Breaking News

ဇင်ယော်နီ - လမ်းတလျှောက်မှာ ပန်းကောက်ခြင်းဒိုင်ယာရီ (အိန္ဒိယ၊ ထိုင်း၊ တရုတ်၊ နော်ဝေ၊ နယ်သာလန်၊ ပြင်သစ်၊ ဂျာမနီများခရီးအတွေ့အကြုံ)

စာရေးသူနှင့် ကလေးများ ရုပ်တု
လမ်းတလျှောက်မှာ ပန်းကောက်ခြင်းဒိုင်ယာရီ
ဇင်ယော်နီ
(မိုးမခ) ဒီဇင်ဘာ ၂၁၊ ၂၀၂၁

ကျွန်ုပ်သည် သာမန်အရပ်သားတဦးအနေဖြင့် အိန္ဒိယ၊ ထိုင်း၊ တရုတ်၊ နော်ဝေ၊ နယ်သာလန်၊ ပြင်သစ်၊ ဂျာမနီနိုင်ငံများသို့ ဖြတ်လျှောက်ခရီးသည်တစ်ဦးအဖြစ် ရောက်ဖူးခဲ့ပါသည်။ ထိုပြည်ပခရီးများအနက်မှ ငြိမ်းချမ်းခြင်းနှင့် ယဉ်ကျေးသောလူ့ဘောင်အဖြစ် ကမ္ဘာက မျှော်ကြည့်ကြရပါသော ဥရောပခရီးစဉ်၌ လျှပ်တပြက် မြင်ခဲ့ကြားခဲ့ရသည့် အတွေ့အကြုံကလေးများထဲမှ အမှတ်ထင်ထင်ကလေးများကို တင်ဆက်လိုက်ပါသည်။
ဇင်ယော်နီ

(၁)

သူတို့ဆီမှာ မူလတန်းအရွယ်၊ သူငယ်တန်းအရွယ် ကလေးငယ်တွေကို ဖိစီးမှုဖြစ်စေလောက်အောင် စာတွေ မသင်ပါဘူး။ ထမင်းကို ဘယ်လိုဝါး၊ ရေကိုဘယ် လိုသောက်၊ လက်ကို ဘယ်လိုဆေး၊ ဆပ်ပြာကို ဘယ်လိုတိုက်၊ ဖင်ကို ဘယ်လိုဆေး၊ အင်္ကျီဘောင်းဘီကို ဘယ်လိုဝတ် ဘယ်လိုချွတ်၊ လမ်းကိုဘယ်လိုကူး ..... စတဲ့ လူသားတဦးရဲ့ဘဝတလျှောက် အရေးကြီးတဲ့ နေထိုင်စားသောက်ပြုမူမှုတွေကို အဓိက လေ့ကျင့်ပေးကြပါသတဲ့ ....။

(၂)

အခြားကလေးတွေထက်စောပြီး စာတွေ ဇွတ်အသင်ခံရတဲ့ ကလေးဟာ ငယ်တုန်းမှာတော့ သူများတွေထက် တော်လိုက်တာတတ်လိုက်တာလို့ အချီးမွမ်းခံကြရပေမဲ့ အလယ်တန်း အထက်တန်းလောက်ရောက်တဲ့အခါမှာတော့ ဦးနှောက်က အသက်အရွယ်နဲ့မမျှတဲ့ ဝန်ထုပ်ဝန်ပိုးကြီးတွေကို ထမ်းလာရပြီး ဒုက္ခကြုံရ တတ်ပါသတဲ့ ....။ ဘူးသီးနု အမွေးသပ်ဆိုတဲ့ မြန်မာစကားလိုပေါ့ ...။ အချို့ မြန်မာမိဘတွေကတော့ ကလေးရဲ့အသက်ကိုတောင် လိမ်ပြီး ကျောင်းကို စော စောထားချင်တတ်ကြပါတယ်။

(၃)

သူတို့ဆီမှာ မူကြိုအရွယ် မူလတန်းအရွယ် ကလေးငယ်တွေကို ပြုစုထိန်းကျောင်း သင်ကြားပေးရမယ့် ဆရာဆရာမတွေကို အထူးစိစစ်ရွေးချယ်ပြီးမှ ခန့်အပ်ပါသတဲ့။
ဉာဏ်ရည်ဉာဏ်သွေး ကိုယ်ရည်ကိုယ်သွေး မြင့်မားသူတွေကိုပဲ ကလေးတွေကို သင်ကြားစေပါသတဲ့။ 
လူတယောက်ရဲ့ဘဝမှာ ကလေးအရွယ်ဟာ အလွန်အခြေခံကျလှ၊ အရေးကြီးလွန်းလှတဲ့အတွက် တော်ရုံအရည်အချင်းနဲ့ဆို ကလေးတွေကို ထိန်းကျောင်းသင်ကြားခွင့် မပြုပါဘူးတဲ့ဗျာ ...။ မူလတန်းပြနဲ့ အထက်တန်းပြဆိုရင်တောင် မူလတန်းပြက လစာ ပိုများသေးဆိုပဲ ... ။

(၄)

မူလတန်းအရွယ်လောက်ကစပြီး ကိုယ်နဲ့ပတ်သက်တဲ့ ကိစ္စဝိစ္စတွေကို ကိုယ်တိုင် တာဝန်ယူနိုင်အောင်၊ တာဝန်ယူတတ်အောင် လေ့ကျင့်ပျိုးထောင်ပေးကြပါသတဲ့။
ဥပမာ ... ခရီးတစ်ခုသွားမယ်ဆိုရင် ခရီးက ငါးရက်ကြာမယ်၊ ငါးရက်စာ ကိုယ်ဝတ်မယ့် အဝတ်အစားတွေ ကိုယ့်ဟာကိုယ် ရွေးပြီးထည့်၊ ခရီးစဉ်အကြောင်း ပြောပြထားပြီး ကိုယ်သုံးချင်တာတွေ ကိုယ့်ဟာကိုယ်ထည့်၊ ပြီးတော့မှ အနွေးထည်ပါမလာလို့တို့၊ ပန်းချီစာအုပ် မပါလာလို့တို့၊ အဲဒီအရပ်က အစားအသောက်မျိုးတွေ မစားနိုင်ဘူးတို့ မိဘကို ဂျီမကျကြေး ... ။ ကိုယ့်တာဝန်တွေ ကိုယ်ယူနိုင်ရင် လိုက်ခဲ့၊ မယူနိုင်ရင်နေခဲ့ ...။
အဲသလို လေ့ကျင့်ပေးကြပါသတဲ့ ...။
လေဆိပ်တွေ ဘူတာရုံတွေမှာဆိုရင် လေးငါးနှစ်သားအရွယ် ကလေးလေးတွေဟာ သူတို့ရဲ့ ခရီးဆောင်အိတ်လေးတွေကို သူတို့ကိုယ်တိုင်ဆွဲလို့ တွန်းလို့ မြင်ခဲ့ရပါတယ်။

(၅)

ကျောင်း‌တွေ ရက်ရှည်ပိတ်ပြီး ပြန်ဖွင့်တဲ့အခါ မိမိတို့ ဘယ်ကို ခရီးထွက်ခဲ့ပြီး အဲဒီခရီးမှာ ဘယ်လိုတွေ ကြုံတွေ့ခဲ့ကြရတယ်ဆိုတာကို အသီးသီး ပြန်ပြောကြရပါသတဲ့။
သူတို့ဆီမှာ ခရီးသွား အတွေ့အကြုံဟာလည်း အမှတ်ပေးစနစ်မှာပါနေတဲ့အတွက် ကလေးတွေ ကျောင်းပိတ် ရက်ဆိုရင် မိဘတွေဟာ ခရီးတခုမဟုတ်တခုကို ထွက်ပေးဖို့ ခေါင်းထဲ ထည့်ထားကြရပါသတဲ့ ...။

(၆)
ကလေးတွေ ကျောင်းကိုရောက်တဲ့အခါ၊ ကျောင်းဆင်းလို့ အိမ်ကိုပြန်လာတဲ့အခါ ဆရာတွေ မိဘတွေက ကလေးရဲ့ခန္ဓာကိုယ်ကို ဂရုတစိုက် စစ်ဆေးကြသတဲ့။ ထိခိုက်ပွန်းပဲ့ရာ ပါလာရင် သက်ဆိုင်ရာ အာဏာပိုင်တွေဆီကို သတင်းပို့ တိုင်ကြားရသတဲ့။ ကလေးငယ်ကို ရိုက်နှက်ရင် လူကြီးမိဘကို ထောင်ချတဲ့အထိ အရေးယူပါသတဲ့ ...။

(၇)

ကလေးတယောက်ဟာ ကျောင်းမှာ အတန်းဖော်တွေကို အနိုင်ကျင့်မယ်၊ ရုန့်ရင်းကြမ်းတမ်းစွာ ပြောဆိုဆက်ဆံမယ် ... အဲဒါမျိုးတွေ လုပ်လာခဲ့ရင် ကလေးကို အရေးမယူဘဲ အိမ်ကမိဘတွေကို စစ်ဆေးအရေးယူပါသတဲ့ ...။ 
မိဘတွေ အိမ်မှာ အချင်းချင်း ဘယ်လို ပြောဆိုဆက်ဆံကြသလဲ၊ ဘာ တီဗီဇာတ်လမ်းတွေ အကြည့်များသလဲ ... စသဖြင့် လူကြီးမိဘတွေရဲ့ ဘဝနေမှုထိုင်မှုတွေကို လေ့လာစစ်ဆေးပြီးတော့ မိဘတွေကိုပဲ ပြုပြင်ပြောင်းလဲစေပါသတဲ့ ....။

(၈)

မိဘဖြစ်သူတွေဟာ ကလေးတယောက်ကို ရိုက်နှက်မယ်၊ အကြမ်းပတမ်းဆက်ဆံမယ်ဆိုရင် အလွန်ကြီးလေး သော ပြစ်မှုအဖြစ် မိဘကို ထောင်ချအပြစ်ပေးတဲ့အပြင် ကလေးကိုပါ နိုင်ငံတော်က သိမ်းယူ မွေးစားပါသတဲ့။ 
ကလေးကို စောင့်ရှောက်ရေးဂေဟာမှာ ထားတာ ရှိသလို မိဘအရင်းထက် ပိုပြီး ဂရုတစိုက် စောင့်ရှောက်ပေးနိုင်တဲ့မိသားစုက မွေးမြူကြတာတွေလည်း ရှိပါသတဲ့။

မိဘအရင်းဟာ ထောင်ကပြန်ထွက်လာရင်တောင် ကလေးကိုအုပ်ထိန်းသင့်သူအဖြစ် စိတ်ချယုံကြည်ရလောက်တဲ့အထိ အချိန်ယူ စောင့်ကြည့်စစ်ဆေးပြီးမှ ကိုယ့်ကလေးကို ကိုယ်ပြန်အုပ်ထိန်းခွင့်၊ ကလေးနဲ့ အတူနေခွင့် ရှိပါသတဲ့။
စာရေးသူနှင့် ကလေးများ ရုပ်တု ၂


(၉)

အလယ်တန်းကျောင်းသားလောက်မှာ ဆိုကြပါစို့ ...
ဆရာမက သီးစုံကုလားဟင်းချက်ပြီး ကလေးတွေကို နေ့လယ်စာအဖြစ်ကျွေးတယ်။ ချက်တဲ့အခါ အသီးအရွက်တွေကို ဘယ်လိုဆေး၊ ကြက်သွန်ကို ဘယ်လိုလှီး၊ ဓားက ဘယ်လိုကိုင်ရတယ်၊ ငရုပ်သီးက ဘယ်လိုထောင်း၊ အပူမလောင်အောင် ဘယ်လိုကိုင်ဆိုတာတွေကအစ ဆရာမကသင်ပေးပြီး ကလေးတွေကို လက်တွေ့ ဝိုင်းလုပ်စေသတဲ့။
ပြီးတော့ .... ဆိုကြပါစို့ .... ငါးယောက်အဖွဲ့ကလေး တဖွဲ့ဖွဲ့ပေးပြီး နောက်နေ့မှာ သီးစုံကုလားဟင်း ချက်ပြီးရောင်းရမယ်လို့ တာဝန်ပေးသတဲ့။ အရင်းအဖြစ် ငွေ ငါးထောင်ကျပ် ထုတ်ပေးလိုက်တယ်ဆိုပါစို့။
အဲဒီ ကလေး ငါးယောက်ဟာ ခေါင်းချင်းဆိုင်ပြီး တိုင်ပင်ကြရတယ်။
တယောက်က ..

 "ငါတို့နားမှာ ကုလားပဲဒိုင်ရှိတယ်ကွ၊ ငါ ကုလားပဲ ဝယ်လာမယ် ..."

"အေး .... နင်တို့ရပ်ကွက်က ကုလားပဲ ပေါပေမဲ့ ကြက်သွန်ရှားတယ်၊ ငါက ကြက်သွန် ဘယ်လောက်ဖိုး ဝယ်ခဲ့မယ် ... "

"ဖိုးထောင်တို့အိမ်နားမှာက အသီးအရွက်ဈေး ရှိတယ်ဆိုတော့ ဖိုးထောင်က အသီးအရွက် ဘယ်လောက်ဖိုး ဝယ်ခဲ့ ... "

"နေဦး နေဦး ... ဆရာမက ငွေ ငါးထောင်ပဲ ထုတ်ပေးတာ၊ ငါတို့ ပစ္စည်းဝယ်မှာတွေက ခြောက်ထောင့်နှစ်ရာဖိုး ဖြစ်နေပြီ။ အဲဒီတော့ အာလူးကို ဘယ်လောက်ဖိုးလျှော့၊ မဆလာက ဘယ်တံဆိပ်အစား ဘာကို ပြောင်းဝယ်ရအောင် ....." ... စသဖြင့် ကလေးတွေ ခေါင်းချင်းရိုက်ပြီး တိုင်ပင်စည်းဝေးကြရသတဲ့။

ဈေးနှုန်းတွေ၊  ဘယ်ပစ္စည်းက ဘယ်မှာပိုပေါသလဲဆိုတာတွေ  ဂူဂဲကိုခေါက်ကြ၊ လိုင်းပေါ်မှာ ရှာကြနဲ့ပေါ့။

နောက်နေ့ကျတော့ သူတို့ကိုယ်တိုင် သီးစုံကုလားဟင်းတအိုး ဖန်တီးကြတယ်၊ နေ့လယ်စာအဖြစ် တခွက် (၃၀၀) သုံးရာနဲ့ ပြန်ရောင်းကြတယ်။
ဘယ်လောက်မြတ်ကြသလဲကွယ့်လို့ ဆရာမက မေးတဲ့အခါ "အားလုံး ငါးထောင့်လေးရာ ရလို့ လေးရာမြတ်ပါတယ် ဆရာမ ..." လို့ ပြန်ဖြေကြတယ်။

အဲဒီမှာ ဆရာမက ပြုံးပြီး...
"ငွေသား ငါးထောင်ရင်းပြီး ငါးထောင့်လေးရာပြန်ရလို့ လေးရာမြတ်တယ်ဆိုပေမဲ့ ဘယ်မှာလဲ မင်းတို့ရဲ့ လုပ်အားခ၊ ဘယ်မှာလဲ ဘတ်စ်ကားခ၊ ပြီးတော့ ပေးဆပ်ရတဲ့အချိန် အရင်းအနှီး ...အဲဒါတွေပါ ထည့်တွက်ရမှာလေကွယ် ...." ဆိုတော့မှ ကလေးတွေလည်း ...
"ဪ ...ဟုတ်သားပဲ .... " ဆိုပြီး အလုပ်တခုလုပ်တဲ့အခါ အဲဒါတွေလည်း ထည့်တွက်ရမှာပါလားဆိုတာ သဘောပေါက်သွားကြတယ်။
ဒါလေးက နမူနာ ဖြစ်ရပ်ကလေး တခုပါ။ အလယ်တန်းကျောင်းသားလောက်ကတည်းက စုပေါင်းလုပ်ဆောင်တတ်အောင်၊ စီမံခန့်ခွဲတတ်အောင်၊ ချိန်ဆ တွက်ဆတတ်အောင် လေ့ကျင့်ပျိုးထောင်ပေးကြတယ် ဆိုတာလေးပါ။

(၁၀)

မြန်မာပြည်က ဦးဇင်းလေးတပါး နော်ဝေက ကောလိပ်တခုကို စတက်ခဲ့စဉ်ကပေါ့ ...။
ပါဠိစာတွေကို ဒိုးဒိုးဒေါက်ဒေါက် ရအောင် ကျက်ခဲ့ရတဲ့ ဦးဇင်းလေးက မြန်မာ့အစွမ်းကို ပြလိုက်မဟဲ့ဆိုပြီး စာနှစ်မျက်နှာလောက်ရှိတဲ့ စာတစ်ပုဒ်ကို အပိုင်ကျက်ပြီး ဘာမှတ်နေလဲ၊ မြန်မာကွဆိုပြီး ရင်တကော့ကော့နဲ့  'သည်'- '၏' မလွဲ အလွတ်ရွတ်ပြလိုက်တဲ့အခါ ဆရာဖြစ်သူက အထူးအဆန်းပမာ ပါးစပ်အဟောင်းသား၊ မျက်လုံးအပြူးသားနဲ့ ကြည့်နေသတဲ့။ 
ပြီးတော့ ထူးခြားဖြစ်စဉ်အဖြစ် ကျောင်းအာဏာပိုင် အဆင့်ဆင့်ကိုသတင်းပို့လိုက်တဲ့အခါ ဆရာတွေ အဖွဲ့တဖွဲ့ ဖွဲ့စည်းပြီး "ဘာကြောင့် အဲသလို လုပ်ရတာလဲ ... " လို့ အပြစ်ကြီးတခု ကျူးလွန်သူပမာ စစ်ဆေးကြပါတော့သတဲ့။ နောက်တခါ အဲသလိုမလုပ်ဖို့ ပြင်းထန်စွာသတိပေးပြီး စာတွေကို နည်းစနစ်မှန်ကန်စွာ လေ့လာတတ်ဖို့ဆိုပြီး ဦးဇင်းလေးကို အနီးကပ်ကြီးကြပ်ဖို့ ဆရာနှစ်ဦးကို သီးသန့်တာဝန်ပေးခဲ့ကြရပါသတဲ့ခင်ဗျာ ...။

သူတို့ဆီမှာက စာတွေကို အလွတ်ရရေးထက် ပညာရပ်တစ်ခုခုကို ဘယ်လောက် နားလည်သဘောပေါက်သွားလဲဆိုတာကို အဓိက ထားကြပါသတဲ့။
ဆက်ရန်
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar