ ဘာသာစကားကွဲပြားမှုရှိသည်။ ယေဘူယျအားဖြင့် တီးတိန်၊ တွန်းဇံဒေသ။ ဖလမ်း၊ ဟားခါး၊ ထန်တလန်ဒေသ။ မင်းတပ်၊ ကန်ပက်လက်၊ မတူပီဒေသ။ ပလက်ဝဒေသဟု ဒေသအုပ်စု ၄ စုသည် ယခင်ခေတ်အခါက သွားလာရေးခက်ခဲသည့် ကူးလူးဆက်ဆံရန်ခက်ခဲသည့် ဒေသများဖြစ်ခဲ့သည်။ 

ချင်းလူမျိုးများသည် ချင်းပြည်နယ်တွင်းသာမက တမူး၊ကလေးဒေသတို့တွင်လည်း နေထိုင်ကြသကဲ့သို့ စစ်ကိုင်းတိုင်း၊မကွေးတိုင်းအတွင်းနေထိုင်ကြသော ချင်းများအား မြေပြန့်ချင်းဟုခေါ်ဝေါ်ကြသည်။ ရခိုင်တွင်လည်း ချင်းလူမျိုးတသိန်းခန့်ရှိသည်။ အိန္ဒိယနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံများတွင်လည်း ချင်းလူမျိုးများနေထိုင်ကြသည်။ 

ချင်းပြည်နယ်တောင်တန်းများသည် မြင့်မားမတ်စောက်သည်။ အမြင့်ဆုံး ခေါ်နူးသုမ်တောင်မှာ ပေ ၁၀၅၀၀ မြင့်သည်ဟုဆိုသည်။ ကနေဒီတောင်မှာ ပေ ၈၀၀၀ ကျော်မြင့်သည်။ပေ ၇၀၀၀/၈၀၀၀/၉၀၀၀ ကျော်မြင့်သည့်တောင်တန်းများလည်း များပြားသည်။ ဆောင်းအခါတွင်ရာသီဥတုအေးမြပြီး အအေးဆုံးကာလများတွင် အပူချိန်မှာ ရေခဲမှတ်အောက်ထိ ကျဆင်းတတ်သည်။ 

ချင်းပြည်နယ်အား ခရိုင် ၅ ခု၊ မြို့နယ် ၉ ခုဖွဲ့စည်းထားသည်။ 
၁။ ဟားခါးခရိုင်၊ ဟားခါးမြို့နယ်၊ ထန်တလန်မြို့နယ်။
၂။ ဖလမ်းခရိုင်၊ ဖလမ်းမြို့နယ်၊ တီးတိန်မြို့နယ်၊ တွန်းဇံမြို့နယ်။
၃။ မင်းတပ်ခရိုင်၊ မင်းတပ်မြို့နယ်၊ ကန်ပက်လက်မြို့နယ်။
၄။ မတူပီခရိုင်၊ မတူပီမြို့နယ်၊ ပလက်ဝမြို့နယ်၊ 

ချင်းပြည်နယ်တွင် မြို့နယ်(၉)ခု၊ မြို့ (၁၈)မြို့၊ ရပ်ကွက် (၆၆)ရပ်ကွက်၊ ကျေးရွာအုပ်စု (၄၆၄) အုပ်စုနှင့် ရွာပေါင်း (၁၃၄၇) ရွာ ရှိသည်။ ချင်းပြည်နယ်မြောက်ပိုင်းသို့ ကလေး၊ ဖလမ်း၊ ဟားခါး၊ ထန်တလန်နှင့် ဖလမ်း၊ တီးတိန်၊ တွန်းဇံကားလမ်းရှိသည်။ ချင်းပြည်နယ်တောင်ပိုင်းသို့ ဆော၊ ယောမှ ကန်ပက်လက်၊ မင်းတပ်၊ မတူပီသို့ ကားလမ်းရှိသည်။ မတူပီမှ ဆမီး၊ ပလက်ဝသို့ကားလမ်းရှိသော်လည်း ရခိုင် ကျောက်တော်မှ ကုလားတန်မြစ်အတိုင်း ပလက်ဝသို့ပို၍လမ်းသင့်သည်။ ချင်းပြည်နယ် မြောက်ပိုင်းမှ တောင်ပိုင်းသို့ ဟားခါး၊ ရေဇွါ၊ မတူပီသို့ ကားလမ်းရှိသော်လည်း ပြည်မနှင့် ကုန်သွယ်၊ထောက်ပိုလုပ်ရာတွင် အလှမ်းဝေးသည်။ 

ချင်းပြည်နယ်သည် မြန်မာပြည်တွင် ဖွံ့ဖြိုးမှုအနိမ့်ဆုံး၊ အဆင်းရဲဆုံးပြည်နယ်ဖြစ် သည်။ ချင်းပြည်နယ်မှ အမေရိကန်၊ ဥရောပ၊ မလေးရှား စသည့်နိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်သူ၊ ရွှေ့ပြောင်းအခြေချသူ တသိန်းကျော်ရှိသည်။ ထိုသို့သွားရောက်အလုပ်လုပ်ကိုင်သူများက ပြည်နယ်ရှိ ဆွေမျိုး သားချင်းများအား ပြန်လည်ထောက်ပံ့ကြသည်။ 

• ချင်းပြည်နယ်နှင့် လက်နက်ကိုင်ပုန်ကန်တိုက်ခိုက်မှု 
အင်္ဂလိပ်တို့ အထက်မြန်မာပြည်သိမ်းပြီး ချင်းတောင်တန်းအားသိမ်းပိုက်ရန် ၁၈၈၈ ခုနှစ်မှ တပ်များစတင်စေလွှတ်ရာ ၁၈၉၆ ထိ ၈ နှစ်ကြာ ချင်းတို့မှ ခုခံတိုက်ခိုက်ခဲ့ကြသည်။ ၁၉၁၇ /၁၈ တွင်လည်း ဟားခါးနှင့်ကူကိီးချင်းတို့က အင်္ဂလိပ်တို့အား ၂ နှစ်ကြာ တော်လှန်ပုန်ကန်ခဲ့ကြသည်။ ၁၉၄၇ ပင်လုံစာချုပ်တွင် ချင်းခေါင်းဆောင် ၃ ဦးပါဝင်လက်မှတ်ထိုးခဲ့ပြီး လွတ်လပ်ရေးရပြီးနောက် ချင်းဝိသေတိုင်းအဖြစ်သတ်မှတ်ခဲ့သည်။ ၁၉၇၄ အခြေခံဥပဒေအတည်ပြုပြိး ၁၉၇၅ မှစ၍ ချင်းပြည်နယ်ဟု ပြောင်းလဲသတ်မှတ်ခဲ့သည်။ 

ချင်းတို့သည် ‌တောင်တန်းဒေသတွင် မွေးဖွါးကြီးပြင်းပြီး တူမီး‌အသုံးပြု၍အမဲလိုက်သည့် အလေ့အထရှိသူများဖြစ်ကြရာ မွေးရာပါ စစ်သားများဖြစ်ကြသည်။ လွတ်လပ်ရေးရပြီး ချင်း သနကများတွင် စစ်မှုထမ်းခဲ့ကြသည်။ အောင်ဆန်းသူရိယ ဘွဲ့ရသူများရှိခဲ့သည်။ သို့သော် လွတ်လပ်ရေးရပြိးကထဲက ချင်းပြည်နယ်တွင် အစိုးရအား လက်နက်ကိုင်တော်လှန်ပုန်ကန်မှု ကြိီးကြီးမားမား မရှိခဲ့ပေ။ ၁၉၆၂/၁၉၇၀၊ ခုနှစ်များက ပုန်ကန်ရန်ကြိုးစားမှုများရှိခဲ့သော်လည်း အချိန်တိုအတွင်း ဆုံးရှုံးခဲ့သည်။ ၁၉၈၈ တွင် CNF/CNA ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော် ဖွဲ့စည်းခဲ့သော်လည်း ၂၀၂၁ နှစ်ဦးအထိ လက်နက်ကိုင် တိုက်ပွဲ ကြီးကြီးမားမားမရှိပါ။ CNF အား ၂၀၁၁ မှစ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် တွေ့ရသည်။ လက်ရှိအချိန်တွင် CNF အား NCA လက်မှတ်ထိုးထားသည့် EAO များ၏ PPST ဆွေးနွေးပွဲများတွင်တွေ့ရသကဲ့သို့ CNF သည် NUG နှင့် ပူးပေါင်းဆောင်ရွက်ရန် အတိအလင်း လက်မှတ်ထိုးထားသော တခုတည်းသော EAO အဖွဲ့ဖြစ်သည်။ CNF ခေါင်းဆောင်တဦးအားလည်း NUG အစိုးရအဖွဲ့ဝင်အဖြစ်တွေ့ရသည်။ သို့သော် NCA  မှ နှုတ်ထွက်သည်ဟု CNF က မကြေညာသကဲ့သို့  အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခြင်းခံထားရသော NUG နှင့်ပူးပေါင်းသည့် CNF အား နစက မှ မည်သည့်ထုတ်ပြန်ချက်မှ ပြုလုပ်သည်ကို မတွေ့ရပါ။ 

၂၀၂၁ ဖေဖဝါရီမှစတင်သည့် နိုင်ငံရေးအပြောင်းအလဲတွင် ချင်းပြည်နယ် တပြည်လုံးတက်တက်ကြွကြွပါဝင်သည်ကို တွေ့ရသည်။ တပြည်နယ်လုံး CDM လှုပ်ရှားမှုတွင်ပါဝင်သူ ပျမ်းမျှ ၈၀% ကျော်ရှိသည်ဟုဆိုသည်။ ထိုနောက် လက်နက်ကိုင်တိုက်ပွဲပုံစံသို့ပြောင်းသွားသောအခါ ချင်းပြည်ရှိ မြို့နယ်တိုင်းနီးပါး ပါဝင်လာသည်။ ချင်းတို့၏တူမီးသည် အများသတိပြုမိသည့် အမှတ်သင်္ကေတတခုဖြစ်လာသည်။ ချင်းပြည်နယ်တွင်လည်း PDF အမည်နှင့်မဖွဲ့ဘဲ CDF ချင်းကာကွယ်ရေးတပ်ဖွဲ့အမည်ဖြင့် မြို့နယ်အလိုက်ဖွဲ့သည်ကို တွေ့ရသည်။ အခြားအမည်နှင့်ဖွဲ့သည့်အဖွဲ့များကိုလည်း တချို့မြို့နယ်များတွင်တွေ့ရသည်။စုစုပေါင်း CDF အင်အား ၇၀၀၀ ခန့်ရှိသည်ဟု ထုတ်ပြန်သည်ကိုတွေ့ရသည်။ CNF သည်လည်း အင်အား ၂၀၀၀ ခန့်ထိရှိလာသည်ဟုသိရသည်။ လက်ရှိအချိန်တွင် CNF နှင့် CDF ပူးတွဲလှုပ်ရှားသည်ကို တွေ့ရသည်။ အိန္ဒိယနယ်စပ်တွင်ရှိသော ချင်းတို့အဖို့ ခေတ်မှီလက်နက်တပ်ဆင်နိုင်ရန် အခက်အခဲရှိနေသည်ဟုဆိုသည်။ သို့သော် အနောက်ဖက်တွင် အိန္ဒိယနယ်စပ်ရှိပြီး အရှေ့၊ မြောက်နှင့်တောင်ဖက် ဆက်စပ်ဒေသများတွင် ဒေသအလိုက် PDF လှုပ်ရှားမှုများရှိနေခြင်းသည်၎င်း၊ ချင်းပြည်နယ်၏ မြင့်မတ်မတ်စောက်သောတောင်တန်းများနှင့်ပြင်းထန်သောရာသီဥတုသည်၎င်း ဒေသခံချင်းလူမျိုးများအတွက် တပမ်းသာစေပါသည်။ 

ချင်းပြည်နယ်သည် အနောက်မြောက်တိုင်းတိုင်စစ်ဌာနချုပ် (နမခ) နယ်မြေအတွင်းရှိနေပြီး ချင်းပြည်နယ်မြောက်ပိုင်း ဟားခါးတွင် စစ်ဗျူဟာတခုနှင့် တပ်ရင်း ၃ ရင်း၊ ချင်း ပြည်နယ်တောင်ပိုင်း  မတူပီတွင် စစ်ဗျူဟာတခုနှင့် တပ်ရင်း ၃ ရင်းအခြေပြုထားသည်ဟု သိရသည်။ ယခုအခါ မြောက်ပိုင်းရော တောင်ပိုင်းပါ တပ်မမှ တပ်အင်အားများ ဖြည့် တင်းပြီး စစ်ဆင်ရေးများပြုလုပ်လျက်ရှိသည်ဟု မြေပြင်သတင်းများအရ သိရသည်။ လက်ရှိအချိန်တွင် ချင်းပြည်နယ်တွင် စစ်ဘေးဒုက္ခသည် သောင်းအချို့ရှိနိုင်ပြီး တသောင်းကျော်မှ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် တိမ်းရှောင်နေသည်ဟုသိရသည်။ 

ချင်းပြည်နယ်၏ လက်နက်ကိုင်တိုက်ခိုက်မှုများတွင် ကရင်နီပြည်နယ်ကဲ့သို့ပင် အမျိုးသားရေးနှင့် ဒီမိုကရေစီစံနှုံးများ ရောပြွန်းနေသည်ကို တွေ့ရသည်။ လွတ်လပ်ရေးရပြီး အနှစ် ၇၀ ကျော်အတွင်း အခြားပြည်နယ်များနှင့်မတူဘဲ လက်နက်ကိုင်ပုန်ကန်တိုက်ခိုက်မှု မရှိသလောက်ဖြစ်သည်။ ယခုအခါ တပြည်နယ်လုံး တိုက်ခိုက်မှုများဖြစ်နေခြင်းသည်ပင် ချင်းပြည်နယ်၏ ထူးခြားချက်ဖြစ်သည်။ မြန်မာပြည် ပြည်တွင်းစစ်၏ စစ်မျက်နှာသစ်တခုဖြစ်သည်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar